အခန်း (၁၃၁၈-၁၃၂၀)
Vol. 88 Ch. 1318-1320
အခန်း(၁၃၁၈)
"အလယ်အလတ်အဆင့် နယ်မြေစွမ်းအားပါလား"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် ကျန်းချန်ကို တအံ့တသြဖြင့် ကြည့်နေမိသည်။
သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
စန်းယွဲ့ သူတော်စင်နယ်မြေ၏ သခင်အနေဖြင့် သူမသည် အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိရန် မည်မျှခက်ခဲမှန်း ကောင်းစွာ သိရှိထားခဲ့သည်။
ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာပင် နယ်မြေစွမ်းအားကို အလယ်အလတ်နယ်မြေစွမ်းအားအဆင့်အထိ ကျင့်ကြံထားနိုင်သူသည် အလွန်ပင်ရှားပါးသည်။
ထိုကဲ့သို့သော သူများသည် နှစ်(၁၀၀၀)နီးပါး အသက်ရှင် နေထိုင်လာခဲ့ကြသည့် မွန်းစတားအိုကြီးများသာလျှင် ဖြစ်ကြ၏။
သူမ ကိုယ်တိုင်ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်ကို ထိုးဖောက်ပြီးမှသာ အလယ်အလတ်နယ်မြေစွမ်းအားကို နားလည်နိုင်ခဲ့သည်။
ဆိုရလျှင် အသက်(၁၀၀)အတွင်း အလယ်အလတ်အဆင့် နယ်မြေစွမ်းအားကို နားလည်သူများသည် သမိုင်းတစ်လျှောက်တွင် ထူးခြားသော ပါရမီရှင်များပင် ဖြစ်ကြသည်။
ဤအချိန်တွင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကြောင့် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူမ၏ရှေ့မှ ကောင်လေးသည် အမှန်တကယ်ပင် နှစ်သန်းပေါင်းများစွာတွင် တစ်ကြိမ် ပေါ်ပေါက်ရန် ခဲယဥ်းသည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်နေခဲ့၏။
"သူရိန်နယ်မြေက သူတော်စင်သားတော်ရဲ့ အစွမ်းအစက ဒီလောက်ပဲလား"
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေဆဲ အချိန်မှာပင် ကျန်းချန်သည် ယန်ယောင်ကို ခပ်ထေ့ထေ့ ပြောလိုက်သည်။
"ဒီနေ့ မင်း အမြင်ကျယ်အောင် အင်ပါယာအဆင့်ကိုယ်ခံပညာကို ပြသပေးမယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် အချိန်နှင့် အာကာသဓားနယ်မြေကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အပြာရောင် ဓားအရှိန်အဝါ ထောင်ပေါင်းများစွာသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး လေထုထဲတွင် အပြာရောင်ဓားနယ်မြေ အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲကာ ယန်ယောင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
သူထုတ်သုံးလိုက်သည့် အချိန်နှင့်အာကာသ ဓားနယ်မြေသည် စစ်မှန်သော အင်ပါယာအဆင့် ကိုယ်ခံပညာ ဖြစ်သည်။
ရှန်းဝူတိုက်ကြီး၏ ကြယ်လေးပွင့် သူတော်စင်နယ်မြေများတွင် အင်ပါယာများမှ ချန်ရစ်ခဲ့သည့် အမွေအနှစ်များစွာ ရှိကြသည်။
ထိုအထဲတွင် သူရိန်နယ်မြေမှ သူတော်စင်သားတော် ထုတ်ဖော်ခဲ့သည့် ဧကရာဇ်အဆင့် ရွှေကျီးကန်း လက်ဝါးသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
"ဒါ.. ဒါက ဘယ်လို ကိုယ်ခံပညာလဲ"
နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယန်ယောင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သူက အပြာရောင် ဓားနယ်မြေထဲတွင် ပျံ့နှံ့နေသာ ထူးဆန်းသော စွမ်းအားများကို ခံစားမိခဲ့သည်။
"ပျက်စီးစမ်း"
ယန်ယောင်က ကြောက်လန့်သွားခဲ့ပြီး ရွှေရောင် ဓားနယ်မြေနှင့်မီးလျှံနယ်မြေတို့ကို ချက်ချင်းဆိုသလို ထုတ်ဖော်ကာ နယ်မြေနှစ်ခု၏ ထပ်ဆင့်စွမ်းအားဖြင့် ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို ဖြိုခွင်းလိုက်သည်။
"ဝုန်း.."
