← Chapters

နတ်ဆေးဆရာ၏လိုအပ်ချက်

Vol. 7 Ch. 101

နတ်ဆေးဆရာ၏လိုအပ်ချက်

Vol. 7 Ch. 101

နတ်ဆေးဆရာသာ လူမျိုးစုထဲက တစ်ယောက်ယောက်ကို ထိုမေးခွန်းမေးလိုက်မည် ဆိုပါက ထိုသူသည် အံ့သြလွန်း၍ ကြက်သီးမွေးညှင်းထသွားနိုင်လောက်သည်။ နတ်ဆေးဆရာရှေ့တွင် ထိုင်နေသူက ရှောက်ရွှမ်ပင်ဖြစ်ပေသည်။

ရှောက်ရွှမ်တစ်ယောက် သူ့တောင်းဆိုချက်ကို ငြင်းမည်ဆိုတာ နတ်ဆေးဆရာကကြိုတင်တွက်ဆပြီးသားဖြစ်သည်။ခိုင်မာပြတ်သားစွာ ငြင်းဆိုမည်ဟုတော့မှန်းမထားပေ။

နတ်ဆေးဆရာမှ သူ့ပညာအမွေကို ဆက်ခံမည့်သူ ကို အပူတပြင်းလိုက်ရှာပုံကို ပြောရမည်ဆိုလျှင်တော့ အရှည်ကြီးပင်။

လူမျိုးစုတစ်ခုလုံး၏ လမ်းပြတန်ဆောင် တစ်ယောက်အနေနှင့် သူ့ပညာအမွေကိုဆက်ခံမည့်သူကိုရှာဖွေရာတွင် ပေါ့ဆ၍ မရပေ။ ထိုအချက်များကြောင့် သူ့ယခင်မျိုးဆက်မှ နတ်ဆေးဆရာများသည် အချိန်အားနှင့် လူအားပါ များစွာစိုက်ထုတ်၍ ပညာအမွေဆက်ခံမည့်သူကို ရှာဖွေခဲ့ကြသည်။

အခြားအမဲလိုက် အဖွဲ့တစ်ခုမှ ခေါင်းဆောင် ကွေ့ဟယ်ကို သူငယ်စဥ်ဘဝကတည်းက နတ်ဆေးဆရာက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကွေ့ဟယ်ငယ်စဥ်ကပင် နတ်ဆေးဆရာက ပြုစုပျိုးထောင်ပေးခဲ့သည်။

ကွေ့ဟယ်ဆိုသောနာမည်သည် မင်္ဂလာတေးကဗျာ " ရေအားလုံးဟာ လျှိုဆီမှာ" ဆိုသောတေးကဗျာမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူ့နာမည်မှည့်ထားပုံကို ကြည့်ရုံဖြင့် နတ်ဆေးဆရာကြီးသည် ကွေ့ဟယ်ကို မည်မျှ အလေးထားကြောင်း သိနိုင်ပေသည်။

သို့ပေမဲ့ နတ်ဆေးဆရာသည် ထိုအချိန်က အသစ်တွေ့ရှိထားသော အပင်များကို လေ့လာနေသည်က ကွေ့ဟယ်အတွက်စိတ်ပျက်စရာပင်။ အပင်များကိုလေ့လာရန် လွန်စွာ စိတ်အားထက်သန်နေသဖြင့် ကွေ့ဟယ်ကို စောင့်ရှောက်ရန် မေ့လျော့နေခဲ့သည်။ အပင်များကို လေ့လာသည့် အလုပ် ပြီးဆုံးသွားသည့်နောက် ၊ ကွေ့ဟယ်ကို ပျိုးထောင်ရန်သတိရချိန်တွင်တော့ ကွေ့ဟယ်သည် အားကောင်းမောင်းသန် စစ်သည်တစ်ဦးဖြစ်ရန် ရည်ရွယ်ချက်ခိုင်မာသွားပြီဖြစ်သည်။ ကွေ့ဟယ်သည် အဆုံးစွန်သော အတွင်းအားကို ပိုင်ဆိုင်ရန် ဆန္ဒအလွန် ပြင်းပျနေလေပြီ။

