စည်းကမ်းများပြောင်းလဲခြင်း
Vol. 171 Ch. 2552
ဒုံမင်းသံက အဆက်မပြတ်ထွက်ပေါ်လာပြီး ဂမ္ဘီရမိုးကောင်းကင်ခန်းမ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားလေသည်။
ဒုံမင်းအင်မော်တယ်မုန့်ယောင် ရောက်မလာခင်မှာပင် သူမသည် ကျင့်ကြံသူမြောက်မြားစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။
ထို့နောက်ချက်ချင်းပင် မုန့်ယောင်သည် အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူတစ်အုပ်စုနှင့်အတူ ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ ရောက်ရှိလာလေသည်။
ယွင်ကျူးပြောသည့်အတိုင်းပင် အင်မော်တယ်ပျံဂိုဏ်းသည် ပကတိအင်မော်တယ်ဆယ့်ရှစ်ဦးကို ခေါ်ဆောင်လာခဲ့၏။ သူတို့က ဤကဲ့သို့ခမ်းနားသော အစုအဖွဲ့တစ်ခုနှင့်အတူ ရန်လိုစိတ်ရှိနေကြသည်မှာ သိသာလေသည်။
ကျုံးဖေးယွီသည် မည်သို့ပင်ဆိုစေ ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်ပြီး သူက ပကတိအင်မော်တယ်အုပ်စုမှာပါဝင်လေသည်။
သူက ဆူဇီမိုကို ဘေးတိုက်တစ်ချက်လှမ်းကြည့်ပြီး ရန်စသလို မထီတရီပြုံးပြကာ ခေါင်းဖြတ်လက်ဟန်တစ်ခု ပြုလုပ်ပြလိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်၍ လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိပေ။
သူ့အတွက်တော့ ကျုံးဖေးယွီသည် ခြိမ်းခြောက်မှုလုံးဝမရှိသော လူပြက်တစ်ယောက်လိုပင်။
သူ့ကိုတကယ်တမ်း ခြိမ်းခြောက်မှုခံစားရစေသည်မှာ ဓားအင်မော်တယ်ယွဲ့ဟွား၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် အခြားသူများသာဖြစ်လေသည်။
“မဟာဓားအင်မော်တယ်သုံးဦးနှင့် မဟာနတ်မိမယ်သုံးဦးက စုဝေးရောက်ရှိလာကြပြီ.. တကယ့်ကို မကြုံစဖူးထူးခြားအံ့မခန်းပဲ”
“စစ်တုရင်အင်မော်တယ်ရောက်မလာတာ နှမြောစရာပဲ”
“စစ်တုရင်အင်မော်တယ်က မိုးကောင်းကင်ကိုးလွှာ တွေ့ဆုံပွဲအတွက် ပြင်ဆင်နေတာဖြစ်လောက်မယ်... သူက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးသုံးယောက်ထဲကို ဝင်ရောက်ပြီး အန္တိမပကတိအင်မော်တယ်နေရာအတွက် တိုက်ခိုက်ဖို့တောင် အခွင့်အရေးရှိတယ်လို့ငါကြားထားတယ်”
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲကို တရားဝင်မစတင်ခင်မှာပင် ကျင့်ကြံသူများစွာက အားတက်သရောရှိလာကြပြီး သူတို့၏ ခရီးစဥ်က အလဟဿမဖြစ်ဟု ခံစားရလေသည်။
ယခုအချိန်မှာ အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ရောက်ရှိလာကြပြီဖြစ်သည်။
သူတို့သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲကို လာရောက်ဧည့်ခံကျင်းပပေးမည့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ လူများကိုသာ စောင့်ဆိုင်းနေကြရသည်။
