နတ်ဆေးပညာကျမ်းရေးဆွဲခြင်း
Vol. 7 Ch. 102
ရှောက်ရွှမ်တစ်ယောက် နောက်တစ်နေ့မနက်အစောပိုင်းတွင် နတ်ဆေးဆရာ၏ ကျောက်တုံးအိမ်တော်သို့ ရောက်ရှိလာသည်။
နတ်ဆေးဆရာက ရှောက်ရွှမ်ကို ရှားပါး တိရစ္ဆာန် ၁၀ မျိုးကိုနိုင်သည့် ဆေးဝါးထုတ်လုပ်နည်းကို ဖော်ပြထားသော သားရေချပ်ကိုပေးလိုက်သည်။
ရှောက်ရွှမ်ထင်သည်မှာ နတ်ဆေးဆရာ အနေဖြင့် သူ့ကို ရုက္ခဗေဒဆိုင်ရာ ကျမ်းတချို့နှင့်သာ စမိတ်ဆက်ပေးမည်ဟုဖြစ်သည်။ သို့သော် သူထိုကျမ်းစာအုပ်ကို ဖတ်ပြီးချိန်တွင် နတ်ဆေးဆရာက သူ့ကိုမေးသည်။
" မင်းအဲဒီကျမ်းကို သေချာဖတ်ပြီးပြီလား"
ရှောက်ရွှမ်က " ဟုတ်.. အဲဒီအကောင်တွေနဲ့ရင်ဆိုင်ရရင် ဘယ်အပင်တွေကို သုံးရမလဲ ကျွန်တော် ကောင်းကောင်းသိသွားပါပြီ" ဟုဖြေလိုက်သည်။
"အင်း..." နတ်ဆေးဆရာ၏ အဖြေက ထိုမျှသာ။ ထို့နောက် တံခါးဝတွင် စောင့်နေသော စစ်သည်များကို
" သေရေးရှင်ရေးက လွဲရင် ဘယ်သူ့မှဝင်ခွင့်မပေးနဲ့" ဟု ပြောလိုက်လေသည်။
ရှောက်ရွှမ်လည်း နတ်ဆေးဆရာ၏အပြုအမူကို ကြည့်ကာ သူလည်း တည်ငြိမ်လေးနက်သောအသွင်ဆောင်လိုက်ရသည်။ နတ်ဆေးဆရာသည် သူ့ကို အရေးကြီးသော အကြောင်းရာတစ်ခုခုပြောတော့မည်ထင်သည်။
"ဟိုမှာ သွားထိုင်"
နတ်ဆေးဆရာက သူ့အနောက်တွင်ရှိသော စားပွဲပုလေးတစ်လုံးကို လက်ညိုးထိုးပြလိုက်သည်။ ထို့နောက် သားရေချပ်အလွတ်တစ်ခု နှင့် နတ်ဆေးဆရာတစ်ယောက်သာ အသုံးပြုနိုင်သော ရှားပါးရောင်ခြယ်ပစ္စည်းများ ထည့်ထားသည့် ကျောက်ပန်းကန် တစ်ချပ်ကို ဆွဲထုတ်လိုက်သည်။
အခုဆိုလျှင်တော့...