စွမ်းအင်အချင်းချင်း ပွတ်တိုက်သံများကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ပေါက်ကွဲသံများသည် ပတ်ဝန်းကျင်တစ်ခွင်လုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
သို့သော်လည်း ကျန်းချန်သည် ယခုအခါတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အချိန်နှင့်အာကာသ ဓားနယ်မြေကို နားလည်မှုတွင်လည်း သုံးပုံနှစ်ပုံခန့်အထိ နားလည်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အပြည့်အဝနီးပါး နားလည်လာသော ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို ယန်ယောင်က အဘယ်ကဲ့သို့ အလွယ်တကူ ချိုးဖျက်နိုင်ပါမည်နည်း။
ယန်ယောင်၏ နယ်မြေနှစ်ခု ထပ်ဆင့်စွမ်းအားသည် အချိန်နှင့်အာကာသ ဓားနယ်မြေကို လုံးဝ မဖျက်ဆီးနိုင်ဘဲ အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
အပြာရောင် ဓားနယ်မြေထဲတွင် အချိန်တစ်ခဏလေးသာ ရှိသေးသော်လည်း သူ၏ အသက်သည် အနည်းဆုံး တစ်နှစ်ခန့်ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားသည်ကို ယန်ယောင် အထိတ်တလန့် ခံစားမိခဲ့သည်။
"ဒါက အချိန်ဥပဒေသတွင် ပါဝင်နေတဲ့ ကိုယ်ခံပညာများလား"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် ကျန်းချန် ထုတ်သုံးလိုက်သည့် အပြာရောင် ဓားနယ်မြေကို အသေအချာ အကဲခတ်ရင်း သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်သော ကြောက်ရွံ့သည့် အရိပ်အယောင် တစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
ဤကောင်လေးသည် အင်ပါယာဥပဒေသ ပါဝင်နေသည့် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံပညာကို မည်ကဲ့သို့ တတ်ကျွမ်းခဲ့ပါသနည်း။
"ပျက်စီးစမ်း"
ထိုအချိန်တွင် ကျင်းထဲကျပ်ထဲ ရောက်လာသော ယန်ယောင်သည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအားနှင့် အင်ပါယာ သွေးစွမ်းအားများကို ချက်ချင်းပင် အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။
ထို့နောက်တွင် သူက နယ်မြေနှစ်ခု၏ စွမ်းအားကို ထပ်မံဖော်ထုတ်လိုက်ပြီး သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကိုပါ ထုတ်သုံးကာ အချိန်နှင့် အာကာသ ဓားနယ်မြေကို တိုက်ခိုက်လိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ယန်ယောင်၏ ရူးသွပ်စွာတိုက်ခိုက်မှုအောက်တွင် အချိန်နှင့်အာကာသဓားနယ်မြေသည် ပုံပျက်လာခဲ့သော်လည်း ပျက်စီးမည့် လက္ခဏာတော့ မရှိပေ။
"အကြီးအကဲ ငါ့ကိုကယ်ပါဦး"
အပြာရောင်ဓားနယ်မြေကို မထိုးဖောက်နိုင်တော့သည်ကို ယန်ယောင်သည် အဆုံးသတ်၌ ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းလိုက်သည်။
"သူတော်စင်သခင်စန်းယွဲ့.. ဒီကောင်လေး အသုံးပြုတဲ့ အပြာရောင်ဓားနယ်မြေက အနည်းငယ် ထူးဆန်းနေတယ်.. ဒီဓားနယ်မြေက ကျွန်တော်တို့ သူတော်စင်သားတော်ရဲ့ အသက်ဓာတ်ကို ဝါးမျိုနေပုံရတယ်...သူတော်စင်သခင် စန်းယွဲ့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"
သူရိန်နယ်မြေ၏ အကြီးအကဲသည် ယန်ယောင်၏ ခန္ဓာကိုယ်မှ အပြောင်းအလဲကို ခံစားမိပြီး မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူက စန်းယွဲ့ သူတော်စင်နယ်မြေသခင် ဆီသို့ အလျင်အမြန် ပြေးကာ အကူအညီတောင်းလိုက်၏။
သူက အဂ္ဂိရတ်သခင်တစ်ဦးသာ ဖြစ်ပြီး ကိုယ်ခံပညာရပ်တွင် ကျွမ်းကျင်သူ မဟုတ်ပေ။
နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိသော်လည်း သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် ယန်ယောင်ကိုပင် မယှဥ်နိုင်ချေ။
ထို့ကြောင့် သူ့အနေဖြင့် စန်းယွဲ့ သူတော်စင်နယ်မြေသခင်ထံတွင် အကူအညီတောင်းရုံသာ ရှိတော့သည်။
"စိတ်မပူပါနဲ့.. ငါက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်ကနေ နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်၏ အရှိန်အဝါသည် ချက်ချင်းဆိုသလို အမြင့်ဆုံးအထိ ပေါက်ကွဲထွက်သွားခဲ့သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအားများသည် ချက်ချင်းပင် လနတ်ဘုရားဓားကို လေထဲတွင် စုဖွဲ့လိုက်ပြီး ကျန်းချန်၏ အပြာရောင် ဓားနယ်မြေကို ခုတ်ချလိုက်သည်။
ဆိုရလျှင် သူမတို့ စန်းယွဲ့ သူတော်စင်နယ်မြေနှင့် သူရိန်သူတော်စင် နယ်မြေတို့သည် အမြဲတစေ ဆက်ဆံရေးကောင်းများရှိခဲ့၏။
သို့ဖြစ်ရာ သူမ၏ရှေ့တွင် သူရိန် သူတော်စင်နယ်မြေမှ သူတော်စင်သားတော် အသက်အန္တရာယ် ရှိနေသည်ကို သူမအနေဖြင့် အဘယ်ကဲ့သို့ ထိုင်ကြည့်၍ နေနိုင်ပါမည်နည်း။
"ဝုန်း.."
စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ ဓားချက်ဖြင့် ယန်ယောင်၏ အသက်ဓာတ်များကို ဝါးမျိုနေသော အချိန်နှင့်အာကာသ ဓားနယ်မြေသည် အဆုံးသတ်တွင် ပျက်စီးသွားခဲ့သည်။
"သူရိန်နယ်မြေရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ သူတော်စင်သားတော်က ငါ့ရဲ့ ဓားနယ်မြေကို ရင်မဆိုင်နိုင်တဲ့ အမှိုက်တစ်စ ဖြစ်နေတာပဲ"
ကျန်းချန်က ခပ်ထေ့ထေ့ပြုံးကာ ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် မုန့်ချင်းရွှယ်တို့ နှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ငါတို့သွားကြစို့"
သူရိမ်နယ်မြေမှ သူတော်စင်သားတော်သည် မုန့်ချင်းရွှယ်ကို အသုံးချရန် စဥ်းစားရဲသည့် အချက်ကပင် ကျန်းချန်၏ မျက်လုံးထဲတွင် သေသင့်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် ယန်ယောင်ကို မသတ်ဖြတ်ခဲ့ပေ။
သူ့အနေဖြင့် ယနေ့တွင် စန်းယွဲ့ သူတော်စင်နယ်မြေကို ရောက်လာခြင်းသည် မုန့်ချင်းရွှယ်ကို ခေါ်သွားရန်သာဖြစ်သည်။
ဤအချိန်တွင် ယန်ယောင်ကိုသာ သတ်လိုက်လျှင် စန်းယွဲ့သူတော်စင်နယ်မြေကို ဒေါသထွက်စေမည်မှာ သေချာ၏။
ထိုအချိန်သို့ ရောက်လျှင် အဆုံးမရှိသော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလော။
"ကျန်းချန် ခဏနေပါဦး"
ကျန်းချန်က မုန့်ချင်းရွှယ်တို့ နှစ်ဦးနှင့် အတူ ထွက်သွားရန် ပြင်နေစဥ်မှာပင် သူ၏ အနောက်ကနေ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လေထုထဲရှိ စန်းယွဲ့ သူတော်စင်နယ်မြေသခင်ကို နောက်လှည့်၍ ကြည့်ကာ ပေ့ါပါးစွာ ပြောလိုက်သည်။
"စန်းယွဲ့ သူတော်စင်နယ်မြေသခင်က ကျွန်တော်တို့ကို တားမလို့လား"
"မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ အရှင်သခင်ဖြစ်ပြီး ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့နံပါတ်(၁)လည်း ဖြစ်တယ်.. ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေက မင်းနဲ့ရန်သူ မဖြစ်ချင်ဘူး"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က အေးစက်စက် ပြောလိုက်သည်။
"ဒီနေ့ မင်းက ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေကို ကျူးကျော်လာခဲ့တယ်.. ဒီကိစ္စကို ငါလျစ်လျူရှုပေးနိုင်ပေမဲ့ မုန့်ချင်းရွှယ်နဲ့ ယွဲ့ချန်ယင်ကိုတော့ ငါတို့ စန်းယွဲ့သူတော်စင် နယ်မြေမှာပဲ ထားခဲ့ရမယ်...ငါတို့က မုန့်ချင်းရွှယ်ကို သူရိန်နယ်မြေက သူတော်စင်သားတော်ဆီ ထည့်ပေးလိုက်ဖို့ သဘောတူညီမှုရယူထားခဲ့ပြီးပြီ.. ချင်းရွှယ်ကို မင်းနဲ့အတူ ထွက်သွားခွင့်ပြုလိုက်မယ်ဆိုရင် ငါတို့အနေနဲ့ သူရိန်နယ်မြေကို ဘယ်လိုရှင်းပြရမှာလဲ"
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်နှာက ညိုပုတ်သွားခဲ့သည်။
သူက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်၏။
"မင်းကိုငါပြောမယ်.. သူတို့နှစ်ယောက်က မင်းရဲ့စန်းယွဲ့သူတော်စင်နယ်မြေကနေ ထွက်လိုက်ကြပြီ...အခုကစပြီး သူတို့က ငါ့ရဲ့လူသား ဧကရာဇ်နန်းတော် အဖွဲ့ဝင်တွေ ဖြစ်သွားခဲ့ပြီ"
"ကျန်းချန် ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေကို တစ်ရက်ဝင်ရောက်တာနဲ့ တစ်သက်တာလုံး ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ လူပဲ ဖြစ်ရမယ်.. ဒါက ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ စည်းမျဥ်းပဲ"
စန်းယွဲ့သူတော်စင်နယ်မြေသခင်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
"မုန့်ချင်းရွှယ် တို့ကို ခေါ်သွားခွင့်ပြုလိုက်ရင် ငါက စန်းယွဲ့သူတော်စင်နယ်မြေရဲ့ ဘိုးဘေးတွေကို ဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရမှာလဲ"
အခန်း(၁၃၁၈)ပြီး၏။
အခန်း(၁၃၁၉)
"ဟားဟား မင်းတို့စန်းယွဲ့သူတော်စင်နယ်မြေက သူတို့နှစ်ဦးကို ခေါ်သွားခွင့် မပေးနိုင်ဘူးပေါ့ ဟုတ်လား"
ကျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပလာခဲ့၏။
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က ပြောလိုက်သည်။
"သူတို့က စန်းယွဲ့ သူတော်စင်နယ်မြေရဲ့လူတွေပဲ.. မင်းမှာ သူတို့ကို ခေါ်သွားပိုင်ခွင့် မရှိဘူး"
"ဟားဟား မင်းတို့က သူရိန်နယ်မြေနဲ့ အပေးအယူလုပ်ချင်လို့ သူတို့ကို ခေါ်ထားချင်တာ မဟုတ်လား.. ဒီကိုလာတဲ့ရည်ရွယ်ချက်က ချင်းရွှယ်ကို ငါနဲ့ခေါ်သွားဖို့ပဲ.. ဒါကြောင့် မင်းရဲ့ စန်းယွဲ့သူတော်စင်နယ်မြေက လူတွေကို အများကြီးညှာတာပေးခဲ့တယ်.. မင်းက အခြေအနေကို နားမလည်ဘဲ ငါနဲ့တိုက်ခိုက်ချင်တယ် ဆိုမှတော့ ငါမင်းနဲ့ တိုက်ခိုက်ပေးမယ်.. မင်းတို့ စန်းယွဲ့သူတော်စင်နယ်မြေက ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေ့ါ"
ကျန်းချန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်လာခဲ့သည်။
"ကျန်းချန် မင်းကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ"
ကျန်းချန်၏ အထက်စီးဆန်ဆန် မောက်မာသော စကားများကို ကြားလျှင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူမက ဂုဏ်သိက္ခာ ကြီးမားသော စန်းယွဲ့ သူတော်စင်နယ်မြေအရှင်သခင် ဖြစ်သည်။
သို့ဖြစ်ရာ ကျန်းချန်၏ စကားလုံးများဖြင့် စော်ကားနေခြင်းကို သူမအနေဖြင့် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က နှင်းခဲကဲ့သို့ အေးစက်နေခဲ့သည်။
ချက်ချင်းပင် သူမက လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။
တစ်ခဏအတွင်းမှာပင် အလွန် အေးစက်သော စွမ်းအားတစ်ခုသည် ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် ကျန်းချန်တို့ သုံးယောက်ကို လုံးဝ အေးခဲစေတော့မည့်အလားပင် ထင်ရ၏။
"ပျက်စီးစမ်း"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ကောင်းကင်လောင်ကျွမ်းဓားနယ်မြေကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော မရေမတွက်နိုင်သည့် မီးလျှံဓားများသည် လေထုကို ထိုးဖောက်ကာ မီတာ၃၀၀ ပတ်လည်ရှိ နေရာလွတ်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ရှိ ရေခဲစွမ်းအင် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
"တကယ်ကို အလယ်အလတ်အဆင့် ဓားနယ်မြေ ဖြစ်နေတာပဲ"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထို့နောက်တွင် လေဟာနယ်ထဲတွင် အဆုံးမဲ့ ရေခဲဓားများစွာ ဖြစ်ပေါ်လာခဲ့ပြီး မြားပေါင်းထောင်ချီ ကဲ့သို့ ကျန်းချန်ဆီ အရပ်လေးမျက်နှာကနေ ပစ်ဝင်လာခဲ့သည်။
"ဝုန်း.. ဝုန်း.."
