ဝိညာဉ်ရှာဖွေခြင်း
Vol. 171 Ch. 2554
ယွင်ကျူးက ညင်သာစွာပြုံးလိုက်၏။
“အားလုံးပဲ... နဂါးမျိုးနွယ်က လျှို့ဝှက်အတတ်တချို့ကြောင့်နဲ့ ဆူဇီမိုကို နဂါးတစ်ကောင်လို့ အတိအကျစွပ်စွဲနေတာကတော့ ရယ်စရာကောင်းလွန်းမနေဘူးလား”
“လက်ရှိကျင့်ကြံသူတွေထဲ တခြားမျိုးနွယ်က နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို ပိုင်ဆိုင်ထားတဲ့သူ အတော်များများရှိနေလိမ့်မယ်လို့ ငါယုံတယ်... တကယ်ဆို အင်မော်တယ်မဟာနယ်မြေမှာရှိတဲ့ ငါတို့ထဲက တချို့က မိစ္ဆာတာအိုက ကျင့်ကြံရေးနည်းစနစ်တွေကိုတောင်မှ ကျင့်ကြံထားကြသေးတယ်... သူတို့တွေအကုန်လုံးကိုရော တခြားမျိုးနွယ်ဝင်တွေ ဒါမှမဟုတ် မိစ္ဆာကျင့်ကြံသူတွေလို့ ဆိုနိုင်လား”
ထိုသဘောတရားက အလွန်တရာရိုးရှင်းလေသည်။
သို့သော်လည်း ထိုစကားသည် စာအုပ်အင်မော်တယ်ထံမှထွက်လာသောအခါ လက်ခံယုံကြည်ထိုက်သောစွမ်းအားတစ်ခု ပါဝင်နေသည်။
အစက ဆူညံနေသောလူအုပ်ကြီးက တဖြည်းဖြည်းငြိမ်သက်လာခဲ့၏။
တကယ်ဆို ကျင့်ကြံသူများစွာသည် ထိုစံသတ်မှတ်ချက်အရ သူတို့ကို အခြားမျိုးနွယ်ဝင်များအဖြစ် သတ်မှတ်ကြမလား စတင်၍စဉ်းစားတွေးတောလာကြ၏။
အင်မော်တယ်ပျံဂိုဏ်း၊ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်ပါယာလေဘုရားကျောင်းမှ ပကတိအင်မော်တယ်များက တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။
ဤတစ်ခေါက် သူတို့၏ ပစ်မှတ်သည် ဆူဇီမိုဖြစ်ပြီး သူသည် ယွင်ထင်နှင့်ပြိုင်ဘက်လည်း ဖြစ်လေသည်။
ပုံမှန်အားဖြင့် ယွင်ထင်သည် သူတို့ဘက်မှာ ရှိသင့်လေသည်။
ယခုယွင်ထင်က ဆူဇီမိုအတွက် ပြောပေးလာခဲ့၏။
သူတစ်ယောက်တည်းဆိုလျှင် အဆင်ပြေသေးလေသည်။ မည်သို့ပင်ဆိုစေ မင်းသားယွင်ထင်သည် အမြဲတမ်းအကြောက်အလန့်ကင်းမဲ့ပြီး တုန်လှုပ်စရာကောင်းသော အရာများကို အမြဲတမ်းပြုလုပ်တတ်လေသည်။
သို့သော်လည်း စာအုပ်အင်မော်တယ်ယွင်ကျူးကပါ ဘာ့ကြောင့်ရှေ့ကိုထွက်ပြီး ရပ်တည်ပေးလာရတာလဲ။
“ဒုတိယအစ်ကို... ခင်ဗျား တစ်ခုခုကူညီပြီး ပြောပေးနိုင်မလား”
ယန်ယန်အင်မော်တယ်နိုင်ငံဘက်မှာ ရှဲ့ချင်းချန်က ဆူဇီမိုအတွက် စိုးရိမ်ပူပန်လာပြီး ရှဲ့လင်ထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ရှဲ့လင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး မည်သည့်စကားမှ ပြောဆိုခြင်းမရှိပေ။
လက်ရှိအခြေအနေသည် တဖြည်းဖြည်းပို၍ သိသာရှင်းလင်းလာနေသည်။ ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အင်မော်တယ်ဘုရင်ချင်းယန်သည် မဆိုင်သလို နေလိုသည်မှာ သိသာလေသည်။
ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုကြားမှာ ကျိရွှမ်အင်မော်တယ်နိုင်ငံကသာ ဆူဇီမို၏ ဘက်မှာ လောလောဆယ်ရပ်တည်ပေးနေ၏။
ဒုံမင်းအင်မော်တယ်မုန့်ယောင်ဘက်မှာ အဖွဲ့အစည်းကြီးသုံးခုဖြစ်သော အင်မော်တယ်ပျံဂိုဏ်း၊ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်ပါယာလေဘုရားကျောင်းတို့ရှိနေသည်။ ဒါ့အပြင် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ပကတိအင်မော်တယ်မူဖုန့်ကလည်း ဆူဇီမိုကို ထိုးနှက်ချင်နေပုံရလေသည်။
ကောင်းကင်အဆင့်အဖွဲ့အစည်းခုနှစ်ခုကြားမှာ အင်မော်တယ်ပျံဂိုဏ်း၊ မဟာကျင်းအင်မော်တယ်နိုင်ငံ၊ အင်ပါယာလေဘုရားကျောင်းနှင့် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းတို့က မဟာမိတ်ဖွဲ့ထားသည်ဟုဆိုနိုင်သည်။
သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဘက်ကနေ ရပ်တည်ပေးမည်ဆိုလျှင်တောင် အရာရောက်တော့မည် မဟုတ်ပေ။
ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် ဤတိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်လာခဲ့သည်မှာ သိသာနေသောကြောင့်ဖြစ်လေသည်။ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှာပင် ပကတိအင်မော်တယ်အယောက်သုံးဆယ်ကျော်ရှိနေသည်။
အခြေအနေသည် ထိန်းချုပ်မှုကနေ လွတ်ထွက်ပြီး နှစ်ဖက်စလုံးက တိုက်ခိုက်ကြမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် မည်သည့်အသာစီးမှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် စာအုပ်အင်မော်တယ်ယွင်ကျူးသည် သူ့အတွက် ပြောပေးလာသော်လည်း သူမသည် တက္ကသိုလ်မှ အတွင်းဂိုဏ်းတပည့်တစ်ယောက်အတွက်နှင့် ကောင်းကင်အဆင့်အဖွဲ့အစည်းလေးခုနှင့် ဆန့်ကျင်တိုက်ခိုက်စရာ အကြောင်းမရှိပေ။
တစ်နည်းအားဖြင့်ဆိုသော် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ပကတိအင်မော်တယ်လေးဦးသည် အင်မော်တယ်ပျံဂိုဏ်း၊ မဟာကျင်းအင်မော်တယ်နိုင်ငံ၊ အင်ပါယာလေဘုရားကျောင်းနှင့် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ပကတိအင်မော်တယ်များစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သူတို့ကြားမှာ အရိပ်မဲ့ဓား၊ ချွန်းဖုန်းကျန့်၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် ပကတိအင်မော်တယ်ဝူဖုန့်ကဲ့သို့ ထိပ်သီးပကတိအင်မော်တယ်များပင် ပါဝင်နေသည်။
ပို၍အရေးကြီးသည်မှာ ဓားအင်မော်တယ်ယွဲ့ဟွားသည် ဆူဇီမိုနှင့် မသင့်မြတ်သောဆက်ဆံရေးတစ်ခုရှိပုံရသည်ကို သူကြားသိထားရလေသည်။
ထိုသည်က အမှန်ဆိုလျှင် ဆူဇီမိုကို မည်သူကမှ ကာကွယ်ပေးနိုင်တော့မည်မဟုတ်ဘဲ သူ့အနေဖြင့် ဤကပ်ဘေးကနေလွတ်မြောက်နိုင်ဖို့ ခက်ခဲလာပေတော့မည်။
“ဒါက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး”
ပကတိအင်မော်တယ်ဝူဖုန့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အပြင်လူတစ်ယောက်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေထဲ စိမ့်ဝင်ထိုးဖောက်ပြီး ငါတို့က သူ့ကိုကောင်းကင်အဆင့်သတ်မှတ်ချက်မှာပါ ယှဥ်ပြိုင်တိုက်ခိုက်ခွင့်ပေးလိုက်မယ်ဆိုရင် အဲဒါက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကိုပါ ထိပါးစော်ကားရာကျနေလိမ့်မယ်”
ပကတိအင်မော်တယ်ဝူဖုန့်၏ စကားလုံးများက ပို၍ပင်ရက်စက်ပြင်းထန်ပြီး ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကိုပါ ဆွဲထည့်လိုက်လေသည်။
အင်မော်တယ်ဘုရင်ချင်းယန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူက နှုတ်ဆိတ်နေ၏။
ယန်လောရှုက ပြောလိုက်လေသည်။
“မင်းတို့တွေက စကားတွေအများကြီးပြောခဲ့ကြပေမယ့် တိကျတဲ့ သက်သေအထောက်အထားတော့ လုံးဝထွက်မလာဘူး... အဲဒါက မင်းတို့ရဲ့ထင်မြင်ယူဆချက်တွေပဲ”
မုန့်ယောင်က ရယ်မော၍ ဆူဇီမိုကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“နင်က သက်သေအထောက်အထားလိုချင်တယ်ဆိုရင်ရတယ်လေ... ငါတို့က သူ့ရဲ့ဝိညာဥ်ကိုရှာဖွေလိုက်တာနဲ့ အမှန်တရားက ပေါ်ထွက်လာမှာပဲ”
“မရဘူး..”
