အမြွှာမောင်နှမ
Vol. 7 Ch. 104
နေ့လယ်ပိုင်း ကျောက်တုံးအိမ်တော်မှ အိမ်သို့အပြန်တွင် သိပ်မမှောင်သေးပေ။ ဆေးပင်များ စီရင်ရန်မှာလည်း ပြီးစီးလုနီးနီးဖြစ်သွားပြီ။လတ်တလောတွင် လုပ်စရာအလုပ်သိပ်မရှိပါချေ။ ထို့ကြောင့် ရှောက်ရွှမ်သည် အိမ်ပြန်ပြီး ပန်းချီဆွဲလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
ရှောက်ရွှမ်တစ်ယောက် သမားအိမ်တော်မှ ထွက်ခွာလာပြီးနောက် နားထဲတွင်အသံများ ကြားလိုက်သဖြင့် နားစွင့်ထားလိုက်သည်။ တုံ့ဆိုင်းနေခြင်းမရှိဘဲ အသံကြားရာဆီသို့ အပြေးသွားလိုက်သည်။ တောင်ကြားနှင့်တောင်ထိပ်တစ်နေရာတွင် အထူးနေရာတစ်ခုရှိသည်။ စစ်သည်တော်များ တည်ဆောက်ထားသော လေ့ကျင့်ရေးကွင်း တစ်ခုဖြစ်သည်။
သို့သော် စစ်သည်တော်များလေ့ကျင့်ရသောနေရာမဟုတ်ဘဲ တောင်နားတဝိုက်နေထိုင်ကြသော စွမ်းအင်မနိုးထသေးသည့် ကလေးများ လေ့ကျင့်သည့်နေရာ ဖြစ်သည်။
တောင်ပေါ်တွင် နေထိုင်ကြသော ကလေးများသည် ငယ်စဥ်ကပင် စတင်လေ့ကျင့်ကြပြီး အဆိုပါနေရာသည် သူတို့လေ့ကျင့်ရာ အဓိက နေရာဖြစ်သည်။ သို့သော် နေရာကျဥ်းသောကြောင့် တစ်ယောက်က အပစ်လေ့ကျင့်နေလျှင် တခြားကလေးများက ရှောင်ပေးရသည်။သို့မှသာ ကျောက်လက်နက် သို့မဟုတ် သစ်သားလက်နက်တို့နှင့် မထိခိုက်မိမည်ဖြစ်သည်။ လေ့ကျင့်ရေးကွင်းတွင် ရှိသော ကလေးများသည် စွမ်းအင်မနိုးထသေးပေ။ ထို့ကြောင့် သူတို့ စွမ်းအင်များသည် အကန့်အသတ်ရှိသည်။
ထိုလေ့ကျင့်ရေးကွင်းသို့လာသော ကလေးများသည် ဩဇာကြီးမားသော မိသားစုမှကလေးများဖြစ်သည်။ သူတို့မိဘများ ဘိုးဘေးများသည် မျိုးနွယ်စုအတွင်း အရေးပါသောသူများဖြစ်သည်။ အနည်းဆုံးတော့ သူတို့မိဘများသည် အမဲလိုက်အဖွဲ့ခေါင်းဆောင်များဖြစ်ရမည်။
မဟုတ်လျှင် ထိုကလေးသည် လေ့ကျင့်ရေးကွင်းသို့ လာခွင့်မရှိ။ လေ့ကျင့်ရေးတွင် ပါလာလျှင်လည်း အနှေးနှင့်အမြန် ထုတ်ပယ်ခံရမည်ဖြစ်သည်။
လူတန်းစားခွဲခြားမှုသည် လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေမည်သာ။
ရှောက်ရွှမ်သည် ငယ်စဥ်က ထိုနေရာတွင် မလေ့ကျင့်ဖူးပါ။ နောက်ပိုင်း သူနတ်စွမ်းအင်နိုးထလာသောအခါ တောင်ပေါ်တက်ရင်းနှင့် ထိုကလေးများလေ့ကျင့်နေသည်ကို ကြည့်ဖူးသည်။
