← Chapters

ပြိုင်ပွဲ

Vol. 8 Ch. 107

ပြိုင်ပွဲ

Vol. 8 Ch. 107

တာဝန်ပြီးဆုံးသောအခါ စိတ်မရှည်တော့သော ချာချာကို ရှောက်ရွှမ်က ပြန်လွှတ်လိုက်လေသည်။

သေချာတွေးကြည့်လျှင် ရှောက်ရွှမ်က စည်းကမ်းကို လက်တစ်လုံးခြားလုပ်လိုက်ပြီး တခြားကလေးများကို အနိုင်ကျင့်လိုက်သည်ကို တွေ့နိုင်သည်။

သို့သော် အခြေအနေကလည်း ခါတိုင်းနှင့်မတူ ထူးခြားသော အခြေအနေဖြစ်နေသည်။ အခြားအဖွဲ့များက အမြွှာ၂ယောက် မတတ်နိုင်သည်ကို ဖိအားပေးတောင်းဆိုသည် မဟုတ်ပါလား။ အတိတ်တုန်းကဆိုလျှင် ထိုကဲ့သို့တောင်းဆိုမည် မဟုတ်ပါ။ ယခုလိုရာသီမျိုးတွင် ဘယ်သူမှလည်း ကျောက်သစ်ပင်ကို မတက်နိုင်ပါ။

ရှောက်ရွှမ်က အမြွှာ၂ယောက် အကြောင်း ကောင်းကောင်းသိသည်။ သူတို့သည် လွယ်လွယ်နှင့် လက်လျှော့တတ်သူများ မဟုတ်။ အခုအချိန်တွင် ချာချာက သူတို့နာမည်ကျောက်ပြားချိတ်ရန် ကူညီလိုက်သည် ဖြစ်သော်လည်း ဆောင်းရာသီကုန်ဆုံးသောအခါ သစ်ပင်ပေါ်တက်၍ သူတို့နာမည်ကျောက်ပြားကို ပြန်ဖြုတ်ရမည် ဖြစ်သည်။ ထိုသို့လုပ်မှသာ နည်းမှန်လမ်းမှန်ဖြစ်ပြီး အရည်အချင်းပြည့်ဝသူများဖြစ်ကြောင်းကို သက်သေပြနိုင်မည်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ချာချာက အဝေးသို့ ပျံထွက်သွားပြီဖြစ်သည်။ အားကွမ်းက သုန်မှုန်နေသော မုန့် မျက်နှာနားတွင် သီချင်းတိုးတိုးလေး ညည်းပြလိုက်သည်။ ထို့နောက်" ငါတို့ဆောင်းရာသီကုန်မှာ စွမ်းအင်မနိုးထဘူးဆိုရင် နောက်တစ်ခေါက်ပြန်တက်ပြမယ်...နင်စောင့်ကြည့်လိုက်"ဟုပြောလိုက်လေသည်။

အားယမ်က သူ့အမဘက်မှ လိုက်၍ "အဲဒီလိုလုပ်ဖို့ ငါတို့ကတိပေးတယ်"။

ချာချာ ပြန်သွားပြီ ဖြစ်သော်လည်း ခုနက အခြေအနေကြောင့် လူများ၏စိတ်ထဲတွင် အတွေးတစ်ခုကျန်ခဲ့သည် ဖြစ်သည်။ သိပ်လေးလေးနက်နက် မဟုတ်သော်လည်း အနာဂတ်တွင် ခုလို ကိစ္စမျိုးကြုံမည်ဆိုပါက ခုနက ဖြစ်ရပ်ကို ပြန်တွေးမိကြမည်ဖြစ်သည်။

ကလေးများက အတွေးအခေါ် အသစ်များကို လူကြီးများထက် လွယ်လွယ် လက်ခံကြသည်။ ဆောင်းရာသီကုန်ဆုံးပြီးနောက်တွင် ရှောက်ရွှမ်က ဆီဇာကို အမဲလိုက်ရန်ခေါ်သွားမည်ဖြစ်သည်။ လူများသည် သူ၏တိရစ္ဆာန်များကို ယဥ်ပါးလာအောင် ပြုလုပ်နည်းကို လက်ခံလာကြမည်ဟု ယုံကြည်ထားသည်။

