အရေးမကြီးသော အပေါ်ယံများ
Vol. 7 Ch. 103
ရှောက်ရွှမ် တစ်ယောက် ထိုစက်ဝိုင်းကို ပြီးပြည့်စုံအောင် တစ်မနက်လုံးဆွဲလိုက်ရသည်။ သူတော်တော်မောသွားလေပြီ။
အတိတ်တုန်းကဆိုလျှင် အခုလိုမျိုးပန်းချီဆွဲရလိမ့်မည်ဟု သူယုံကြည်မည်မဟုတ်ပေ။ အခုတော့ သူကိုယ်တိုင်လက်တွေ့ဆွဲဖူးသွားပေပြီ။ အခုလိုပန်းချီမျိုး ဆွဲရသည်မှာ လူအားကုန်သည်ထက် စိတ်အားပိုကုန်ပေသည်။
ကျောက်တုံးအိမ်တော်မှ ထွက်လာချိန်၌ ရှောက်ရွှမ်၏မျက်လုံးထဲ မြင်မြင်သမျှ အိမ်များက ချာချာလည်နေလေပြီ။
ကောင်းကင်ကို ခဏစိုက်ကြည့်လိုက်တော့မှ ရီဝေယစ်မူးနေမှုများ ကင်းစင်သွားသည်။
မတ်တပ်ကောင်းကောင်းရပ်နိုင်သွားသောအခါ နတ်ဆေးဆရာ ပေးလိုက်သော ကျောက်သေတ္တာကို ယူလိုက်သည်။ ထို့နောက် ဆေးဘက်ဝင်အပင်များကို ပြင်ဆင်နေသော ကွေ့ဇယ်ကို ကူညီရန် သမားအိမ်တော်သို့ ဦးတည်လိုက်သည်။
နတ်ဆေးဆရာက ကွေ့ဇယ်ကို ဘာတွေပြောထားလဲ ရှောက်ရွှမ်မသိပါ။ သို့သော် ကွေ့ဇယ်ကို ဆေးပင်စီရင်နည်းများ ပြသပေးသည့်အခါ ကွေ့ဇယ်က သူ့ကို ဘာတခွန်းမှ ပြန်မမေးပေ။ သူ၏ ဆေးပင်စီရင်နည်းများ ပိုအစွမ်းထက်လာရန်သာ အားသွန်ခွန်စိုက် လေ့လာလေသည်။
နတ်ဆေးပညာကျမ်း စီရင်ရေးဆွဲသည်နှင့် နှိုင်းယှဥ်လျှင် ဆေးပင်စီရင်ရသည်က အများကြီးပိုသက်သာသည်။ နေအတော်စောင်းသွားမှ အိမ်ပြန်ရန် သမားအိမ်တော်မှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် မောပန်းခြင်းအလျှင်းမရှိတော့ပါ။
နတ်ဆေးဆရာ ပေးလိုက်သော ကျောက်သေတ္တာထဲတွင် သားရေချပ်၂ချပ်၊ ရှားပါးရောင်ခြယ်ပစ္စည်းအနည်းငယ် နှင့် စုတ်တံတစ်ချောင်းကိုတွေ့ရသည်။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို တစ်နေကုန်အချိန်ပေး၍ သင်ကြားမပေးနိုင်ပါ။ ထို့ကြောင့် ရှောက်ရွှမ်လည်း သူ့ဟာသူ လေ့ကျင့်ရသည်။
ကျောက်သေတ္တာကို မြက်ပိုက်ကွန်လေးထဲတွင်ထည့်ထားသည်။ ထို့ကြောင့် ရှောက်ရွှမ်ဆွဲယူလာသော မြက်ပိုက်ကွန်ထဲမှ ကျောက်သေတ္တာကလေးသည် ဟိုဒီရမ်းလျက်ရှိတော့သည်။
ရှောက်ရွှမ်ကျောက်သေတ္တာလေး ဆွဲလာသည်ကို မြင်သောအခါ လောင်ခဲ့က "ဒါလား" ဟုမေးသည်။
"နတ်ဆေးဆရာက အလုပ်ပေးလိုက်တာဗျ"