အခြေနေကို ရှောက်ရွှမ်တစ်ယောက်သဘောပေါက်လောက်ပြီ။
နတ်ဆေးဆရာက
" နတ်ဆေးပညာကျမ်းတွေကို ဘယ်လိုစီရင်ပြုစုထားတယ်ဆိုတာ မင်းသိလား"
"ဟင့်အင်း..ကျွန်တော် မသိပါဘူး"
ရှောက်ရွှမ် နည်းနည်း စိတ်ညစ်သွားသည်။ နတ်ဆေးပညာကျမ်းတွေကို နတ်ဆေးဆရာကပဲ စီရင်ပြုစုထား
တာ မဟုတ်ဘူးလား။
ရှောက်ရွှမ်၏ သိလိုစိတ်ပျင်းပြသော မျက်လုံးတို့ကို ကြည့်ရင်း နတ်ဆေးဆရာက ရှင်းပြလာသည်။
"နတ်စွမ်းအင်ဆိုတာ သာမည စွမ်းအင်မဟုတ်ဘူး။ နတ်စွမ်းအင်ဆိုတာ ရုပ်နဲ့နာမ်ကို ပေါင်းစပ်နိုင်မှ ဖြစ်လာတာကွ၊ မျိုးနွယ်စုစစ်သည်တော် တစ်ယောက်ဖြစ်လာတာက ရုပ်စွမ်းအင်ရဲ့ အကျိုးဆက်ပဲ၊ နာမ်စွမ်းအားကျ လူတိုင်းမှ ရှိတော့ရှိတယ် ဒါပေမဲ့ ပြောပလောက်အောင် မဟုတ်ဘူး။ "
ရှောက်ရွှမ်ကမေးလိုက်သည်။
"ဒါဆိုရင် နောက်လိုအပ်ချက်တစ်ခုက ဘာများလဲ"
"နောက်တစ်ခုကတော့ ပညာဆက်ခံနိုင်မှုစွမ်းရည်ပဲ၊ နာမစိတ္တပိုင်းဆိုင်ရာ ဆက်ခံနိုင်မှု စွမ်းရည်ပဲ"
နတ်ဆေးဆရာကပြောသည်။
နတ်ဆေးဆရာတိုင်းသည် သက်ဆိုင်ရာ ဆရာစီမှ စွမ်းအင်များကိုဆက်ခံရသည်။ ထိုစွမ်းအင်များထဲတွင် လုံလောက်သော ဆက်ခံနိုင်မှုစွမ်းရည်တစ်ခုလည်း အပါအဝင်ဖြစ်သည်။
"မင်းက နတ်ဆေးပညာကျမ်းထဲက အကြောင်းအရာတွေကို နားလည်နိုင်တယ်ဆိုကတည်းက၊ မင်းဟာသာမာန်လူတွေနဲ့တော့ မတူဘူးကွ၊ မင်းမှာဆက်ခံနိုင်မှုစွမ်းရည် သူများတွေထက် ပိုရှိနေတယ်"
"ပညာဆက်ခံနိုင်မှုစွမ်းရည်ကို ဘယ်လိုရှာရမလဲ"
ရှောက်ရွှမ်ကမေးသည်။
နတ်ဆေးဆရာကြီးက ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ လက်ချောင်းပိန်ပိန်များဖြင့် ရှောက်ရွှမ်၏ မျက်ခုံးနှစ်ခုအလယ်ကို ညွှန်ပြလိုက်ပြီး "နတ်ရုပ်ကို အာရုံပြုပြီးမေးကြည့်လိုက် အဖြေက သူ့အလိုလိုပေါ်လာလိမ့်မယ် "
ရှောက်ရွှမ်လည်း မျက်စိမှိတ်ပြီး နတ်ရုပ်ကို အာရုံ ပြုလိုက်သည်။ ယိမ်းနွဲ့နေသော မီးတောက်များကြားမှ ဦးချိုနှစ်ချောင်းမှအပ တခြားအရာ သူမတွေ့။
ရှောက်ရွှမ်တစ်ယောက် စိတ်များရှုပ်ထွေးလာခိုက်တွင်ပင် နတ်ဆေးဆရာ၏ စကားသံသဲ့သဲ့ကို သူကြားလိုက်သည်။
" သေချာ အာရုံစိုက်ပြီးကြည့်ပါ "
ရှောက်ရွှမ်လည်း နတ်ရုပ်ကို စေ့စပ်စွာ ဆက်ကြည့်သည်။
ဒီတစ်ခေါက်တွင်တော့ နတ်ရုပ်၏ အသေးစိတ်လေးများကအစ သူအာရုံစိုက်၍ကြည့်သည်။
