အခက်အခဲမရှိ
Vol. 7 Ch. 105
အခြေအနေကို အမြွှာတို့က ရှင်းပြပြီးနောက် ဘာကြောင့်ရန်ဖြစ်နေရလဲ ရှောက်ရွှမ်နားလည် သွားပေပြီ။
တောင်ခြေတွင် နေသော လူများ၏အမြင်တွင် အမဲလိုက်အဖွဲ့ငယ်ခေါင်းဆောင်များသည် လေးစားလောက်ဖွယ် လူများပင်ဖြစ်သည်။ သို့သော် ဤလေ့ကျင့်ရေးကွင်းတွင်တော့ ထိုကဲ့သို့ မဟုတ်။ ချောင်နှင့်မိုင်တို့သည် အထက်တန်းလွှာနှင့် အလှမ်းဝေးလှသည်။
ရှောက်ရွှမ်သိသမျှတော့ တောင်ပေါ်မှကလေးအများစု၏ မိဘများသည် အမဲလိုက်အဖွဲ့ငယ်များ၏ခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုအဆင့်မှာ ပြောပလောက်သည်တော့ မဟုတ်။ သူတို့ ဘိုးဘေးများသည် မျိုးနွယ်စုထဲတွင် အရေးပါအရာ ရောက်သော အုပ်ချုပ်ရေးပိုင်းမှ လူများဖြစ်ကြသည်။ မိသားစု၏ ဩဇာနှင့် ဂုဏ်သတင်းက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပိုမိုကျော်ကြားလာသလို သူတို့သည် မျိုးနွယ်စု အတွင်းမှ လူများထက် အားသာသည်မှာ ထင်ရှားသောအချက်ဖြစ်သည်။ သူတို့၏ရာထူးအဆင့်အတန်းကြောင့်လည်း အများကလေးစားရသည်။
ထိုအချက်များနှင့် နှိုင်းယှဥ်လျှင် မိုင်နှင့်ချောင်တို့၏ အမြွှာကလေးများသည် ချမ်းသာသောမိသားစုမှပေါက်ဖွားလာသော်လည်း ကျောထောက်နောက်ခံကောင်းသော မိသားစုမှမဟုတ်ပေ။
နောက်ပြီးတော့ အမြွှာ၂ယောက်သည် ကလေးများလေ့ကျင့်သော လေ့ကျင့်ရေးကွင်းသို့ သိပ်လာလေ့မရှိပါ။ သူတို့မိဘများက တကယ့်လေ့ကျင့်ကွင်းများသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ ကလေးအများစုလည်း သူတို့လိုပင်။ ကလေးများကို ထိခိုက်ဒဏ်ရာမရစေရန် စွမ်းအင်နိုးထပြီးသော စစ်သည်တော်များက ကာကွယ်ပေးကြသည်။
အခုတော့ ဆောင်းရာသီရောက်ပြီဖြစ်သည်။ ယမ်နှင့် ကွမ်းငယ်ငယ်တုန်းကတော့ ဆောင်းတွင်းဆို အပြင်မထွက်ကြပေ။ ထို့ကြောင့် အခုလို အထက်တန်းလွှာကလေးများ၏လေ့ကျင့်ရေးကွင်းသို့ သူတို့ တခါမှ မရောက်ဖူးကြပေ။
အမြွှာနှစ်ယောက်သည် မိုင်နှင့်ခင်မင်သည့် အမဲလိုက်အဖွဲ့များမှ ကလေးများနှင့် သူငယ်ချင်းများဖြစ်ကြသည်။
တောင်ပေါ်မှကလေးများနှင့် မူသိပ်မရင်းနှီးပါ။ ယခုနှစ်တွင် အမြွှာနှစ်ယောက်တို့သည် နည်းလမ်းမှန်မှန် လေ့ကျင့်ပြီး သူတို့၏ နတ်စွမ်းအင်နိုးထလာရန် ရည်ရွယ်ထားကြသည်။
