← Chapters

ကိစ္စများ ပြေလည်သွားခြင်း

Vol. 171 Ch. 2565

ကိစ္စများ ပြေလည်သွားခြင်း

Vol. 171 Ch. 2565

“ကောင်းပြီလေ… ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့”

အင်မော်တယ်ဘုရင်ချင်းယန်၏ အသံကား မနှေးလွန်းမမြန်လွန်းသော်လည်း သူ့အသံမှာ မမြင်ရသော စွမ်းပကားတစ်ခုပါဝင်နေသည်။

စစ်တုရင်အင်မော်တယ်ကျွင်းယုအပါအဝင် လက်ရှိလူတိုင်းကား ဆက်လက်၍ ခေါင်းမမာကြတော့ပေ။

ဤအချိန်အတောအတွင်းမှာ မုန့်ယောင်၏ မျက်နှာပေါ်ရှိ ဒဏ်ရာများကား သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။

သူမသည် မလှမ်းမကမ်းမှာ ဘေးကင်းလုံခြုံနေသော ဆူဇီမိုကိုကြည့်ပြီး နောက်ဆုံးသူမက မချင့်မရဲခံစားလာရသည်။ သူမက မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

“အင်မော်တယ်ဘုရင်ချင်းယန် ဒီကောင်လေးရဲ့ သရုပ်သကန်က သံသယဝင်စရာကောင်းနေတယ်… စီနီယာ ကျေးဇူးပြုပြီး သူ့ရဲ့အစစ်အမှန်သရုပ်သကန်ကို စစ်ဆေးပေးပါ”

“မလိုတော့ဘူး”

အင်မော်တယ်ဘုရင်ချင်းယန်က မှင်သေသေဖြင့်ပြောလိုက်သည်။

“အခုပဲ တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က စာတစ်စောင်ပို့လိုက်တယ်… အဲဒီစာထဲမှာ ဒီကောင်လေးက နဂါးမျိုးနွယ်က မဟုတ်သလို နဂါးကမ္ဘာနဲ့ ဘာမှ မပတ်သက်ဘူးလို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က ဝင်ပါလာခဲ့ပြီဖြစ်သည်။

ထိုစကားကို ကြားရသောအခါ ဆူဇီမိုသည် အန္တရာယ်ကနေ လုံးလုံးလျားလျား လွတ်မြောက်သွားပြီကို လူတိုင်းက နားလည်သိရှိလိုက်ကြသည်။

မုန့်ယောင်၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ယခုတင် သူ့ကို စွပ်စွဲပြောဆိုခဲ့သော အခြားသူများကတော့ ယခုအခါ သူတို့သည် ပို၍ပင် ရယ်စရာကောင်းလာကြသည်။

“ဆူဇီမိုက နဂါးကမ္ဘာနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ ငါသိတာပေါ့”

“အမှန်ပဲ… သူသာ တခြားမျိုးနွယ်ကသာဆိုရင် တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က အဲဒါကို အရင်တည်းက ရှာတွေ့မှာပေါ့… သူက ဂိုဏ်းကို ဘယ်လိုလုပ်ဝင်ရောက်နိုင်ခဲ့မှာလဲ”

“တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်တောင်မှ သူ့ကို ကာကွယ်ပေးဖို့ ဝင်ပါလာတယ်ဆိုတော့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုကို တော်တော်လေးတန်ဖိုးထားတဲ့ပုံပဲ”

ဆွေးနွေးပြောဆိုနေသော ကျင့်ကြံသူများကြားမှာ စောစောက အော်ဟစ်ပြောဆို၍ ဆူဇီမိုကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေသော လူများစွာက ပြန်လည်ပါဝင်လာသည်။

သို့သော် ယခုအခါ သူတို့၏ စိတ်သဘောထားက လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက ပျက်ယွင်းသွားသည်။

သူတို့သည် ယနေ့မှာ အောင်မြင်လုဆဲဆဲဖြစ်ခဲ့ကြသည်။ သူ့အနေဖြင့် နောက်ပိုင်းမှာ ဆူဇီမိုကို တိုက်ခိုက်ဖို့ ဤကဲ့သို့သော အခွင့်အရေးတစ်ခုကို ရရှိဖို့ လွယ်ကူတော့မည် မဟုတ်ပေ။

