ရိုးရာ အခမ်းအနားသို့ တက်ရောက်ခွင့်
Vol. 8 Ch. 109
နောက်နှစ်တွင် ပြုလုပ်မည့် သဘောတူညီချက်နှင့် သားရေချပ်ပေါ်တွင် လူငယ်စစ်သည်များ လက်မှတ်ရေးထိုးလိုက်ခြင်းတို့ကြောင့် ခုနက တိုက်ပွဲကို လူအများက အာရုံ မရှိတော့ပေ။
ပိုင်နက်လုရန် တိုက်ခိုက်ခြင်းသည်ကလေးဆန်ပြီး ကလေးအချင်းချင်း ရန်ဖြစ်သလောက်သာ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သားရေချပ်ပေါ်တွင် လူငယ်စစ်သည်တော်များ နာမည်ရေးလိုက်ခြင်းက စိန်ခေါ်မှုအတွက် စာထုတ်လိုက်သလို ဖြစ်သွားသည်။
ဘယ်ဟာက အရေးပိုကြီးသည် ပိုစိတ်ဝင်စားဖွယ်ကောင်းသည်ကို မေးခွန်းထုတ်ရန်ပင်မလိုတော့။
တောင်ပေါ်မှာ အချိန်ကုန်ဆုံးပြီးနောက် ရှောက်ရွှမ်တစ်ယောက် တောင်ခြေမှ သူ့အိမ်သို့ရောက်သောအခါ အတော်ပင်မှောင်နေလေပြီ။
"ဆေးကုသဆောင်မှာ လုပ်စရာကိစ္စတွေ များနေလို့လား...ဒါမှမဟုတ် နတ်ဆေးဆရာနဲ့ ပြဿနာတက်နေလို့လား"
ရှောက်ရွှမ် အိမ်ပြန်နောက်ကျနေသည့်အတွက် လောင်ခဲ့က စိတ်ပူစွာမေးသည်။
"ဘာမှမဖြစ်ပါဘူး..ဆေးကုသဆောင်မှာလည်း ပုံမှန်လုပ်စရာပဲရှိတာပါ..ဆေးကုသဆောင်က စောစော ပြန်လာတော့ တောင်ပေါ်မှာ လူတစ်စုနဲ့တွေ့လို့ သူတို့နဲ့ စကားပြောနေတာပါ"
ရှောက်ရွှမ်ကပြောသည်။
ထိုအဖြေကို ကြားလိုက်မှ လောင်ခဲ့ စိတ်သက်သာရာ ရသွားသည်။ သူက သဘောကျစွာဆိုသည်။
"တောင်ပေါ်က လူတွေနဲ့ ဆက်သွယ်မိတာ မင်းအတွက်ကောင်းတာပေါ့"။
"ဟုတ်ကဲ့...ကျွန်တော်နားလည်ပါပြီ"
တစ်ခုခု စားပြီးနောက် ရှောက်ရွှမ်သည် သူ့အခန်းထဲသို့ ဝင်သွားသည်။ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး နတ်စွမ်းအင်ကို ဖြည်းညှင်းစွာ နိုးထစေလိုက်သည်။
လေ့ကျင့်ရေးကွင်တုန်းကလို မဟုတ်၊ ယခုအကြိမ်တွင် ရှောက်ရွှမ်က သူ့နတ်စွမ်းအင်ကို ဖြည်းညှင်းစွာ ထိန်းချုပ်ရန် ကြိုးစားသည်။ ထို့ကြောင့် နတ်အမှတ်အသားများ သူ့လက်မောင်းပေါ်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
မီးတောက်နှင့် တူသော နတ်အမှတ်အသားများသည် ပုခုံးမှတဆင့် လက်မောင်းဆီသို့ ဖြည်းဖြည်းချင်းဆင်းလာသည်။
အပေါ်ဘက် လက်မောင်း သုံးပုံတစ်ပုံကို ကျော်သွားသည်။ ထို့နောက်တစ်ဝက်လောက်ရောက်လာသည်။ ထို့နောက် လက်မောင်း၏သုံးပုံနှစ်ပုံ.. နတ်အမှတ်အသားများသည် သူ့လက်မောင်း အပေါ်ဘက် သုံးပုံနှစ်ပုံတွင် ရပ်တန့်သွားသည်။