မီးတောက်များ၏ အောက်ခြေကို ကြည့်လိုက်သောအခါ ရုတ်တရက် သူတစ်စုံတရာကို တွေ့လိုက်သည်။ သူ့အမြင်အာရုံကို အပြာဖျော့ဖျော့ မီးတောက်တစ်ခုတွင် စူးစိုက်ထားလိုက်သည်။
မီးတောက်အလွှာက တစ်ခုမကပေ။
ရှောက်ရွှမ်သည် မျက်စိဖွင့်လိုက်ပြီး မဝံ့မရဲမေးလိုက်၏။
" မီးတောက်က အပြာရောင်များလား" ။
နတ်ဆေးဆရာက ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ ရှောက်ရွှမ် အပြာရောင်မီးတောက်ကို မြင်နိုင်သည်မှာ စိတ်ကျေနပ်စရာပင်။ ပညာဆက်ခံနိုင်မှု စွမ်းရည်ကို ရှောက်ရွှမ် မည်သို့မည်ပုံ ပိုင်ဆိုင်နေသနည်း။ နတ်ဆေးဆရာလည်း သူမသိနိုင်သော အရာတစ်ခုအတွက် အချိန်ကုန်ခံ စဥ်းစားမနေတော့ပေ။
"ပညာဆက်ခံနိုင်မှု စွမ်းရည် မင်း ဘယ်လောက်တွေ့လဲ"
နတ်ဆေးဆရာက မေးလိုက်သည်။
ရှောက်ရွှမ်လည်း သူ့ဘေးမှ စုတ်တံကို ကြည့်လိုက်ပြီး နတ်ဆေးဆရာကိုမေးလိုက်သည်။
"စုတ်တံ သုံးလို့ရမလား"
နတ်ဆေးဆရာက စုတ်တံအသေးတစ်ချောင်းကို ပေးလိုက်သည်။
ရှောင်ရွှမ်အတွက်တော့ ထို စုတ်တံသည် စိတ်ကျေနပ်စရာတော့ မဟုတ်။ထိုစုတ်တံသည် ခဲတံတစ်ချောင်းလောက် ရေးရလွယ်ကူမည် မဟုတ်ပေ။ ဒါပေမဲ့ အခုလိုအချိန်တွင် ခဲတံကို သူဘယ်ကရှာရမည်နည်း။ နတ်ဆေးဆရာပေးသော စုတ်တံမျိုးက တစ်ကြိမ်လျှင် စုတ်ချက် တစ်ချက် နှစ်ချက်သာ ရေးဆွဲနိုင်သည်။
ရှောက်ရွှမ်လည်း သူ့ရှေ့တွင်ရှိသော သားရေချပ်ပေါ်တွင် မျိုးနွယ်စုနတ်ရုပ်၏ ပုံကြမ်းကို စတင်ရေးဆွဲသည်။
နတ်ဆေးဆရာလည်း ရှောက်ရွှမ်ပုံဆွဲနေသည်ကို ကြည့်ရင်း ပြုံးပြုံးကြီးဖြစ်လာလေသည်။ ကောင်းမွန်သေသပ်စွာ ရေးဆွဲထားသော နတ်ရုပ်ပုံပင်။ မျိုးနွယ်စုထဲမှ လူများရေးဆွဲထားသော ပုံများထက် အဆပေါင်းများစွာသာသည်။ မည်သို့ပင်ဆိုစေကာမူ ပုံဆွဲကောင်းမကောင်းက နတ်ဆေးဆရာ တစ်ယောက်အတွက် သိပ် မအပ်စပ်ပါ။ မျဥ်းများ၊ကောက်ကြောင်းများက အစွမ်းထက်သော နတ်ဆေးဆရာတစ်ယောက်ဖြစ်လာခြင်းနှင့် သိပ်တော့
မသက်ဆိုင်။
"ဒီမှာ"
ဦးချိုနှစ်ဖက်ကို ဝန်းရံထားသော မီးတောက်များပတ်ပတ်လည် တွင် မျဥ်းတစ်ကြောင်းကို ဆွဲလိုက်သည်။
"ဒီနေရာက ပညာဆက်ခံနိုင်မှုစွမ်းရည် ရှိတဲ့နေရာ မဟုတ်လား"
" မှန်တယ် အဲဒါပညာဆက်ခံနိုင်မှုစွမ်းရည်ပဲ" နတ်ဆေးဆရာက ကျေကျေနပ်နပ်ကြီး ပြောလိုက်လေတော့သည်။