ကွေ့ဟယ်သည် နတ်ဆေးဆရာကို အလွန်ကြည်ညိုလေးစား၏။ နတ်ဆေးဆရာအကြောင်း မကောင်းပြောသူတွေ့လျှင် သူသေကိုယ်သေ တိုက်ရန်တွန့်ဆုတ်နေမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကွေ့ဟယ်သည် စစ်သည်တစ်ဦးဖြစ်ရန်ရည်ရွယ်ချက်ကိုတော့ ပြင်ဆင်မည် မဟုတ်တော့ပေ။

နတ်ဆေးဆရာကလည်း ကွေ့ဟယ်၏ ဆုံးဖြတ်ချက်ကို စိတ်မဆိုးခဲ့ပေ။ ကွေ့ဟယ်နှင့်

ပတ်သက်ပြီး တစ်မျိုးတစ်ဖုံပြောင်းလဲစဥ်းစားပေးခဲ့သည်။

ကွေ့ဟယ်တို့လူမျိုးစု၏ အဓိက ရည်ရွယ်ချက်မှာ ခွန်အားကြီးမားသော စစ်သည်တော်များဖြစ်လာရန်ဖြစ်သည်။ ကာယဗလနှင့်ပြည့်စုံရန် အပြင်းအထန်ကြိုးစားကြသည်။ စစ်သည်တော် ဖြစ်ရန်လမ်းကြောင်းပေါ်မှ လူတစ်ယောက်ကို လမ်းကြောင်းပြောင်းပေးရုံနှင့် အစွမ်းထက်သော နတ်ဆေးဆရာတစ်ယောက်ဖြစ်လာမည် မဟုတ်ပေ။ နတ်ဆေးဆရာ၏ ပညာ အမွေကို ဆက်ခံမည့်သူသည် ၄င်းကိုယ်တိုင်က စိတ်အားထက်သန်သူ ဖြစ်ရန် လိုအပ်သည်။

ကွေ့ဟယ်ကို ပညာအမွေပေးရန် မဖြစ်နိုင်သည့်နောက် ပညာအမွေဆက်ခံမည့်သူကို လူမျိုးစုထဲမှ ထပ်မံရှာဖွေရပေမည်။

သို့သော် လူမျိုးစုထဲမှ အားလုံးလိုလိုက စစ်သည်တော်လုပ်ချင်သူသာများနေသဖြင့် နတ်ဆေးဆရာဖြစ်ရန် စိတ်အားထက်သန်သူပေါ်လာချိန်ကိုသာ စောင့်ဆိုင်းရွေးချယ်ရုံသာရှိတော့သည်။ စိတ်အားထက်သန်သူ မပေါ်လာပါက မည်သူ့ကို နတ်ဆေးဆရာ အလောင်းလျာအဖြစ် ရွေးရတော့မည်နည်း။

နတ်ဆေးဆရာတစ်ယောက်အနေနှင့် ခေါင်းဆောင်အရည်အသွေးရှိမရှိက အရေးမကြီးပေ။ ရွေးချယ်ခံရသူသည် အရည်အသွေးပြည့်ဝမည်ဆိုပါက နတ်ဆေးဆရာတစ်ယောက်ဆီမှ ပညာအမွေအနှစ်များကို အလိုအလျောက်ဆက်ခံပြီးသားဖြစ်သွားပေမည်။

နတ်ဆေးဆရာ တစ်ယောက်ဖြစ်သွားပြီး နောက်တွင်တော့ ခေါင်းဆောင်မှု အရည်အသွေးရှိမရှိက အရေးမပါတော့ပေ။ နတ်ဆေးဆရာတစ်ဦးသည် သူ့လူမျိုးစုမှ ထွက်ခွာရိုးထုံးစံမရှိပေ။