သို့သော် သူတို့က ဤလေ့ကျင့်ရေးကွင်း၏ အခြေအနေကို နားမလည်သလို စည်းကမ်းများကိုလည်း မသိပေ။
ထိုလေ့ကျင့်ရေးကွင်းသည် ကလေးများအတွက်သာ ရည်ရွယ်ထားသဖြင့် လေ့ကျင့်ရေးကွင်းတွင် ဖြစ်ပေါ်သော ကိစ္စများအတွက် လူကြီးများက ဝင်ပါလေ့မရှိပါ။ စွမ်းအင်နိုးထခြင်းမရှိသေးသော ကလေးများကသာ စီမံခန့်ခွဲပြီး စည်းကမ်းချက်များကို သတ်မှတ်သည်။ သူတို့၏ဘိုးဘေးများသည်ပင် လူငယ်ဘဝကို ဖြတ်ကျော်ခဲ့ရသည် မဟုတ်ပါလား။ သူတို့ချမှတ်ခဲ့သော တချို့စည်းကမ်းများကို ယခုထက်တိုင် အသုံးပြုဆဲဖြစ်သည်။
လေ့ကျင့်ရေးကွင်း၏ စည်းကမ်းမှာ ကလေးတစ်ယောက်သည်ဤလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ချင်သည်ဆိုပါက သူတို့နာမည်ကျောက်ပြားကိုချိတ်ဆွဲရမည်ဖြစ်သည်။
နာမည်ကျောက်ပြားကိုချိတ်ဆွဲထားရမည်ဆိုသည်မှာ လေ့ကျင့်ရေးကွင်းအစွန်တွင်ရှိသော ကျောက်သစ်ပင်တွင် နာမည်ရေးထွင်းထားသော ကျောက်ပြားကို ချိတ်ဆွဲရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်မှသာ လေ့ကျင့်ရေးကွင်းသို့ ဝင်ခွင့်ရမည်ဖြစ်သည်။ လေ့ကျင့်ရေးကွင်း၏ အစွန်းဘက်တွင် ကျောက်သစ်ပင်ကြီးတစ်ပင်ရှိသည်။ အစကတော့ ရှောက်ရွှမ်ထင်သည်မှာ တယ်လီဖုန်းတိုင်ဟုသာထင်မိသည်။
အနားကပ်ပြီး လက်နှင့်စမ်းသပ်ကြည့်မှသာ တယ်လီဖုန်းတိုင်မဟုတ်၊ သစ်ပင် အစစ်ကြီးသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကျောက်သစ်ပင်ကြီးသည် ရာဇဝင်နှင့်ဖြစ်သည်။
သက်တမ်းမှာ နှစ်ပေါင်းရာချီရှိနေပြီဖြစ်ပြီး လေ့ကျင့်ရေးကွင်းစတင်တည်ဆောက်ချိန်ကတည်းက ထိုသစ်ပင်ရှိခဲ့သည်ကိုဟုဆိုကြသည်။ သို့သော် ထိုအပင်၏ ကြီးထွားနှုန်းမှာ လွန်စွာနှေးကွေးသည်။ ဆယ်နှစ်ကြာသည့်တိုင်အောင် ထိုအပင်၏ကြီးထွားမှုကို မတွေ့မြင်ရပေ။
ဘိုးဘေးတို့က ထိုသစ်ပင်ကို စိုက်ခဲ့ကြခြင်းဖြစ်ပြီး အခုတော့ လေ့ကျင့်ရေးကွင်းသို့ မည်သူဝင်ခွင့်ရမည် မရမည်ကို ထိုအပင်က အဆုံးအဖြတ်ပေးနေလေပြီ ဖြစ်သည်။