ပြီးခဲ့သော အမဲလိုက်ခရီးစဥ်တွင် သူ့နတ်အမှတ်အသားများမှာ လက်မောင်းတစ်ဝက်သာရှိသေးကြောင်း မှတ်မိသွားသည်။ အမှန်တော့ အမဲလိုက်ရာသီပြီးဆုံးသည့်အခါ ရှောက်ရွှမ်သည် လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခြင်းသိပ်မလုပ်တော့ဘဲ ဆေးဘက်ဝင် အပင်များကိုသာ လေ့လာခဲ့သည်။
ပြီးတော့ နတ်ဆေးပညာကျမ်းပြုစုခြင်း..။
နတ်ဆေးပညာကျမ်း ပြုစုခြင်းအတွက်ဆိုရင်..ပညာဆက်ခံနိုင်မှု စွမ်းရည်ကို ရှာရမည်။
ရှောက်ရွှမ်သည် မျိုးနွယ်စုနတ်ရုပ်ထုကို အာရုံပြုလိုက်သည်။ ချိုနှစ်ချောင်းကို အနီရောင် မီးတောက်များက ဝန်းရံထားသည်။ ချိုနှစ်ချောင်းပတ်လည်မှ မီးတောက်အောက်ခြေတွင် အပြာရောင်မီးတောက်များကို အရင်တစ်ခေါက်ကထက်ရှင်းလင်းစွာ တွေ့ရသည်။ ပထမအကြိမ် နတ်ဆေးပန်းချီရေးဆွဲစဥ်ကနှင့် နှိုင်းယှဥ်လျှင် အခုတစ်ခေါက်တွင် အပြာရောင်မီးတောက်များပိုများသည်။ သို့သော် အနီရောင်မီးတောက်များကလည်း လျော့သွားခြင်းမရှိ။ ပို၍ပင် ကြီးမားလာသေးသည်။
အခုအချိန်တွင် သူသည် တိုက်ပွဲဝင်အခြေအနေမဟုတ်သောကြောင့် မီးတောက်၏ အမြင့်က သာမန်မျှသာ။
အတိတ်မှာဆိုလျှင်တော့ ရှောက်ရွှမ်သည် ထိုအပြောင်းအလဲကို သတိပြုမည်မဟုတ်။ သူနတ်ဆေးပညာကျမ်းကို ပြုစုစဥ်က ပညာဆက်ခံနိုင် စွမ်းရည်ကို ကိုယ်စားပြုသည့် အပြာရောင်မီးတောက်ကိုသာ အာရုံစိုက်မိသည်။ အခုတော့ အပြာရောင်မီးတောက်များက နတ်ရုပ်နားတဝိုက်ရှိ မီးတောက်များကို ဝါးမျိုသွားသည်။
ဒါဆို ပညာဆက်ခံနိုင်မှု စွမ်းရည် ကို လေ့ကျင့်သည်က ပို အကျိုးရှိသည်လား။ ရှောက်ရွှမ်သည် ထိုကဲ့သို့ မျှော်လင့်ထားသည်သာ။
ထို့ကြောင့်ရှောက်ရွှမ်သည် ပြီးခဲ့သည့် အမဲလိုက်ခရီးစဥ်တုန်းကထက် သူ့နတ်စွမ်းအင်ကို ပိုကျွမ်းကျင်စွာ အသုံးချလာနိုင်ခြင်းဖြစ်သည်။ ထိုင့်ကို သိုင်းကွက်တစ်ကွက်ထဲနှင့် အနိုင်တိုက်နိုင်မည်ဟု မထင်ထားပေ။ အနိုင်အရှုံးကွဲပြားရန် အချိန်ယူ၍တိုက်ရမည်ဟု ထင်ထားခဲ့သည်။ သို့သော် ထိုင်က သူနတ်အမှတ်အသားများကို ထုတ်ပြချိန်တွင်ရှောက်ရွှမ်သိလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော သူသည် ထင်သလောက် အတွင်းအားမကောင်းပေ။ သူ့ကို လွယ်လွယ်နှင့် အနိုင်ရနိုင်သည်ကို သိလိုက်သည်။