ဆူဇီမို လက်ရှိပြသထားသော ပါရမီအလားအလာအရ သူသည် အနာဂတ်မှာ ပကတိအင်မော်တယ်တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူသည် ဂိုဏ်းချုပ်၏ လက်ရင်းတပည့်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ဒါ့အပြင် ဆူဇီမို၏ အခြေခံအုတ်မြစ်အရ ဤလူသည် အနာဂတ်တွင် တက္ကသိုလ်မှာ သူ၏ အဆင့်အတန်းကိုပင် ခြိမ်းခြောက်လာနိုင်၏။

ယခုအချိန်မှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်(၁)နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမှာ ဆူဇီမိုကို သတ်ဖြတ်ဖို့ သူက ယွင်ထင်ကိုသာ အားကိုးရပေတော့မည်။

“တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်က တကယ့်ကို ထူးခြားအံ့မခန်းပဲ… သူက အရာရာတိုင်းကို တွက်ချက်နိုင်တယ်… သူက ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ ဖြစ်ပျက်နေတဲ့အရာကိုတောင် သိရှိနေတယ်ဆိုတော့…”

အင်မော်တယ်ဘုရင်ချင်းယန်က အဓိပ္ပာယ်ပါပါ တီးတိုးရေရွတ်လိုက်၏။

“ဂျူနီယာမောင်ဆူ…. နင်အခုစိတ်ချလက်ချနေလို့ရပြီ”

မိုချင်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“တက္ကသိုလ်က အမြဲတမ်း မျှတမှုရှိပါတယ်… နင့်ကို သေချာပေါက် ထိခိုက်ခံစားစေမှာ မဟုတ်ဘူး”

“ဒီတစ်ခေါက် ဆရာက နင့်ကို ကာကွယ်ဖို့ ကိုယ်တိုင်ဝင်ပါလာခဲ့တယ်… တခြားဘယ်သူက ဘာပြောရဲဦးမလဲ ကြည့်ရသေးတာပေါ့”

မိုချင်သည် ဓားအင်မော်တယ်ယွဲ့ဟွားကို မနှစ်မြို့စွာဖြင့် ကြည့်လိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွား၏ ဤတစ်ခေါက်အပြုအမူကြောင့် သူမသည် ဤစီနီယာအစ်ကိုကို လုံးဝစိတ်ပျက်သွားခဲ့ပြီဖြစ်သည်။

အစကတည်းက သူသည် ဓားအင်မော်တယ်ယွဲ့ဟွားအပေါ် ခံစားချက်များစွာ မရှိခဲ့ပေ။ သို့သော်လည်း အနည်းဆုံးတော့ သူမသည် သူ့ကို သူမ၏ စီနီယာအစ်ကိုအဖြစ် သတ်မှတ်ထားခဲ့သည်။

ယနေ့မှစ၍ သူမသည် စီနီယာအစ်ကိုယွဲ့ဟွားအဖြစ် သူ၏ သရုပ်သကန်ကိုပင် အသိအမှတ်မပြုလိုတော့ပေ။

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

ဂိုဏ်းချုပ်က ယခုကဲ့သို့ ဝင်ပါပေးလာသည့်အတွက် သူက ကျေးဇူးတင်မိလေသည်။

သို့သော်လည်း မိုချင်၏ တရားမျှတမှုရှိသည်ဟူသော စကားကို သူက လက်မခံပေ။

သူ၏ ဂိုဏ်းသားရောင်းရင်းများကို တိုက်ခိုက်ဖို့ အပြင်လူများနှင့် ပူးပေါင်းခဲ့သော ဓားအင်မော်တယ်ယွဲ့ဟွားလို လူတစ်ယောက်အနေဖြင့် သူသည် အပြင်းအထန်အပြစ်ပေးခံရသင့်လေသည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်က ဖျက်ဆီးခံရပြီး သူက တက္ကသိုလ်ကနေ ကန်ထုတ်ခံရသင့်သည်။ သူက သတ်ဖြတ်ခံရမည်ဆိုလျှင်တောင် လွန်ကဲရာကျမည် မဟုတ်ပေ။