မိဘမဲ့ကျောက်ဂူ၏ ကျောက်သားခန်းမနံရံများပေါ်က ပန်းချီကားများပေါ်တွင် ခွေးသမင်များနှင့် အမဲလိုက်နေကြသည့်ပုံများကို ရေးဆွဲထားသည်။ တစ်နေ့တွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး ပြန်ဖြစ်ပေါ်လာလိမ့်မည်။ နတ်ဆေးဆရာကလည်း ရှောက်ရွှမ်နှင့်အမြင်တူသည်။

ရှောက်ရွှမ်က အမြွှာ၂ယောက်ကို ပြောသည် " ကဲ မင်းတို့ ကိစ္စကို ကူညီပြီးပြီဆိုတော့ ငါသွားတော့မယ်"

သို့သော် အားကွမ်းက " မသွားပါနဲ့ အကိုရွှမ်.. ခဏနေရင် ညီမ တစ်ယောက်ချင်းတိုက်ပြီး ပြိုင်ပွဲဝင်ရဦးမယ်"ဟုပြောသည်။

မုန့်ဘက်မှ ကလေးများက အော်ပြောသည် " မရဘူး အားကွမ်း..နင်ပြိုင်ပွဲဝင်လို့မရဘူး"။

" ဟုတ်တယ်..အားယမ်ကို နင့်နေရာဝင်ဖို့တောင်းဆိုလို့ရတယ်"

" ငါသဘောတူတယ် အားယမ်..မင်းအစ်မကို ဘယ်လိုလုပ်ပြိုင်ပွဲဝင်ခွင့်ပေးရမှာလဲ"

အစောပိုင်းက အမြွှာ၂ယောက်တို့နှင့် ရန်ဖြစ်နေရသည်မှာ အကြောင်းရှိသည်။ ပထမအကြောင်းမှာ အဖွဲ့၂ဖွဲ့သည် လေ့ကျင့်ရေးကွင်းကို အပိုင်ရရန် တိုက်ခိုက်နေကြခြင်း ဖြစ်ပြီး တစ်ဖွဲ့က အခြားတစ်ဖွဲ့ကို စိတ်ပျက်အားလျော့သွားစေရန် တစ်ခုခုလုပ်ချင်နေကြသည်။ ဒုတိယအကြောင်းမှာ ပိုအရေးကြီးသည်။ အားကွမ်သည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ခွန်အားကြီးမားစွာ မွေးဖွားလာသည်။ထိုသို့ ခွန်အားကြီးမားသော မိန်းကလေးမျိုး ပြိုင်ပွဲသို့ဝင်လာမည်ဆိုပါက မုန့်တို့ဘက်တွင် သူနှင့်ယှဥ်တိုက်ရန် လူမရှိပေ။ တစ်ယောက်က အားကွမ်းအစား အားယမ်ကို တိုက်ခိုက်ရန် အဆိုပြုသည်။ ကလေးအများစုကလည်း ထိုအဆို ကိုထောက်ခံသည်။

ရှောက်ရွှမ်က ကလေးအုပ်ကိုကြည့်ရင်း စိတ်ထဲမှ ကြိတ်ပြုံးနေမိသည်။ တော်တော်မိုက်မဲတဲ့ ကလေးတွေပါလား။

သူတို့သည် အမြွှာ၂ယောက်၏လှည့်ကွက်အတွင်း သက်ဆင်းသွားပေပြီ။ တစ်ယောက်က အားယမ်သာတိုက်ခိုက်ရမည်ဟုပြောလိုက်သောအခါ အမြွှာ၂ယောက်မှာ မည်သို့မျှမပြော ပြုံးရုံသာပြုံးနေလိုက်တော့သည်။

သုံးပွဲယှဥ်ပြိုင်ရမည်ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ဆီက ပြိုင်ပွဲ အတွက် ကလေးသုံးယောက် လွှတ်ပေးရမည်။

ရှောက်ရွှမ်၊မုန့် နှင့်ကျန်သည့် သူများက ပြိုင်ပွဲကို အဝေးမှကြည့်နေလေသည်။

စွမ်းအင်မနိုးထသေးသော ကလေးများ၏ တိုက်ခိုက်နည်းမှာ ရိုးရှင်းသည်။ ကျောက်လက်နက်များ ကိုင်ဆောင်ခွင့်မရ လက်ဗလာဖြင့်တိုက်ခိုက်ရမည် ဖြစ်သည်။ တိုက်ခိုက်နည်းများကို သူတို့၏ လူကြီးမိဘများဆီမှ သင်ယူထားခြင်းဖြစ်သည်။ သို့သော် အမဲလိုက်အတွေ့အကြုံနည်းပါးခြင်းနှင့် အတွင်းအား မပြည့်ဝခြင်းတို့အပြင် အဝတ်များထူထပ်စွာ ဝတ်ဆင်ထားရခြင်းကြောင့် တိုက်ခိုက်မှု အဟုန်မှာလွန်စွာ အားပျော့သည်။