နတ်ဆေးဆရာက တစ်ခုခုပြောမည်အပြုတွင် ရှောက်ရွှမ်က ဆက်ပြောသည်။ " ...ဒီနား..ဒီနား..ပြီးတော့ ဒီနားလေး...ခဏလေး...ဒီနားမှာ နည်းနည်း...ခဏလေးနော်...ကျွန်တော် ပြန်ကြည့်လိုက်ဦးမယ်"
နတ်ဆေးဆရာလည်း ကြက်သေသေသွားကာ သူပြောမည့်စကားများကို မေ့သွားလေသည်။
ရှောက်ရွှမ်က စုတ်ချက်များ တစ်ချက်ပြီးတစ်ချက်ရေးဆွဲတိုင်း နတ်ဆေးဆရာ၏နဖူးကြောကြီးများ ပိုမို ရှုံ့တွလာခဲ့သည်။
ရှောက်ရွှမ်၏ စုတ်ချက်များ ပိုမိုများပြားလာလေ နတ်ဆေးဆရာ၏ မျက်နှာက ပိုမိုတင်းမာလာလေ ဖြစ်သည်။
သူ၏စိတ်တွင် ဝမ်းနည်း၊ဝမ်းသာ ခံစားချက်က တပြိုင်တည်းဖြစ်ပေါ်နေသည်။ အခြားသော စိတ်ခံစားချက်များလည်း ရှုပ်ထွေးနေသည်။ ရှင်းပြရန် ခက်ခဲသော စိတ်ခံစားချက်များပင်။
ရှောက်ရွှမ်မဟုတ်ဘဲ တခြားတစ်ယောက်သာဆို မှားနေပြီဟုပြောမိမည်သာ။ သို့သော် အခုက ရှောက်ရွှမ်ဖြစ်နေသည်။ နတ်ဆေးဆရာကလည်း ရှောက်ရွှမ်သည် အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း ရင်ထဲမှ သိရှိနေသည်။
ရှောက်ရွှမ်တွင် နတ်ဆေးပညာကို ဆက်ခံနိုင်စွမ်းရည်များစွာရှိနေသော်လည်း သူက စစ်သည်တစ်ဦးသာ ဖြစ်ချင်နေသည်။
နတ်ဆေးဆရာ၏ နှလုံးသားတွင် ခါးသီးသော ခံစားချက်များဖြစ်ပေါ်လာသည်။ မီးဖိုကြီးရှေ့သို့ အမြန်ပြေးသွားကာ ဘိုးဘေးများ ရှေ့တွင် ရိုးသားစွာ ဖွင့်ဟမေးလိုက်ချင်သည်။
" ကွယ်လွန်ပြီးသော ဘိုးဘေးတို့ခင်ဗျာ၊ ဒီလောက် နတ်ဆေးပညာကို ဆက်ခံနိုင်တဲ့ အစွမ်းတွေပြည့်နေတဲ့ ကောင်လေးတစ်ယောက်က ဘာလို့ နတ်ဆေးဆရာမဖြစ်ချင်ရတာလဲခင်ဗျာ"
နတ်ဆေးဆရာသာ ငယ်တုန်းက စိတ်နှင့်ဆို ဒေါသူပုန်ထကာ ရှောက်ရွှမ်ကို တုတ်နှင့်လိုက်ရိုက်မိမည်သာ။
သားရေချပ်ပေါ်မှ သူဆွဲထားသော အပြာရောင်မီးတောက်များနှင့် သူ့စိတ်တွင်းမှ မြင်ရသော အပြာရောင်မီးတောက်တို့ နှိုင်းယှဥ်ကြည့်ပြီးနောက် ၊ ရှောက်ရွှမ်က နတ်ဆေးဆရာကို မော့ကြည့်လိုက်သည်။
"ကဲ ဒါကျွန်တော် မြင်သမျှ အကုန်ပဲ"
"မင်းမြင်တာ ဒါအကုန်ပဲလား"
နတ်ဆေးဆရာလည်း စိတ်များလွန်စွာရှုပ်ထွေးသွားပြီး တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ရှုပ်ထွေးနေသော စိတ်တို့ကို သက်ပြင်းမောတစ်ချက်ချရင်း ဖြေဖျောက်လိုက်ရသည်။