နတ်ဆေးဆရာက လိုအပ်သည့် ပစ္စည်းများကို ပေးလိုက်ပြီး ရှောက်ရွှမ်ကို သူ့ဟာသူ လေ့ကျင့်ရန်မှာလိုက်ခြင်းဖြစ်သည်။ သေတ္တာတွင်းမှ ပစ္စည်းများကို ဖြုန်းတီး ပစ်ရန်မဟုတ်ပေ။ လေ့ကျင့်ထားသော မှတ်တမ်းများကို နတ်ဆေးဆရာကို ပြန်ပြရမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်ဟု သတ်မှတ်ရမည်သာ။
ရှောက်ရွှမ်ပြောသည်ကို နားထောင်ပြီးနောက် လောင်ခဲ့ကြီး တစ်ယောက် တည်ငြိမ်လေးနက်သွားကာ နတ်ဆေးဆရာကို လေးစားသမှုပြုသည့် အသွင်ဆောင်သွားသည်။ ကျောက်သေတ္တာကိုလည်း တရိုတသေ ကြည့်ရှူလေသည်။ ရှောက်ရွှမ်က နတ်ဆေးပန်းချီကိုရေးဆွဲရမည်ကို သိရှိပြီးနောက် မေးခွန်းများ မေးသည်ကို ရပ်လိုက်လေသည်။ ကျောက်သေတ္တာကိုလည်း မဖွင့်ရဲတော့ပေ။ လောင်ခဲ့၏စိတ်ထဲတွင် နတ်ဆေးဆရာနှုတ်မှ ထွက်သည့် စကားတိုင်းသည် မှန်ကန်မှုအပြည့်ရှိပြီး အဓိပ္ပါယ်အပြည့်ရှိသည်ဟု မှတ်ယူထားသည်။
အခန်းထဲသို့ရောက်သောအခါ သားရေချပ်များကို ဆွဲထုတ်လိုက်သည်။ ကျောက်သေတ္တာထဲတွင် သားရေချပ်နှစ်ခု ပါပြီး၊ တစ်ခုက အနက်ရောင်ဖြစ်ကာ တစ်ခုက သူမနက်က အသုံးပြုထားသော သားရေချပ် တစ်ခုဖြစ်သည်။ စက်ဝိုင်းပုံရေးဆွဲထားသော သားရေချပ်ပင်။
သားရေချပ်ကို ဖြည်ချလိုက်ပြီး ရောင်ခြယ်ပစ္စည်းများနှင့် စုတ်တံကို ထုတ်လိုက်သည်။ ထို့နောက် စိတ်ကူးပြောင်းသွားကာ သူကိုယ်တိုင် လုပ်ထားသော ခဲတံတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ခဲတံနှင့် စဆွဲရန် ပြင်ဆင်လေသည်။ ပညာဆက်ခံနိုင်မှု စွမ်းရည်ကို စုစည်းလိုက်ပြီး သားရေချက်ပေါ်တွင် ဘာမှမရေးဆွဲခင် လက်ကောက်ဝတ်ကို တိကျသည့် ထောင့်ချိုးတစ်ခုဖြင့် လှုပ်ရှားလိုက်သည်။
ထိုအခါ ဆတ်ခနဲအက်ကွဲသံလေး တစ်ခုနှင့်အတူ ခဲတံသည် အစိတ်စိတ် အမြွာမြွာဖြစ်သွားပြီး ကျောက်စားပွဲပေါ်သို့ ပြန့်ကျဲကျသွားလေသည်။ ရှောက်ရွှမ်သာ လက်နည်းနည်းနှေးမည်ဆိုပါက ခဲတံအပိုင်းအစများသည် သားရေချပ်ပေါ်သို့ တိုက်ရိုက်ကျသွားမည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဆေးပညာကျမ်းကို သာမန်ခဲတံ ဖြင့်ရေးဆွဲ၍မရနိုင်ပါ။