ရှောက်ရွှမ်လည်း ဘေးတွင်ရပ်နေပြီး အဖွဲ့၂ဖွဲ့မှ ကလေးများ တိုက်ခိုက်နေသည်ကို ကြည့်နေလိုက်သည်။ အဝတ်ထူကြီးများကြောင့် မုန့်ဖက်ထုပ် ဝဝတုတ်တုတ်ကလေးများ တစ်ခုနှင့် တစ်ခုဝင်တိုက်ကြသလို ဖြစ်နေသည်။ ရှောက်ရွှမ်သည် အသံထွက်ရယ်မောမိမတတ်ဖြစ်သွားသော်လည်း ကလေးများအတွက်တော့ ယခုတိုက်ပွဲသည် အလွန် အရေးပါသော တိုက်ပွဲဖြစ်လေသည်။ ထို့ကြောင့် ရှောက်ရွှမ်လည်း မရယ်မိအောင် ထိန်းချုပ်ထားရသည်။

ရှောက်ရွှမ်မျှော်လင့်ထားသည့်အတိုင်း အားယမ်သည် အသက်ဝအောင်ရှူ၍ တိုက်ပွဲအတွင်းသို့ဝင်လိုက်သည်။ ပြိုင်ဘက်ကို သုံးကြိမ်အလဲတိုက်လိုက်နိုင်သည်။ စတုတ္ထအချီမြောက်တွင် သူ့ပြိုင်ဘက်၏ မျက်နှာကို ထိုးချလိုက်ပြီး သူ့ပြိုင်ဘက်က အရှုံးပေးသည်အထိ မြေပေါ် အမှောက်သိပ်လိုက်သည်။ ကြည့်ရသည်မှာ အားယမ်သည် သူချုပ်ထိန်းထားသောဒေါသတို့ကို လွှတ်ပေးလိုက်ဟန်တူသည်။

ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့ အားယမ်ကိုသိသည့်လူများမှလွဲ၍ ရှောက်ရွှမ်အတွက်တော့ ကျန်သည့်ကလေးများသည် ရယ်စရာပင်ကောင်းသေးတော့သည်။

နောက်ဆုံးတွင် မုန့်တို့ဘက်မှ အနိုင်ရသူမှာ မုန့်တစ်ယောက်သာ ရှိတော့သည်။ ရှုံးသွားသော အခြား၂ယောက်မှာ လေ့ကျင့်ရေးကွင်းသို့ ရက်၂၀လာခွင့်မရှိတော့ပေ။

မျိုးနွယ်စုအတွင်းမှ လူများတွင် ကောင်းသည့်အချက်တစ်ခုရှိသည်။ သူတို့သည် ရှုံးနိမ့်မှုအတွက် အထွန့်တက်လေ့မရှိပေ။ ရှုံးနိမ့်ပြီးသွားသောအခါ အနိုင်ရသူများ ဒုက္ခရောက်စေရန် ညစ်ပတ်လေ့မရှိပါ။ လဲကျသည့်အခါ အနားယူသည်။ လဲကျရာမှ ပြန်ထသည်။ ရှုံးနိမ့်သွားလျှင် မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားပြီး နောက် တစ်ကြိမ်ပြန်တိုက်ခိုက်ကြသည်။

အမြွှာ၂ယောက်တို့သည် သူငယ်ချင်းများနှင့် အောင်ပွဲခံပြီး လေ့ကျင့်ရေးကွင်းသို့ ကျောက်လက်နက်များ ယူလာရန် တိုင်ပင်ဆွေးနွေးနေကြသည်။

ပြိုင်ပွဲကို ကြည့်နေကြသော လူငယ်စစ်သည်များလည်း ပြန်ရန်ပြင်ဆင်နေကြသည်။ ရှောက်ရွှမ်လည်း လှည့်ပြန်တော့မည် အပြုတွင် အခြား အဖွဲ့မှ ကလေးတစ်ယောက် အော်လိုက်သံကို ကြားလိုက်ရသည် " နေဦး"။