လူမျိုးစု၏နတ်ဆေးဆရာသည် လုံခြုံစိတ်ချရသောနေရာတွင်သာ နေရသည်။ နတ်ဆေးဆရာ၏ အသက်ဘေးအန္တရာယ် အတွက် မည်သူကမှ အာမခံချက်မပေးနိုင်။ ထို့ကြောင့် ပညာအမွေဆက်ခံပြီးသော နတ်ဆေးဆရာသည် လူမျိုးစုပိုင်နယ်မြေ အပြင်ဘက်သို့ ထွက်ခွာခြင်း မပြုပေ။ လူမျိုးစုကလည်း နတ်ဆေးဆရာကို အန္တရာယ်ရှိသောနေရာသို့ သွားလာခွင့်မပြုပေ။

ခေါင်းဆောင်တစ်ဦးကွယ်လွန်သွားပါကလူမျိုးစုထဲမှ ခွန်အားအကြီးမားဆုံးလူကို ခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်ကြသည်။ ခေါင်းဆောင်တင်မြှောက်ရေးကိစ္စသည် နတ်ဆေးဆရာနှင့် မသက်ဆိုင်ပါ။ နတ်ဆေးဆရာအလောင်းလျာများကို ငယ်စဥ်ကလေးဘဝကတည်းက ဆရာများက ပြုစုပျိုးထောင်ပေးခဲ့ကြသည်။ ပညာအမွေဆက်ခံမည့်သူကို ရွေးချယ်ပြီးပါက နတ်ဆေးဆရာသည် သူ့တပည့်ကို အနားတွင်ခေါ်ထားပြီး သင်ခန်းစာများ၊ဥပမာများဖြင့်သင်ကြားပြသပေးသည်။

နတ်ဆေးဆရာအလောင်းလျာတစ်ဦးဖြစ်ရန် လိုအပ်ချက်များကိုတော့ မည်သူမှ မပြောနိုင်ပေ။ နတ်ဆေးဆရာ အလောင်းလျာရွေးချယ်ရန်မှာ လက်ရှိနတ်ဆေးဆရာ၏သဘောသာဖြစ်သည်။

အမျိုးသားနတ်ဆေးဆရာ၊ အမျိုးသမီး နတ်ဆေးဆရာ ၊ လူမျိုးစုခေါင်းဆောင်စစ်သည်တော်နတ်ဆေးဆရာ၊ လူမျိုးစုခေါင်းဆောင် မဟုတ်သော စစ်သည််တော်နတ်ဆေးဆရာ မျိုးစုံရှိခဲ့ဖူးသည်။ ထို့ကြောင့် ခေါင်းဆောင်မှု အရည်အသွေးက နတ်ဆေးဆရာ ဖြစ်ရန် အဆုံးအဖြတ်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ကွေ့ဟယ်မွေးဖွားပြီးနှစ် ၂၀ ကြာသည်အထိ၊ နတ်ဆေးဆရာသည် သင့်တော်သော ပညာအမွေဆက်ခံသူကို ရှာမတွေ့ခဲ့ပေ။ တောင်ပေါ်မှဆင်းပြီး သင့်တော်မည့်သူကို ရှာသော်လည်း သူစိတ်ကျေနပ်သည့် ကလေးမျိုးကိုရှာမတွေ့ခဲ့ပါချေ။

ဒီလိုနှင့် ကွေ့ဟယ်တစ်ယောက် သမီးလေးမွေးပြီးနောက် သူ့သမီးလေးကို အမည်ပေးကင်ပွန်းတပ်ရန် နတ်ဆေးဆရာဆီရောက်လာခဲ့သည်။ နတ်ဆေးဆရာသည် ကွေ့ဟယ်လက်ထဲမှ ကလေးငယ်ကို ကြည့်ရှူပြီးနောက် ပညာအမွေပေးရန် အားထုတ်ခဲ့သည်။ ကလေးငယ်ကို "ကွေ့ဇယ်" ဟု နာမည်ပေးခဲ့သည်။ အဆိုပါနာမည်သည်လည်း မင်္ဂလာတေးကဗျာမှ ဆင်းသက်လာခြင်းဖြစ်သည်။

"မြေသားမှန်သမျှ၊ရဲတိုက်ဆီကိုပြန်ရမှာ၊

ရေအားလုံးဟာလျှိုဆီမှာ၊

ပိုးမွှားတို့ကအလုပ်မလုပ်ပါ

သဘာဝရဲ့မင်္ဂလာ"

