ကြီးမားသော တိုက်ပွဲ
Vol. 171 Ch. 2558
တကယ်တမ်းမှာတော့ စောင့်ကြည့်နေသော ကျင့်ကြံသူများစွာသည်လည်း ဒုံမင်းအင်မော်တယ်၏ အပြုအမူများက အနည်းငယ် သင့်လျော်မှုမရှိဟု ခံစားနေကြရသည်။
သို့သော်လည်း သူတို့ထဲ မည်သူကမှ ဆူဇီမိုနှင့် ပတ်သက်ခြင်း မရှိကြပေ။
ဒါ့အပြင် ဆူဇီမိုသည် ဤနှစ်များမှာ အရမ်းကို ကျော်ကြားလာခဲ့ပြီး မွန်းတည့်ချိန်မှာ တောက်ပနေသော နေတစ်စင်းကဲ့သို့ဖြစ်သည်။ ကျင့်ကြံသူများစွာသည် ဆူဇီမိုက ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့နေရသည်ကို တွေ့မြင်သောအခါ သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှာ အူမြူးအားရနေကြသည်။
အချိန်အများစုမှာ မကောင်းမှုလုပ်ရပ်များသည် အခြေအမြစ် မရှိတတ်ပေ။ တကယ်ဆို ထိုအရာသည် သူတို့ထက်သာလွန်သော အခြားသူများကို မကြည့်ရက်နိုင်ခြင်းကနေ အရင်းခံလာတတ်သည်။
“ပျက်စမ်း”
ထိုစဉ်မှာပင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် ရှိရာဘက်ကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
မိုချင်၏ ခန္ဓာကိုယ်ထဲကနေ အလင်းတန်းများ ပစ်လွင့်ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲမှာ ဓားအင်မော်တယ်ယွဲ့ဟွား ချိတ်ပိတ်ထားသည့် ဓားချီများကို သူမက တွန်းဖယ်ထုတ်လိုက်သည်။
ထို့နောက် ချက်ချင်းပင် မိုချင်က သူမ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်ပြီး သူမ၏ တာအိုသစ်သီးက အလင်းရောင်ခြည်တန်းများဖြင့် တောက်ပလာခဲ့သည်။ သူမသည် သူမခန္ဓာကိုယ်ပေါ်ရှိ ကြိုးများကနေ ရုန်းထွက်ပြီး ဖျတ်ခနဲဆို ပြေးထွက်ကာ ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ပုံမှန်အားဖြင့် မိုချင်၏ ကျင့်ကြံမှုအရ သူမသည် သူ၏ ချိပ်စည်းကနေ ရုန်းထွက်နိုင်စရာ အကြောင်းမရှိပေ။
သူ့ဂျူနီယာညီမ၏ ကျင့်ကြံမှုသည် ဤနှစ်များမှာ သိသိသာသာ တိုးတက်လာသည့်ပုံပင်။
“စီနီယာအစ်မ….”
ဆူဇီမိုက လှမ်းအော်ခေါ်လိုက်၏။ သူက စကားဆက်မပြောနိုင်ခင်မှာပင် မိုချင်က ဖြတ်ပြောလိုက်သည်။
“ဘာမှ မကြောက်နဲ့… ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က တပည့်ဂိုဏ်းသားတွေက တခြားသူတွေ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ အဆင့်မှာ မဟုတ်ဘူး”
ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် မိုချင်၏ လက်ဖဝါးထဲမှာ ပန်းချီစာအုပ်တစ်အုပ်က ပေါ်ထွက်လာ၏။