"ဘာလဲ...ရှုံးသွားပြီးတဲ့နောက်မှာ ဘာပြောစရာရှိသေးလို့လဲ..တခြားတစ်ယောက်နဲ့တိုက်ချင်သေးလို့လား..လဲ့ "

မောင်ကပြောသည်။

မောင်စကားလှမ်းပြောသည့် လဲ့ဆိုသူမှာ ခုနက မုန့်အနောက်တွင် ရပ်နေသူဖြစ်သည်။

လဲ့က ရှောက်ရွှမ်နှင့် မောင်တို့ထက် တစ်နှစ်စောပြီး စွမ်းအင်နိုးထလာသူဖြစ်သည်။ သူက ရှောက်ရွှမ်ထက်လည်း အသက်ကြီးသည်။ တွက်ကြည့်မည်ဆိုလျှင် သူကရှောက်ရွှမ်ထက် အသက်၂နှစ်ပိုကြီးသည်ကို တွေ့ရပေမည်။

လဲ့က သူနှင့် တန်းတူစစ်သည်တော်များထဲတွင် အတော်ဆုံး စစ်သည်ဖြစ်သည်။ သူက အောင်ပွဲအလီလီဆောင်ကြဥ်းခဲ့သူဖြစ်သည်။ မျိုးနွယ်စု စစ်သည်ဖြစ်ပြီး ၂နှစ်အကြာတွင် သူက ရှောက်ရွှမ်ထက် ခေါင်းတစ်လုံး ပိုမြင့်နေသူလည်းဖြစ်သည်။ ရှောက်ရွှမ်ထက်လည်း ပိုရင့်ကျက်သူဖြစ်သည်။

သူကမောင်ကို မေးသည်" ငါသာဝင်တိုက်ရင် မင်းတို့ဘက်က ဘယ်သူထွက်တိုက်မှာလဲ" သူကထိုစကားကို အထင်သေးစွာ ပြောလိုက်ခြင်းဖြစ်သလို တိုက်ပွဲအတွင်းသို့ဝင်၍ စွမ်းအင် မနိုးထသေးသော ကလေးများကို အနိုင်ကျင့်မည့်သဘောဖြစ်သည်။

မောင်က ဘာမှ ပြန်မပြောနိုင်ခင် လဲ့က ရှောက်ရွှမ်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

"ငါတို့ဘက်မှာ အားရွှမ်နဲ့ မိတ်ဖြစ်ဆွေဖြစ် တိုက်ချင်တဲ့သူရှိတယ်..ပုံမှန်ဆိုလျှင် အားရွှမ်က နတ်ဆေးဆရာဆီမှာ ဆေးပညာ သင်ယူနေလို့ သူ့ကို မြင်ရခဲတယ်လေ..ဒီနေ့တော့ ငါတို့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ လာဆုံနေကြပြီ..ငါတို့ နည်းနည်းလောက် တိုက်ခိုက်ကြည့်ရင် ကောင်းမယ်ထင်တယ်..ဒါမှလည်း စွမ်းအင်မနိုးထသေးတဲ့ ကလေးတွေ မျိုးနွယ်စု စစ်သည်တွေ ဘယ်လိုတိုက်လဲ သိသွားမှာ"

" မျိုးနွယ်စု စစ်သည်" ဟူသော စကားကို သူက ဂုဏ်ယူစွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ လဲ့သာမက ကျန်သည့် သူများကလည်း ထိုစကားကို ကြားလိုက်ရသည့်အတွက် စိတ်လှုပ်ရှားသွားကြသည်။

လူငယ်မျိုးနွယ်စု စစ်သည်များကလည်း အစွမ်းပြခြင်နေကြပြီး စွမ်းအင်မနိုးထသေးသော ကလေးများကလည်း ကြည့်ချင်နေကြသည်။ သူတို့ အဖေများသည်လည်း ငယ်ရွယ်စဥ်က သူတို့မျိုးဆက်အတွင်း ပြိုင်ပွဲဝင်တိုက်ခိုက်ခဲ့ကြသည် ဖြစ်သည်။