သိပ်မကြာခင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အနက်ပိုင်းထဲကနေ ကျင့်ကြံသူတစ်အုပ်စုက ဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာကြ၏။ သူတို့၏ ခေါင်းဆောင်က အစိမ်းရောင်ဝတ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့မှာ တည်ငြိမ်သောအမူအရာနှင့် စွမ်းအားကြီးမားသောအော်ရာရှိလေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ဘေးပတ်ဝန်းကျင်ရှိလေဟာနယ်နှင့် တစ်သားတည်းအဖြစ်ပေါင်းစည်းနေပုံရသည်။
ကောင်းကင်လိုဏ်ဂူနယ်ပယ် အင်မော်တယ်ဘုရင်တစ်ပါး… ဆင်းသက်လာခဲ့လေပြီ။
သက်လတ်ပိုင်းအရွယ်အမျိုးသား၏ နောက်ဘက်မှာ ပကတိအင်မော်တယ်ခြောက်ဦးရှိနေ၏။ သူတို့သည် အရင်တုန်းက အဆူရာတိုက်ပွဲမြေမှ တိုက်ပွဲကိုစောင့်ကြည့်ခဲ့သော လူခြောက်ဦးဖြစ်ပြီး နတ်မိမယ်ဂမ္ဘီရကြိုးကြာကလည်း သူတို့ထဲမှာ ပါဝင်နေသည်။
အင်မော်တယ်ဘုရင်ကို အဖော်ပြုလာသော ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ငယ်ရွယ်၍ချောမောလှပသော အမျိုးသမီးအစေခံများစွာလည်း ပါဝင်လာကြသည်။
အစေခံမိန်းကလေးများက ငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များဖြစ်ကြသည်။
ထိုသည်ကိုကြည့်ခြင်းအားဖြင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အခြေခံအုတ်မြစ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ ခန့်မှန်းမိနိုင်၏။ ဤနေရာမှာ ကောင်းကင်အင်မော်တယ်များပင်လျှင် အစေခံသာဖြစ်ကြ၏။
သက်လတ်ပိုင်းအရွယ်အမျိုးသားက ဆင်းသက်ရောက်ရှိလာ၏။
အင်မော်တယ်ဘုရင်တစ်ပါးရောက်ရှိလာချိန်မှာ လက်ရှိလူတိုင်းက မရိုင်းပျရဲဘဲ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြ၏။
သက်လတ်ပိုင်းအရွယ်အမျိုးသားက ညင်သာစွာခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
“ငါက... အင်မော်တယ်ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်ရဲ့ အကြီးဆုံးတပည့် ချင်းယန်ပဲ... ဒီတစ်ခေါက် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲကို ဧည့်ခံကျင်းပပေးမယ့်သူပဲ”
အင်မော်တယ်ဘုရင်ချင်းယန်သည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်မှာရှိပြီး အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လေသည်။
“မင်္ဂလာပါ... အင်မော်တယ်ဘုရင်ချင်းယန်”
လူတိုင်းက သူတို့၏ လက်များကို ယှက်ပြလိုက်ကြ၏။
“အားလုံးပဲထိုင်ကြ”
အင်မော်တယ်ဘုရင်ချင်းယန်၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ လက်ကို သာမန်ကာလျှံကာ ဝေ့ယမ်းကာ ခုံမြင့်တစ်လုံးမှာ ထိုင်လိုက်လေသည်။
“အားလုံးပဲ... ကောင်းကင်အဆင့်သတ်မှတ်ချက်ယှဥ်ပြိုင်မှုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို နားလည်ကြပြီးသာဖြစ်မယ်လို့ ငါထင်တယ်”
ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် စည်းမျဥ်းစည်းကမ်းများက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်နှင့် အတူတူပင်ဖြစ်လေသည်။