ဤပန်းချီစာအုပ်ကို သူမ၏ မူပိုင်ဓမ္မရတနာအဖြစ် သတ်မှတ်နိုင်သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတာတောင် သူမသည် အမျိုးမျိုးသော ကြမ်းကြုတ်တောကောင်များနှင့် စွမ်းအားကြီးမားသော သက်ရှိများနှင့်အတူ စာမျက်နှာ ဆယ်မျက်နှာကျော်ကိုသာ ရေးဆွဲထားရသည်။
ယခု မိုချင်သည် သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်ပြီး ပန်းချီစာအုပ်ကို ချက်ချင်းပင် ဆုတ်ဖြဲကာ မရေမတွက်နိုင်သော စာရွက်အပိုင်းအစများက လေထဲမှာ လွင့်မျောသွား၏။
ဆူဇီမိုက တုန်လှုပ်သွားသည်။
စီနီယာအစ်မမိုချင်သည် ဤပန်းချီစာအုပ်ကို သာမန်ကာလျှံကာ သေချာပေါက် အသုံးမပြုတတ်ဘူးဆိုတာ သူသိထားသည်။
၎င်းပေါ်မှာ ရေးဆွဲထားသော ပန်းချီကားတိုင်းသည် အမျိုးမျိုးသော သက်ရှိများ၏ ဓမ္မတာအိုနှင့် စိတ်ဝိညာဉ်တို့ဖြင့် ပေါင်းစည်းထားလေသည်။
ပန်းချီကားတစ်ချပ်ချင်းစီကိုပင် စီနီယာအစ်မမိုချင်သည် နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီပင် အချိန်ပေးခဲ့ရနိုင်သည်။
ပန်းချီကားတစ်ချပ်ကို ဆုတ်ဖြဲလိုက်သည်နှင့် ၎င်းပေါ်မှာရှိသော သက်ရှိက ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရည်ခွန်အားသည် သူမ တွေ့မြင်ဖူးသော သတ္တဝါနှင့် ကွာခြားလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ၎င်းက ဆုတ်ဖြဲခံလိုက်ရသည်နှင့် ပန်းချီကားသည် အပြီးတိုင်ပျောက်ကွယ်သွားလိမ့်မည်ဟု အဓိပ္ပာယ်ရလေသည်။
ထို့ကြောင့် မိုချင်သည် တခြားရွေးချယ်စရာမရှိသရွေ့ သူမ၏ ပန်းချီကားများကို ဆုတ်ဖြဲပစ်လိမ့်မည်မဟုတ်ပေ။
ရစ်ခွေနဂါးတောင်ကြောရိုးမှာတုန်းက သူမသည် ဒုံမင်းအင်မော်တယ် မုန့်ယောင်နှင့် ရင်ဆိုင်ခဲ့ရစဉ် သူမ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ဖော်ပြဖို့အတွက် ပန်းချီကားတစ်ချပ်ကိုသာ ဆုတ်ဖြဲခဲ့သည်။
သို့သော် ယခု မိုချင်သည် ပန်းချီစာအုပ်ထဲရှိ စာမျက်နှာ ဆယ်မျက်နှာကျော်ကို တစ်ခါတည်း ဆုတ်ဖြဲလိုက်လေသည်။ သူမက ဘယ်လောက်တောင် ဒေါသထွက်နေသလဲ သိသာလေသည်။
သူမက ထိုသည်ကို တွေ့မြင်သောအခါ ယွင်ကျူးက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
မိုချင်၏ အပြုအမူသည် ပြီးခဲ့သည့်နှစ်များအားလုံးမှာ သူမ သုံးစွဲခဲ့သည့် အချိန်များ၊ စွမ်းအင်များနှင့် ကြိုးစားအားထုတ်မှုများအားလုံးကို ထုတ်ဖော်လိုက်ခြင်းနှင့်တူလေသည်။ ထိုသို့ပြုလုပ်ဖို့ သူမက ဘယ်လောက်တောင် ရဲဝံ့ပြီး ဘယ်လောက်တောင် ပြတ်သားနေတာလဲ။
ကြမ်းကြုတ်ခက်ထန်သော အန္တိမစိတ်ဝိညာဉ်တစ်ခုက ဆင်းသက်လာတော့မည့်အလား ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက လွင့်မျောနေသော စာရွက်အပိုင်းများထဲကနေ ဖြာထွက်လာသည်။
“ဂါး…”
“ဂီး…”
“ဝူး...”
“….”