ရှောက်ရွှမ်ကို နတ်ဆေးဆရာ ပေးလိုက်သည့် စုတ်တံမှာ ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏အမွှေးများနှင့် ရှားပါးကျွန်းသစ်တစ်မျိုးကို ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။
တခြားခဲတံများနှင့် ရေးဆွဲရန် မကြိုးစားတော့ဘဲ ၊နတ်ဆေးဆရာ၏ စကားကိုနားထောင်ကာ စုတ်တံကိုသာ ကောက်ကိုင်လိုက်ပြီး ပန်းချီကို စဆွဲတော့သည်။
ပုံတူကူးဆွဲလေ့ကျင့်မှုဖြစ်သောကြောင့် မနက်က ဆွဲလက်စ စက်ဝိုင်းကိုသာ ဆက်လက်ရေးဆွဲရသည်။
ပထမအကြိမ်ကြိုးစား အားထုတ်ပြီးနောက်၊ ဒုတိယ အကြိမ်တွင် လေ့ကျင့်သား ကျသွားပြီဖြစ်သည်။
သူသည် အလျင်စလို ရေးဆွဲခြင်း မပြု။
စက်ဝိုင်းပုံရေးဆွဲပြီးသောအခါ ရှောက်ရွှမ်၏စိတ်များ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။ ပတ်ဝန်းကျင်မှာ အတော်ပင်မှောင်နေပြီ ဖြစ်သည်။ ထိုစက်ဝိုင်းပြီးဆုံးသွားရန် အနည်းဆုံး အချိန်တစ်နာရီ ယူလိုက်ရသည်။
မနက်ပိုင်း ပထမအကြိမ်ရေးဆွဲစဥ်နှင့် နှိုင်းယှဥ်လျှင် ကုန်သည့် အချိန်မှာ တူတူပင်ဖြစ်သည်။ ကောင်းသည့်အချက်ကတော့ ပထမအကြိမ်တုန်းကလို မောပန်းခြင်းမရှိတော့သလို ခေါင်းထဲတွင် ရီဝေယစ်မူးခြင်းမျိုးလည်း မရှိတော့ပါ။ ထိုအချက်များကို ကြည့်လျှင် ရှောက်ရွှမ်တိုးတက်လာသည့် သဘောပင်ဖြစ်ပေမည်။
နောက်ရက်များတွင် မနက်ပိုင်းတိုင်း၌ နတ်ဆေးဆရာဆီသို့ သွားသည့်အခါတိုင်း ရှောက်ရွှမ်သည် ကျောက်သေတ္တာကို ယူသွားရသည်။ သို့သော် နတ်ဆေးဆရာက သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေသည်သာ များသဖြင့် ရှောက်ရွှမ်မှာ ကျောက်သားအိမ်တော် အနောက်ဘက်ရှိ အခန်းငယ်ကလေးအတွင်း၌ ပန်းချီဆွဲလေ့ကျင့်ရသည်။
သူနားမလည်သည်ကို မေးရန်ရှိလာသည့်အခါ နတ်ဆေးဆရာ အားသည့်အချိန်ကိုစောင့်၍မေးရသည်။ နတ်ဆေးဆရာသည် ထိုနေ့များတွင် အလုပ်ရှုပ်နေသည်က များသဖြင့် ရှောက်ရွှမ်ကို သိပ်ဂရုမစိုက်နိုင်။
၅ရက်ခန့်အကြာတွင် ဆောင်းဝင်လေပြီ။
တစ်ညလုံးလိုလို အရိုးကွဲမတတ်ချမ်းအေးလှသည်။
မနက်ရောက်တော့ တံခါးဖွင့်လိုက်သောအခါ သူမြင်သမျှက အဖြူရောင်ဆီးနှင်းများသာ။
ခေါင်မိုးပေါ်မှ ငှက်သိုက်ကြီးထဲတွင် ချာချာသည် ဦးခေါင်းကို ငဲ့စောင်းရင်း အောက်ကိုကြည့်လိုက်သည်။ ရှောက်ရွှမ်ကို တွေ့သောအခါ အတောင်ပံပေါ်မှ နှင်းများကို ခါထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