မိုချင်က မတ်တတ်ထရပ်ပြီး အော်ငေါက်လိုက်၏။
သူမသည် စကားပြောမကောင်းသည့်အတွက် တခြားသူများနှင့် ငြင်းခုံရသည်ကို သဘောမကျပေ။ ထို့ကြောင့် သူမသည် စောစောက မည်သည့်စကားမှ မပြောခဲ့ခြင်းဖြစ်သည်။
သို့သော်ယခု မုန့်ယောင်နှင့် အခြားသူများက အတင့်ရဲလာပြီး ဆူဇီမို၏ ဝိညာဥ်ကိုပင် ရှာဖွေလိုလာကြပြီဖြစ်ကာ အဲဒါက အရမ်းများသွားလေပြီ။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲ မစတင်ခင်မှာပင် မဟာနတ်မိမယ်သုံးပါးက အချေအတင်ဖြစ်လာကြလေပြီ။
ယွင်ကျူးက လှောင်ရယ်လိုက်၏။
“မုန့်ယောင်... နင်က အခြေအမြစ်မရှိတဲ့ခန့်မှန်းချက်တစ်ခုအတွက်နဲ့ အခြားသူတွေရဲ့ ဝိညာဥ်ကို ရှာဖွေချင်တယ်ဆိုရင် နင်က တော်တော်ကို စိုးမိုးဗိုလ်ကျချင်နေတာပဲ... ဟမ့်”
“တကယ်တော့... အဲဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အတွက် ကောင်းတာပဲလေ”
ကြွယ်ဝူယင်းက ပြောလိုက်၏။
“ဒီကောင်လေးက တခြားမျိုးနွယ်က တကယ်ပဲဖြစ်နေတယ်ဆိုရင် သူ့ကိုကန်ထုတ်နိုင်တာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အတွက် ကောင်းတာပေါ့”
ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်လိုက်၏။
“ဝိညာဥ်ရှာဖွေခြင်းအတတ်က အရမ်းကို အန္တရာယ်များလွန်းတယ်... တစ်ခုခုဖြစ်သွားမယ်ဆိုရင်...”
“တာအိုရောင်းရင်းယွဲ့ဟွား မပူပါနဲ့”
မုန့်ယောင်က ပြောလိုက်၏။
“ကျွန်မက ဒီတစ်ခေါက် ဂိုဏ်းကစီနီယာတစ်ဦးဖြစ်တဲ့ လူအိုကြီးဝိညာဥ်သိမ်းဆည်းသူကို ဖိတ်ခေါ်ထားတယ်... သူက အမြုတေစိတ်ဝိညာဥ်တွေနဲ့ ဝိညာဥ်တွေအပေါ် နက်ရှိုင်းတဲ့နားလည်မှုရှိတယ်... သူက တစ်ယောက်ယောက်ရဲ့ဝိညာဥ်ကိုရှာဖွေမယ်ဆိုရင် အဲဒီလူရဲ့ အမြုတေစိတ်ဝိညာဥ်က ပျက်စီးထိခိုက်မှာ မဟုတ်ဘူး”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
သူသည် လူအိုကြီးဝိညာဥ်သိမ်းဆည်းသူ၏ လက်ထဲ ကျဆင်းသွားမည်ဆိုလျှင် သူက ထိခိုက်ဒဏ်ရာရရှိနိုင်သည့်အချက်ကို အသာထာသား...။
ဝိညာဥ်ရှာဖွေခြင်းအတတ်က သူ့ကို ပျက်စီးထိခိုက်မှုမဖြစ်စေဘူးဆိုလျှင်တောင် သူသည် မည်သူ့ကိုမှ သူ၏ ဝိညာဥ်ကို ရှာဖွေခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ထိုအရာသည် သူ၏ ဂုဏ်သိက္ခာနှင့် သူ၏ အောက်စည်းဖြစ်လေသည်။
ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာကို ဆင့်ခေါ်ဖို့မတွေးမိခြင်း မဟုတ်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုကို ကောက်ချက်ချဖို့နှင့် ပြီးပြည့်စုံစေဖို့ တံခါးပိတ်ကျင့်ကြံနေ၏။
သူက သိုင်းတာအိုပင်မခန္ဓာကို မနှောက်ယှက်လိုပေ။
ဒါ့အပြင် ဤနေရာသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ဖြစ်ပြီး အင်မော်တယ်ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်က ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေဖို့ အခွင့်များလေသည်။