နတ်အမှတ်အသား လက်မောင်းသုံးပုံနှစ်ပုံကို ရောက်ရှိနေသော တခြားစစ်သည်တော်များသည် သူ့လိုတွေးမိမလား ရှောက်ရွှမ် မသိပါ။ ထိုအချိန်က မြင်ကွင်းကို သူသေချာပြန်ပုံဖော်ကြည့်လိုက်ပြီး သူ့နတ်အမှတ်အသား ဖြည်းညှင်းစွာ ပြောင်းလဲလာပုံကို သူပြန်တွေးကြည့်လိုက်သည်။ ထို့နောက် ပုခုံးတွန့်လိုက်ပြီး သားရေချပ်၊စုတ်တံ၊ ရောင်ခြယ် ပစ္စည်းများပါသည့် သေတ္တာကို ဆွဲထုတ်လိုက်သည်။
ထိုအချိန်တွင် တောင်ပေါ်မှ လူများသည် ရှောက်ရွှမ်ပြန်သွားသည့် အချိန်မှအသိစိတ်ပြန်ဝင်သွားသည်။ ထိုက်က နောင်တရစွာ ပြောမိသည်။
" သူ့နတ်အမှတ်အသား ဘယ်လောက်ရှည်နေပြီလဲ မမေးလိုက်မိဘူး"။
လဲ့ကရှောက်ရွှမ် ရပ်သွားသည့်နေရာကို ကြည့်လိုက်မိသောအခါ မြေပြင်တွင် ခြေရာတစ်စုံ ထင်ကျန်ခဲ့သည်ကို တွေ့လိုက်သည်။ ရှောက်ရွှမ်က ထိုင့်ကို ရင်ဆိုင်နေချိန်တွင် ဖြစ်ပေါ်ခဲ့သော ခြေရာဖြစ်သည်။ အစပိုင်းက လူများသည် ထိုခြေရာကို သတိမထားမိပေ။
"သူ့နတ်အမှတ်အသား ဘယ်လောက်ရှည်နေပြီလဲ ဘာလို့အရေးလုပ်နေတာလဲ...မင်းလုပ်ရမှာက နောက်ဆောင်းရာသီ မကုန်ခင် သူ့ကို အနိုင်တိုက်ဖို့ပဲ"
လဲ့က ပြောသည်။
"ဟုတ်တယ်..အမှန်ပဲ"
ထိုက်က သူ့လက်သီး၂ဖက်ကို ပွတ်ရင်း ပြောလိုက်သည်။
တခြားလူငယ်စစ်သည်များကတော့ ဘယ်လိုသားကောင်မျိုးလိုက်မည် သားကောင်မည်မျှလိုက်မည်ကို ပြောဆိုနေကြသည်။
ရှောက်ရွှမ်ကတော့ ပုံမှန်အတိုင်း သူလုပ်စရာရှိသည်များကို လုပ်သည်။ မနက်ခင်းများတွင် နတ်ဆေးဆရာ၏ နေရာသို့သွား၍ ပန်းချီဆွဲမည်။ ပြီးလျှင် နေ့လယ်ပိုင်းများတွင် ဆေးကုသဆောင်သို့သွားကာ ကွေ့ဇယ်ကို ကူညီမည်။ ပြီးလျှင် အိမ်ပြန်ပြီး သူ့အခန်းထဲတွင်နေကာ သားရေချပ်များပေါ်တွင် ပန်းချီဆွဲစရာရှိသည်များကို ဆွဲမည်။
ဆောင်းရာသီသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