ထိုကျောက်သစ်ပင်ကြီးသည် လူကြီးနှစ်ဖက်စာလောက်ရှိသည် ဖြစ်ပြီး၊ အမြင့်မှာ မီတာ ၅၀လောက်ရှိသည်။ ပင်စည်မှာ သိပ်မကြီးသော်လည်း အမြင့်ကတော့ တော်တော်မြင့်သည်။ ထိပ်ပိုင်းတွင်သာ သစ်ကိုင်းတချို့ရှိပြီး ကျန်သည့်အပိုင်းကတော့ စင်းလုံးချော ပင်စည်သက်သက်သာ။ အခြားရာသီများတွင်တော့ ကလေးများသည် သစ်ကိုင်းတွင် နာမည်ကျောက်ပြားချိတ်ရန် ပင်စည်ကို တွယ်ဖက်တက်ကြသည်။ အနာဂတ်ကာလတစ်နေ့ မျိုးနွယ်စု စစ်သည် တစ်ယောက်ဖြစ်လာသောအခါ လေ့ကျင့်ရေးကွင်းကိုနှုတ်ဆက်သည့် အထိမ်းအမှတ် အဖြစ် အပင်ပေါ်မှ နာမည်ကျောက်ပြားကို တက်၍ဖြုတ်ယူကြသည်။
အောင်ပွဲခံသည့်အထိမ်းအမှတ်ဟုလည်း ပြော၍ရသလို ဓလေ့ထုံးစံဟုဆိုလျှင်လည်း မမှားပေ။
ပုံမှန်အားဖြင့်တော့ ထိုအလုပ်သည် ကလေး၂ယောက်အတွက် သိပ်ခက်ခဲသည့် အလုပ်မဟုတ်ပေ။ သစ်ပင်သည် ကျောက်သားဖြစ်သော်လည်း ပင်စည်မှာသစ်ခေါက်များဖြင့် ကြမ်းတမ်းနေသည်။ ထို့ကြောင့် သစ်ပင်တက်ရန်မှာ သူတို့အတွက် သိပ်မခက်ခဲပါ။
ပုံမှန်အားဖြင့်တော့ ထူးခြားသော အခြေအနေများနှင့် ကြုံရသောအခါ စည်းကမ်းများကို နည်းနည်းပြင်လို့ရသည်။ ဥပမာအားဖြင့် ယခုလို ဆောင်းရာသီအတွင်းတွင် သစ်ပင်တက်ရန် မလွယ်ကူပါ။ သို့သော် ယနေ့အခြေနေသည် နည်းနည်း ကိုင်တွယ်ရခက်သည်။
ကလေးအဖွဲ့၂ဖွဲ့သည် တိုက်ခိုက်ရန်တာစူနေကြပြီး အနိုင်ရသည့်အဖွဲ့က လေ့ကျင့်ရေးကွင်းတွင် ရက်၂၀လေ့ကျင့်ခွင့်ရမည် ဖြစ်ပြီး ရှုံးသည့်အဖွဲ့က လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားရမည်ဖြစ်သည်။
ဆောင်းရာသီတိုင်း ယခုလိုတိုက်ပွဲလေးများ အမြဲဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် ဆောင်းရာသီအကုန်တွင် စွမ်းအင်နိုးထလာရန်ပြင်ဆင်နေကြသောကြောင့် ဖြစ်သည်။ ဆောင်းရာသီမကုန်ခင် ပဏာမ ရွေးချယ်မှုအတွက် အသင့်တော်ဆုံးဖြစ်နေစေရန်နှင့် ကျန်းမာသန်စွမ်းမှုရှိစေရန် ယခုတိုက်ပွဲကို အစွမ်းကုန်တိုက်ကြရမည် ဖြစ်သည်။
အပစ်အခတ်လေ့ကျင့်ရန် နှင့် အခြားလေ့ကျင့်မှုများ ပြုလုပ်ရန် အသင့်တော်ဆုံးနေရာမှာ တောင်အထက်အလယ်ပိုင်းမှ ဤလေ့ကျင့်ရေးကွင်းသာဖြစ်သည်။ တောင်ခြေတွင်လည်း မြေပြန့်ကွင်းများရှိသည် ဖြစ်သော်လည်း ကလေးများက မသွားလိုကြပေ။
ထို့အပြင် ဤလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခွင့်တစ်နေရာရသူသည် အဆင့်အတန်းတစ်ခုရှိသွားပြီဖြစ်သည်။
ဤလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခွင့်မရဘဲ ရပ်ကြည့်ခွင့်ရရုံနှင့်ပင် တော်တော်ဂုဏ်ရှိသွားပြီဖြစ်သည်။ ဥပမာအားဖြင့် ခုကို အခြားကလေးတစ်ယောက်က ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူလေ့ကျင့်ခွင့်မရသည်မှာ အရည်အချင်း မပြည့်ဝသောကြောင့်မဟုတ် သစ်ပင်ကြီးပေါ်တွင် နာမည်ကျောက်ပြားရေးဆွဲခြင်း မပြုခြင်းကြောင့်သာ။ ဒါတောင် "ခု" တောင်ခြေပြန်ရောက်လျှင် သူ့သူငယ်ချင်းများကို ကြွားဝါပြောဆိုလေ့ရှိသည်။
မူလစည်းကမ်းအရဆိုလျှင် ဤလေ့ကျင့်ရေးကွင်းတွင် ကလေးများ အလှည့်ကျ လေ့ကျင့်ရသည်။ ပထမအဖွဲ့က ပထမဆယ်ရက် လေ့ကျင့်မည်ဆိုပါက နောက်အဖွဲ့က နောက်ဆယ်ရက် လေ့ကျင့်ရသည်။ ယခုရာသီတွင်တော့ တိုက်ခိုက်ခြင်းဖြင့် ဆုံးဖြတ်သည်။
ပုံမှန်အားဖြင့်တော့ မျိုးနွယ်စုထဲမှလူများသည် ပြဿနာတစ်ခုခု ကြုံလာရပါက တိုက်ခိုက်၍ ဖြေရှင်းကြသည်။
မျိုးနွယ်စုထဲမှ လူအများစုက ကလေးများ အပြန်အလှန်တိုက်ခိုက်ခြင်းသည် သူတို့အတွက် အကျိုးရှိသည်ဟု ယုံကြည်ကာ ထိုတိုက်ခိုက်ခြင်း ဓလေ့ထုံးစံကို လေးစားကြသည်။
လေ့ကျင့်ရေးကွင်းကို ဘယ်သူသုံးရမည့် အလှည့်လဲဆိုတာက အရေးမကြီး။ အားလုံး၏ အတွေးတို့က အတူတူပင်ဖြစ်သည်။ ကျုပ်တို့ကလေ့ကျင့်ရေးကွင်းကို ယခုချက်ချင်းအသုံးပြုချင်သည်။ ခင်ဗျားတို့ နောက်ဆုတ်မည်လား။ နောက်မဆုတ်ဘူး ဆိုပါက တိုက်ခိုက်ရန်သာရှိသည်။
နိုင်သူက မှန် ၊ ရှုံးသူက အမှားပင်တည်း။
ယခုလို လေ့ကျင့်ရေးကွင်းကို နေရာယူရန်အတွက် တိုက်ခိုက်၍သာ ဖြေရှင်းလေ့ရှိကြသည်။
ထိုအချိန်သို့ ရောက်လာပါက အဖွဲ့တိုင်းသည် သူတို့၏ မိတ်ဆွေများနှင့် မိသားစုများအပါအဝင် စွမ်းအင်နိုးထပြီးသား စစ်သည်တော်များကို ခေါ်လာလေ့ရှိသည်။
ရှောက်ရွှမ်က မောင်နှင့် မော့အာကိုတွေ့လိုက်ရသည်။ ပုံမှန်ဆိုလျှင်တော့ သူတို့သည် တိုက်ခိုက်ခြင်းများတွင် ဝင်ပါလေ့မရှိပေ။ စွမ်းအင်နိုးထပြီးသော စစ်သည်များသည် ကလေးများကို ကြည့်ရှူအားပေးရန်သာ လာကြခြင်းဖြစ်သည်။
အဖွဲ့၂ဖွဲ့သည် စခန်း၂ခုမှ လာခြင်း ဖြစ်သည်။ တစ်ဖွဲ့က ထာ့အမဲလိုက်အဖွဲ့မှ ဖြစ်ပြီး တစ်ဖွဲ့က ကွေ့ဟယ် အမဲလိုက်အဖွဲ့မှဖြစ်သည်။