ရုတ်တရက် ကျယ်လောင်သော နဂါးဟိန်းသံက တိုက်ပွဲနယ်မြေမှာ ထွက်ပေါ်လာသည်။
ကြေးခွံများ ဖုံးအုပ်ထားသည့် ရှည်လျားသော နတ်နဂါးတစ်ကောင်က လူတိုင်း၏ မြင်ကွင်းရှေ့မှာ အရင်ဆုံး ပေါ်ထွက်လာပြီး လေထဲမှာ လှည့်ပတ်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်လေသည်။
ထို့နောက် ချက်ချင်းပင် ဖီးနစ်အော်သံနှင့်အတူ တွဲဖက်၍ နတ်ဖီးနစ်တစ်ကောင်က မီးတောက်များကြားကနေ မွေးဖွားပေါ်ထွက်လာ၏။ ၎င်း၏ ငှက်မွေးများက လောင်ကျွမ်းနီရဲနေသော သံမဏိမြားများကဲ့သို့ ကြည်လင်တောက်ပနေသည်။
လူတိုင်း၏ ရှေ့မှောက်မှာ ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်များနှင့် စွမ်းအားကြီးမားသော သက်ရှိများက ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်ရောက်ရှိလာကြသည်။
အဲဒီမှာ ထောင်ဝူနဲ့ ထောင်ထျဲကဲ့သို့ ကြမ်းကြုတ်တောကောင်များနှင့်အတူ ပိုင်ကျဲနှင့် စွမ်နီကဲ့သို့ အင်မော်တယ်တောကောင်များလည်း ပါဝင်နေသည်။
တကယ်ဆို အဲဒီမှာ လူသားမျက်နှာများ၊ တောကောင်ခန္ဓာများ၊ တောင်ပံများနှင့် ပြင်းထန်ကြမ်းတမ်းသော အော်ရာများနှင့်အတူ သူတို့တစ်ခါမှ မတွေ့မြင်ဖူးသည့် သက်ရှိတချို့ပင် ပါနေသည်။
တစ်ခဏချင်းမှာပင် ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင် ဆယ်ကောင်ကျော်နှင့် စွမ်းအားကြီးမားသော သက်ရှိများက ဆင်းသက်ရောက်ရှိလာပြီး မိုချင်နှင့် အခြားသူများကို သတ်လိုဖြတ်လိုသော အော်ရာတစ်ခုနှင့်အတူ ဝိုင်းပတ်လိုက်ကြသည်။
“သွား”
မိုချင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်၏။
ကြမ်းကြုတ်တောကောင် ဆယ်ကောင်ကျော်က မုန့်ယောင်၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် အခြားသူများထံ ပြေးဝင်သွားလေသည်။
“နင်တို့ ဘာကို စောင့်နေတာလဲ… တိုက်ခိုက်ကြတော့လေ”
မုန့်ယောင်က ညင်သာစွာ အော်ပြောလိုက်၏။
အင်မော်တယ်ပျံဂိုဏ်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံသည် ဤကိစ္စကို အတန်ကြာအောင် ကြိုတင်အစီအစဉ်ချထားခဲ့ကြသည်။ သူတို့သည် ဤကဲ့သို့သော တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ကို စိုးရိမ်ပူပန်သောကြောင့် ဤပကတိအင်မော်တယ်များကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။
ပကတိအင်မော်တယ်များက ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းပြီး ကြမ်းကြုတ်တောကောင်များနှင့် သက်ရှိများကို တိုက်ခိုက်လိုက်ကြ၏။
မိုချင်က မလှမ်းမကမ်းမှာရှိသော ဓားအင်မော်တယ်ယွဲ့ဟွားကိုကြည့်ပြီး အသံတစ်ခုကို ပို့လွှတ်လိုက်လေသည်။
“တာအိုရောင်းရင်းယွဲ့ဟွား… ဒါက ရှင့်ရဲ့အမှားပဲ… အဲဒါကို ရှင်တာဝန်ယူရမယ်”
“မပူပါနဲ့”
ဓားအင်မော်တယ်ယွဲ့ဟွားက တည်ငြိမ်နေသော အမူအရာဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်သည်။