တစ်ရက်တွင်တော့ ရှောက်ရွှမ်သည် မိဘမဲ့ ဂူသို့ရောက်သွားသည်။ ကလေးတချို့က အိပ်နေသည်။ အသက်နည်းနည်းကြီးသော ကလေးများက ခွန်အားဗလကောင်းစေရန် ကျောက်တုံးများမနေသည်။ ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲသွားသည်မှာ အသိသာပင်။ အခုဆိုလျှင် ကျောက်ဂူထဲမှ ကလေးများသည် အစာရေစာ ပြတ်လပ်မှုမရှိတော့။ ဆောင်းမဝင်ခင် သိုမှီးထားသော ငါးများအပြင် သူတို့သည် ချာချာ့ဆီမှ လက်ဆောင်များရသည်။ ချာချာသည် သူမစားသည့် သားကောင်ငယ်လေးများကို မိဘမဲ့ဂူအရှေ့တွင် ပစ်ချသွားလေ့ရှိသည်။
အရာအားလုံးတိုးတက်လာသည်။
ရှောက်ရွှမ်သည် ခါးတချက်ဆန့်လိုက်ရင်း သူ့ရှေ့ကျောက်စားပွဲပေါ်မှ ပြီးလုဆဲ ပန်းချီကားကို ကြည့်လိုက်သည်။
အခုတော့ သူ့အတွက် ပန်းချီကားတစ်ကားပြီးဆုံးရန်မှာ လွယ်ကူသွားပေပြီ။ အစတုန်းကတော့ ပန်းချီကားတစ်ကားပြီးဆုံးသည့်အခါ နေ့တဝက်လောက်ပြန်နားရသည်။ အခုတော့ နေ့တဝက်လောက်အချိန်အတွင်း ပန်းချီကား ၂ကား၃ကားလောက်ပြီးအောင် ရေးဆွဲနိုင်ပြီဖြစ်သည်။
ပြီးလျှင် ချာချာနှင့်ဆီဆာကို လေ့ကျင့်ပေးနိုင်သေးသည် ဖြစ်သည်။
နတ်ဆေးဆရာက သူ့ကို သားရေချပ်၂ချပ် ပေးထားသည်။ တစ်ချပ်ကို နတ်ဆေးပညာကျမ်းများ ကူးယူရန် သို့မဟုတ် ပန်းချီများရေးဆွဲရန် တောင်ပေါ်သို့ ယူသွားသည်။ ပြီးလျှင် နတ်ဆေးဆရာကို စစ်ဆေးရန် ပြရသည်။
နောက်တစ်ချပ်ကိုတော့ အိမ်တွင်လေ့ကျင့်ရန်ယူထားသည်။ ထိုသို့ယူထားသည်ကို နတ်ဆေးဆရာ မသိပေ။
နတ်ဆေးဆရာ၏ အမြင်တွင် နေ့တိုင်း ပန်းချီကားထိုမျှရေးဆွဲခြင်းသည် ခက်ခဲသော အလုပ်ဖြစ်သည်။ သူမျှော်မှန်းထားသော ပန်းချီကား အရေအတွက်ထက်ပင် များသေးသည်။ ရှောက်ရွှမ်သည် အိမ်ပြန်ရောက်သည့်အခါ သားရေချပ်များပေါ်တွင် ပန်းချီဆွဲဆက်လေ့ကျင့်မည်ဟု မမျှော်လင့်ထားပါ။ မိတ္တူကူးသည်ကို ထားလိုက်ဦး သူ့အတွင်းစိတ်မှ လာသည့်အတိုင်း ပန်းချီများကို ကိုယ်တိုင်ရေးဆွဲနေပြီဖြစ်သည်။
နောက်ပိုင်းတွင် ရှောက်ရွှမ်သည် နတ်ဆေးဆရာကို သူ့ပန်းချီများကို လက်ဆောင် အဖြစ်ပေးအပ်လေသည်။ နတ်ဆေးဆရာသည် ဆေးပင်များအကြောင်းနှင့် ပညာဆက်ခံနိုင်မှု စွမ်းရည်ကို သင်ကြားပေးရာတွင် အိတ်သွန်ဖာမှောက် သင်ကြားပေးသည်။ ရှောက်ရွှမ်သည် လည်း နတ်ဆေးဆရာကို ထိုကဲ့သို့ ပြန်ပေးဆပ်ချင်သည်။
မျိုးနွယ်စုအတွက် နတ်ဆေးဆရာသည် မျိုးနွယ်စု အတွင်းတွင်သာနေရသည်။ အပြင်သို့ လုံးဝမထွက်ရခြင်းမှာ ကြီးမားသော ကိုယ်ကျိုးစွန့်မှုဖြစ်သည်။ ဟုတ်သည်..