မရေမတွက်နိုင်သည့် အေးခဲနေသော ရေခဲဓားများသည် ကျန်းချန်၏ ဓားနယ်မြေကို ထိမှန်ပြီး အဆက်မပြတ်ပင် ပေါက်ကွဲသွားကြသည်။
အဆုံးသတ်တွင် ကျန်းချန်၏ အလယ်အလတ်အဆင့် ဓားနယ်မြေသည်လည်း ရေခဲဓားများ၏ တိုက်ခိုက်မှုအောက်တွင် မမျှော်လင့်ဘဲ ပေါက်ကွဲသွားခဲ့၏။
ကျန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး မုန့်ချင်းရွှယ်တို့ နှစ်ဦးနှင့်အတူ ဆယ်ပေကျော် အကွာအထိ နောက်ဆုတ်လိုက်ရသည်။
သူက စန်းယွဲ့ သူတော်စင်နယ်မြေသခင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"လျှို့ဝှက်နယ်မြေ ရှစ်ခုထဲက စန်းယွဲ့ သူတော်စင်နယ်မြေရဲ့သခင် ဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူး"
"မင်းက အလယ်အလတ်အဆင့် ဓားနယ်မြေကိုတောင် ထိတွေ့နိုင်ခဲ့ပြီကိုး"
စန်းယွဲ့သူတော်စင်နယ်မြေသခင်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိခဲ့ရုံသာမက ဓားနယ်မြေတွင်လည်း အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိနေပြီဖြစ်၍ အလွန်တရာပင် အစွမ်းထက်သည်။
ရှန်းဝူတိုက်ကြီးရှိ နတ်သန္ဓေအင်ပါယာများစွာထဲတွင် အလယ်အလတ်နယ်မြေအဆင့်ထိ ကျင့်ကြံနိုင်သူမှာ အလွန်တရာပင် ရှားပါး၏။
"ကျန်းချန် မင်းက အရမ်းသန်မာပါတယ်.. ဒါပေမဲ့ ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေက မင်းရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က အေးစက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"မင်းအခုနေ ထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး"
သူမရှေ့မှ ကျန်းချန်သည် နှစ်ပေါင်းတစ်သန်းတွင် တစ်ယောက်ထွက်ပေါ်ရန် ခက်ခဲသည့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်သည်။
ထို့အပြင် သူတည်ထောင်ထားသည့် လူသားဧကရာဇ်နန်းတော်သည် နိဗ္ဗာန်မြို့တော်၏ အင်အားနှင့် ပူးပေါင်းထား၍ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ဖြစ်နိုင်လျှင် သူမသည် ကျန်းချန်နှင့် ရန်သူ မဖြစ်ချင်ခဲ့ပေ။
"ဟားဟား စန်းယွဲ့ သူတော်စင်နယ်မြေသခင်.. ငါဒီနေ့ ချင်းရွှယ်ကို ကျိန်းသေခေါ်သွားမယ်.. ကောင်းကင်ဘုံမင်းကြီးဆင်းသက်လာမယ် ဆိုရင်တောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး.. မင်းက ငါ့ကိုတားမယ် ဆိုရင်တော့ စန်းယွဲ့ သူတော်စင်နယ်မြေသခင်ဆိုတဲ့ မင်းကို ငါအရင်ဆုံး သတ်ပစ်မယ်"
ကျန်းချန်က မောက်မာစွာ ရယ်မောလိုက်ပြီးနောက်တွင် သူ၏လက်များကို လှုပ်ရှားလိုက်ရာ ထူးဆန်းသောအနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ချက်ချင်းပင် စုစည်းသွားခဲ့သည်။
ကျန်းချန်က အချိန်မဖြုန်းတော့ဘဲ ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ် စည်းတံဆိပ်ကို ထိန်းချုပ်ကာ စန်းယွဲ့သူတော်စင်နယ်မြေသခင်ကို တိုက်ခိုက်လိုက်၏။
ကျန်းချန်၏ လက်ထဲတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် ထွက်ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ပတ်ဝန်းကျင် တစ်ခွင်ကို ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများပင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ၎င်းတို့၏ ဝိညာဥ်များ တုန်ယင်သွားသလို ခံစားခဲ့ရသည်။
အားနည်းသော နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူအချို့ဆိုလျှင် မျက်နှာများ ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ပြီး သွေးများကိုပင် အန်ထုတ်လိုက်ရသည်။
သူတို့အားလုံးက ကျန်းချန်၏ လက်ထဲရှိ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ကြည့်ကာ သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်မှ ထွက်ပေါ်လာသော အရှိန်အဝါတစ်ခုတည်းကပင် သူတို့၏ ဝိညာဥ်များကို ပြင်းထန်သော ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည် မဟုတ်ပါလော။
ကျန်းချန် ထုတ်ဖော်လိုက်သည့် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခံပညာရပ်သည် မည်သည့် ကိုယ်ခံပညာရပ် ဖြစ်ပါသနည်း။
"ဒီအနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်က ဘာများလဲ"
အနက်ရောင် လေးထောင်တုံး စည်းတံဆိပ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလျှင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ စိတ်နှလုံးထဲတွင် ရှင်းမပြနိုင်သော အေးစိမ့်သည့် ခံစားချက်တစ်ခုကို ရရှိခဲ့သည်။
သူမက ထိတ်လန့်မှုကို ထိန်းချုပ်ကာ ဆုတ်ခွာရန် ပြင်ဆင်လိုက်စဥ်မှာပင် လူသားဧကရာဇ် စည်းတံဆိပ်သည် သူမဆီသို့ ဦးတည်လာခဲ့သည်။
"လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပထမဆုံး စည်းတံဆိပ်၊ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်"
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်က ချက်ချင်းဆိုသလိုပင် စန်းယွဲ့ သူတော်စင်နယ်မြေသခင် ဆီသို့ ရောက်ရှိလာခဲ့ပြီး စန်းယွဲ့ သူတော်စင်နယ်မြေသခင်ကို ရိုက်ချလိုက်သည်။
"ဝုန်း.."