ကွေ့ဇယ်ကို ကလေးဘဝကတည်းက နတ်ဆေးဆရာ အလောင်းလျာ အဖြစ် ပြုစုပျိုးထောင်ခဲ့သည်။

တောင်ပေါ်မှ လူနည်းစုသာ ထိုအဖြစ်ကို သိခွင့်ရသည်။

သို့သော် နတ်ဆေးဆရာသည် ရှောက်ရွှမ်နှင့်တွေ့ဆုံမည် ဟု မျှော်လင့်မထားပေ။

သူနိုးထလာပြီးနောက်၊ ရှောက်ရွှမ်သည် အခြားသူများနှင့် မတူခဲ့ပေ။ ရှောက်ရွှမ်ကို တွေ့ရှိပြီးချိန်မှစ၍ နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို တခြားသူများထက် ပိုမိုအလေးပေးခဲ့သည်။ ရှောက်ရွှမ်၏ လှုပ်ရှားမှုများ၊ လုပ်ရပ်များကို တွေ့ပြီးနောက် နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို ပိုမိုအထင်ကြီးခဲ့သည်။

ရှောက်ရွှမ်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အခြားသူများထက်တတ်မြောက်မှု မြန်ဆန်စေသည်ဟု ပြောမည်ဆိုလျှင် ရှောက်ရွှမ်သည် အများတကာတို့ မမြင်နိုင်သည်ကိုမည်သို့မြင်နိုင်သည်ဆိုသည်ကိုဘယ်နည်းဘယ်ပုံရှင်းပြရမည်နည်း။

အဆင့်မြင့်ခေါင်းဆောင်ပိုင်း စစ်သူရဲကောင်းတစ်ဦးထက် အတွင်းအားပြန်လည် ပြည့်ဝမှုနှုန်းကပိုသာနေရသနည်း။

ထိုကဲ့သို့ အစွမ်းမျိုး ရှောက်ရွှမ်တစ်ယောက် ဘယ်လို ပိုင်ဆိုင်နေရသနည်း။

အခုတော့ သူ နတ်ဆေးဆရာတစ်ဦး၏အစွမ်းကိုသိရှိသွားပြီဖြစ်သည်။

အမှန်တော့ ထိုမေးခွန်းများအတွက် နတ်ဆေးဆရာထံတွင် အဖြေမရှိပါချေ။ ရှောက်ရွှမ်၏ စွမ်းအင်နိုးထလာသည့် နေ့မှစ၍ သူ့ကိုယ်ထဲတွင် ပြီးပြည့်စုံသော စွမ်းအားတစ်မျိုးရှိနေလေသည်။ လူမျိုးစုထဲက လူများတွင်ရှိသော စွမ်းအားသည် ပြည့်စုံမှုမရှိပေ။ ရှောက်ရွှမ်တွင်တော့ နတ်ဆေးဆရာတစ်ဦး၏ စွမ်းအင်မျိုးရှိနေသည်။ အခြားစစ်သည်များ မမြင်ရသော အရာများကို ရှောက်ရွှမ်ကမြင်နိုင်စွမ်းရှိနေလေသည်။

နတ်ဆေးဆရာတစ်ယောက်သည် အချိန်အခါသင့်ပြီဆိုပါက သူ၏ တပည့်ကို စွမ်းအင်များလွှဲပြောင်းပေးလေ့ရှိသည်။

သို့သော် ရှောက်ရွှမ်ကမူ နတ်ဆေးဆရာက လွှဲပြောင်းပေးခြင်း မပြုလုပ်သော်လည်း သူ့အလိုလို စွမ်းအင်များကို ပိုင်ဆိုင်နေသည်။