နတ်ဆေးဆရာတစ်ယောက်၏ တာဝန်မှာ ကြီးမားသည်။
လူတစ်ယောက်နှင့်တစ်ယောက် အကြိုက်ခြင်းတူချင်မှတူမည်။ ရှောက်ရွှမ်အမြင်တွင် နတ်ဆေးဆရာဖြစ်ရန် ခက်ခဲသည်။ သို့သော် နတ်ဆေးဆရာက ထိုကဲ့သို့ တွေးချင်မှတွေးမည်။ မျိုးနွယ်စု အပြင်ကို မထွက်ရခြင်းအတွက် နည်းနည်းတော့နောင်တရချင်ရမည်။ နတ်ဆေးဆရာ၏မျက်ဝန်းများကို ကြည့်သည့်အခါ ထိုကဲ့သို့ အရိပ်အယောင်များကို တွေ့နေရသည်။
"ပြီးခါနီးပြီ"
ရှောက်ရွှမ်သည် သူ့ရှေ့မှ သားရေချပ်ကို ကြည့်လိုက်ရင်း တီးတိုးပြောဆိုလိုက်သည်။
ဆောင်းရာသီ ကုန်ဆုံးခါနီးတွင် အသက်ပြည့်ပြီး အရည်အချင်းပြည့်ဝသော ကလေးများကို ရွေးချယ်ရန် အလုပ်ရှုပ်ကြလေသည်။ ကျင်းပမည့်အခမ်းအနားအတွက်လည်း ပြင်ဆင်ကြလေသည်။ နတ်ဆေးဆရာသည် ထိုရက်များတွင် အလုပ်များနေပြီး ရှောက်ရွှမ်ကို စစ်ဆေးရန်အချိန်မရပေ။
ဒီနေ့တွင်တော့ နတ်ဆေးဆရာသည် အချိန်အားရသဖြင့် မျက်လုံးမှိတ်ကာ အနားယူနေလေသည်။ အနားယူနေရင်း စိတ်ကူးရသဖြင့် သူ့စားပွဲပေါ်မှာ သားရေချပ်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်က မနက်ပိုင်းလေ့ကျင့်မှု ပြီးဆုံးချိန်တွင် သူ့စားပွဲပေါ်သို့ လာထားသွားခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် တခြားကိစ္စတစ်ခု လုပ်နေတုန်းဖြစ်သဖြင့် သားရေချပ်ကို လိပ်ထားပြီး ဖြည်ချထားခြင်း မပြုပေ။
သားရေချပ်ကို ကိုင်လိုက်သည့်အခါ နတ်ဆေးဆရာသည် တစ်ခုခု ထူးခြားနေသည်ကို တွေ့လိုက်ရသည်။ ခါတိုင်းရှောက်ရွှမ် လေ့ကျင့်ရေးအတွက်သုံးသော သားရေချပ်မျိုးမဟုတ်ပေ။ ဒီရက်ပိုင်းအတွင်းတွင်ပင်ကောင်လေးသည် ပန်းချီကား အားလုံးကို ရေးဆွဲပြီးသွားပြီလား။
သိလိုစိတ်ပြင်းပျစွာဖြင့် နတ်ဆေးဆရာသည် သားရေချပ်ကို ဖြည်လိုက်သည်။ သားရေကြိုးကို ဖြည်ချလိုက်သောအခါ အတိတ်က ရှောက်ရွှမ်၏ပန်းချီကားများကို စစ်ဆေးသည့်အချိန်ကို ပြန်အမှတ်ရလိုက်သည်။ ဒီလောက်စွမ်းအင်ပြည့်ဝသည့် ကလေးသည် နတ်ဆေးဆရာမဖြစ်ချင်သည့်အတွက် နတ်ဆေးဆရာသည် သက်ပြင်းချမိသည်။