အခုတော့ ဆောင်းဝင်ပြီဖြစ်၍ နှင်းများထူထပ်စွာကျနေပြီဖြစ်သည်။ ထိုအခြေနေမျိုးတွင်ပင် လေ့ကျင့်ရေးကွင်းသည် လူပြည့်လျက်ရှိပြီး ဆူညံပွက်လောရိုက်နေသည်။ ကြည့်ရသည်မှာ လေ့ကျင့်ရေးကွင်းတွင် လူအပြည့်ရှိနေသည် ဖြစ်မည်။
လေ့ကျင့်ရေးကွင်းနှင့် နီးလာလေ အသံများကြည်လင်ပြတ်သားလာလေဖြစ်သည်။
တောင်ခြေနှင့် နှိုင်းယှဥ်မည်ဆိုလျှင် တောင်အထက်အလယ်ပိုင်းနေရာမှ လမ်းများသည် နှင်းများထူထပ်စွာကျနေသော်လည်း ရှင်းလင်းသပ်ရပ်နေသည်။ သားရေအနွေးထည်ထူထူဝတ်ထားသော စွမ်းအင်မနိုးထသေးသော ကလေးများသည် အပြင်သို့ထွက်လာမည်။ သူတို့ အိမ်များတွင်လည်း ရေ၊စားနပ်ရိက္ခာအပြည့် ရှိပြီး သူတို့ဝတ်ဆင်ထားသော သားရေများမှာလည်း အကောင်းစား သားရေများဖြစ်သည်။ အပြင်တွင် ရေခဲလုမတတ်အေးနေဦးတော့၊ ထိုအအေးဒဏ်ကို သူတို့မှုစရာမလိုပေ။
ရှင်းလင်းထားသော လမ်းတလျှောက်မှ ရှောက်ရွှမ်သည် လေ့ကျင့်ရေးကွင်းသို့ လျှောက်လာသည်။ ကလေးပေါင်းတစ်ရာကျော်လောက်ရှိပြီး အရွယ်များမှာ ၅နှစ် ၆နှစ်မှစ၍ ဆယ်ကျော်သက် အရွယ်အထိရှိသည်။
မျိုးနွယ်စုစစ်သည်များလို အအေးဒဏ်ကို ရင်မဆိုင်နိုင်သဖြင့် ကလေးများသည် တရုတ်ဆန်ဖက်ထုပ်မုန့်လေးများကဲ့သို့ အဝတ်များဖြင့် ထုပ်ထားရသည်။
ကွင်းအလယ်တွင် ကလေးသုံးယောက်ကို တွေ့ရသည်။ နှစ်ယောက်ကို သူသိသည်။ မိုင်နှင့် ချောင်တို့၏ ကလေးနှစ်ယောက် ယမ်နှင့် ကွမ်း ဖြစ်သည်။
ယမ်ကွမ်းဆိုသည်မှာ ဒေသခံဘာသာစကားအရ နေရောင်ခြည်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ထိုစကားလုံးကို နှစ်လုံးခွဲ၍ ကလေးနှစ်ယောက်ကို အမည်မှည့်ပေးထားသည်။ မိုင်နှင့်ချောင်က သူတို့မိဘများဖြစ်သည်။ အားယမ်က ယောကျ်ားလေးဖြစ်ပြီး သူ့အစ်မ အားကွမ်းထက် နည်းနည်းနောက်ကျပြီး မွေးလာခြင်းဖြစ်သည်။
မျိုးနွယ်စုအတွင်းတွင် အမြွှာ ဟူ၍မရှိသလောက်ပင်။ ယခုချိန်ထိတော့ အမြွှာဟူ၍ ယမ်နှင့် ကွမ်းရှိသည်။ သူတို့မွေးစဥ်က နတ်ဆေးဆရာကိုယ်တိုင် လာကြည့်ခဲ့သည်။
ယမ်နှင့် ကွမ်းသည် ရှောင်ရွှမ်ထက် တစ်နှစ်ငယ်သည်။
သူတို့နှစ်ယောက်သည် စွမ်းအင် နိုးထခြင်း မရှိသေးပေ။
သို့သော် သူတို့တွင် ပါရမီရှိပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံလည်းကောင်းသည်။ ယခုဆောင်းရာသီကုန်လျှင် မိုင်က သူအမြွှာကလေးနှစ်ယောက်ကို နတ်ဆေးဆရာကို ပြသကာ အကြိုရွေးချယ်ခံရသည့် အဖွဲ့သို့ ပို့ရန် စီစဥ်ထားသည်။
