အခန်း (၂၈၃)
Vol. 19 Ch. 283
"မင်းမှာအကြံကောင်းရှိလား" ယွဲ့ချီက စိတ်ဝင်တစား မေးလိုက်သည်။
"ဒီပြဿနာကို ကူညီဖြေရှင်းပေးမယ့် နည်းလမ်းကောင်းတစ်ခု ပေါ်လာလိမ့်မယ်" တခြားကောင်လေးကပြောလိုက်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးပြပြီး သောက်စရာများကို တိုက်လိုက်ကြသည်။
ဖန့်ရှောင်နွမ်၏ အတန်းထဲတွင် သူမရဲ့စိတ်ကိုလာဆွတဲ့ ယောက်ျားလေးတွေ မရှိကြပေ။ ဘာလို့လဲဆိုတော့ သူမ လူရိုက်တတ်တယ်ဆိုတာကို သူတို့တွေသိနေတာကြောင့်ပါပဲ။ ကျီဝမ်တောင် သုံးကြိမ် ရိုက်နှက်ခံခဲ့ရပြီး နှစ်ခါလောက်က ဆေးရုံတင်ခဲ့ရသည်။ ဖန့်ရှောင်နွမ်ကို လိုက်ချင်ရင် သူမကို အနိုင်ယူနိုင်ရမည်။ ဒီလိုမှမဟုတ်ရင် တစ်နေ့မှာ သူမ မပျော်ရင် သူ့ကိုရိုက်ပစ်ပြီး ဆေးရုံပို့ပစ်လိမ့်မယ်။ ထို့ကြောင့် ဖန့်ရှောင်နွမ်ကို ဆွဲဆောင်လိုပါက သူမကို အနိုင်ယူနိုင်ရမည်။
!!
ကျီဝမ်က အရက်သောက်ပြိုင်ပွဲမှာ သေချာပေါက် ပါမယ်လို့ အစကတည်းက ပြောထားပြီးသား။ သူတို့က တစ်ကျော့သာသောက်ခဲ့ပြီး ရှင်းရှင်းလင်းလင်း အောင်နိုင်သူ မရှိသေးပေ။ သူတို့ ထပ်ကြိုးစားကြဖို့ အဆင်သင့်ဖြစ်နေပြီ။
“အခု သရေဖြစ်နေတယ်။ ဒီတစ်ခါတော့ ဘီယာတစ်ပုလင်း သောက်ရအောင်။ တစ်ပွဲကို ယွမ် ၁၀၀၀၀၀ ပဲ။ လုပ်ရဲလား " ကောင်လေးတစ်ယောက်က ကျီဝမ်ကို လက်ညှိုးထိုးလိုက်သည်။
ကျီဝမ်က ပြုံးပြီး စားပွဲပေါ် ဗူးအလွတ်ကို ချထားလိုက်သည်။ လူတိုင်းက ကျောင်းသားတွေချည်းပဲလို့ သူခံစားမိတဲ့အတွက် ပြောလိုက်သည်။ “၁၀၀၀၀၀ က အရမ်းများတယ်။ ဒါက အတန်းပြန်တွေ့ဆုံပွဲတစ်ခုလေးပဲ။ တစ်ပွဲကို ယွမ် ၁၀၀၀၀ ဆို လောက်ပြီ။ အများကြီး ကစားဖို့ မလိုဘူး။”
တခြားအမျိုးသားတွေက ဒီစကားကိုကြားတဲ့အခါ ကျီဝမ် ကြောက်နေတယ်လို့ထင်ပြီး သူတို့ထေ့ငေါ့ကာပြောလိုက်ကြသည်။ “ သခင်လေးကျီ၊ မင်းပိုက်ဆံဆုံးဖို့မတတ်နိုင်ဘူး မဟုတ်လား။ မင်းမှာ ပိုက်ဆံမရှိရင် မင်းဘေးနားက အလှလေးနှစ်ယောက်နဲ့ ငါတို့မှာ အခွင့်ရေးရှိလာအောင် သူတို့ကို လောင်းကြေးထပ်လိုက်လေ။ ဟားဟားဟား!"