လဲ့၏စကားဆုံးသောအခါ အဖွဲ့ထဲမှ တစ်ယောက်ထွက်လာသည်။

" ထိုက်လား" မောင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

ထိုက်က ရှောက်ရွှမ်နှင့် မောင်တို့နှင့် အတူ စွမ်းအင်နိုးထလာခြင်းဖြစ်သည်။ ပြီးတော့ သူသည် အခြားအမဲလိုက်အဖွဲ့မှ ဖြစ်သဖြင့် ရှောက်ရွှမ်သည် သူ့ကို မတွေ့ရ။

ထိုက်က သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်ရင်း ရှောက်ရွှမ်ကို လှမ်းပြောလိုက်သည် "ငါတို့မျိုးဆက်ထဲမှာ မင်းကအတော်ဆုံးလို့ နာမည်ကျော်နေတယ်..ငါမင်းနဲ့တိုက်ဖို့ စောင့်နေတာ ကြာလှပြီ"။

ထိုက်၏စကားများကို ကြားလိုက်သောအခါ မောင်တို့ဘက်မှ တစ်ယောက်က မခံမရပ်နိုင်ဖြစ်ပြီး " ငါတို့မျိုးဆက်ထဲမှာ သူအတော်ဆုံးလို့ ဘယ်သူပြောလဲ"ဟုပြောသည်။

"တိတ်စမ်း"

မောင်က ထိုတစ်ယောက်ကို လှမ်းပြောလိုက်သည်။

သူသည် ဝန်မခံချင်သော်လည်း ပြီးခဲ့သည့် အမဲလိုက်ခရီးစဥ်တွင် ဘာဖြစ်ခဲ့သလဲ ကောင်းစွာမှတ်မိနေသေးသည်။

ရှောက်ရွှမ်က သူ့ထက်တကယ်တော်သည် ဖြစ်သည်။ ရှောက်ရွှမ်သာ မကယ်လျှင် အခုလောက်ဆို သူသည်

"ဟေးစစ်ဖုန်း"၏ ဗိုက်ထဲရောက်နေလောက်ပြီဖြစ်သည်။

သူ့အဖေကလည်း အခုအချိိန်တွင် သူက ရှောက်ရွှမ်၏ ပြိုင်ဘက်ဖြစ်နေပြီဟု ပြောသည်။

သို့သော် ထာ့က ထိုစကားကို ပြောပြီး တစ်နှစ်ခွဲလောက်အကြာတွင် မောင်က မျိုးနွယ်စု အတွင်းမှ ကလေးများထက် လျင်မြန်စွာ တိုးတက်လာသည်။ ဒါပေမဲ့ ရှောက်ရွှမ်နှင့် အမဲလိုက်အဖွဲ့ မတူသဖြင့် ရှောက်ရွှမ်၏ စွမ်းရည်ကို သူမသိပါ။ ရှောက်ရွှမ်ကလည်း အဆင့်မြင့် အမဲလိုက်အဖွဲ့တွင် မပါဝင်ပေ။ မောင်ရော ထာ့ပါ ရှောက်ရွှမ်၏ လက်ရှိ အတွင်းအား မည်မျှရှိသည်ကို မသိပေ။

ရှောက်ရွှမ်သည် ယခုနှစ်ဝက်အတွင်း တိုးတက်မှုမရှိဟု မောင်မယုံကြည်ပါချေ။ အမဲလိုက်ခရီးမှအပြန် သူအောင်ပွဲခံလာတိုင်း ရှောက်ရွှမ်၏ တိုးတက်မှုကို သူမြင်နိုင်သည်။

"အားရွှမ်"

မောင်က ရှောက်ရွှမ်၏သဘောထားကို လှမ်းမေးလိုက်သည်။

အမှန်တော့ ရှောက်ရွှမ်က ထိုသို့တိုက်ခိုက်ရသည်ကို မကြိုက်သော်လည်း ယခုအခြေအနေကို ရှောင်လွှဲ၍ရတော့မည်မဟုတ်ပေ။ သူသည် ယခုတိုက်ပွဲကို အကြောင်းတစ်ခုခုပြ၍ ငြင်းဆိုမည်ဆိုပါက သူရဲဘောကြောင်သူ ဖြစ်သွားပေမည်။

တစ်စုံတစ်ယောက်က စိိန်ခေါ်သောအခါ လက်ခံကိုခံရသည်။ ဤသည်မှာ မျိုးနွယ်စု အတွင်းမှ စည်းကမ်းတစ်ခုဖြစ်သည်။