ထိုအချိန်ထိ ယမ် နှင့် ကွမ်း တို့သည် ကြည့်ရှူရန် လာကြခြင်းဖြစ်သည်။ အဖွဲတစ်ဖွဲ့မှ သူတို့သူငယ်ချင်းများသည် ယမ်နှင့်ကွမ်းကို ကြိုဆိုကြသည်။ သို့သော် အခြားအဖွဲ့ကမူ သဘောမတူဘဲ သူတို့ကို ရိုးရာအရဆိုလျှင် ယမ် နှင့် ကွမ်း တို့သည် ဤနေရာသို့ လာခွင့်မရှိဟုဆိုသည်။ ထိုသို့ အငြင်းပွားပြီးနောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။
အမြွှာ၂ယောက်တို့ကလည်း သူတို့ဒေါသကို မထိန်းဘဲ သူတို့ကို တားသော အဖွဲ့ကို ပြေးကန်သည်။
အားကွမ်းကန်သည်ကို ခံလိုက်ရသော ကလေးက အားကွမ်းကို အမြင့်ကြောက်တဲ့ကောင်မလေးဟု စသည်။
အခြေအနေကို အကဲခတ်ပြီး နောက် ရှောက်ရွှမ်သည် ကျောက်သစ်ပင်ကြီးကို ကြည့်လိုက်သည်။
အခြားသစ်ပင်များနှင့် မတူ ကျောက်သစ်ပင်ကြီးသည် ရေခဲများဖုံးလွှမ်းလျက်ရှိသည်။ ကျောက်သစ်ပင်ကို အထိအခိုက်မရှိဘဲ တက်ပြီး နာမည် ကျောက်ပြား ချိတ်ဆွဲရန်မှာ မဖြစ်နိုင်ပေ။
ယခုလို အခြေအနေမျိုးတွင် စွမ်းအင်နိုးထပြီးသော စစ်သည် တစ်ယောက်ပင် ကျောက်သစ်ပင်ကို တက်ရန် မဖြစ်နိုင်ချေ။
ရှောက်ရွှမ်လည်း မုန့်ဖက်ထုပ်ကလေးများလို ထုပ်ထားသော ကလေး၂ယောက်ကို ကြည့်လိုက်၊ သစ်ပင်ကြီးကို ကြည့်လိုက်ဖြစ်နေသည်။ သစ်ပင်ကို တက်သည်ထားဦး အမြွှာ၂ယောက်သည် ပြန်ပြုတ်ကျမည်ဖြစ်သည်သာ။
"ကျောက်လက်နက်သုံးခွင့်မရှိဘူးလား"
ရှောက်ရွှမ်ကမေးသည်။
"မရဘူး အဲဒါဆိုရင် သစ်ပင်ကို ထိခိုက်မိလိမ့်မယ်၊ ကြိုးတော့သုံးနိုင်တယ်"
ဖြေလိုက်သောတစ်ယောက်က ယမ်နှင့်ကွမ်းတို့နှင့် သက်တူရွယ်တူသာ။ မျက်နှာထားမှာ မောက်မာပြီး ကြောက်မက်ဖွယ်ပင်။
ထို့နောက် မုန့်က စဥ်းလဲစွာ ပြုံးရင်း အမြွှာ၂ယောက်ကို မေးသည်
"မင်းတို့ အရမ်းဂုဏ်ယူရတဲ့ ခွန်အားကိုမသုံးတော့ဘူးလား"
"သူ့နာမည်က မုန့်တဲ့.. သူအဆိုးဆုံးပဲ..ညီမတို့ကို ဒီလေ့ကျင့်ရေးကွင်းကို ဝင်ခွင့်မပေးတာ သူပေါ့"
အားကွမ်းက ရှောက်ရွှမ်ကို လှမ်းပြောသည်။