အဆင့်သတ်မှတ်ချက်ပေါ်အခြေခံ၍ တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဖြစ်ပြီး ရှုံးသည့်သူက ဖယ်ရှားရှင်းလင်းခံရပေလိမ့်မည်။
ဥပမာအားဖြင့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁ ဝင်သော ယွင်ထင်သည် အဆင့်-၁၀၀ မှ ကျင့်ကြံသူနှင့် ဆန့်ကျင်တိုက်ခိုက်ရပေလိမ့်မည်။
ဆူဇီမိုကတော့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၃ ဝင်ပြီး သူက အဆင့်-၉၈ မှာရှိသောလူနှင့် ဆန့်ကျင်တိုက်ခိုက်ရပေလိမ့်မည်။
“အားလုံးပဲ ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲပြီးဆုံးသွားတဲ့အခါ မင်းတို့ရဲ့ အဆင့်ရပ်တည်ချက်က မြင့်မားလေလေ မင်းတို့ရမယ့် အကျိုးအမြတ်တွေက ပိုပြီးတော့များပြားလေဆိုတာ သိထားလိမ့်မယ်ထင်တယ်”
အင်မော်တယ်ဘုရင်ချင်းယန်က ပြောလိုက်၏။
“တကယ်တော့... ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာရှိတဲ့ကျင့်ကြံသူတိုင်းအတွက် အခွင့်အလမ်းတစ်ခုစီကို ပေးမှာပါ”
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများစွာက ကျေနပ်သဘောကျသွားကြ၏။
ရုတ်တရက် ယွင်ထင်က မတ်တတ်ထရပ်ပြီး သူ၏ လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်လေသည်။
“အင်မော်တယ်ဘုရင်ချင်းယန်... ကျုပ်အခုလိုပြောရတဲ့အတွက်ခွင့်လွှတ်ပေးပါ... ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက စည်းမျဥ်းစည်းကမ်းတွေက ကိုးလို့ကန့်လန့်နိုင်ပြီး ယုတ္တိမတန်ဘူးလို့ ကျုပ်ထင်တယ်”
ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွံ့အသွားကြ၏။
ယွင်ထင်တစ်ယောက်တည်းမှာသာ အင်မော်တယ်ဘုရင်ချင်းယန်ကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲသောသတ္တိရှိလေသည်။
အင်မော်တယ်ဘုရင်ချင်းယန်က စိတ်တိုမသွားဘဲ ပေါ့ပေါ့ပါးပါးပြုံး၍ပြန်မေးလိုက်၏။
“အဆင့်သတ်မှတ်ချက်တိုက်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချမှတ်ထားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီ... အဲဒါတွေက ဘယ်လိုမျိုးယုတ္တိမတန်တာလဲ”
ယွင်ထင်က ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က လူအများစုက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာအတွက် တိုက်ခိုက်ကြဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး”
“အို... မင်းမှာ ပိုကောင်းတဲ့စိတ်ကူးရှိလို့လား”
အင်မော်တယ်ဘုရင်ချင်းယန်က မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်၏။
ယွင်ထင်က ရယ်မော၍ သူ၏ ခေါင်းကို အနည်းငယ်မော့ကာ ဝင့်ကြွားစွာပြောလိုက်၏။
“ကျုပ်အထင်တော့... ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို ရယူမယ့်သူက ကျုပ် ဒါမှမဟုတ် ဆူဇီမိုပဲဖြစ်ရမယ်... တခြားဘယ်သူကမှ မထိုက်တန်ဘူး”