အင်မော်တယ်ဧကရာဇ်တစ်ပါးပေါ်ထွက်လာသည်နှင့် ငရဲဖိနှိမ်မီးဖိုနှင့်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူအန္တရာယ်ကျရောက်နေသည့်အချိန်မှာ တခြားအကြောင်းအရင်းမရှိဘဲ ဤနေရာကို ရောက်ရှိလာမည်ဆိုလျှင် သူတို့နှစ်ယောက်ကြား ပတ်သက်ဆက်နွယ်မှုကို ရှင်းပြဖို့ ခက်သွားပေလိမ့်မည်။
မုန့်ယောင်နှင့် အခြားသူများမှာ ယုံကြည်မှုရှိနေကြ၏။
ဆူဇီမိုက မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ သူက သေချာပေါက် သေရပေလိမ့်မည်။
သူသည် လူအိုကြီးဝိညာဥ်သိမ်းဆည််းသူထံ သူ၏ ဝိညာဥ်ကို ရှာဖွေခွင့်ပေးရဲမည်ဆိုလျှင် လူအိုကြီးဝိညာဥ်သိမ်းဆည်းသူက အနည်းငယ်ကောက်ကျစ်လိုက်သည်နှင့် သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးထိခိုက်သွားပေလိမ့်မည်။
ထိုအချိန်မှာ သူက အမှားတစ်ခုပြုလုပ်မိကြောင်း လူအိုကြီးဝိညာဥ်သိမ်းဆည်းသူက ရိုးရှင်းစွာရှင်းပြနိုင်ပြီး မည်သူကမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ဆူဇီမိုအပေါ် မုန့်ယောင်၏ နားလည်သဘောပေါက်ထားမှုအရ သူသည် သူ၏ ဝိညာဥ်ကို မည်သူ့ကိုမှ သေချာပေါက်ရှာဖွေခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက ငြင်းပယ်လိုက်သည်နှင့် သူသည် ရိုးသားမှုမရှိဟု သူတို့က ထပ်မံစွပ်စွဲပြောဆိုနိုင်ပြီး တိုက်ခိုက်ဖို့အတွက် နောက်ထပ်အကြောင်းပြချက်တစ်ခုရသွားပေလိမ့်မည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ကျေနပ်သွားသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်၏။
“အဲဒါလည်းကောင်းတာပဲ... ဝိညာဥ်ရှာဖွေခြင်းကပဲ... ဂျူနီယာညီဆူရဲ့ အပြစ်ကင်းစင်မှုကိုသက်သေပြပေးနိုင်လိမ့်မယ်.. အားလုံးပဲ စိတ်ချလက်ချနေပါ... ဂျူနီယာညီဆူ... မင်းဘယ်လိုထင်လဲ”
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဆူဇီမိုက ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်လုံးအနက်ပိုင်းထဲမှာ အူမြူးအားရမှုအငွေ့အသက်တစ်ခုကို တွေ့မြင်သွားလေသည်။
“အဲဒါက ဘယ်လိုမှ မသင့်လျော်ဘူး”
မိုချင်က မျက်မှောင်ကြုတ်ပြီး ထပ်မံ၍ငြင်းပယ်လိုက်၏။
သို့သော်လည်း ပုံမှန်တခြားကျင့်ကြံသူများက ဤတောင်းဆိုချက်ကို တိတ်တဆိတ်သဘောတူလက်ခံထားကြပေလိမ့်မည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ညင်သာစွာပြုံးပြီး ထပ်မေးလိုက်၏။
“ဂျူနီယာညီဆူ... မင်းရဲ့စိတ်က ရှင်းလင်းနေတယ်ဆိုရင် ဝိညာဥ်ရှာဖွေတာကိုဘာမှကြောက်စရာမလိုဘူး... ဟုတ်တယ်မလား”
ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီးပြောလိုက်၏။
“ယွဲ့ဟွား.. မင်းက မိစ္ဆာမဟာနယ်မြေက သူလျှိုတစ်ယောက်လို့ ငါသံသယရှိတယ်... လူအိုကြီးကို မင်းရဲ့ဝိညာဥ်ကိုအရင်ရှာဖွေခိုင်းပြီး မင်းရဲ့အပြစ်ကင်းစင်မှုကိုအရင်ဆုံး သက်သေပြပေးလိုက်ပါလား... အားလုံးလည်း စိတ်ချလက်ချဖြစ်သွားတာပေါ့”
