← Chapters

ဝိညာဥ်သိမ်းဆည်းသူကို သတ်ဖြတ်ခြင်း

Vol. 171 Ch. 2556

ဝိညာဥ်သိမ်းဆည်းသူကို သတ်ဖြတ်ခြင်း

Vol. 171 Ch. 2556

မုန့်ယောင်က မှင်သေသေဖြင့် ပြောလိုက်၏။

“ယွင်ကျူး... နင့်ရဲ့ဒီမောင်ကို သွန်သင်ဆုံးမရမယ့်အချိန်ပဲ.. နှုတ်ကြောင့်သေတတ်တယ်ဆိုတာ သူ့ကို နားလည်သဘောပေါက်သွားအောင် ပြောပြလိုက်ဦး”

“ပကတိအင်မော်တယ်တွေကို ခြိမ်းခြောက်နေတာလား”

ပကတိအင်မော်တယ်ဝူဖုန့်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“သူက... ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ မင်းသားတစ်ပါးဖြစ်နေတာကြောင့်မဟုတ်ရင် စောစောကစကားနဲ့တင် ငါတို့က သူ့ကိုသတ်ဖို့ လုံလောက်နေပြီ”

ယွင်ထင်က ပကတိအင်မော်တယ်ဝူဖုန့်နှင့် အခြားသူများကိုကြည့်ပြီး သွားဖြီးပြလိုက်သည်။

“မင်းတို့တွေ ကြောက်နေကြတာ ဟုတ်တယ်မလား... ပကတိအင်မော်တယ်နယ်ပယ်ကို ငါတက်လှမ်းလာတာနဲ့ မင်းတို့ရဲ့လည်ပင်းတွေကို ပြောင်အောင် စဆေးထားလို့ရပြီ”

ပကတိအင်မော်တယ်များသည် သူတို့၏ နှလုံးကများ အေးစက်သွားသည်ဟု ခံစားလိုက်ရ၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ယွင်ထင်၏ ပါရမီအရည်အချင်းနှင့် အလားအလာအရ သူသည် အနာဂတ်မှာ ပကတိအင်မော်တယ်တစ်ယောက်သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ယွင်ထင် ပကတိအင်မော်တယ်ဖြစ်လာပြီး သူတို့ကို တံခါးလာခေါက်သည်နှင့် သူ့ကို ခုခံဆန့်ကျင်နိုင်မည့်သူ သူတို့ထဲမှာ များစွာမရှိပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်လိုက်လေသည်။

“ဂျူနီယာတစ်ယောက်နဲ့ ငြင်းခုန်မနေနဲ့... ဆူဇီမိုရဲ့ဝိညာဥ်ကို အရင်ရှာပြီး သူ့ရဲ့နောက်ခံကဘာလဲ ကြည့်ရအောင်”

လူအိုကြီးဝိညာဥ်သိမ်းဆည်းသူက ထူးဆန်းစွာရယ်မောပြီး ဆူဇီမိုရှိရာသို့ ခုန်ဝင်လိုက်လေသည်။

ရွှစ်...

ပုံရိပ်တစ်ခုက ဖျတ်ခနဲလက်သွားပြီး လူအိုကြီးဝိညာဥ်သိမ်းဆည်းသူ၏ ရှေ့မှာ ရုတ်တရက်ပိတ်ဆို့တားဆီးလိုက်သည်။

ထိုပုံရိပ်သည် လှုပ်ရှားမှုတစ်ခုခုမပြုလုပ်ဘဲ သူ၏ လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရုံမျှသာဖြစ်သည်။

ချက်ချင်းပင် လူအိုကြီးဝိညာဥ်သိမ်းဆည်းသူ၏ အမူအရာက ပြောင်လဲသွားပြီး ကြောက်စရာကောင်းသောအော်ရာတစ်ခုကို အာရုံခံမိသွားကာ အလောတကြီးနောက်ဆုတ်လိုက်၏။

လူတိုင်းက အာရုံစိုက်၍ကြည့်လိုက်ကြလေသည်။

ထိုသူက စာအုပ်အင်မော်တယ်ယွင်ကျုးဖြစ်နေသည်။

“နတ်မိမယ်ယွင်ကျုး ဒါက ဘာသဘောလဲ”

ပကတိအင်မော်တယ်ဝူဖုန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာရယ်မဟုတ်ဘူး”

ယွင်ကျူးက မှင်သေသေဖြင့်ပြောလိုက်၏။

“နင်တို့တွေ... အနိုင်ကျင့်နေတာကို ငါက ရပ်မကြည့်နိုင်ရုံဘဲ”