ထိုစကားသည် အလွန်တရာမောက်မာပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အခြားလူတိုင်းကို ပမာမခန့်ပြုလိုက်ခြင်းနှင့်တူလေသည်။
အဆင့်-၂ ချင်ကူ၊ အဆင့်-၄ ကျုံးဖေးယွီနှင့် အဆင့်-၅ လေ့ရွှမ်တို့ကိုပင်လျှင် ယွင်ထင်က စကားထဲမှာ ထည့်ပြောခြင်းမရှိပေ။
ကျုံးဖေးယွီက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
ချင်ကူက မချင့်မရဲဖြစ်နေသော်လည်း သူက မှင်သေသေဖြင့်ရှိနေပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“ဆိုတော့... မင်းက အဲဒါကို ဘယ်လိုစီစဥ်ချင်လို့လဲ”
အင်မော်တယ်ဘုရင်ချင်းယန်က ပြုံး၍ ပြန်မေးလိုက်၏။
“ရှင်းပါတယ်”
ယွင်ထင်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဆူဇီမိုကို လက်ညှိုးထိုးပြလိုက်၏။
“ကျုပ်တို့နှစ်ယောက်က ပထမအချီကို တစ်ခါတည်းတန်းပြီးတိုက်ခိုက်ကြမယ်... အနိုင်ရတဲ့ဘယ်သူမဆို ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ဖြစ်လာမယ်... အခြားသူတွေက ကျုပ်တို့ကို စိန်ခေါ်ဖို့အဆင့်မမီဘူး... သူတို့က အဆင့်-၃ အဆင့်-၄... ဒါမှမဟုတ် တခြားနေရာတွေအတွက် ဆက်ပြီးတိုက်ခိုက်ကြပေါ့”
ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။
ဤသည်မှာ ယွင်ထင်၏ အစစ်အမှန်ပုံစံဖြစ်လေသည်။
ရိုးရှင်းသော၊ တဲ့တိုးဆန်သော၊ မောက်မာဝင့်ကြွားသော၊ ညှာတာမှုမရှိသောပုံစံ ဖြစ်လေသည်။
အင်မော်တယ်ဘုရင်ချင်းယန်က ခေါင်းခါပြလိုက်၏။
“ဒါက တခြားသူတွေအတွက်မမျှတဘူး... ငါက သဘောတူလက်ခံမယ်ဆိုရင်တောင် အဲဒါကို သဘောမတူတဲ့သူတွေရှိလာမှာပဲ”
“သူတို့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ”
ယွင်ထင်က လက်ကာပြပြီး သူ၏ တလိပ်လိပ်ထိုးတက်လာသော တိုက်ပွဲဝင်စိတ်နှင့်အတူ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
“ဆူဇီမို... မင်းသဘောတူလိုက်ရင် အဆင်ပြေပြီ”
ယွင်ထင်သည် ဤအကြံပြုချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်မှာ သူ၏ နှလုံးသားအနက်ပိုင်းထဲရှိ မာန်မာနကြောင့်ဖြစ်သည်။
အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲများပြီးဆုံးသွားလျှင်တောင် သူတို့နှစ်ယောက်ကသာ နောက်ဆုံးကျန်ရစ်သူ ဖြစ်ဖို့များလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့သည် သူတို့၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေကြတော့မည်မဟုတ်ဘဲ ဤတိုက်ပွဲသည် သူတို့နှစ်ယောက်အတွက် လုံးလုံးလျားလျားမျှတသည်ဟု ဆိုနိုင်တော့မည် မဟုတ်ပေ။
သူက ယှဥ်ပြိုင်လိုသည်ဆိုမှတော့... ယွင်ထင်သည် ဆူဇီမိုကို ပေါ်ပေါ်တင်တင်အနိုင်ယူလိုလေသည်။
ယွင်ထင်၏ နှလုံးသားထဲမှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်နေရာအတွက်တိုက်ခိုက်ရခြင်းက အရေးကြီးဆုံးအရာမဟုတ်ပေ။
သူသည် ဆူဇီမိုကို အနိုင်ယူပြီး ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို ရယူဖို့သာ အဓိကထားလေသည်။