ရှောက်ရွှမ်က ချာချာကို အိမ်အပြင်တွင် မအိပ်ခိုင်းပေ။ ဆောင်းရာသီရောက်သည့်တိုင် ချာချာသည် အိမ်ထဲတွင် အိပ်ရန် စိတ်ကူးမရှိ။ နှင်းများထူထပ်စွာ ကျသည့်အခါတွင်လည်း ချာချာသည် အအေးဒဏ်ကို ရှောင်ရှားရန် စိတ်မကူး ။ ချာချာသည် ခံနိုင်ရည်ရှိသည့်အတွက် ရှောက်ရွှမ်သည် ချာချာ၏နေပုံထိုင်ပုံကို ဝင်မစွက်ဖက်တော့။ ချာချာသည် အလှမွေးငှက်မဟုတ်၊ သူအရွယ်ရောက်သည့် အခါ အအေးဒဏ်ကို ရင်ဆိုင်နိုင်ရန် တဖြည်းဖြည်းကျင့်သားရသွားမည်ဖြစ်ပြီး တောထဲသို့ ပြန်သွားမည်သာဖြစ်သည်။ ချာချာ၏ သဘာဝကို သူတားဆီး၍မရပေ။
ရှောက်ရွှမ်တောင်ပေါ်တက်သည့်အခါ ဆီဆာနှင့် ချာချာက လိုက်သွားစမြဲပင်။ တောင်ပေါ်ရောက်လျှင် ဆီဆာက တောင်ပတ်ပတ်လည်ကို သွားသလို ချာချာကလည်းအမဲလိုက်ရန် ပျံထွက်သွားလေ့ရှိသည်။ ဤသည်ကို ကြည့်လျှင် သူတို့ကိုကောင်းစွာ လေ့ကျင့်ပေးထားသည်ကို သိရှိနိုင်သည်။
ကျောက်သားအိမ်တော်သို့ရှောက်ရွှမ် ပြန်ရောက်သောအခါ အမဲလိုက်အဖွဲ့၏ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ထာ့ နှင့် ကွေ့ဟယ်တို့ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့ကို အနှောင့်အယှက်မပေးဘဲ ဦးတစ်ချက်ညွတ်ကာ ကျောက်သေတ္တာကို ကိုင်၍ အတွင်းသို့ဝင်လိုက်သည် ။ ဆက်လက်လေ့ကျင့်ရန် အခန်းငယ်လေးထဲသို့ ဝင်သွားလေသည်။
ရှောက်ရွှမ် နတ်ဆေးဆရာဆီမှ ဆေးဘက်ဝင် အပင်များအကြောင်း သင်ယူလေ့လာနေသည်ကို သူတို့နှစ်ဦးသာ သိသည်။ ရှောက်ရွှမ်ကို ကံကောင်းသည့် ကောင်လေးအဖြစ် ယူဆကြသည်။ နတ်ဆေးဆရာဆီမှ ကိုယ်တိုင်ကိုယ်ကျ ပညာသင်ကြားခွင့်ရခြင်းသည် ဂုဏ်ယူဖွယ်ပင် မဟုတ်ပါလား ။ မျိုးနွယ်စုအားလုံးကလည်း ထိုကဲ့သို့ ယူဆသည်သာ။
တကယ်တမ်းတော့ ရှောက်ရွှမ်သင်ကြားလေ့ကျင့်နေသည့် အရာကိုမည်သူမျှ မသိပါ။
သားရေချပ်နှစ်ချပ်ကို ဖြည်ချလိုက်ပြီးနောက် ရှောက်ရွှမ်သည် လေ့ကျင့်ခြင်းကို ချက်ခြင်းမစသေးပေ။ သူအခန်းထဲသို့ မဝင်မီ အဖွဲ့ခေါင်းဆောင်၂ယောက် တောင်းပန်နေသည်ကို ကြားလိုက်သည်။