လေထုက ပေါက်ကွဲသွားခဲ့ပြီး ကမ္ဘာကြီးပင် အရောင်များ ပြောင်းလဲသွားခဲ့သည်။
နေနှင့်လပင် ကျန်းချန်၏ ချေမှုန်းခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
ဤစည်းတံဆိပ်က စိတ်ကူးပင် မယဥ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းပြီး စန်းယွဲ့ သူတော်စင်နယ်မြေမှ နတ်သန္ဓေ အင်ပါယာများစွာပင် မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။
သူရိန်နယ်မြေမှ သူတော်စင်သားတော် ဖြစ်သည့် ယန်ယောင်ပင်လျှင် ဤအချိန်၌ ထိတ်လန့် တုန်လှုပ်နေခဲ့သည်။
ကျန်းချန်သာ ဤစည်းတံဆိပ်ကို အစောပိုင်းက သူ့အပေါ်တွင် အသုံးပြုခဲ့လျှင် သူ့အနေဖြင့် တစ်ချက်တည်းဖြင့် သေသွားနိုင်သည် မဟုတ်ပါလား။
"ဒီကောင်လေးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ကြောက်မက်ဖွယ်ကောင်းတဲ့ ကိုယ်ခံပညာရပ် ရှိနေရတာလဲ"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် ဤအချိန်တွင် အလွန်အမင်း အံ့ဩတုန်လှုပ်နေခဲ့သည်။
သူမရှေ့မှ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို သူမအနေဖြင့် မခုခံနိုင်ဟု ခံစားနေရ၏။
ထို့နောက်တွင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ခဏအကြာတွင် လေထုက တုန်ယင်သွားခဲ့ပြီး လက်သီးဆုပ်အရွယ်အစားရှိသည့် အဖြူရောင်အလင်းများ တောက်ပနေသော ပုလဲတစ်လုံးသည် ရုတ်တရက် လေထုထဲကနေ စန်းယွဲ့သူတော်စင်နယ်မြေသခင်၏ လက်ထဲသို့ ပျံသန်း၍ ရောက်ရှိလာခဲ့သည်။
စန်းဟိုင်မင်ယွဲ့ပုလဲ။
"စန်းယွဲ့ သူတော်စင်နယ်မြေသခင်က တကယ်ပဲ စန်းယွဲ့သူတော်စင် နယ်မြေရဲ့ ရတနာကို အသုံးပြုလိုက်ပြီ"
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် စန်းယွဲ့ သူတော်စင်နယ်မြေမှ ကျင့်ကြံသူများသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
သူတို့၏ စန်းယွဲ့ သူတော်စင်နယ်မြေသခင်ပင်လျှင် ကျန်းချန်၏ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်နှင့် ရင်ဆိုင်ရသည့် အခိုက်တွင် စန်းယွဲ့သူတော်စင်နယ်မြေ၏ ရတနာဖြစ်သော စန်းဟိုင်မင်ယွဲ့ပုလဲကို ထုတ်သုံးရန်သာ တတ်နိုင်ခဲ့သည် မဟုတ်ပါလော။
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က စန်းဟိုင်မင်ယွဲ့ ပုလဲကို သူမ၏ လက်ထဲတွင် ကိုင်ထားရင်း သူမ၏ စွမ်းအင်အားလုံးကို ထိုပုလဲထဲသို့ ထည့်သွင်းလိုက်သည်။
တစ်ခဏအတွင်းမှာပင် တောက်ပသော ပုလဲထံကနေ အဖြူရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို လရောင်ဖြင့် လင်းစေလိုက်သလို ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်းပင် လင်းထိန်သွားစေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဖြူရောင်အလင်းသည် လေထုထဲတွင် ပင်လယ်ထဲမှ တောက်ပသော လပုံသဏ္ဍာန်အဖြစ် စုစည်းသွားခဲ့ပြီး သူမဆီသို့ ကျဆင်းလာသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသောပေါက်ကွဲသံသည် ပတ်ဝန်းကျင်တစ်ခွင်လုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။
စန်းဟိုင်မင်ယွဲ့ပုလဲသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ကောင်းစွာခုခံနိုင်ခဲ့သည်။
"ဟမ့်.. သာမန် ဧကရာဇ်အဆင့် ရတနာလေးတစ်ခုနဲ့ ငါ့ကို တားချင်နေသေးတယ်.. တိမ်တိုက်ဝါးမျိုနည်းစနစ်"
ကျန်းချန်က စန်းယွဲ့သူတော်စင်နယ်မြေသခင် အရှေ့ရှိ စန်းဟိုင်မင်ယွဲ့ပုလဲကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးထဲတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် တစ်ဖန် ပြန်လည်စုစည်းသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် အနက်ရောင် လေးထောင့်တုံးစည်းတံဆိပ်ဖြင့် စန်းဟိုင်မင်ယွဲ့ ပုလဲကို ထပ်မံ ဖိနှိပ်လိုက်သည်။
အခန်း(၁၃၁၉)ပြီး၏။
အခန်း(၁၃၂၀)
"ဝုန်း.."