ရာသီဥတုက အရိုးကွဲမတတ်အေးနေပြီး နှင်းများလည်း ထူထပ်စွာကျနေသည်။ စွမ်းအင်မနိုးထသေးသော ကလေးများသည် ခိုက်ခိုက်တုန်အောင်ချမ်းနေကြသည်။ ကလေးအများစုက သူတို့လည်း သစ်ပင်ကို မတက်နိုင်သဖြင့် အမြွှာမောင်နှမသည်လည်း သစ်ပင်ကို တက်ရန် လက်လျှော့လိုက်မည်ဟုထင်ကြသည်။ ဘာကြောင့်အချိန် ဖြုန်းနေသနည်း။ တိုက်ခိုက်ခြင်းကို သူတို့ ကြည့်လိုလှပြီ။ အအေးထဲတွင် သွေးခဲသည်အထိ စောင့်ရန် သူတို့ လာခြင်းမဟုတ်။
ရှောက်ရွှမ်က အမြွှာ၂ယောက်ကို ကြည့်ရင်း မေးသည်။
"ကဲ... မင်းတို့ဘာလုပ်ကြမလဲ"။
ကလေး၂ယောက်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ခါတိုင်းဆိုလျှင် ဥာဏ်နီဥာဏ်နက်တို့ ပြည့်နေသော်လည်း အခုတော့ သူတို့မကြံတတ်တော့ပါ။
" တကယ်တော့ နာမည်ချိတ်တဲ့ကိစ္စက စောင့်လို့ရပါတယ်...တိုက်ပွဲပြီးသွားရင် ဒီလေ့ကျင့်ရေးကွင်းကို ငါတို့ ရက်၂၀ပိုင်သွားမှာပဲ..မင်းတို့ကတော့ နောက်မှ လာကျင့်ပေါ့" မော်က အမြွှာ၂ယောက်ကို လှမ်းပြောလိုက်သည်။
မန် အနောက်တွင်ရှိနေသော ကလေးတစ်ယောက်က လှမ်းပြောသည် "မင်းတို့က နိုင်မှာကျနေတာပဲ"။
အဖွဲ့၂ဖွဲ့က နောက်ထပ်ရန်ဖြစ်ရန်တာစူနေသည်။ ရှောက်ရွှမ်လည်း ခေါင်းရမ်းမိသည်။ အဖွဲ့၂ဖွဲ့ကြားတိုက်ခိုက်မှုက သက်သက်၊ လေ့ကျင့်ရေးကွင်းသို့ ဝင်ခွင့်ရရန် အရည်အချင်းပြည့်ဝမှုအတွက် သူတို့ ငြင်းခုံနေကြခြင်းဖြစ်သည်။
ရှောက်ရွှမ်က ပြောသည်။
"ဒါသိပ်ခက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး"။
ရှောက်ရွှမ်၏ အသံကို ကြားသောအခါ အဖွဲ့၂ဖွဲ့လုံးမှ ကလေးများက သူ့ကို လှမ်းကြည့်ကြသည်။
မခက်ဘူးဟုတ်လား။ သူအပိုတွေပြောနေတာ ဖြစ်မည်။
မုန့်နှင့် သူ့အဖော်များသာမက မော်တို့ဘက်မှ လူများကပါ ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ ရှောက်ရွှမ် ထိုသို့ ဘာကြောင့်ပြောလဲ သူတို့မသိပါ။
" ကျောက်လက်နက်တွေ မသုံးရဘူး ဟုတ်လား"
ရှောက်ရွှမ်ကမေးသည်။
"ဟုတ်တယ်"
မုန့်ကဖြေသည်။
"တခြား လူတွေဆီက အကူအညီမယူရဘူး ဟုတ်လား"
"ဟုတ်တယ်"
"အဲဒါတွေ မဟုတ်တဲ့တခြားအချက်တွေကိုကော ခွင့်ပြုလား"
"ရတယ် ပြောကြည့်လိုက်"
"ကျွန်တော် တောင်းဆိုမှာက ရှင်းရှင်းလေးပါ"
ထိုသို့ပြောရင်း လူအများက သိလိုစိတ်ပြင်းပြစွာကြည့်နေသည့် မျက်လုံးပေါင်းစုံအောက်တွင် ရှောက်ရွှမ်လည်း ပါးစပ်ထဲသို့ လက်၂ချောင်းထည့်ကာ လေချွန်လိုက်တော့သည်။