သူတို့ပတ်ဝန်းကျင်က လူတွေက ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီကို ဟာသလုပ်နေကြပေမယ့် ကျီဝမ် အတွက်တော့ သူ့အချစ်ဆုံးသူငယ်ချင်းတွေကို စော်ကားလိုက်တာပင်။
အခုလေးတင် ရယ်နေသေးတဲ့ ကျီဝမ်မှာ ချက်ချင်းပင် အုံ့မှိုင်းသွားသည်။ သူစကားပြောရင်း သူ့မျက်လုံးတွေမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။ “ငါ ပိုက်တံဆုံးဖို့ မတတ်နိုင်ဘူးလို့ မင်းထင်နေတာလား။ အရမ်းကြီး ကစားချင်နေရင်လည်း ငါးသန်း လောင်းလိုက်ရအောင်။ ဘယ်သူ အရင် ရှုံးမှာလဲ။ မင်းလုပ်ရဲလား "
သူက ပြုံးပြီး သူ့ပတ်ဝန်းကျင်က ကျောင်းသားတွေကို ကြည့်လိုက်ပြီး သူ့သူငယ်ချင်းနှစ်ယောက်ကို ဟာသလုပ်ခဲ့တဲ့ ကောင်လေးကို မျက်စပစ်ပြလိုက်သည်။
ထိုလူ၏အမူအရာမှာ အေးခဲသွားသည်။ "ငါးသန်းလား။ ဒီလောက်တောင်လား " သူက တစ်ပွဲလျှင် ယွမ်ငွေ ၁၀၀၀၀၀ ကစားရဲသော်လည်း တစ်ပွဲလျှင် ယွမ် ၅ သန်းဆိုလျှင် သူရှုံးသည့် အကြိမ်တိုင်းအတွက် ယွမ် ၅ သန်း ပေးရမည်ဖြစ်သည်။ ဆုံးရှုံးမှုက ကြီးမားလွန်းသည်။ ကျီဝမ်က နောက်ပြောင်နေပုံမပေါ်ပေ။
“ကစားလေ! ဘာလို့မလုပ်ရဲရမှာလဲ။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်!" ယွဲ့ချီ ရုတ်တရက် လမ်းလျှောက်လာပြီး ကြားဝင်လိုက်သည်။ ကျီဝမ်က ဒေါသလာဆွခဲ့တဲ့ ကောင်လေးကို ပုတ်လိုက်ပြီး ပြောခဲ့သည်။ "ကျန့်လျန်၊ ဒါက အရမ်းပျော်စရာကောင်းတဲ့ ကစားနည်းပဲ၊ မင်း ကစားရမှာပေါ့!"
ကျန့်လျန်၏ အမူအရာက ချဥ်သွားသည်။ “သခင်လေး ယွဲ့ ၊ ငါ…”
ယွဲ့ချီက သူ့ကို စကားစပြောဖို့ အခွင့်အရေးမပေးဘဲ ပြောခဲ့သည်။ “ငါတို့ မကြာခဏ အတူတူ မရှိဘူး ဆိုတော့ ပျော်ရမှာပေါ့။ မင်းရှုံးရင် ငါ မင်းအတွက် ငါးသန်းပေးမယ်။ အဲဒါ ဘယ်လိုလဲ"
"ရို ! သခင်လေး ယွဲ့က အရမ်းရက်ရောတာပဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ သခင်လေး ယွဲ့ရဲ့ မိသားစုက ချမ်းသာတယ်!" ကျောင်းသားအချို့က သူ့ကို ချီးကျူးကြသည်။
"ကျန့်လျန်၊ သွားကစားလိုက်။ သခင်လေး ယွဲ့က မင်းအတွက် ပေးမယ်လို့ ပြောထားပြီးသားပဲ။ မင်းအနိုင်ရရင် ပိုက်ဆံက မင်းပိုင်လိမ့်မယ်။ ဘာလို့ တုံ့ဆိုင်းနေသေးတာလဲ"
ယွဲ့ချီက ကျန့်လျန်၏ ပခုံးကို ပုတ်လိုက်သည်။ “စိတ်မပူနဲ့။ ကျောင်းသားတွေ စောင့်ကြည့်နေကြတယ်။ မင်းရှုံးရင် ငါ မင်းကို သေချာပေါက် ကူညီပေးမှာပါ "
ကျီဝမ်က မကောင်းတဲ့ ယွဲ့ချီကို တစ်ချက်ကြည့်လိုက်ပြီး ခပ်လှမ်းလှမ်းမှ သူ့အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ "ကောင်းပြီ၊ မင်းကစားချင်တယ်ဆိုမှရတော့ မင်းရဲ့စိတ်ခံစားချက်အတိုင်း ကစာပေးရတာပေါ့။ တစ်ပွဲကို ငါးသန်း။ ဒီမှာမင်းသွား။ ငါ့ကို ဘီယာနည်းနည်းချပေး!"