ရှောက်ရွှမ်သည် နတ်ဆေးဆရာဟောင်းတစ်ဦးဦးမှ ပေါက်ဖွားလာသော သားငယ်ဖြစ်နေသည်လား။ သို့သော် နတ်ဆေးဆရာတစ်ဦးအနေနဲ့ သူ့ပညာဆက်ခံသူကို အိတ်သွန်ဖာမှောက် လေ့ကျင့်သင်ကြားပေးလေ့ရှိသဖြင့် ထိုကောက်ချက်မှာလည်း သိပ်တော့မဖြစ်နိုင်။ နတ်ဆေးဆရာတို့မည်သည် တစ်ကိုယ်ကောင်းဆန်လေ့မရှိ။

လူမျိုးစုအပေါ်တွင် သေတပန်သက်တဆုံး သစ္စာစောင့်ထိန်းကြသည်။

၄င်းတို့ လူမျိုးစု၏ မိသားစုသစ်ပင်များပေါ်မှ တိရစ္ဆာန်သားရေမှတ်တမ်းများကို ပြန်လည်ကြည့်လိုက်သောအခါ အားရွှမ်၏ ဘိုးဘေးတို့မှာ သာမန် စစ်သည်တော်များသာ ဖြစ်ကြောင်း သိလိုက်ရသည်။

အခုအချိန်ထိတော့ ထိုမေးခွန်းများအတွက် နတ်ဆေးဆရာတွင်အဖြေမရှိပေ။ ထိုမေးခွန်းများအတွက်သူခေါင်းရှုပ်မခံနိုင်သေးချေ။

နတ်ဆေးဆရာက ရှောက်ရွှမ် ကို သူ့နေရာဆက်ခံရန် ပြောသော်လည်း ရှောက်ရွှမ်က ပြတ်သားစွာ ငြင်းဆိုထားသည်။ နတ်ဆေးဆရာက မေးတောင့်မေးခဲရှောက်ရွှမ်ကိုမေးလိုက်သည်။

"မင်းသေချာပြီလား"

ရှောက်ရွှမ်က ဘာတစ်ခွန်းမှမပြောဘဲ နတ်ဆေးဆရာကိုသာ ကြည့်နေသည်။ သူသည်လူမျိုးစုထဲမှလူများနှင့်မတူ သဘောထား၊ အတွေးအေခါ်၊ ပြဿနာများကို ရင်ဆိုင်ပုံတို့တွင် သူများနှင့်မတူပေ။ သူ့လို အစစအရာရာ ကွဲပြားနေသူက မည်ကဲ့သို့ လမ်းပြတန်ဆောင်တစ်ဦးဖြစ်လာနိုင်မည်နည်း။ သို့သော် ထိုအကြောင်းပြချက်များကိုတော့ နတ်ဆေးဆရာတစ်ယောက် မည်သူ့ကိုမျှမပြောဖြစ်ပေ။

နတ်ဆေးဆရာသည် သက်ပြင်းချရင်း "ကောင်းပြီလေ" ဟုဆိုကာ နောက်မေးခွန်းတစ်ခုကိုမေးလေသည်။

"သားရေပေါ်ကစာတွေမင်းအကုန်ဖတ်ပြီးပြီလား"

"ဟုတ်၊ဖတ်ပြီးပါပြီခင်ဗျာ"

"နားကောလည်လား"

"ဟုတ်ကဲ့၊နားလည်ပါတယ်"

"ဒါဆို နတ်ဆေးပညာကျမ်းတွေကို မင်းထပ်ဖတ်ချင်သေးလား" နတ်ဆေးဆရာကမေးသည်။

"ဟုတ်ကဲ့ဖတ်ချင်ပါတယ်"

နတ်ဆေးပညာကျမ်းစာအုပ်တွင် ရှောက်ရွှမ်ကို အံ့သြမင်သက် သွားစေမည့် အချက်များစွာပါဝင်နေသည်။

ရှေးပညာကျမ်းစာအုပ်များတွင် လျှို့ဝှက်ချက်များစွာတို့ ပါဝင်နေနိုင်သည်ဟု ရှောက်ရွှမ်ယူဆသည်။

လူမျိုးစုအကြောင်းကို ယခုထက်ပိုသိရှိခြင်ပါက ရှောက်ရွှမ်အနေဖြင့် နတ်ဆေးဆရာကိုဆည်းကပ်ရန်သာရှိသည်။