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ကောင်းကင်ပြင်ပမှ ဧရာမ ဥက္ကာခဲကဲ့သို့ပင် စန်းဟိုင်မင်ယွဲ့ ပုလဲပေါ်သို့ ကြောက်မက်ဖွယ် ကျဆင်းလာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ စန်းဟိုင်မင်ယွဲ့ ပုလဲသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအားကို တောင့်မခံနိုင်တော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် စန်းဟိုင်မင်ယွဲ့ ပုလဲပေါ်ရှိ တောက်ပနေသည့် လရောင် အလင်းများကို အနက်ရောင်လေးထောင်တုံး စည်းတံဆိပ်က ဝါးမျိုပစ်လိုက်သည်။
အဆုံးသတ်တွင် စန်းဟိုင်မင်ယွဲ့ ပုလဲသည် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်အောက်တွင် ဘာမှ မကျန်ရှိတော့ပေ။
စန်းဟိုင်မင်ယွဲ့ပုလဲ ပျက်စီးသွားသည်နှင့် အတူ နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် စန်းယွဲ့ သူတော်စင် နယ်မြေသခင်သည် ဆယ်ပေခန့်အထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။
သူတို့ရှေ့ရှိ အံ့သြထိတ်လန့်ဖွယ်ရာ ကောင်းသော မြင်ကွင်းကို မြင်တွေ့လိုက်ရလျှင် ရင်ပြင် တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
လူတိုင်းက ကျန်းချန်ကို တစ္ဆေတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
သူတို့ စန်းယွဲ့ သူတော်စင်နယ်မြေ၏ အရှင်သခင်ပင် ထိုကောင်လေးကို ရှုံးနိမ့်ခဲ့ပါသလော။
သိထားရမည်မှာ သူတို့ စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် နတ်သန္ဓေ အင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် (၅၇)နေရာတွင် ရှိသည့် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
လျှို့ဝှက်နယ်မြေရှစ်ခု၏ ဘိုးဘေးကြီးများမှလွဲလျှင် သူမ၏ ခွန်အားသည် အသန်မာဆုံး ကျင့်ကြံသူများထဲတွင် ပါဝင်သည်။
သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သော စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် စန်းဟိုင်မင်ယွဲ့ ပုလဲကို အသုံးပြုလိုက်သည့်တိုင် ကျန်းချန်ကို ရှုံးနိမ့်လိမ့်မည်ဟု စန်းယွဲ့ သူတော်စင်နယ်မြေမှ လူများ လုံးဝ မထင်ထားခဲ့ပေ။
သူတို့ရှေ့မှ ကောင်လေးသည် အဘယ်ကြောင့် ဤမျှအထိ နတ်ဆိုးဆန်နေရပါသနည်း။
"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော အသက်စွမ်းအင်များကို ဖိနှိပ်လိုက်သည်။
အဆုံးသတ်တွင် သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် အလယ်အလတ် ဓားနယ်မြေကို နားလည်ထားပြီး သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကိုပင် လက်သီးဖြင့် ဖြိုခွင်းခဲ့သည်။
ထို့အပြင် အချိန်၏ ဥပဒေသများ ပါဝင်သည့် ဓားပညာရပ်ဖြင့် သူရိန်နယ်မြေမှ သူတော်စင် သားတော်ကိုပင် ရှုံးနိမ့်စေခဲ့သည်။
ယခုတစ်ခေါက်တွင်လည်း လျှို့ဝှက်ဆန်းကြယ်လွန်းသည့် အနက်ရောင် စည်းတံဆိပ် တစ်ခုကို ထုတ်သုံးကာ သူမကို ရှုံးနိမ့်စေခဲ့ပြန်သည်။
"ဒီကောင်လေးက တကယ်ကို တုနှိုင်းမဲ့ ပါရမီရှင်ပဲ"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်သည် သူမ၏ ဘဝ တစ်လျှောက်လုံးတွင် ဤကဲ့သို့ ပါရမီ ထူးချွန်လွန်းသည့် သူကို တစ်ခါမှမမြင်ဖူးပေ။
သူမ၏ အမြင်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်သည် ကျန်းချန်နှင့် လုံးဝ နှိုင်းယှဥ်၍ မရပေ။
"စန်းယွဲ့ သူတော်စင်နယ်မြေသခင် ဆက်တိုက်ဦးမှာလား"
ကျန်းချန်က စန်းဟိုင်မင်ယွဲ့ ပုလဲကို ဖျက်ဆီးပြီးနောက်တွင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်ကို အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။
သူ၏ မောက်မာသောအသံသည် စန်းယွဲ့ သူတော်စင်နယ်မြေအထက်ရှိ ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။