အားကွမ်းသည် မွေးကတည်းက မျိုးနွယ်စုထဲတွင် ခွန်အားကောင်းသည်ဟု နာမည်ကျော်ကြားသည်။ သူအရွယ်ရောက်သည်နှင့် စွမ်းအင်နိုးထလာမည်ဟု အားလုံးက ယုံကြည်ထားသည်။ အားကွအမ်းကို ကိုင်တွယ်ရမည်ကတော့ မလွယ်ကူပါ။ အားကွမ်းနှင့် ယှဥ်လျှင် သူ့မောင် အားယမ်က သာမန်မျှသာ။ သူက သိမ်မွေ့ပြီး လူများနှင့် ရန်ဖြစ်လေ့မရှိပေ။ အားကွမ်း ရန်ဖြစ်နေသည်ကို တွေ့လျှင်လည်း သူက ကြားဝင် ဖြန်ဖြေပေးလေ့ရှိသည်။ သူတို့မောင်နှမ နှစ်ယောက်သည် အကျင့်စရိုက်ခြင်း မတူညီကြပါ။
သူတို့နှစ်ယောက်အကြောင်း ပြောရမည်ကတော့ ထိုမျှသာ။
မိုင်နှင့်ချောင်တို့နှင့် ရင်းနှီးသော ရှောက်ရွှမ်ကတော့ အခြေအနေ အစစ်အမှန်သည် ထိုသို့မဟုတ်သည်ကို သိထားသည်။
အားကွမ်းသည် ခွန်အားကြီးမားသော ကလေး အဖြစ် မွေးဖွားလာပြီး သူ့အရွယ် ကလေး၂ယောက်နှင့် သတ်ပုတ်နိုင်သည်။ သူ၏ ဆူဝေလွယ်သော ဒေါသ၊ အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ် တတ်ခြင်း၊ သတ်ပုတ်ရသည်ကို ခင်တွယ်ခြင်းတို့မှာ အများထင်သလို မဟုတ်ပေ။
မျိုးနွယ်စုမှ လူများသည် ယောကျ်ားလေးနှင့် မိန်းကလေးအပေါ်ထားသော သဘောထားများ မတူညီကြပေ။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ထိုးသည်ကို ခံလိုက်ရပါက ပြောကြမည် " လက်သီးလေးတစ်ချက်ထိုးခံလိုက်ရုံနဲ့ မင်းဘာဖြစ်သွားမှာလဲ"။
သို့သော် ယောကျ်ားလေးက မိန်းကလေးကို ထိုးသည်ဆိုလျှင်ကော။
လူကြီးတွေ စိတ်ဆိုးမည်မှာ လုံးဝသေချာသည်။ ဘယ်လောက်စိတ်ပျက်စရာ ကောင်းလိုက်သလဲ။ တခြားလူများက ဘာမှမပြောသည်ထားဦးတော့၊ ကောင်လေး၏ မိဘများက ကောင်လေးကို ရိုက်နှက်ဆုံးမ မည်မှာ အသေအချာပင်။
ထိုအချက်သည် နူးညံ့ သိမ်မွေ့သော စရိုက်လက္ခဏာနှင့် ဘာမှ မဆိုင်ပေ။ မျိုးနွယ်စုထဲမှ လူတို့သည် အဓိပ္ပါယ်မရှိသော အယူများကို စွဲနေခြင်းဖြစ်သည်။ ဤမျိုးနွယ်စုထဲတွင် နတ်ဆေးဆရာများသည် မိန်းကလေးများကို အလေးပေးကာကွယ်သည်။ မိန်းကလေးများသည် မျိုးနွယ်စု အနာဂတ်နှင့် မျိုးဆက်ပြန့်ပွားရေးအတွက် အရေးပါသည်။