ပြီးခဲ့သည့်နှစ်က ဆေးဘက်ဝင်အပင် အတော်များများကို ရှာတွေ့ခဲ့သည်။ သို့သော် ဆေးပင်အများစုက ဆေးဘက်မဝင်သော အပင်များဖြစ်နေသည်။ ဆေးဘက်ဝင်အပင်များနှင့်တူသော်လည်း အမျိုးအမည်ခွဲခြားရန် ခက်ခဲနေသည်။
သားရေချပ်များပေါ်တွင် ဆေးပင်ပုံများပါသော်လည်း ဆေးပင်အရှာထွက်သည့် အခါတိုင်း ဆေးဘက်မဝင်သော အပင်များပါလာခြင်းကိုရှောင်လွှဲ၍ မရနိုင်ပါ။ ဥပမာပြောရလျှင် ကွေ့ဟယ်ယူလာသော ဆေးပင်အားလုံးသည် ဆေးဘက်ဝင်သော အပင်များ မဟုတ်ပါ။ ဆေးဘက်ဝင်သည့် အပင်များကို ရွေးယူရသေးသည်။
ထိုသို့ဖြစ်ရသည်မှာ ဆက်သွယ်နားလည်နိုင်ခြင်း လိုအပ်ချက်ကြောင့်ဖြစ်ရပေမည်။
နတ်ဆေးဆရာက အမဲလိုက်စစ်သည်တော်တိုင်းကို လိုအပ်သည်များ အသေးစိတ်ကအစ လိုက်မညွှန်ပြနိုင်။ စကားနှင့်သာရှင်းပြနိုင်သည်။ ပန်းချီပုံလည်း မပြနိုင်သလို ၊ လက်တွေ့စီရင်နည်းများလည်း မပြနိုင်ပါ။ ထို့ကြောင့် လက်တွေ့လုပ်ကြည့်မှသာ တိတိကျကျသိလာမည်ဖြစ်သည်။
သူတို့၏အမှားဟုဆိုလို၍တော့ မရ။ မျိုးနွယ်စုမှ လူများသည် ရှောက်ရွှမ်နားလည်သလို နတ်ဆေးပညာကျမ်းကို နားလည်နိုင်သည်မဟုတ်ပေ။
အကယ်၍ အနာဂတ်တွင် အားလုံးက နတ်ဆေးပညာကျမ်းကို နားလည်နိုင်သွားမည်ဆိုလျှင်ကော။
ထိုအချက်ကို တွေးမိပြီးနောက် ရှောက်ရွှမ်သည် သူ့ရှေ့ရှိကျောက်စားပွဲကို ကြည့်မိသည်။ စားပွဲပေါ်တွင် မပြီးဆုံးသေးသော နတ်ဆေးပညာကျမ်းတစ်အုပ်ကို တွေ့ရသည်။ မပြီးဆုံးသေးသော်လည်း ထိုကျမ်းကို ဖတ်ကြည့်လိုက်သောအခါ ရှောက်ရွှမ် အံ့သြသွားသည်။
ထိုကျမ်းထဲတွင် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည်များပါဝင်သည်ကိုတွေ့ရသည်။ ဝမ်းနည်းစရာကောင်းသည်က ကျမ်းစာအုပ်ထဲတွင် ပါဝင်သော ပုံများသည် ကြည်လင်ပြတ်သားမှုမရှိခြင်းပင်။
ထိုကျမ်းသည် ရှေးဟောင်းနတ်ဆေးပညာကျမ်းတစ်စောင်ကို မိတ္တူပွားထားသည့် ကျမ်းစာအုပ်ဖြစ်သည်။ ဘယ်နှကြိမ် မိတ္တူပွားထားသည်လည်း မည်သူမျှ မပြောနိုင် ။ ထို့ကြောင့် မူရင်းအာဘော်သည် ပျောက်လုနီးနီးပင်။
ရှေးဟောင်း နတ်ဆေးပညာကျမ်းကို မိတ္တူကူးရသည်မှာ လူတစ်ယောက်၏ စိတ်ကူးကို ပြန်ပြောရသလိုပင်ဖြစ်သည်။ မိတ္တူပွားသူသည် မူရင်း အခြေအနေကို ကိုယ်တိုင်တွေ့ကြုံရသည် မဟုတ်။ ဒုတိယအကြိမ် မိတ္တူကူးခြင်းသည် သူများပြောစကားကို ထပ်ဆင့်ပွားရသလိုသာ။