နတ်ဆေးပညာကျမ်းများမှာအလွန်တန်ဖိုးရှိသောသမိုင်းဝင် စာအုပ်များဖြစ်သည်။

နတ်ဆေးဆရာက " ဒါဆိုလည်း နောက်ကျမ်းစာအုပ်တွေ ငါထပ်ယူပေးလာပါ့မယ်ကွာ" ဟု ဖြည်းဖြည်းလေးလေး ပြောလိုက်လေတော့သည်။

ရှောက်ရွှမ်ကမူ ထိုကျမ်းစာအုပ်အကြောင်းကို တစ်ခွန်းမျှ မပြောပေ။ နတ်ဆေးဆရာဘက်မှ စပြောလာမည့် အချိန်ကို သာ စောင့်နေခဲ့သည်။

နတ်ဆေးဆရာက ခေါင်းမော့လိုက်ပြီး ဆေးပင်မျိုးစုံတင်ထားသော ကျောက်စားပွဲကြီးကို တစ်ချက်ကြည့်လိုက်ကာ ဆက်ပြောလာသည်။

"မင်း ကွေ့ဇယ်ကိုတော့ လိုတဲ့ အကူအညီဆက်ပေးလိုက်ပါ"

" ဟုတ်ကဲ့ စိတ်ချပါ"

ရှောက်ရွှမ်ကလည်း နဂိုကတည်းက ကွေ့ဇယ်ကို သူသိထားသမျှ လက်ဆင့်ကမ်းရန် စိတ်ကူးပြီးသား ဖြစ်သည်။ အများအကျိုးဆောင် ကိုယ်အကျိုးအောင်မဟုတ်ပါလား။ ကွေ့ဇယ်က အမဲလိုက်ခရီးအတွက် လိုအပ်သော ဆေးပင်များကို

ပြင်ဆင်လျက်ရှိသည်။ ရှောက်ရွှမ်ကလည်း ကွေ့ဇယ်၏ အစွမ်းကို မြှင့်တင်ပေးရန် အဆင်သင့်ပင်။

နတ်ဆေးဆရာလည်း ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်သွားသည်။ နတ်ဆေးဆရာသည်အရွယ်အိုမင်းလာပြီဖြစ်ပြီး၊ သူ့ဘဝတလျှောက် တာဝန်မြောက်များစွာတို့ကို ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ သူသည် ကွေ့ဇယ်ကို ပညာ သင်ကြားပေးချင်သော်လည်း စိတ်သွားတိုင်း ကိုယ်မပါတော့ပေ။ ကွေ့ဇယ်ကို ဘက်ပေါင်းစုံမှ စောင့်ရှောက်ရန် သူမတတ်နိုင်။ နွယ်မြက်သစ်ပင် ပေါင်းစုံ အသုံးချနည်းအပြည့်အစုံကို ကွေ့ဇယ်ကို လက်ဆင့်ကမ်းရန် မဖြစ်နိုင်တော့ပေ။ အမှန်တကယ်တော့ ကွေ့ဇယ်လက်ရှိသုံးနေသော ပညာသည် အခြားသူများထံမှ ရယူထားခြင်းဖြစ်သည်။ ကွေ့ဇယ်အနေနှင့် လမ်းညွှန်ပြသမည့် ဆရာသာရှိလျှင် နှလုံးအပ်စိုက်နည်းပညာကို တဖက်ကမ်းခတ်ကျွမ်းကျင်သွားမည်ဖြစ်သည်။

နတ်ဆေးဆရာက ကွေ့ဇယ်တစ်ယောက် သူ့ဆီမှ ပညာများကိုဆက်ခံပြီးနောက်တွင် နတ်ဆေးပညာကျမ်းပါ အကြောင်းအရာများကို အလိုအလျောက် နားလည်သွားမည်ဟု ယူဆထားခဲ့သည်။ ထို့ကြောင့် နတ်ဆေးဆရာက စိတ်နေသဘောထားမှန်ကန်ရေး၊ လောကဓမ္မအမြင်တို့ကိုသာ အလေးပေး သင်ကြားခဲ့သည်။ ထို့အပြင် လူမျိုးစုတစ်ခုလုံးတိုးတက်ရေးကိုလည်း အလေးပေးဆောင်ရွက်ခဲ့သည်။ ထိုအရာများသည်သာ အရေးအကြီးဆုံးဟု သူယူဆခဲ့သည်။