ငြင်းမရမှ လက်ခံရုံပေါ့။ ရှောင်ရွှမ်က ဤအခွင့်အရေးကို သူ့မျိုးဆက်မှ စစ်သည်များ၏အရည်အချင်းကို အကဲခတ်ခွင့်ရသည်ဟု ယူဆသည်။

သူ့လက်ထဲမှ ပစ္စည်းများကို အောက်ချရင်း အမြွှာ၂ယောက်ကို လှမ်းပြောသည် "ငါ့ပစ္စည်းတွေကို ခဏကြည့်ပေးထား"။

ထိုက်အရှေ့ထွက်လာသောအခါ သူ့ကို နေရာပေးရန် ကျန်သူများက နောက်ဆုတ်ပေးလိုက်သည်။

ရှောက်ရွှမ်လည်း တိုက်ပွဲစည်းအတွင်းသို့ ဝင်လာပြီး သူနှင့်အရပ်တူ လူငယ်စစ်သည်ကို အကဲခတ်မိသည်။

ထိုက်၏မျက်ဝန်းများသည် သူစိမ်းဆန်သည်။ ဝတ်ရုံကို ချွတ်လိုက်ပြီး ဘေးကို ပစ်လိုက်သည်။ ထို့နောက် သားရေလက်ပြတ်အင်္ကျီလေးဖြင့် သွေးခဲမတတ်အေးသော လေထဲတွင် မတ်တပ်ရပ်နေသည်။ သာမန်ကလေးများနှင့် မျိုးနွယ်စုစစ်သည်ကြားက ကွာခြားမှုကို ပြလိုသည်ဖြစ်ကောင်း ဖြစ်မည် သို့မဟုတ် လှုပ်ရှားရ လွယ်ကူစေရန် ဖြစ်မည်။ ဒါမှမဟုတ် တိုက်ပွဲအတွင်း နတ်အမှတ်အသားကို ပြလို၍များလား။

လက်မောင်းပေါ်ရှိ နတ်အမှတ်အသားကို ပြလိုသည်မှာ စစ်သည်တော်တိုင်း၏ ဝါသနာဖြစ်သည်။

ထိုက်က သူ့လက်မောင်းနှင့် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများကို မြည်စေလိုက်သည်။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်တွင်းမှ နတ်စွမ်းအင်များကို စုစည်းလိုက်သည်။

နတ်စစ်သည်များတွင်ရှိသော နတ်အမှတ်အသားသည် မျက်နှာမှ လည်ပင်းသို့ကူးပြောင်းသွားသည်။ လက်မောင်းပေါ်မှ နတ်အမှတ်အသားများကလည်း ထင်ရှားသည်။ မီးတောက်သဏ္ဍာန် နတ်အမှတ်အသားက ပုခုံးမှ လက်မောင်းအထက်ပိုင်းထိ ၅စင်တီမီတာ ၆စင်တီမီတာလောက်ရှိမည်။

ထိုက်ကိုယ်ပေါ်မှ နတ်အမှတ်အသားများကို ကြည့်ရင်း အခြားကလေးများ မနာလိုဖြစ်သွားသည်။ စစ်သည်များ လက်မောင်းပေါ်ရှိ နတ်အမှတ်အသားကို နှိုင်းယှဥ်ကြတိုင်း သူတို့က ဘေးဘက်မှ ရပ်ကြည့်နေရသည်သာ။

စွမ်းအင်နိုးထလာသည့် မျိုးဆက်တူလူငယ်များအတွင်း ထိုက်က တိုးတက်မှု မြန်ဆန်သည်။ နဂိုတည်းက သူသည် နာမည်ကျော်တစ်ယောက်ဖြစ်သဖြင့် အများက သူ့အတွင်းအားကို သိပြီးသားဖြစ်ကြသည်။

ထို့နောက် ပရိတ်သတ်က ပြိုင်ပွဲစည်း၏ အခြားဘက်ကို ကြည့်လိုက်သည်။ တောင်ခြေ မိဘမဲ့ဂူမှ ရှောက်ရွှမ်အကြောင်းကို သူတို့သိပ်မသိကြပေ။

ထိုက်လို သူ့နာမည်ဂုဏ်သတင်းကို ပြသခြင်းမရှိဘဲ တိုက်ပွဲစည်းအတွင်းတွင် သစ်လုံးတစ်ခုလို တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။

All Chapters