ထပ်ဆင့်ပွားသူ၏ ပုဂ္ဂလိက ခံစားချက်များ အာဘော်များကို ရှောင်လွှဲ၍ မရနိုင်ပေ။
အနည်းနှင့်အများတော့ ပြောင်းလဲသွားသည်သာ။
မူရင်းနတ်ဆေးပညာကျမ်းများနှင့် နှိုင်းယှဥ်လျှင် မိတ္တူများသည် ပန်းချီပုံများပါသေးသော်လည်း မူရင်းလောက် ကြည်လင်ပြတ်သားမှုမရှိတော့ပေ။ ရှောက်ရွှမ်ရှေ့က ကျမ်းစာအုပ်သည်လည်း ထိုကဲ့သို့ပင်။
နတ်ဆေးဆရာသည် လယ်ယာစိုက်ပျိုးခြင်းနှင့်ပက်သတ်ပြီး အတွေ့အကြုံမရှိပေ။ ထို့ကြောင့် မူရင်း ကျမ်းပြုသူ၏ အာဘော်ကို မိအောင် မိတ္တူမပွားနိုင်ခဲ့ပေ။
စားပွဲပေါ်မှ ကျမ်းစာအုပ်သည် နတ်ဆေးဆရာက သူ့ဆရာများပြုစုခဲ့သော ကျမ်းစာအုပ်ကို မိတ္တူကူးထားခြင်းဖြစ်လိမ့်မည်။ နတ်ဆေးဆရာသည် ထိုကျမ်းစာအုပ်ကို အခန်းထဲတွင် ထားခဲ့သည်ကိုထောက်ရှူလျှင် ထိုကျမ်းစာအုပ်ကို ရှောက်ရွှမ် မသိအောင်ထိန်ချမ်ထားလိုစိတ်တော့ ရှိပုံမပေါ်ချေ။
ရှောက်ရွှမ်သည် ရံဖန်ရံခါ နတ်ဆေးဆရာ၏ သားရေချပ်ကိုဖတ်လေ့ရှိသည်။ ရှင်းလင်းမှုမရှိသော်လည်း ကျမ်းစာအုပ်ထဲမှ အဖြစ်အပျက်များသည် မျိုးနွယ်စုတွင်းဖြစ်ခဲ့သည်ဟု မယူဆပေ။ ပန်းချီထဲမှ မြင်ကွင်းများသည် မြေပြန့်ဒေသတစ်ခုမှ မြင်ကွင်းများနှင့်တူသည်။ ထွန်ယက်စိုက်ပျိုး၍ရသော လယ်ယာမြေများကိုတွေ့ရသည်။ မြေကြီးပေါ်တွင် အပင်များစိုက်ထားသည့်ပုံများ၊ လူတို့က ထိုအပင်များကို ဂရုတစိုက်ပျိုးထောင်နေပုံများပါဝင်သည်။
ယနေ့ခေတ်သူတို့ လူမျိုးစု အခြေချရာနေရာတွင် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေမရှိခြင်းက စိတ်ပျက်စရာပင်။ မျိုးနွယ်စုထဲမှ လူများကလည်း ထွန်ယက်စိုက်ပျိုးရန် ရည်ရွယ်ချက် မရှိကြ။ လေ့ကျင့်ရာမြေပြင်နှင့် တောင်တန်းတဝိုက်မှ ရသော စားပင်များနှင့်ပင် သူတို့အတွက် ဖူလုံနေပြီဖြစ်သည်။
နတ်ဆေးဆရာသည် သားရေချပ်ပေါ်မှ မြင်ကွင်းများကို ကိုယ်တိုင်မြင်တွေ့ ဖူးခြင်း ရှိချင်မှ ရှိပေလိမ့်မည်။ ရှောက်ရွှမ်ကို ဖတ်စေလို၍ ထားခဲ့ဟန်တူသည်။ အမှန်တကယ်ဆိုလျှင် လူမျိုးစုထဲမှ လူတို့ ကျမ်းစာအုပ်ထဲမှ မြင်ကွင်းများကို တွေ့လိုက်ရပါက အသက်ရှူမှားမတတ်ဖြစ်သွားကြမည် သာ။