မုန့်ယောင်၏ အမူအရာက အေးစက်လာခဲ့သည်။

“ယွင်ကျူး... ဒီနေ့ဖြစ်သမျှအရာရာတိုင်းက နင်နဲ့ဘာမှမဆိုင်ဘူး... အားအားယားယား ဝင်မပါချင်စမ်းနဲ့”

ယွင်ကျူးက သူ၏ ခေါင်းကိုမော့ပြီး မုန့်ယောင်နှင့် အကြည့်ချင်းဆုံလိုက်သည်။

လုံးဝအလျှော့ပေးခြင်းမရှိဘဲ သူမက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ငါက... ဒီနေ့ အားအားယားယား ဝင်ပါရတော့မယ်နဲ့တူတယ်”

“ရှေ့ကိုတက်လာရဲတဲ့ဘယ်သူမဆို ငါ ယွင်ကျုးကို ဆန့်ကျင်တာပဲ... သနားညှာတာမှုမရှိတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့”

ထိုသို့သူမပြောလိုက်သည့်ခဏမှာပင် လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲအသံတစ်ခုထွက်ပေါ်လာ၏။

ဒုံမင်းအင်မော်တယ်နှင့် စာအုပ်အင်မော်တယ်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ အချေအတင်ဖြစ်ပြီး တိုက်ခိုက်တော့မည့်လက္ခဏာများပင်ပြသလာမည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

ယွင်ထင်ပင်လျှင် မျက်မှောင်ကြုတ်လိုက်လေသည်။

သူသည် ဆူဇီမိုကို ဤကဲ့သို့ထိခိုက်နစ်နာရသောပုံစံဖြင့် မသေဆုံးစေလိုပေ။ သို့သော်လည်း သူ့အစ်မက ရှေ့သို့ထွက်လာပြီး ဆူဇီမိုကို ကာကွယ်ပေးလာသည်ကို တွေ့မြင်သောအခါ သူက မနာလိုအားကျမှုကို အနည်းငယ်ခံစားလာရသည်။

သူ့အစ်မသည် ဆူဇီမိုနှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခုရှိနေပုံရသည်ကို သူသတိထားမိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူတို့နှစ်ယောက်ကြားကိစ္စများသည် ဤမျှအတိုင်းအတာထိ ရောက်ရှိလာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ဖြစ်နိုင်တာက...။

ဆူဇီမိုက ရင်ထဲမှာထိသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“ယွင်ကျူး... ခင်ဗျား ဘာမှလုပ်စရာမလိုဘူး... ခင်ဗျားတစ်ယောက်တည်း ဒီနေ့သူတို့ကိုခုခံပေးနိုင်မှာ မဟုတ်ဘူး”

သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက သတ်ဖြတ်ခံရမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာက ရူးသွပ်စွာလက်စားချေပေလိမ့်မည်။

ယွင်ကျုးက နောက်မဆုတ်သေးဘဲ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ငါက.. နင့်အတွက်နဲ့တင် ဝင်ပါလာတာမဟုတ်ဘူး ငါက မချင့်မရဲခံစားနေရလို့ပဲ... သူတို့အရမ်းကိုများနေပြီ”

တကယ်တမ်းမှာတော့ ယွင်ကျူးသည် ငယ်ရွယ်စဥ်ကတည်းက မတရားမှုများအတွက် တိုက်ခိုက်တတ်ပြီး သူမရှေ့မှာ မတရားမှုတစ်ခုရှိတိုင်း လက်ပိုက်ကြည့်မနေတတ်ပေ။ ထိုသို့ဖြင့် သူမသည် ဂိုဏ်းနှင့်အဖွဲ့အစည်းများစွာကို ဆန့်ကျင်ခဲ့မိပြီး သူမသည် နောက်ပိုင်း စာကြည့်တိုက်ထဲမှာ ပိတ်လှောင်ခံခဲ့ရခြင်းဖြစ်သည်။

ဤနှစ်များအားလုံးမှာ ယွင်ကျူးသည် သူမ၏ စိတ်နေစရိုက်ကိုတိုးတက်အောင် ကျင့်ကြံနေခဲ့ပြီး စာအုပ်များစွာကို ဖတ်ရှုခဲ့လေသည်။ သူမက အပြင်ဘက်မှာ ရံဖန်ရံခါမှသာ ပေါ်ထွက်လာတတ်သည်။ သို့သော်လည်း သူမသည် သူမ၏ နှလုံးသားထဲရှိ စာနာထောက်ထားမှုနှင့် သမာဓိဂုဏ်ကို အမြဲတမ်းထိန်းသိမ်းထားပြီး အဲဒါကို မေ့ဖျောက်မထားခဲ့ပေ။ မဟုတ်ပါက သူမသည် ရစ်ခွေနဂါးတောင်ကြောရိုးမှာတုန်းက သူမနှင့်သိကျွမ်းခဲ့ဖူးခြင်းမရှိသည့် ဆူဇီမိုကို ကယ်တင်ခဲ့လိမ့်မည်မဟုတ်ပေ။