မျိုးနွယ်စု အတွင်းတွင် မိန်းကလေးနှင့် ယောကျ်ားလေး အချိုးက မမျှတပေ။ မိန်းကလေးမွေးသည်က နည်းပါးသည်။ ထို့ကြောင့် မျိုးဆက်အသီးသီးမှ နတ်ဆေးဆရာများက မိန်းကလေးဦးရေ နည်းပါးလာမည်ကို အလွန်စိုးရိမ်ကြသည်။
အနီးပါတ်ဝန်းကျင်တွင် အခြားမျိုးနွယ်စုများ ရှိပါက လူငယ်များသည် ထိုမျိုးနွယ်စုမှ မိန်းကလေးများနှင့် လက်ထပ်ယူနိုင်မည် ဖြစ်သည်။ သို့သော် သူတို့နေထိုင်ရာ ဝန်းကျင်တွင် အခြားမျိုးနွယ်စုမရှိပေ။ သွေးသားတော်စပ်သော ယောကျ်ားလေးနှင့်မိန်းကလေးများကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် စုံတွဲဖြစ်လာနိုင်သော ဦးရေမှာ လွန်စွာ နည်းပါးသည်။ ထို့ကြောင့် မျိုးနွယ်စုထဲတွင် လူပျိုကြီးများစွာရှိလေသည်။ လောင်ခဲ့သာ ဒဏ်ရာမရခဲ့လျှင် အခုလောက်ဆို သူ့တွင်သားမြေးများရှိနေလောက်ပြီ။
ထိုကြောင့်လည်း လူငယ် စစ်သည်တော်များက ဒေါင်းများအမြီးဖြန့်၍ မော်ကြွားသကဲ့သို့ ကျက်သရေလမ်းမပေါ်တွင် လမ်းလျှောက်သောအခါ သူတို့ စွမ်းရည်များကို ထုတ်ပြကြသည်။ သူတို့၏ အမဲလိုက်စွမ်းရည်နှင့် အခြားစွမ်းရည်များကို ပြသကြသည်။
ယောကျ်ားလေးနှင့် မိန်းကလေး များအပေါ်ထားသော မတူညီသည့် သဘောထားများကြောင့် သူတို့မောင်နှမ၂ယောက်သည် ရန်ဖြစ်ရန်ကြုံလာသည့်အခါ အားကွမ်က အရှေ့မှ တိုက်ခိုက်ပြီး အားယန်က နောက်မှ လိုက်ဆွဲသူ အဖြစ်နေရသည်။ ထို့နောက် "တော်ပါတော့..မလုပ်နဲ့တော့" ဆိုသည့်စကားများနှင့်အတူ " တောင်းပန်ပါတယ်ခင်ဗျာ သူစိတ်တိုနေလို့ပါ" ဟူသော စကားများကို ပြောရသည်။
အခုလည်း အမြွှာနှစ်ယောက်တို့သည် တခြားအဖွဲ့နှင့် ပြဿနာတက်နေသည်။ အားကွမ်က လက်ရောခြေပါ သုံး၍တိုက်ခိုက်သည်။ သူက ရက်ရက်စက်စက်တိုက်ခိုက်ချင်သည်။ သို့သော် သူ့မောင်က နောက်မှလိုက်ဆွဲနေသဖြင့်
သူ့ခြေကန်ချက်များမှာ အရာမရောက်ပေ။
သို့သော် ထိမိသည့် ခြေကန်ချက်များလည်း ရှိသည်။
ထို့ကြောင့်သာ ကောင်လေး၏ကိုယ်တွင် ခြေရာများထင်နေခြင်းဖြစ်သည်။
အားယမ်က သူ့အစ်မကို လိုက်ဆွဲနေရသည်။ သို့သော် တခြားအဖွဲ့မှ ကောင်လေးတစ်ယောက်ကို အားကွမ်းက ခြေနှင့် ကန်မိသွားသည်။ လက်မနည်းနည်းလောက်လွဲသွားသော်လည်း ကောင်လေး၏သားရေအင်္ကျီပေါ်တွင် ခြေရာထင်သွားသည်။ ထိုကောင်လေးက နောက်ဆုတ်သွားသည်။
အားယမ်က သူ့အစ်မကို တကယ် လိုက်မဆွဲနိုင်တော့ဘူးလား။