“မိုချင်ကို ငါ့အတွက်ထားလိုက်… အမှားအယွင်းတစ်ခုခု မဖြစ်အောင် ဆူဇီမိုကို မြန်မြန်သတ်ဖို့လုပ်ကြ”
ထိုသို့ပြောရင်း ဓားအင်မော်တယ်ယွဲ့ဟွားကလည်း တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာခဲ့သည်။
“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲ မစတင်ခင်မှာတင် ဒီလိုမျိုး ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ် ဖြစ်ပွားလာခဲ့ပြီ… မဟာဓားအင်မော်တယ်သုံးဦးစလုံးက တိုက်ပွဲမှာ ဝင်ပါနေကြပြီ”
“မဟာဓားအင်မော်တယ်သုံးဦးနဲ့ မဟာနတ်မိမယ်သုံးပါးက တိုက်ပွဲတစ်ခုထဲမှာ အကုန်လုံးစုဝေးရောက်ရှိနေကြတယ်… ဒါက တကယ့်ကို မကြုံစဖူးမြင်ကွင်းတစ်ခုပဲ”
“ကောင်းကင်အင်မော်တယ်တစ်ယောက်ကြောင့် ဒီလိုအဆင့်တိုက်ပွဲတစ်ခု ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ”
“တကယ်တော့ ငါက ဆူဇီမိုကို အတော်လေး အားကျနေပြီ… သူ့ကို ကာကွယ်ဖို့အတွက် နတ်မိမယ်နှစ်ပါးက ကိုယ်တိုင်တိုက်ခိုက်လာတယ်ဆိုတော့… ဒီလိုဆက်ဆံခံရဖို့ဆိုတာ… ကျွတ်… ကျွတ်…”
ကြမ်းကြုတ်တောကောင် ဆယ်ကောင်ကျော်နှင့် သက်ရှိများသည် ပကတိအင်မော်တယ်ပညာရှင်များစွာနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး တိုက်ပွဲနယ်မြေက ဝရုန်းသုန်းကား ဖြစ်လာခဲ့သည်။ လောကက လှုပ်ခါ၍ ဖုန်မှုန့်များက တထောင်းထောင်းထလာခဲ့သည်။
သို့သော်လည်း အပြင်ဘက်မှာရှိသော ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြလေသည်။
“ဂျူနီယာညီမ… နင် အခုလိုမျိုး မတိုက်ခိုက်သင့်ဘူး”
ဓားအင်မော်တယ်ယွဲ့ဟွားက မိုချင်ကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“နင်က ရူးမိုက်ရာကျလွန်းတယ်… ဆူဇီမိုလို နိမ့်ကျသက်ရှိတစ်ယောက်အတွက် နင်ဘာလို့ ဒီလိုလုပ်စရာလိုမလဲ”
“ငါ့ကို ဂျူနီယာညီမလို့ မခေါ်စမ်းနဲ့… နင်က ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ရဲ့ နံပါတ်တစ်တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး”
မိုချင်က ဓားအင်မော်တယ်ယွဲ့ဟွားကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
စောစောက သူမအမျက်ဒေါသ၏ ကြီးမားသော တစ်စိတ်တစ်ပိုင်းမှာ ဓားအင်မော်တယ်ယွဲ့ဟွားကြောင့်ဖြစ်သည်။
တက္ကသိုလ်၏ နံပါတ်တစ်အမွေခံတပည့်အနေဖြင့် ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ၏ ဂိုဏ်းသားရောင်းရင်းကို တခြားသူများ အနိုင်ကျင့်တိုက်ခိုက်ခြင်းကနေ ကာကွယ်မပေးခဲ့ပေ။ ထိုအစား သူသည် သူမနှင့် ယန်လောရှုကိုပင် တိုက်ခိုက်ခဲ့လေသည်။
မိုချင်သည် တကယ်ပင် ရိုးအသော်လည်း သူမက မထုံထိုင်းပေ။ ယနေ့ကိစ္စမှာ ဓားအင်မော်တယ်ယွဲ့ဟွားလည်း ပါဝင်ပတ်သက်နေနိုင်သည်ကို သူမက ပြောနိုင်သည်။
“ဟားဟား”
ဓားအင်မော်တယ်ယွဲ့ဟွားက ဒေါသထွက်လွန်းသော်လည်း သူက ရယ်မောလိုက်သည်။
“ငါက မထိုက်တန်ဘူးတဲ့လား… ဒါဆို ဘယ်သူလဲ… ဆူဇီမိုလား… သူ့ရဲ့နောက်ခံက ဘာမှန်းတောင်မသိရဘူး… သူက တခြားမျိုးနွယ်က လာတာတောင် ဖြစ်နိုင်တယ်”