ယခု... ဆူဇီမိုနှင့် သူမ၏ ဆက်ဆံရေးက ယခင်ကနှင့်မတူတော့ဘဲ သူမက လက်ပိုက်ကြည့်နေနိုင်စရာအကြောင်းမရှိပေ။

သူမက ယနေ့မှာနောက်ဆုတ်လိုက်မည်ဆိုလျှင် သူမနှလုံးသားထဲရှိ ဤအထုံးကို ဘယ်တော့မှ ပြန်ဖြေနိုင်တော့မည် မဟုတ်ပေ။

မုန့်ယောင်က လှောင်ရယ်ပြီး လူအိုကြီးဝိညာဥ်သိမ်းဆည်းသူကို ခေါင်းညိတ်ပြလိုက်၏။ စာအုပ်အင်မော်တယ်ယွင်ကျုးကို လျစ်လျူရှုပြီး လုပ်စရာရှိတာဆက်လုပ်ဖို့ အချက်ပြလိုက်ခြင်းဖြစ်လေသည်။

ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးအနေဖြင့် ယွင်ကျူးသည် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်အတွက်နှင့် ဤမျှများပြားသော ပကတိအင်မော်တယ်ပညာရှင်များကို တကယ်ပဲဆန့်ကျင်လိမ့်မည်ဟု သူမက မယုံပေ။

လူအိုကြီးဝိညာဥ်သိမ်းဆည်းသူက ခဏမျှတွေဝေတုံ့ဆိုင်းနေ၏။ သို့သော်လည်း သူ့ကိုနောက်ခံပေးထားသည့် ပကတိအင်မော်တယ်များစွာရှိနေသည်ကို တွေးမိချိန်မှာ သူက ပို၍ယုံကြည်မှုရှိလာပြီး ဆူဇီမိုထံသို့ ဆက်လက်၍တက်လှမ်းသွား၏။

လူအိုကြီးဝိညာဥ်သိမ်းဆည်းသူက ယွင်ကျူးကို လျင်မြန်စွာဖြတ်ကျော်သွားသော်လည်း သူမက လုံးဝလှုပ်ရှားမလာခဲ့ပေ။

မုန့်ယောင်၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး စိတ်လက်ပေါ့ပါးစွာ ပြုံးလိုက်ကြသည်။

“မဆိုးဘူးပဲ... နတ်မိမယ်ယွင်ကျူး... ဒါက ဉာဏ်ရှိရာကျတဲ့...”

ပကတိအင်မော်တယ်ဝူဖုန့်က ရယ်မောပြောဆိုလိုက်၏။

“သူ့စကားမဆုံးသေးခင်မှာပင် အပြောင်းအလဲတစ်ရပ်ပေါ်ထွက်လာပြီး သူ့မျက်နှာပေါ်ရှိအပြုံးက အေးခဲတောင့်တင်းသွားလေသည်။

လူအိုကြီးဝိညာဥ်သိမ်းဆည်းသူက ယွင်ကျူးကိုဖြတ်ကျော်ပြီး ဆူဇီမိုရှေ့သို့ ရောက်ရှိလာသည်။ သူက လှုပ်ရှားမှုတစ်ခု မပြုလုပ်နိုင်ခင်မှာပင် ယွင်ကျူး၏ လက်ထဲမှာ ကျောက်စိမ်းစုတ်တံတစ်ခု ပေါ်ထွက်လာလေသည်။

လှည့်ကြည့်ခြင်းပင်မရှိဘဲ သူမက စုတ်တံဖြင့် သူမ၏ နောက်ဘက်ကို ဝေ့ယမ်းလိုက်၏။

လေဟာနယ်သည် ကျောက်စိမ်းစုတ်တံဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရသည့်ပုံပင်။