သို့သော်လည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်က ဤကိစ္စနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းမရှိပေ။

တကယ်တော့ သူ့မှာ အခက်အခဲတချို့ရှိနေတာ သို့မဟုတ် တခြားအကြောင်းအရင်းတချို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဆူဇီမိုက မကျေနပ်သော်လည်း သူက အဲဒါကို ထုတ်ဖော်ပြောဆိုနေခြင်း သို့မဟုတ် ဓားအင်မော်တယ်ယွဲ့ဟွားကို ဖိနှိမ်ဖို့အတွက် ဂိုဏ်း၏ စွမ်းအားကို အသုံးချလိုခြင်း မရှိပေ။

ယနေ့ကိစ္စအပြီး၌ သူတို့နှစ်ယောက်ကြား ပဋိပက္ခက နောက်ပြန်လှည့်၍ မရတော့ပေ။ အနာဂတ်မှာ သူတို့ထဲ တစ်ယောက်ယောက်ကသာ အသက်ရှင်ရမည်ဖြစ်ပြီး သူတို့ကြားမှာ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မရှိနိုင်တော့ပေ။

သူသည် ဓားအင်မော်တယ်ယွဲ့ဟွားကို အပြစ်ပေးဖို့အတွက် ဂိုဏ်းစည်းမျဉ်းစည်းကမ်းကို အသုံးချမည်ဆိုလျှင် ထိုလုပ်ရပ်က သူ့အတွက် သနားညှာတာလွန်းရာကျနေပေလိမ့်မည်။

တစ်နေ့မှာ ဆူဇီမိုသည် ဤအရှုပ်ထုပ်ကို ကိုယ်တိုင်ရှင်းပစ်ရပေလိမ့်မည်။

ထိုစဉ်မှာပင် အင်မော်တယ်ဘုရင်ချင်းယန်က သူ၏ အသံကိုမြှင့်ပြီး ပြောလိုက်သည်။

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲတွေကြောင့် ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် ပြိုင်ပွဲကို သုံးရက်နောက်ဆုတ်မယ်”

မည်သူကမှ ထိုအချက်နှင့်ပတ်သက်၍ ကန့်ကွက်ကြခြင်းမရှိပေ။

ပထမအချက် ဂမ္ဘီရမိုးကောင်းကင်ခန်းမသည် ယခုအခါ ရှုပ်ပေပွနေပြီဖြစ်ပြီး ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေသည်။

ဤနေရာသည် အစက ကောင်းကင်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲအတွက် ပြင်ဆင်ထားသော တိုက်ပွဲမြေဖြစ်ခဲ့သည်။ ထိုတိုက်ပွဲမြေက ပကတိအင်မော်တယ်များစွာ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ။

တိုက်ပွဲမြေတစ်ခုလုံးက ယခုအခါ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဒုတိယအချက် စောစောက တိုက်ပွဲမှာ ပကတိအင်မော်တယ်ဆယ်ယောက်ကျော်က သေဆုံးခဲ့ရသည်။

မဟာဓားအင်မော်တယ်သုံးပါးထဲမှာ တစ်ပါးဖြစ်သော ကြွယ်ဝူယင်းပင်လျှင် သေဆုံးခဲ့ရသည်။

ဤသည်ကို ကြီးမားသည့်ကိစ္စတစ်ရပ်ဟု ဆိုနိုင်သည်။ မဟာကျင်းအင်ပါယာနိုင်ငံဖြစ်စေ… အင်မော်တယ်ပျံဂိုဏ်းဖြစ်စေ…. သူတို့နှစ်ဖက်စလုံးသည် ထိုအရာကို ကိုင်တွယ်ဖို့ အချိန်တချို့လိုအပ်ပေလိမ့်မည်။