ရှောက်ရွှမ်ကတော့ သူ့စိတ်ထဲတွင် များသည်ဟု မထင်ပေ။ မီးတောက်ကြီးတစ်ခုလုံးတွင် အပြာရောင်မီးတောက်က နည်းနည်းသာ ပါဝင်သည်။ နတ်ဆေးဆရာ၏အဆိုအရတော့ လူမျိုးစုထဲတွင် နတ်ဆေးပညာကို ဆက်ခံနိုင်စွမ်းရှိသူသိပ်မရှိပေ။ ရှောက်ရွှမ်ကတော့ သူ့တွင် နတ်ဆေးပညာ
ကို ဆက်ခံနိုင်စွမ်း နည်းသည်၊များသည်ကို မသိ ၊ သူမြင်သမျှကို ရေးဆွဲလိုက်ခြင်းသာ။ နတ်ဆေးဆရာ စံထားသည့်အချက်များကို သိမည်ဆိုပါက၊ မြင်သမျှ ဆွဲမိမည် မဟုတ်ပေ။
နတ်ဆေးဆရာသည် ရှောက်ရွှမ်၏ စုတ်ချက်များနှင့် ပုံဖော်ထားသော နတ်ရုပ်ပုံကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ရှောင်ရွှမ် နတ်ဆေးဆရာကိုအကဲခတ်နေစဥ် နတ်ဆေးဆရာက လေးနက်စွာပြောလိုက်သည်။
" သိပ်ကောင်းတယ်၊ အခုဆိုရင် မင်းအနေနဲ့ နတ်ဆေးပညာကျမ်းကို ရေးဆွဲဖို့ ပိုလွယ်သွားပြီ"
နတ်ဆေးဆရာမှ နတ်ဆေးပညာကျမ်းစီရင်ရေးဆွဲနည်းများကို ရှင်းပြနေသည်ကို ရှောက်ရွှမ်က သေချာနားထောင်နေသည်။
"နတ်ဆေးပညာကျမ်းထဲက ပုံတွေကို ရေးဆွဲဖို့ဆိုရင် နတ်ဆေးပညာကို လက်ခံနိုင်မှုစွမ်းရည်
ရယ်၊ သတိရယ်၊ မျဥ်းတွေရယ် ပေါင်းစပ်ရမယ်။ အဲဒီသုံးချက်ကို မျှမျှတတ ပေါင်းစပ်နိုင်မယ်ဆိုရင် နတ်ဆေးပညာပန်းချီဖြစ်ပြီ။ နတ်ဆေးပညာကျမ်းကို လေ့လာသူတစ်ယောက်အနေနဲ့ ပညာဆက်ခံနိုင်မှုစွမ်းရည်ကို အသုံးချပြီး နတ်ဆေးပန်းချီကို ကြည့်မယ်ဆိုရင် ၊ နတ်ဆေးပန်းချီကို ဖန်တီးသူရဲ့ အတွင်းစိတ်ကို နားလည်ဆက်သွယ်နိုင်လိမ့်မယ်။ နတ်ဆေးပညာဆက်ခံနိုင်တဲ့ စွမ်းရည်ကို သေချာထိန်းချုပ်တတ်သွားရင် ဖန်တီးသူရဲ့ စိတ်ခံစားချက်တွေ၊ သဘောထားတွေကိုပါ နားလည်သွားလိမ့်မယ်။ ဘယ်လောက်ထိ နားလည်ဆက်သွယ်နိုင်လဲဆိုတာကတော့ ဖတ်သူရော ဖန်တီးသူရောရဲ့ စွမ်းအင်က စကားပြောလိမ့်မယ်၊ စွမ်းအင်ပိုထက်မြက်လေ ပိုနားလည် ဆက်သွယ်နိုင်လေပဲ"
နတ်ဆေးဆရာက သဘောတရားများရှင်းပြသည်ကို ရှောက်ရွှမ်ကနားထောင်နေရသည်။ သူကလည်း ကိုယ်ပိုင် နတ်ဆေးပန်းချီကို ဖန်တီးချင်သည်ကိုး။
နတ်ဆေးဆရာ၏ရှင်းပြချက်များကို ရှောက်ရွှမ်က အလွတ်ရသည်ထိမှတ်သားနိုင်လိုက်ပြီး သဘောတရားအများစုကို နားလည်နိုင်လိုက်သည်။ သူ၏ ပထမဆုံး နတ်ဆေးပန်းချီကို ဖန်တီးရန် စုတ်တံကို ကောက်ကိုင်လိုက်သည်။