လူအိုကြီးဝိညာဥ်သိမ်းဆည်းသူသည် ရပ်တန့်သွားပြီး သူ၏ အကြည့်က အေးခဲတောင့်တင်းသွား၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက လျင်မြန်စွာလျော့ကျလာပြီး သူ၏ ဦးခေါင်းတစ်ဝက်သည် ထက်ရှသောလက်နက်တစ်ခုဖြင့် သေသပ်စွာ လှီးဖြတ်ခံလိုက်ရသည့်ပုံပင်။

သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင်ဖျက်ဆီးခံရပြီး သေဆုံးသွားလေသည်။

ထိုအရာသည် အဝီစိမှာတုန်းက ယွင်ကျူးရရှိလာခဲ့သော ဧကရာဇ်လက်နက်တစ်ခုဖြစ်လေသည်။ ၎င်းက ထက်ရှပြီး ကြောက်စရာကောင်းလေသည်။

ဟာ...

ကျင့်ကြံသူများက ထိုသည်ကိုတွေ့မြင်သောအခါ ပင့်သက်ရှိုက်လိုက်ကြသည်။

ပကတိအင်မော်တယ်တစ်ဦးက သေဆုံးသွားခဲ့လေပြီ။ ဒါ့အပြင် သူသည် စာအုပ်အင်မော်တယ်ယွင်ကျုး၏ လက်ထဲမှာ သေဆုံးခဲ့ရသည်။

ထိုအခိုက်အတန့်မှာ ယွင်ကျူး၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် သတ်ဖြတ်လိုစိတ်ကို လူတိုင်းက အမှန်တကယ်တွေ့ကြုံခံစားမိလာကြသည်။

ယခင်က ယွင်ကျူးသည် ဆူဇီမိုဘက်ကနေ ရပ်တည်ပြောဆိုလာသည်မှာ ထူးဆန်းသည်ဟု လူတိုင်းက ခံစားရသော်လည်း သူတို့က အဲဒါကို လက်ခံနိုင်သေးလေသည်။

သို့သော်ယခု... စာအုပ်အင်မော်တယ်ယွင်ကျူးသည် ဆူဇီမိုအတွက် အဖွဲ့အစည်းကြီးများ၏ ထိပ်သီးပကတိအင်မော်တယ်များနှင့် ဆန့်ကျင်တိုက်ခိုက်လိုနေပြီး ထိုသည်က လူတိုင်းတွေးထင်ထားခဲ့သည်ထက် အပြတ်အသတ်ကျော်လွန်နေခဲ့လေပြီ။

ဤကဲ့သို့တင်းမာသောအခြေအနေတစ်ခုမှာ လှုပ်ရှားမှုတစ်ခုသည် အခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်စေနိုင်သည်။ သူတို့က တိုက်ခိုက်ကြသည်နှင့် သူတို့အနေဖြင့် နောက်ဆုတ်ဖို့ ခက်ခဲသွားပေတော့မည်။

ယွင်ကျူး၏ ဤတစ်ခေါက်တိုက်ခိုက်မှုသည် သူမကိုယ်သူမ ထွက်ပေါက်ပိတ်ဆို့လိုက်ခြင်းနှင့်လည်း တူလေသည်။ သူမသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် အခြားသူများနှင့် နောက်ဆုံးအချိန်ထိ တိုက်ခိုက်လိုလေသည်။

“စာအုပ်အင်မော်တယ်က အရမ်းကိုပြတ်သားတာပဲ... လူအိုကြီး ဝိညာဥ်သိမ်းဆည်းသူက မတုံ့ပြန်နိုင်ခင်မှာပဲ နေရာမှာတင် သတ်ဖြတ်ခံလိုက်ရတယ်”

“ဒါပေါ့... မဟာနတ်မိမယ်လေးပါးထဲ ဘယ်သူက အားနည်းမှာလဲ”

“နတ်မိမယ်ယွင်ကျူးနဲ့ ဆူဇီမိုကြားမှာ ဘယ်လိုဆက်ဆံရေးရှိမယ်လို့ မင်းတို့တွေထင်လဲ”

“နတ်မိမယ်ယွင်ကျူးရဲ့ စိတ်နေသဘောထားအရဆို သူနဲ့ ဆူဇီမိုကြားမှာ တစ်ခုခုရှိနေတယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်”

“အဲဒါနဲ့ပတ်သက်ပြီး ထူးဆန်းနေတာအမှန်ပဲ... ယွင်ထင်က အန္တရာယ်ကျရောက်လာရင်တောင်မှ သူက ဒီလိုပုံစံမျိုး တုံ့ပြန်ပါ့မလား”