အမှန်တော့ သူသည် အခြားစစ်သည်တော်တစ်ယောက်ကို ရွေးချယ်မည်ဆိုလျှင်လည်း သူသည် စိတ်ကျေနပ်မည်မဟုတ်ပါ။ လူငယ်ပိုင်းမှတစ်ယောက်ယောက်ကို ပျိုးထောင်ပေးရသည်က ပိုကောင်းဦးမည်ဖြစ်သည်။
သူသည် သားရေချပ်ကို ဖြည်ချလိုက်သည်။
နဂိုကတော့ နတ်ဆေးဆရာသည် ရှောက်ရွှမ် အနေဖြင့် ရိုးရှင်းသည့် ပန်းချီကားတစ်ချပ်ကိုသာ ရေးဆွဲမည်ဟုထင်ထားသည်။ ဥပမာ ခုန်ဆွသစ်သီး သီးသော သစ်ပင်ပုံမျိုး သို့မဟုတ် အခြားဆေးပင်ပုံမျိုးဖြစ်သည်။ သို့သော် ယခုပုံကိုတော့ သူမျှော်လင့်မထားပါ။ နတ်ဆေးဆရာ၏လက်များ တုန်ယင်နေတော့သည်။
နတ်ဆေးပညာကျမ်းထဲမှ ပထမဦးဆုံးပန်းချီသည် အတော်ရှည်လျားသည်။ တခြားလူများသာဆိုလျှင် ဘာပုံဆွဲထားသလဲတောင်သိမည် မဟုတ်ပါ။ နတ်ဆေးဆရာကတော့ နတ်ဆေးဆရာပင်။ ရှေးဟောင်းသစ်ပင်ကြီးများကို နွယ်ပင်ကြီးများ ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။
မြေပြင်တဝိုက်တွင်ထူထပ်သော မြူများဆိုင်းနေသည်။
တောအုပ်အနောက်တွင် ရေအိုင်များ ရေကန်များကို တွေ့ရသည်။ ပန်းချီကား၏ အသက်ဝင်မှုနှင့် စွန့်စားမှုတို့က ကြည့်ရှုသူကို ကြက်သီးမွေးညင်းထသွားစေနိုင်သည်။ တောအုပ်၏ အသက်ရှူသံ အပြည့် ပါသော ပန်းချီကားတစ်ချပ်ဖြစ်သည်။
နတ်ဆေးဆရာသည် သူ့ရင်ဘတ်ပေါ်လက်တင်လိုက်သည်။ သူသည် ပန်းချီကားကို အခုမှ မြင်လိုက်ရသော်လည်း သူ့နှလုံးခုန်သံက မြန်နေသည်။
နတ်ဆေးဆရာများသည် ငယ်စဥ်ဘဝကပင် နတ်ဆေးဆရာဖြစ်လာရန် ပြုစုပျိုးထောင်ပေးခြင်းခံရသည်။ ရွေးချယ်ခြင်းခံရပြီးနောက်တွင် မျိုးနွယ်စု အပြင်ဘက်သို့ထွက်ခွင့်မရှိတော့ပေ။ ထို့ကြောင့် ငယ်ရွယ်စဥ်ကပင် နတ်ဆေးဆရာသည် မျိုးနွယ်စုပိုင်နက် အပြင်ဘက်သို့ထွက်ခွာခြင်းမပြုပါ။ သူသည် မုဆိုးအဖွဲ့များ မည်သည့်သားရဲများ၏နာမည်များနှင့် ရင်ဆိုင်ရမည်၊ အဆင့်မြင့်အဖွဲ့က မည်သည့်နေရာသို့ သွားမည်ကို သိသည်ဆိုသော်လည်း စိတ်ထဲကသာ သိခြင်းဖြစ်သည်။ တကယ့်မြင်ကွင်းအစစ်ကို သူ့မျက်စိဖြင့်မြင်တွေ့ရခြင်းမဟုတ်ပေ။ ထိုသားရဲများကို တွေ့ဖူးသည်ထားဦးတော့ နတ်ဆေးဆရာရှေ့အရောက်တွင် သားကောင်များသည် ခုတ်ဖြတ်ထားပြီးသားဖြစ်နေသည်။