"ကျန်းချန်.. ငါတို့ စန်းယွဲ့သူတော်စင်နယ်မြေက ရှန်းဝူတိုက်ကြီးမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့အင်အားစုပဲ.. ဘယ်သူမှ ဒီနေ့လို ငါတို့ကို အရှက်ရအောင် မလုပ်ဖူးခဲ့ဘူး.. သူတို့နှစ်ယောက်ကို ခေါ်သွားခွင့်ပြုလိုက်ရင် ငါတို့ စန်းယွဲ့သူတော်စင်နယ်မြေက အားလုံးရဲ့အမြင်မှာ ရယ်စရာ မဖြစ်သွားဘူးလား.. ဒါဆိုရင် အနာဂတ်မှာ ငါတို့အနေနဲ့ ကျုံးကျိုးကုန်းမြေမှာ ဘယ်လိုလုပ်ပြီး ရပ်တည်နိုင်တော့မှာလဲ.. မင်းက ဘယ်လောက်ပဲ ပါရမီထူးချွန်ပါစေ၊ ဘယ်လောက်ပဲ သန်မာပါစေ၊ စန်းယွဲ့ သူတော်စင်နယ်မြေနဲ့ ရန်သူဖြစ်ရဲရင် စန်းယွဲ့ သူတော်စင်နယ်မြေက မင်းကို ယဥ်ကျေးနေမှာ မဟုတ်ဘူး"
ဤအချိန်တွင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ မျက်လုံးများသည် အေးခဲသွားခဲ့သည်။
လူတိုင်း၏ အကြည့်အောက်မှာပင် သူမသည် လခြမ်းပုံသဏ္ဍာန် အဖြူရောင် ကျောက်စိမ်း တစ်ခုကို ထုတ်ယူကာ ရုတ်တရက် ခြေမွလိုက်သည်။
အဖြူရောင်ကျောက်စိမ်း ကွဲကြေသွားသည်နှင့် တစ်ပြိုက်နက် ခမ်းနားသော အရှိန်အဝါတစ်ခုသည် တုနှိုင်းမဲ့ဖိအားဖြင့် စန်းယွဲ့ သူတော်စင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် စန်းယွဲ့ သူတော်စင်နယ်မြေမှ နတ်သန္ဓေ အင်ပါယာ နယ်ပယ်အဆင့် အကြီးအကဲများစွာအပါအဝင် ကျင့်ကြံသူအားလုံး၏ မျက်နှာထက်တွင် လေးစားကြည်ညိုသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
"ကျန်းချန်.. ဒါက စန်းယွဲ့ သူတော်စင်နယ်မြေက အထွတ်အထိပ် အကြီးအကဲရဲ့ အရှိန်အဝါပဲ"
ယွဲ့ချန်ယင်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လေထုကို စူးစိုက်ကြည့်နေရင်း ပြောလိုက်သည်။
သူမ၏ မျက်နှာက ချက်ချင်းပင် အလွန်တရာ ဖြူဖျော့သွားခဲ့၏။
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က ယနေ့ ကိစ္စအတွက် တံခါးပိတ်၍ ကျင့်ကြံနေသော အထွတ်အထိပ် အကြီးအကဲကို ဆင့်ခေါ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ထိုအချိန်တွင် ကျန်းချန်သည် စန်းယွဲ့ သူတော်စင်နယ်မြေ အထက်ရှိ ကောင်းကင်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏မျက်လုံးတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
လေထုထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်အဝါသည် စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ အရှိန်အဝါကိုပင် ကျော်လွန်နေပြီး နတ်သန္ဓေ အင်ပါယာနယ်ပယ် နဝမအဆင့်ကိုပင် ရောက်ရှိနေပြီဟု ထင်ရသည်။
ယွဲ့ချန်ယင်က သတိမပေးလျှင်ပင် ကျန်းချန်သည် စန်းယွဲ့သူတော်စင်နယ်မြေသခင် ဆင့်ခေါ်ခဲ့သော ပုဂ္ဂိုလ်က စန်းယွဲ့ သူတော်စင်နယ်မြေမှ အထွတ်အထိပ် အကြီးအကဲ ဖြစ်နိုင်သည်ဟု ခန့်မှန်းနိုင်ခဲ့သည်။
ထို့အပြင် ထိုအကြီးအကဲသည် ရှန်းဝူတိုက်၏ ထိပ်ဆုံးတွင်ရပ်တည်နေသူ ဖြစ်သည်မှာ သေချာသလောက်ပင်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာပင် လေထုထဲရှိ ကျယ်ပြန့်သော အရှိန်အဝါက ပိုမို၍ အားကောင်းလာခဲ့သည်။
အဆုံးသတ်တွင် စန်းယွဲ့ သူတော်စင်နယ်မြေ၌ လျှို့ဝှက်ဆန်းကြယ်သောလဝန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး စန်းယွဲ့ သူတော်စင်နယ်မြေ တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
ထိုလဝန်းက အလွန်ပင် မှော်ဆန်လွန်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
မကြာခင်မှာပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ထိုမှော်ဆန်သော လဝန်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ စင်ကြယ်သော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံဖြူအမျိုးသမီးတစ်ယောက် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
သူမက အသက် သိပ်မကြီးသေးပုံရပြီး မျက်နှာထက်တွင်အရေးအကြောင်းလည်း လုံးဝမရှိပေ။
ထို့အပြင် အလွန်တရာကောင်းမွန်သည့် ဖြူဖွေးသောဆံနွယ်ရှည်များကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ဤသည်က စန်းယွဲ့ သူတော်စင်နယ်မြေ၏ အထွတ်အထိပ်အကြီးအကဲ သို့မဟုတ် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော မွန်းစတားတစ်ယောက် ဆိုသည်ကို ယုံနိုင်ဖို့ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