“အဓိပ္ပါယ်မရှိတာ”
ဓားအင်မော်တယ်ယွဲ့ဟွားက အော်ငေါက်လိုက်၏။
“စိုးရိမ်ပူပန်မနေပါနဲ့... မင်းရဲ့စိတ်က ရှင်းလင်းနေမယ်ဆိုရင် ဝိညာဥ်ရှာဖွေတာကို ဘာမှကြောက်စရာမလိုပါဘူး... ဟုတ်တယ်မလား”
ဆူဇီမိုက တည်ငြိမ်သောအမူအရာဖြင့် မေးလိုက်၏။
သူသည် တူညီသောစကားဖြင့် ဓားအင်မော်တယ်ယွဲ့ဟွားကို ပြန်မေးလိုက်ခြင်းဖြစ်လေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ခဏမျှဆွံ့အသွား၏။ သူ၏ မျက်လုံးကထက်ရှလာပြီး သူ၏ အမူအရာက ပျက်ယွင်းသွားလေသည်။
ကြွယ်ဝူယင်းက အေးစက်စွာပြောလိုက်လေသည်။
“သူက တော်တော်လျှာစောင်းထက်တာပဲ... သူက စပြီးတော့ မလုံမလဲခံစားနေရပြီလို့ငါထင်တယ်”
“အဲဒါအမှန်ပဲ”
ပကတိအင်မော််တယ်ဝူဖုန့်က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
“ငါ့အထင်တော့... အများအကျိုးကိုကြည့်ဖို့က ပိုပြီးတော့အရေးကြီးတယ်... ငါတို့တွေက သူ့ကိုအရင်ဆုံးဖမ်းပြီး သူ့ရဲ့ဝိညာဥ်ကိုရှာဖွေရမယ်”
“နင်ဘယ်လိုတောင်လုပ်ရဲတာလဲ”
မိုချင်က သူမ၏ မူပိုင်လက်နက် ပန်းချီစာအုပ်ကိုထုတ်ယူပြီး အဲဒါကိုဖွင့်လှန်ကာ အချိန်မရွေး ဆုတ်ဖြဲပစ်ဖို့ပြင်လိုက်လေသည်။
“နင်တို့တွေက ငါတို့ကို အကျိုးအကြောင်းမရှိဘဲ သက်သက်စွပ်စွဲပြောဆိုနေတာပဲ... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တကယ်ပဲအားနည်းတယ်လို့ နင်တို့ထင်နေလား”
ယန်လောရှုကလည်း သတိအနေအထားပြင်ထားလိုက်၏။
သူက မိုချင်နှင့် ဘေးချင်းယှဥ်ရပ်ပြီး ဆူဇီမိုကို နောက်မှာထားကာ ကာကွယ်ပေးလိုက်ကြ၏။
ရုတ်တရက်ဆိုသလို...။
ဓားအင်မော်တယ်ယွဲ့ဟွားက မိုချင်ကို နောက်ကနေ တိုက်ခိုက်လိုက်၏။ ဓားချီအမျှင်စတချို့က သူမ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူမ၏ တာအိုသစ်သီးကို ချိပ်ပိတ်လိုက်လေသည်။ သူမသည် နေရာမှာတင်ချုပ်နှောင်ခံလိုက်ရပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။
တက္ကသိုလ်မှတစ်ယောက်ယောက်က သူမကို နောက်ကနေတိုက်ခိုက်လာလိမ့်မည်ဟု မိုချင်က ထင်မှတ်မထားခဲ့ပေ။ သူမသည် အငိုက်မိသွားပြီး ချက်ချင်းပင်ချုပ်နှောင်ခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် တက္ကသိုလ်မှ နောက်ထပ်ပကတိအင်မော်တယ် ချန်ရွှမ်က ယန်လောရှုကို ချောင်းမြောင်းတိုက်ခိုက်လိုက်လေသည်။ သူက ကြိုးတစ်ချောင်းကိုဆင့်ခေါ်ပြီး ထိုသူ၏ ခန္ဓာကိုယ်ကို တုပ်နှောင်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ချိပ်ပိတ်လိုက်၏။
တစ်ခဏချင်းမှာပင် ပန်းချီအင်မော်တယ်မိုချင်နှင့်ယန်လောရှုက ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ချန်ရွှမ်၏ ချုပ်နှောင်ခြင်းခံလိုက်ရပြီး အခြေအနေက ပြောင်းလဲသွားခဲ့လေပြီ။