ရှောက်ရွှမ်ပေါ်ထွက်လာခြင်းက နတ်ဆေးဆရာအလောင်းလျာမရှိခြင်း ပြဿနာကိုဖြေရှင်းနိုင်ခဲ့သည်။

နတ်ဆေးဆရာသည် စိတ်မကောင်းဖြစ်သော်လည်း ကောင်းသည့်ဘက်မှတွေးကာ လက်ရှိအခြေအနေကို ကျေနပ်သွားသည်။နတ်ဆေးဆရာသည် နတ်ဆေးပညာကျမ်းထဲတွင် ပါဝင်သော ဆေးပင်များအကြောင်း သင်ပြပြီးလျှင် ထွက်ခွာသွားရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

သူထွက်မသွားခင် နတ်ဆေးဆရာက ရှောက်ရွှမ်အား "မနက်ဖြန်က စပြီး မင်းငါ့အခန်းကိုလာခဲ့ပေတော့၊ တချို့ နတ်ဆေးပညာကျမ်းစာအုပ်တွေက အပြင်ကို သယ်လို့မရဘူး၊ နေ့ခင်းပိုင်းတွေမှာ သမားအိမ်တော်ကို မင်းလာနိုင်တယ်"

ရှောက်ရွှမ်က " ဟုတ်ကဲ့"ဟု ရိုးသားသော အဖြေတစ်ခုကိုသာ ပေးလိုက်သည်။

ရှောက်ရွှမ်အနေဖြင့် ကွေ့ဇယ်တစ်ယောက် သမားအိမ်တော်ကို ပြန်မလာတော့သည့်အတွက် အနည်းငယ်တော့ ပျင်းရိမိသည်။ ကျောက်စားပွဲပေါ်တွင် ဆေးနည်းအတိုင်း မစီရင်ရသေးသော ဆေးပင်ပေါင်းစုံကို တင်ထားလိုက်သည်။ သိပ်ခက်ခဲသည်တော့ မဟုတ်။ လိုအပ်သည်က ဆေးပင်များကို ဆေးနည်းအတိုင်းမစီရင်မီ ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ရုံပင်။ ကွေ့ဇယ်လုပ်ကိုင်နေပုံများကို သူမြင်တွေ့ဖူးပြီးသားဖြစ်သည်။ ထို့အပြင် နတ်ဆေးပညာကျမ်းထဲမှ ဆေးပင်စီရင်နည်းများကို လေ့လာပြီးသားဖြစ်သည်။ သူသတိထားလေ့လာရမည့်အချက်များကို သတိထား လေ့လာပြီးသားဖြစ်သည်။ ထို့ကြောင့် လက်တွေ့လုပ်သည့်အခါတွင် နှလုံးအပ်စိုက်နည်းပညာကို အသုံးပြုသည့်အတိုင်း ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်ပေသည်။

သမားအိမ်တော်မှ ထွက်ခွာလာပြီးနောက် ရှောက်ရွှမ်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ချာချာကတော့ ကောင်းကင်ထက်တွင် သူ့ဦးခေါင်းကို ခါယမ်းလျက်ပင်။

"အပြောကျယ်တဲ့ လောကအကြောင်းကို မင်းတကယ်ပဲသိချင်တာလား"

ရှောက်ရွှမ်တစ်ယောက် တိုးတိုးလေး ရေရွတ်မိလိုက်သည်။

"မြေသားမှန်သမျှရဲတိုက်ဆီကိုပြန်ရမှာ၊

ရေအားလုံးဟာလျှိုဆီမှာ၊

ပိုးမွှားတို့ကအလုပ်မလုပ်ပါ

သဘာဝရဲ့မင်္ဂလာ"...။

All Chapters