"အထွတ်အထိပ်အကြီးအကဲကို ဂါဝရပြုပါတယ်"
ဆံဖြူအမျိုးသမီး ထွက်ပေါ်လာသည်နှင့်အမျှ စန်းယွဲ့ သူတော်စင်နယ်မြေမှ တပည့် အားလုံးသည် ဤအချိန်တွင် ဒူးထောက်၍ ဂါဝရပြုလိုက်ကြသည်။
နတ်သန္ဓေအင်ပါယာအဆင့် အကြီးအကဲ များစွာပင်လျှင် အလွန်အမင်း လေးစားကြည်ညိုသော အမူအရာဖြင့် ဆံဖြူအမျိုးသမီးကို ခါးကိုင်း၍ ဦးညွှတ်လိုက်ကြ၏။
"သူရိန်နယ်မြေက သူတော်စင်သားတော် ယန်ယောင် အထွတ်အထိပ် အကြီးအကဲကို ဒီနေ့ မြင်တွေ့ခွင့်ရခဲ့ပြီ"
ယန်ယောင်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဆံဖြူအမျိုးသမီးကို ဦးညွှတ် ဂါဝရပြုလိုက်သည်။
ဤဆံဖြူအမျိုးသမီးသည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၂၉)နေရာတွင် ရှိသည့် အလွန် အားကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ဤကဲ့သို့ အင်အားကောင်းသော ပုဂ္ဂိုလ်သည် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသောသူ ဖြစ်ပြီး ဘီလီယံပေါင်း များစွာသော ကျင့်ကြံသူများ၏ အထက်မှ ပုဂ္ဂိုလ်ဆိုလည်းမမှားပေ။
လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင် နယ်မြေသခင်များပင် သူမရှေ့တွင် ခေါင်းငုံ့ရလိမ့်မည် ဖြစ်၏။
"အရေးကြီးတဲ့ကိစ္စ မဟုတ်ရင် ငါတံခါးပိတ် ကျင့်ကြံနေတာကို မနှောင့်ယှက်နဲ့လို့ မှာခဲ့တယ် မဟုတ်လား.. ဘာအတွက်နဲ့ ငါ့ကို ဆင့်ခေါ်လိုက်တာလဲ"
ဆံဖြူအမျိုးသမီးက ချက်ချင်းပင် စန်းယွဲ့ သူတော်စင်နယ်မြေသခင် ဘက်သို့ လှည့်ကာ မေးခွန်းထုတ်လိုက်သည်။
"အထွတ်အထိပ် အကြီးအကဲ.. ဒီကောင်လေးက ကျွန်မတို့ စန်းယွဲ့ သူတော်စင်နယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ကျွန်မတို့ရဲ့ လူတွေကို တိုက်ခိုက်ခဲ့တယ်.. ဒါ့အပြင် ကျွန်မတို့ စန်းယွဲ့ သူတော်စင်နယ်မြေက တပည့်ကိုလည်း ခေါ်ထုတ်ဖို့ ရည်ရွယ်နေခဲ့တယ်.. ဒီကောင်လေးကို တားဆီးပေးဖို့ အကြီးအကဲကို တောင်းဆိုပါတယ်"
စန်းယွဲ့ သူတော်စင်နယ်မြေသခင်က ကျန်းချန်ကို လက်ညှိုးထိုးပြကာ တလေးတစား ပြောလိုက်သည်။
ဆံဖြူအမျိုးသမီးက ကျန်းချန်ကို ကြည့်လိုက်ပြီးနောက်တွင် စိတ်မပါ့တပါ အမူအရာဖြင့် ပြန်ပြောလိုက်၏။
"နင်ပြောတာ ဒီကောင်လေးလား.. နင်က စန်းယွဲ့သူတော်စင်နယ်မြေသခင် ဖြစ်ပြီး ဒီလို အသေးအဖွဲကိစ္စလေးကိုတောင် မဖြေရှင်းနိုင်တော့ဘူးလား"
"အထွတ်အထိပ် အကြီးအကဲ.. ဒီကောင်လေးက သာမန် ကောင်လေးတစ်ယောက် မဟုတ်ဘူး"
စန်းယွဲ့သူတော်စင်နယ်မြေသခင်က ခါးသီးစွာ ပြုံးလိုက်သည်။
ထို့နောက်တွင် သူမက ကျန်းချန်နှင့် ပတ်သက်သည့် အကြောင်းများကို ဆံဖြူအမျိုးသမီးအား ချက်ချင်းပင် ရှင်းပြလိုက်၏။
စန်းယွဲ့ သူတော်စင်နယ်မြေသခင်ထံမှ ကျန်းချန်၏ အကြောင်းကိုကြားလျှင် ဆံဖြူအမျိုးသမီး၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
"ငါ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတဲ့အချိန်မှာ မင်းလို ပြိုင်ဘက်ကင်းတဲ့ သူတစ်ယောက် ရှန်းဝူတိုက်ကြီးမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး.. မင်းက တကယ်ကို အံ့သြစရာကောင်းတဲ့ ကောင်လေးပဲ"
ဆံဖြူအမျိုးသမီးက ကျန်းချန်ကိုကြည့်ကာ ချီးမွမ်းစကားပြောလိုက်သည်။
"အဲဒီလောက်လည်း မဟုတ်ပါဘူး.. အကြီးအကဲ ချီးမွမ်းလွန်းနေပါပြီ"
ကျန်းချန်က သိမ်မွေ့စွာပြုံး၍ ပြန်ဖြေလိုက်၏။
"ကောင်လေး.. မင်းရဲ့ နတ်ဆိုးဆန်တဲ့ပါရမီနဲ့ ဆိုရင် နောက်ထပ် နှစ်(၁၀၀)လောက် လေ့ကျင့်လိုက်တာနဲ့ ဒီရှန်းဝူတိုက်ကြီးမှာ မင်းကို ဘယ်သူမှ ယှဥ်နိုင်တော့မှာ မဟုတ်ဘူး ဒါပေမဲ့ အခုအချိန်မှာတော့ မင်းက ငါ့ရဲ့ စန်းယွဲ့ သူတော်စင်နယ်မြေကို စော်ကားရိုင်းပြဖို့ အရည်အချင်း မပြည့်မီသေးဘူး"
ထို့နောက်တွင် ဆံဖြူ အမျိုးသမီးသည် ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"မင်းဘာသာ လိမ်လိမ်မာမာ အဖမ်းခံမလား ဒါမှမဟုတ် ငါကိုယ်တိုင် လှုပ်ရှားရမလား"
အခန်း(၁၃၂၀)ပြီး၏။