“ဘာမှလျှောက်ပြောမနေနဲ့တော့… တိုက်ခိုက်ကြမယ်”
မိုချင်၏ လေသံက အေးစက်နေသည်။
“ငါက တက္ကသိုလ်မှာ ကျင့်ကြံလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ဒါပေမဲ့ ငါက နင်နဲ့ အရင်က တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးဘူး… ဒီနေ့ ငါ နင့်ဆီကနေ သင်ယူဖို့ အခွင့်အကောင်းပဲ”
“ဂျူနီယာညီမ… ငါ နင့်ကို ထိခိုက်အောင် မလုပ်ချင်ဘူးဆိုတာ နင်သိသင့်တယ်”
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါပြလိုက်၏။
မိုချင်က သူနှင့်ထပ်မံ၍ အရေးလုပ်ပြီး စကားပြောမနေဘဲ နတ်ဘုရားတစ္ဆေ အင်မော်တယ် မိစ္ဆာပန်းချီကားကို ဆင့်ခေါ်ကာ အဲဒါကို သူမ၏ ရှေ့မှာ ဖြန့်လိုက်လေသည်။
ထိုကားချပ်ပေါ်မှာ ရုပ်ပုံလေးခုကို ရေးဆွဲထားလေသည်။ သူတို့ကြားမှာ ရုပ်ပုံသုံးခုက မှေးမှိန်၍ ဝေဝါးနေပြီး သူတို့၏ မူလဇာစ်မြစ်ကို ရှင်းလင်းစွာ မတွေ့မြင်နိုင်ပေ။ သို့သော်လည်း ဘယ်ဘက်မှာရှိသော ရုပ်ပုံမှာ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိပြီး အလွန်တရာ ချောမောကာကြည့်ကောင်းလေသည်။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်နေပြီး သူ၏ ခန္ဓာကိုယ်က တောက်ပနေသော ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေကာ သူ၏ အကြည့်က တောက်လောင်ပြင်းပြနေသည်။ သူ့ကို လျစ်လျူရှု၍ မရနိုင်ပေ။
ထိုသည်က နတ်ဘုရားမျိုးနွယ်သက်ရှိ ဖြစ်လေသည်။
နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားပေါ်မှာ စုစုပေါင်း ရုပ်ပုံလေးခုရှိနေပြီး သူတို့က နတ်ဘုရား၊ တစ္ဆေ၊ အင်မော်တယ်နှင့် မိစ္ဆာရုပ်ပုံများ ဖြစ်လေသည်။
ယခုအချိန်မှာ မိုချင်သည် နတ်ဘုရားရုပ်ပုံကိုသာ နားလည်ဆင်ခြင်ရသေးပြီး ကားချပ်ပေါ်မှာ ရုပ်ပုံတစ်ခုကသာ ပြီးပြည့်စုံစွာ ပေါ်ထွက်လာခဲ့သည်။
သူမသည် နောက်ထပ်ရုပ်ပုံတစ်ခုကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူမသည် ပကတိဧကနယ်ပယ်၏ အဆင့်၄၊ သုခဘုံလေဟာနယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည်ဟု ကြိုတွက်ထားလေသည်။
“လက်စသတ်တော့ နင်က နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားချပ်ကို တကယ်ရထားခဲ့တာပဲ… နင်က ငါ့ရဲ့ဓားချီကနေ ရုန်းထွက်နိုင်ခဲ့တာ မထူးဆန်းတော့ဘူး”
ဓားအင်မော်တယ်ယွဲ့ဟွားက နားလည်သဘောပေါက်သွားပြီး ခဏမျှ ရပ်တန့်လိုက်၏။ ရုတ်တရက် သူက ပြုံး၍ သူ၏ မျက်လုံးများက ထက်ရှသော အလင်းရောင်တစ်ခုဖြင့် ဖျတ်ခနဲလက်သွားသည်။
“ကောင်းပြီလေ… ဒီနေ့ ငါ့ရဲ့ လမင်းအမြုတေဓားကို နင့်ကို ငါပြပေးမယ်”
ဇီး…
လမင်းအမြုတေဓားက ဓားအင်မော်တယ်ယွဲ့ဟွား၏ လက်ဖဝါးထဲသို့ ဆင်းသက်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အဲဒါက လမင်းတစ်စင်းကဲ့သို့ အရောင်အဝါတစ်ခုဖြင့် တောက်ပနေပြီး သာမန်ပစ္စည်းတစ်ခု မဟုတ်သည်မှာ သိသာနေသည်။