တကယ်တော့ သုံးရက်ဆိုသောအချိန်သည် ဂမ္ဘီရမိုးကောင်းကင်ခန်းမသို့ ရောက်ရှိနေသော ကျင့်ကြံသူများစွာအတွက် ပြောပလောက်စရာ မဟုတ်ပေ။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ ကျင့်ကြံသူများအနေဖြင့် ရတနာများ ဖလှယ်ရယူနိုင်သော အမျိုးမျိုးသော ဈေးကွက်များရှိပြီး စည်ကားသိုက်မြိုက်နေသည်။

နှစ်စဉ်နှစ်တိုင်းမှာ ကျင့်ကြံသူအချို့သည် ဤဈေးကွက်မှာ ရတနာများကို လာရောက်ရှာဖွေတတ်ကြသည်။

ထိုသို့ပြောပြီးနောက် အင်မော်တယ်ဘုရင်ချင်းယန်က ထွက်ခွာသွားသည်။

ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲရှိ ကျင့်ကြံသူများစွာက ပကတိအင်မော်တယ်များကြား တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုပြီး တဖြည်းဖြည်း နောက်သို့ဆုတ်ခွာသွားကြသည်။

သူတို့ထဲမှ အချို့သည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်အနားမှာ ရစ်ဝဲနေကြသည်။

သူတို့ထဲမှ အချို့က သူတို့၏ ဂေဟာများသို့ ပြန်သွားပြီး အနားယူအားဖြည့်ကာ သူတို့၏ အခြေအနေကို ထိန်းညှိနေကြသည်။ သူတို့သည် သုံးရက်ကြာပြီးနောက် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲအတွက် ဆင်နွှဲဖို့ ပြင်ဆင်နေကြသည်။

“ဆူဇီမို…. ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ… ငါ့အစ်မနဲ့ မင်းနဲ့ဆက်ဆံရေးက ဘာလဲ”

ထိုစဉ်မှာပင် ယွင်ထင်က စိမ်းသက်သောလေသံဖြင့် ဆူဇီမို၏ စိတ်ထဲသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ငါတို့တွေကို သူငယ်ချင်းတွေလို့ ဆိုနိုင်တယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“သူငယ်ချင်းတွေလား… မင်း ငါ့ကို လာနောက်နေတာလား… ငါ့အစ်မက ဘယ်လိုသူငယ်ချင်းမျိုးအတွက် သူ့အသက်ကိုစွန့်ပြီး တိုက်ခိုက်မှာလဲ”

ယွင်ထင်က လှောင်ရယ်ပြီး ရှုသိုးသိုးဖြင့် ပြောလိုက်သည်။

“ငါ တစ်ခုခုဖြစ်လာမယ်ဆိုရင်တောင် ငါ့အစ်မက ဒီလောက်ထိ စိုးရိမ်ကြောင့်ကြနေမှာ မဟုတ်လောက်ဘူး”

ဆူဇီမိုအပေါ် ယွင်ကျူး၏ ပြုမူဆက်ဆံမှုက တစ်မူထူးခြားနေသည်ကို သူက သတိထားမိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ယနေ့ ယွင်ကျူး၏ အပြုအမူက သူ၏ ခန့်မှန်းချက်ကို ပို၍ပင်ခိုင်မာလာစေသည်။

“ဆူဇီမို… ငါ မင်းကို သတိပေးလိုက်မယ်… ငါ့အစ်မကို လာမထိနဲ့”

ယွင်ထင်က နောက်ထပ်အသံတစ်ခုကို ပို့လွှတ်ပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။

ဆူဇီမိုက အနည်းငယ် မှင်တက်သွား၏။

“မင်း နားလည်မှုလွဲနေပြီ… ငါနဲ့ ယွင်ကျူးကြားမှာ ဘာမှမရှိဘူး”

သူ၏ ထင်မြင်ချက်အရ ယွင်ကျူးသည် ယနေ့ ရှေ့သို့ထွက်ပြီး သူ့ကိုကူညီပေးလိုသည့် အကြောင်းရင်းမှာ တစ်ခါတုန်းက အဝီစိမှာ သူက သူမ၏ အသက်ကို ကယ်တင်ပေးခဲ့သောကြောင့်ဖြစ်ပေမည်။