နတ်ဆေးပညာကျမ်းကို စတင်လေ့လာသူတစ်ယောက်သည် တခြားသော နတ်ဆေးပန်းချီများကို ပုံတူကူးဆွဲခြင်းဖြင့် စတင်လေ့ကျင့်ရသည်။ ထိုကဲ့သို့ ပုံတူကူးဆွဲနေရင်း နတ်ဆေးပန်းချီမှ လမ်းညွှန်မှုတစ်ခုကို ရရှိနိုင်သည်။
နတ်ဆေးပညာကျမ်းထဲမှ ပန်းချီတစ်ခုကို သေချာစွာ ကြည့်ရှုပြီးနောက် ၊ ရှောက်ရွှမ်သည်သူ့ရှေ့မှ သားရေချပ်ကို အာရုံစူးစိုက်လိုက်သည်။
သူ့လက်ကိုမြှောက်လိုက်ပြီး စုတ်တံနှင့် သားရေချပ်ကို ထိလိုက်သည့် အချိန်မှစ၍ သူ့တွင်ရှိသော ပညာဆက်ခံနိုင်မှုစွမ်းရည်များကို စုစည်းလိုက်ပြီး နတ်ဆေးဆရာ ရှင်းပြထားသည့်အတိုင်း စတင်ရေးဆွဲတော့သည်။
ထိုအချိန်တွင် ရှောက်ရွှမ်သည် သူ့စွမ်းအင် အားလုံးကို စုတ်တံထိပ်ဖျားတွင်သာ စုစည်းထားလေသည်။ သူ့စိတ်ထဲတွင် တခြား မည်သည့် အရာမျှ မရှိ၊ စိတ်အာရုံ အလုံးစုံကို စုတ်တံထိပ်ဖျားတွင်သာ စူးစိုက်ထားသည်။ နတ်ဆေးပညာကျမ်းထဲမှ လမ်းညွှန်မှု အတိုင်း သူဖြည်းညှင်းစွာ စဆွဲသည်။
စုတ်ချက်တစ်ချက် အပြီးတွင် ရှောက်ရွှမ်သည် ချွေးများနှင့်ရွှဲနစ်နေပြီး ထိုစုတ်ချက်က သူ့စွမ်းအင်အားလုံးကို စုပ်ယူသွားသလိုခံစားလိုက်ရသည်။ သူယိုင်လဲလုလု ဖြစ်သွားပြီး၊ အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရသည်။
သားရေချပ်ကို ကြည့်လိုက်တော့ စက်ဝိုင်းငယ် တစ်ခုသာ ရေးဆွဲရသေးသည်ကို တွေ့လိုက်သည်။
အင်္ကျီလက်ဖျားနှင့် ချွေးစက်များကိုသုတ်လိုက်သည်။ သူ့စိတ်ထဲတွင် နတ်ဆေးပညာကျမ်းထဲမှ ပန်းချီသည် ရေးဆွဲရန် အလွန်ခက်သည် ဟုထင်မိသည်။ စုတ်ချက်တစ်ချက်သာရေးဆွဲရသေးပြီး ထိုစုတ်ချက်သည် မန်စက်ဝိုင်းတစ်ခုသာရှိသေးသည်။ အစပိုင်းကတည်းက လွန်စွာခက်သလို နောက်ပိုင်းအဆင့်များသည်လည်း မလွယ်ကူပါ။
"ငါများ ပညာဆက်ခံနိုင်စွမ်းရည်မပြည့်ဝတာလား" ရှောက်ရွှမ် ညည်းတွားမိသည်။
နတ်ဆေးဆရာသာ ရှောက်ရွှမ်၏ စိတ်ကူးများကို ကြားနိုင်မည်ဆိုပါက သူ့တောင်ဝှေးဖြင့်ထရိုက်မိမည်ပင်။
နတ်ဆေးဆရာက ပန်းချီကို စဆွဲသောအခါ စက်ဝိုင်းတစ်ခုပြီးအောင် ရေးဆွဲနိုင်ရန် သုံးခါ ရပ်နားရသည်။ ရှောက်ရွှမ်ကတော့ တစ်ကြိမ်သာရပ်နားပြီး သူ့စုတ်ချက်ကို အပြီးသတ်ခဲ့သည်။ နတ်ဆေးဆရာမျိုးဆက် သမိုင်းတလျှောက်တွင် ကြုံတောင့်ကြုံခဲ ရှားပါးသော ဖြစ်စဥ်တစ်ခု ဖြစ်သည်သာ...။