“ကျွတ်... ကျွတ်... တက္ကသိုလ်က ဆူဇီမို... သူ့အတွက် ပန်းချီအင်မော်တယ်နဲ့ စာအုပ်အင်မော်တယ်နှစ်ယောက်စလုံးက ရပ်တည်ပေးလာရအောင် သူက ဘယ်နှစ်ဘဝစာကမ္မတွေကို စုဆောင်းခဲ့တာပါလိမ့်”

ဂမ္ဘီရမိုးကောင်းကင်ခန်းမမှ ကျင့်ကြံသူများက တစ်ယောက်တစ်ပေါက် ဆွေးနွေးပြောဆိုလိုက်ကြသည်။

အင်မော်တယ်ဘုရင်ချင်းယန်က သူ၏ နေရာမှာ ခမ်းနားစွာဖြင့်ဆက်လက်၍ထိုင်နေဆဲဖြစ်သည်။ ပကတိအင်မော်တယ်တစ်ဦး သေဆုံးသွားလျှင်တောင် သူက ဝင်ပါဖို့ စိတ်ကူးမရှိပေ။

မုန့်ယောင်၏ အမူအရာက အေးစက်လာပြီး သူက တင်းမာစွာပြောလိုက်သည်။

“ယွင်ကျူး... နင်က ငါတို့နဲ့ ရန်သူတွေလုပ်တော့မလို့လား... ဒီလိုသာဆိုရင်တော့ ရိုင်းပျရတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့တော့”

ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ခေါင်းကို ညင်သာစွာခါလိုက်၏။

“စာအုပ်အင်မော်တယ်ယွင်ကျုး... ခင်ဗျားတစ်ယောက်တည်း ဆူဇီမိုကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး... ဘာလို့ခွန်အားကို ဖြုန်းတီးနေမှာလဲ”

“ငါတတ်နိုင်တာ ငါလုပ်ရမှာပဲ”

ယွင်ကျူး၏ လေသံက အေးဆေးတည်ငြိမ်သော်လည်း ပြတ်သားနေလေသည်။

မုန့်ယောင်နှင့် အခြားသူများသည် ဤမျှများပြားသည့် ပကတိအင်မော်တယ်ပညာရှင်များကို ခေါ်ဆောင်လာခဲ့သည်မှာ သူတို့သည် တစ်စုံတစ်ရာဖြစ်ပျက်လာမည်ကို စိုးရိမ်ပူပန်နေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယွင်ကျူးက ပေါ်ထွက်လာလျှင်တောင် လူတိုင်းက ပြင်ဆင်ထားပြီးသားဖြစ်လေသည်။

ပကတိအင်မော်တယ်ဝူဖုန့်သည် သူ၏ အနားမဲ့ဗျက်ကျယ်ဓားကို ဆင့်​​ခေါ်ပြီး ကြေညာပြောဆိုလိုက်သည်။

“စာအုပ်အင်မော်တယ်... ခင်ဗျားရဲ့ဂုဏ်သတင်းကို ကျုပ်ကြားဖူးထားတာကြာပြီ... ဒါက ခင်ဗျားရဲ့ခွန်အားကို စမ်းသပ်ကြည့်ဖို့ ကျုပ်အတွက် ရှားရှားပါးပါးအခွင့်အရေးပဲ”

ကြွယ်ဝူယင်းက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ မတ်တတ်ထွက်ရပ်လာခဲ့သည်။

ဓားအင်မော်တယ်ချွန်းဖုန်းက ရယ်မောပြီး သူ၏ ခါးမှဓားကို ဆွဲထုတ်လိုက်လေသည်။ သူက ခပ်လှမ်းလှမ်းကနေ ယွင်ကျူးရှိရာကို ထိုးညွှန်ပြီး သူ၏ ဓားက လေနှင့်အတူ အနည်းငယ်တုန်ခါ၍ ယိမ်းနွဲ့နေသည်။

မုန့်ယောင်က တင်ပျဥ်ခွေထိုင်ပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ သူမ၏ ဒုံမင်းကို ဆွဲထုတ်လိုက်ပြီဖြစ်လေသည်။

“ဟားဟား... ဒီလိုပွဲကြီးပွဲကောင်းမျိုး ငါလည်းဝင်ပါရမှာပေါ့”

တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ပကတိအင်မော်တယ်မူဖုန့်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

တစ်ခဏချင်းမှာပင် ထိပ်သီးပကတိအင်မော်တယ်များအားလုံးသည် ရှေ့သို့ထွက်လာပြီး စာအုပ်အင်မော်တယ်ယွင်ကျူးကို ဝိုင်းပတ်ပိတ်ဆို့လိုက်ကြပြီဖြစ်လေသည်။

All Chapters