ဆူဇီမိုက ယွင်ထင်၏ ရည်ရွယ်ချက်ကို အလျင်အမြန်နားလည်သဘောပေါက်သွားပြီး သူ့စကားကို ငြင်းပယ်ခြင်းမရှိပေ။ သူက မတ်တတ်ထရပ်ပြီး လေးနက်စွာပြောလိုက်လေသည်။
“ရတယ်လေ... မင်းသဘောပဲ”
ဤလုပ်ရပ်က စည်းမျဥ်းစည်းကမ်းကို ဆန့်ကျင်နေသော်လည်း အောက်ဘက်ရှိ ကျင့်ကြံသူများထဲ မည်သူကမှ ထ၍ကန့်ကွက်ကြခြင်း မရှိပေ။
အကြောင်းမှာ ယွင်ထင်ပြောသည့်စကားက မှန်နေသည်ကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူအများစုက သိရှိထားသောကြောင့်ဖြစ်သည်။
သူတို့သည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာအတွက် ယှဥ်ပြိုင်တိုက်ခိုက်ဖို့ တကယ်ပင်အခွင့်အရေးမရှိကြပေ။
နံပါတ်တစ်နေရာကိုရည်ရွယ်ထားသော ကျုံးဖေးယွီနှင့် ချင်ကူကတော့ အကြည့်ချင်းဖလှယ်လိုက်ပြီး အလိုက်တသိဖြင့် တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုကြခြင်းမရှိပေ။
သူတို့နှစ်ယောက်အတွက်တော့.. ဤလုပ်ရပ်သည် သူတို့နှစ်ယောက်အတွက် အကျိုးမယုတ်နိုင်ပေ။
ကျားနှစ်ကောင်ကြားတိုက်ပွဲမှာ တစ်ကောင်ကောင်ကတော့ သေချာပေါက်ဒဏ်ရာရရှိသွားပေလိမ့်မည်။
ပထမအချက် သူတို့သည် ယွင်ထင်နှင့်ဆူဇီမိုကို နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်စေသောရလဒ်ဖြင့် တိုက်ခိုက်စေချင်လေသည်။ ထိုအချိန်ကျလျှင် ဘယ်သူနိုင်သည် ဘယ်သူရှုံးသည်ဖြစ်စေ သူတို့သည် ယွင်ထင် သို့မဟုတ် ဆူဇီမိုကို အလွယ်တကူအနိုင်ယူပြီး အကျိုးအမြတ်ကို ရိပ်သိမ်းနိုင်မည်ဖြစ်သည်။
ယွင်ကျူးက ယွင်ထင်နှင့်ဆူဇီမိုကို တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ပြီး တစ်စုံတစ်ရာကိုပြောချင်သော်လည်း ရပ်တန့်လိုက်၏။
ဤတိုက်ပွဲမှာ ဘယ်သူအနိုင်ရမည်ကို သူမပင်လျှင် မသိရှိပေ။
သူမသည် ဆူဇီမို သို့မဟုတ် ယွင်ထင်ကို အသေအကြေမတိုက်ခိုက်ကြဖို့ ဖျောင်းဖျချင်၏။
သို့သော်လည်း နှစ်ဖက်စလုံးသည် သူတို့၏ အကန့်အသတ်ထိ ထုတ်ဖော်တိုက်ခိုက်ကြသည်နှင့် သူတို့အနေဖြင့် အချိန်မီရပ်တန့်ဖို့ကို ခက်ခဲသွားပေလိမ့်မည်။
သူမသည် မည်သည့်ဘက်ကိုမှ ဒုက္ခမရောက်စေလိုပေ။
သို့သော်လည်း သူတို့နှစ်ယောက်ကြားတိုက်ပွဲက လုံးဝရှောင်လွှဲလို့ မရဘူးဆိုတာ သူမသိထားလေသည်။
ဤတိုက်ပွဲကို ကြိုတင်ပြဋ္ဌာန်းပြီးသားဖြစ်ပြီး ဓားပညာရပ်သုံးခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်းနိုင်စေဖို့ သူတို့နှစ်ယောက်ကြား အနိုင်ရရှိသူတစ်ယောက်ကို မဖြစ်မနေရွေးချယ်ရမည့်အလားပင်။
“နေပါဦး”
ထိုစဥ်မှာပင် ဒုံမင်းအင်မော်တယ်မုန့်ယောင်က ရုတ်တရက် ဝင်ရောက်ပြောဆိုပြီး ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။
ယွင်ကျူးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“အဲဒါက ရောက်လာပြီပဲ”
ဆူဇီမိုကလည်း စိတ်ထဲက နေညည်းတွားလိုက်၏။