ထိုအချက်ကို တစ္ဆေတစ်ကောင်တောင် ယုံမည် မဟုတ်ပါ။
ကလေးနှစ်ယောက်သည် ခွန်အားမျှတသည်။ အားယမ်သာ သူ့အစ်မကို တကယ်ဆွဲထားချင်လျှင် သိပ်ခက်ခဲမည် မဟုတ်ပါ။ အမြွှာ၂ယောက်သည် အလွန်ငယ်ရွယ်သေးပြီး သူတို့မိဘများလို ရိုးသားခြင်း ဟန်ဆောင်မှု ကင်းမဲ့ခြင်းတို့ မရှိသေးပေ။ သူတို့၂ယောက်သည် ဥာဏ်နီဥာဏ်နက်များသည်။ ယနေ့ ရှောက်ရွှမ်ဆီမှ ထောင်ခြောက်ထောင်နည်းများကို သင်ကြားထားမည်ဆိုပါက သူတို့၂ယောက်သည် အခြားကလေးများကို မနက်ဖြန်တွင် လှည့်ဖြားနိုင်မည်ဖြစ်သည်။
နတ်စွမ်းအင်နိုးထပြီးသော ကလေးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်သောအခါ ရှောက်ရွှမ်က လှမ်းအော်လိုက်သည် "ကွမ်း...ကွမ်း" ။
အားလုံးက သူ့ကိုလှည့်ကြည့်ကြသည်။
ရှောက်ရွှမ်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ အားကွမ်းမျက်နှာက ချက်ခြင်း ပြုံးသွားသည်။
သူ့မောင်ဆွဲထားသည့် လက်မှ ရုန်းထွက်ပြီး ရှောက်ရွှမ်ဆီသို့ ပြေးသွားသည်။ သူသည် အင်္ကျီများကို ထူထဲစွာ ဝတ်ဆင်ထားပြီး ဝတ်ရုံတစ်ခုကို ခြုံထားသည်။ သူပြေးနေသောအခါ လှုပ်ရှားနေသူ အများစုက ရှောက်ရွှမ် ဘယ်သူဆိုတာ မသိကြသလို ဂရုလည်း မစိုက်ပေ။ သို့သော် ထိုကလေးများထက် နည်းနည်း ကြီးသော ရှောက်ရွှမ်နှင့်အတူ စွမ်းအင်နိုးထလာသည့်ကလေးများကတော့ ထိုသို့မဟုတ်ပေ။ ရှောက်ရွှမ်သည် မျိုးနွယ်စုအတွက် များစွာ အကျိုးပြုပြီး ပိုအဆင့်မြင့်သည့် အဖွဲ့သို့ ဝင်လိုက်သည်ကို ဖယ်ထားဦး၊ ရှောက်ရွှမ်က အခု နတ်ဆေးဆရာထံမှ ပညာသင်ယူနေပြီဖြစ်သည်။
ရှောက်ရွှမ်၏ ဦးခေါင်းထက်တွင် ရောင်ခြည်များဖြာထွက်နေသကဲ့သို့ပင်။
ထို့ကြောင့် ရှောက်ရွှမ်သည် ကျောထောက်နောက်ခံ မိသားစုမရှိဘဲ မိဘမဲ့ကျောက်ဂူထဲတွင် နေခဲ့ရသည်ဆိုသော်လည်း ရှောက်ရွှမ်ကို ထွက်သွားရန် မည်သူမျှ မပြောရဲပါ။
ခုက လူအုပ်နောက်တွင် ရပ်နေပြီး သူ၏စိတ်များရှုပ်ထွေးသွားသည်။ သူသည် မိဘမဲ့ကျောက်ဂူမှ ကလေးတစ်ယောက် ဖြစ်ပြီး ပြီးခဲ့သောနှစ်များအတွင်း လူအများလေးစားရသော လူငယ်ဖြစ်ခဲ့သည်။ အခုတော့ အားလုံးက ရှောက်ရွှမ်အကြောင်းများကိုသာ ပြောဆိုနေကြသည်။
အချိန်တစ်နှစ်သာရှိသေးသည် အခြေအနေများက အလွန်ပြောင်းလဲသွား ပြီဖြစ်လေသည်။