ဤကိစ္စသည် သိုင်းတာအိုပင်မခန္ဓာနှင့် ပတ်သက်နေပြီး သူက ယွင်ထင်ကို အသေးစိတ်ပြောမပြနိုင်ပေ။

“ဟေး…”

ထိုစဉ်မှာပင် ယွင်ကျူးက ဆူဇီမို၏ အသိစိတ်ထဲသို့ အသံတစ်ခုကို ရုတ်တရက်ပို့လွှတ်ပြီး သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်၏။

“နင်က ကျွင်းယုနဲ့ ဘယ်လိုသိသွားတာလဲ”

ဆူဇီမိုက ပြောလိုက်သည်။

“ကျုပ် သူနဲ့မသိဘူး… ဒီနေ့မှပဲ ကျုပ်သူ့ကို ပထမဆုံးအကြိမ်မြင်ဖူးတာ”

ယွင်ကျူးက ထိုစကားကို မယုံကြည်ပေ။ သူမက စိတ်ထဲကနေ လှောင်ရယ်ပြီး နှုတ်ခမ်းကို မဲ့လိုက်သည်။

“နင်က သူနဲ့မသိဘူး… ဒါတောင်မှ သူက နင့်ကို အဲ့လောက်ထိ ကာကွယ်ပေးခဲ့တာလား”

“အမ်း… အဲဒါတော့ ကျုပ်လည်း မပြောတတ်ဘူး”

ဆူဇီမိုသည် အကြောင်းရင်းကို ခပ်ရေးရေးခန့်မှန်းမိနိုင်သော်လည်း သူက အဲဒါကို အတည်မပြုနိုင်ပေ။

“ဆူဇီမို… ငါ့နောက်က လိုက်ခဲ့”

ထိုစဉ်မှာပင် ကျွင်းယုက ဆူဇီမိုဘက်ကိုလှည့်ပြီး ပြောလိုက်သည်။

“ဟမ်…”

ခဏမျှ မှင်တက်သွားပြီး ဆူဇီမိုက အလိုလိုမေးလိုက်သည်။

“ဘယ်ကိုလဲ”

“ငါ့အခန်းထဲကို”

ကျွင်းယုက ထိုသို့ပြောပြီး လှည့်ထွက်သွားလေသည်။

“ဘယ်လို…”

ဆူဇီမိုက ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏ ခန့်မှန်းချက်ကို အတည်ပြုဖို့အတွက် သူက လိုက်သွားဖို့ ဆုံးဖြတ်လိုက်လေသည်။

ယွင်ကျူးက အံကိုကြိတ်ပြီး ဆူဇီမိုကို မျက်လုံးစွေကြည့်ကာ သူမဘာသာသူမ တွေးလိုက်သည်။

“နင်က ကျွင်းယုနဲ့ မသိဘူးလို့ ဘယ်လိုတောင်ပြောရဲတာလဲ… အခု ဟိုက သူ့အခန်းထဲကိုတောင် ခေါ်နေပြီ”

မိုချင်၏ အမူအရာက တည်ငြိမ်နေပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။ သို့သော်လည်း သူမက ဆူဇီမိုနောက်သို့ လိုက်ပါသွားသည်။

“ညီမမိုချင်…”

ယွင်ကျူးက မိုချင်ကို ကပျာကယာ လှမ်းဆွဲလိုက်၏။

“ကျွင်းယုက ဆူဇီမိုကို ဖိတ်ခေါ်ထားတာ… ငါတို့ လိုက်မသွားတာ ကောင်းလိမ့်မယ်”

“ဘယ်ရပါ့မလဲ”

မိုချင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ဟိုလူတွေက လက်မလျှော့သေးဘဲ ဂျူနီယာမောင်ဆူကို ဒီသုံးရက်အတွင်း ထပ်ပြီးတိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ… လုံခြုံစိတ်ချမှုရှိအောင် သူ့နောက်ကို လိုက်သွားရမယ်”

“အဲဒါလည်း ဟုတ်တာပဲ”

ယွင်ကျူး၏ မျက်လုံးက ဝင်းလက်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

“ငါတို့ အတူတူသွားကြတာပေါ့”

All Chapters