မည်သို့ပင်ဆိုစေကာမူ နတ်ဆေးဆရာကိုယ်တိုင်ပင် ရှောက်ရွှမ်၏ ပြိုင်ဘက်ကင်းစွမ်းရည်ကို သိသည်မဟုတ်ပေ။
သားရေချပ်ကို အသာဖယ်ထားလိုက်ပြီး ရှောက်ရွှမ်သည် ဆက်လက်လေ့ကျင့်နေသည်။ ယခု သူသည် နတ်ဆေးဆရာ၏ ပန်းချီကို ပုံတူကူးခြင်း မပြုတော့။ သူ့ကိုယ်ပိုင်ပန်းချီတစ်ခုကိုစတင် ရေးဆွဲနေပြီဖြစ်သည်။
သူဆွဲလိုသည်မှာ မြက်ခင်းပြင်ပေါ်တွင် မြင်လိုက်ရသော မြင်ကွင်းဖြစ်သည်။ လေးလေးနက်နက် စဥ်းစားပြီးသည့်နောက်တွင် ပန်းချီကားကို ခဲရာခဲဆစ် အဆုံးသတ်လိုက်ရသည်။ ရှောက်ရွှမ်သည် သူဆွဲထားသော စုတ်ချက်များကို ပြန်ကြည့်လိုက်သည်။ သဏ္ဍာန်ပြစုတ်ချက်ကိုသာ ကြည့်မည်ဆိုလျှင် မြက်ခင်းပြင်ပေါ်မှ အပင်များနှင့် သိပ်ဆက်သွယ်မိမည်မဟုတ်။ စုတ်ချက်သည့် တွန့်လိမ်နေသော တီကောင်တစ်ကောင်နှင့်တူနေသော ကြောင့်ပင်။
သို့သော် အပေါ်ယံ အမြင်က အရေးမကြီးပါချေ။ အရေးကြီးသည်က ပန်းချီဆရာ၏စိတ်အတွင်းမှ ပုံရိပ်ကို သိရှိနိုင်ရန်သာဖြစ်သည်။
ရှောက်ရွှမ်ကတော့ ထိုအချက်ကို သိရှိပြီးသားဖြစ်သည်။
ရှောက်ရွှမ်အရင်ဘဝက ရှေးဟောင်းသုတေသနမှအတန်းဖော်တစ်ယောက်က ပြောဖူးသည်
" သမိုင်းဦးကာလ အနုပညာဆိုတာ အနုပညာဖြစ်တည်မှုသဘောထား ဒါမှမဟုတ် အနုပညာဆိုင်ရာ အတွေးအခေါ် ဖြစ်တည်မှုထက် သမိုင်းဦးကာလ အယူဝါဒဖြစ်တည်မှုလို့ပြောရမယ်"
ထိုအချိန်ကတော့ သူ့ သူငယ်ချင်းပြောသည်ကို ရှောက်ရွှမ်နားမလည်ခဲ့။ အခုတော့ သူနားလည် သွားပြီ ဖြစ်သည်။
နတ်ဆေးပညာကျမ်းအားလုံးကို ပြုစုသူတို့သည် သူနှင့် တခေါတ်တည်း နေထိုင်ကြသူများသာဖြစ်သည်။
ပညာဆက်ခံနိုင်မှုစွမ်းရည်အကူအညီဖြင့် သူတို့၏ အတွေးအခေါ် ဗဟုသုတများကို ထိန်းသိမ်းရန် အနုပညာနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အဖြေကတော့ ဒါပဲ ဖြစ်သည် အပေါ်ယံ အသွင်များနှင့် ဘာမှ မသက်ဆိုင်ပေ။
ထိုအချက်ကို တွေးမိသောအခါ ရှောက်ရွှမ်သည် ပိုမိုတည်ငြိမ်သွားသည်။
မကြာသေးခင်က သူရေးဆွဲခဲ့သော ပန်းချီကားကို ကြည့်ပြီး ရှောက်ရွှမ်တွေးမိသည်။ ထိုပန်းချီကားကို သူ့အရင်ဘဝက ရှေးဟောင်းသုတေသန ပညာရှင်များကို ပြမည်ဆိုပါက ရှောက်ရွှမ်၏ရှုပ်ယှက်ခက်နေသော စုတ်ချက်များကို ဘယ်လိုမှ နားလည် နိုင်မည်မဟုတ်ပေ။