ကျီဝမ်က သူ့ဘဏ်ကတ်ကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ ယွဲ့ချီက ကတ်တစ်ကတ်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ သူတို့ နှစ်ယောက် လျှို့ဝှက် ပြိုင်ဆိုင်နေကြပြီ။
ခဏအကြာတွင် စားပွဲပေါ်ရှိ ဘီယာပုလင်းများအားလုံး ရှင်းသွားပြီးနောက် စားပွဲထိုးက နောက်ထပ် ဘီယာပုလင်းများ ယူလာပေးသည်။
သောက်စရာတွေအားလုံးကို စားပွဲထိုးက ဖွင့်ပေးသည်။ ဟိုးအဝေးက ကောင်မလေးတွေက မြင်ကွင်းကိုမြင်ပြီး အာမေဋိတ်သံပြုခဲ့ကြသည်။ “ဝါး! ကျီဝမ်က ကျန့်လျန် နဲ့ ဘီယာသောက်တဲ့ ပြိုင်ပွဲတစ်ခု လုပ်တော့မယ်။ တစ်ပွဲကို ငါးသန်းတဲ့။ အားလုံးပဲ သွားကြည့်ကြရအောင်။ သူတို့ ပိုက်ဆံအများကြီးနဲ့ ကစားနေကြတာ”
ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ နှစ်ယောက်သား တစ်ပြိုင်နက် မတ်တပ်ထရပ်ကာ အမြန်လျှောက်သွားကြသည်။
ကျီဝမ်နဲ့ ကျန့်လျန်တို့က အဆက်မပြတ် သောက်နေကြဆဲပင်။ ကျီဝမ်က သူ့ကုတ်အင်္ကျီကိုတောင် ချွတ်ပြီး ဆိုဖာပေါ် လွှင့်ပစ်လိုက်သည်။ ကော်ဖီရောင် ရှပ်အင်္ကျီတစ်ထည်ကိုသာ ဝတ်ထားပြီး သူ့နှုတ်ခမ်းမှာ ဘီယာပုလင်းကို တေ့ထားသည်။
ကျန့်လျန်က ဘာအားနည်းချက်ကိုမှ မပြဘဲ ပုလင်းထဲမှဟာကို သောက်လိုက်သည်။ သူသည် ကျီဝမ်ကို မျက်လုံးထောင့်မှ စိုက်ကြည့်ကာ သူနှင့် ပြိုင်နေသည်။
ကျီဝမ်က ပိုမြန်တယ်ဆိုတာ သိသာသည်။ ပုလင်းတစ်လုံးပြီးတာနဲ့ နောက်တစ်လုံးကို အမြန်ယူခဲ့သည်။ ကြည့်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ယောက်ျားလေး နှစ်ယောက်ကို လက်ခုပ်တီးကာ ဝိုင်းအားပေးခဲ့ကြသည်။
ဒါပေမယ့်လည်း ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့သာ စိတ်ဆိုးနေခဲ့ကြသည်။ ကျီဝမ်အတွက် သူတို့ နှလုံးသားတွေ နာကျင်သွားသည်။
ဖန့်ရှောင်နွမ်က သူမဘေးနားရှိ အတန်းဖော်တစ်ဦးကို ဆွဲပြီးမေးလိုက်သည်။ “အသောက်ပြိုင်ပွဲတစ်ခုဆိုရင် အသောက်ပြိုင်ပွဲတစ်ခုပဲ။ ဘာလို့ တစ်ပွဲကို ငါးသန်းနဲ့ ကစားရတာလဲ။"
ကျောင်းသားက ပြောခဲ့သည်။ “ကျီဝမ်က သူ့ဘာသာ လောင်းကြေး ငါးသန်းဆော့တာ။ ကျန့်လျန်က ကျီဝမ် မလုပ်နိုင်ရင် မင်း ဒါမှမဟုတ် စစ်ယွီနဲ့ အလောင်းအစားလုပ်လို့ရတယ်လို့ ပြောခဲ့တယ်။ နောက်ဆုံးတော့ သူက ငါးသန်းနဲ့ ကစားချင်တယ်လို့ တိုက်ရိုက်ပြောခဲ့တာ ”