ငယ်စဥ်ဘဝက နတ်ဆေးဆရာသည် သားရဲတစ်ကောင်သည် တောထဲတွင် မည်သို့နေမည်ကို သိချင်ပေလိမ့်မည်။ တစ်နေ့နေ့တွင် မျိုးနွယ်စု အပြင်ဘက်သို့ထွက်ခွာမည်ဟု စိတ်ကူးလျှင် ကူးနေလိမ့်မည်။ သို့သော် အချိန်တို့ကုန်ဆုံးလာသည်နှင့်အတူ သူသည် နတ်ဆေးဆရာဖြစ်လာခဲ့သည်။ အပြင်ထွက်ချင်စိတ်များကို လျှော့ချလိုက်ရပြီး တာဝန်များစွာကို ထမ်းဆောင်ထားရသော အများက လေးစားရသည့် နတ်ဆေးဆရာတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် မျိုးနွယ်စု၏ ဦးစီးဦးဆောင်ဖြစ်လာပြီး မျိုးနွယ်စု ၏ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်ရသည်။
နတ်ဆေးဆရာသည် ဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ဖူးသော်လည်း သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲနေသည်။တခြားဘယ်အရာကမှ ရှောက်ရွှမ်ပန်းချီကားကဲ့သို့ သူ့စိတ်ကို မလှုပ်ရှားစေနိုင်ပါ။ ပန်းချီကားတစ်ခုပြီးတစ်ခု အမဲလိုက်ခရီးစဥ်မှ အဖြစ်အပျက်များကို ဖော်ပြထားသည်။ ဧရာမ ပိုးစုန်းကြူးကြီးများနှင့် ရင်ဆိုင်ရသည့် တိုက်ပွဲ အပါအဝင် ရှောင်ရွှမ်သည် အဆင့်မြင့်အဖွဲ့တွင် ရှိစဥ်အခါက အဖြစ်အပျက်များကိုလည်း ဖော်ပြထားသည်။
နတ်ဆေးဆရာသည် ပထမအကြိမ် ဖတ်ပြီးနောက်တွင် နောက် တစ်ကြိမ်ထပ်ဖတ်သည်။ သူရေငတ်လာသောအခါတပည့်တစ်ယောက်က သောက်ရန် ကျိုချက်ထားသော ဆေးတစ်ခွက်ကို လာပေးသည်။
ဝင်လာသောသူသည် တိတ်ဆိတ်စွာ ဝင်လာပြီး နတ်ဆေးဆရာ အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဘာအသံမှ မထွက်အောင် ကျောက်ခွက်ကို ချပေးသွားသည်။ တံခါးမှ ပြန်ထွက်လာသောအခါ သူသည် နတ်ဆေးဆရာကို တစ်ချက်ခိုးကြည့်လိုက်ပြီး နတ်ဆေးဆရာသည် သူ့ဘိုးဘေးများထားခဲ့သော ရှေးဟောင်း သားရေချပ်များ ကို ဖတ်နေသည်ဟုထင်သွားသည်။ သူ့ဘိုးဘေးများ ချန်ထားခဲ့သော သားရေချပ်များကို ဖတ်သည့်အခါတိုင်း သူသည် အလွန်အမင်း ဝမ်းသာလေ့ ဝမ်းနည်းလေ့ရှိသည်။
အခြားတစ်ဖက်တွင် ရှောက်ရွှမ်သည် နတ်ဆေးဆရာပေးထားသော တာဝန်များကို ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ဆေးကုသဆောင်တွင် အကူအညီပေးရန် သူထွက်ခွာသွားသည်။တစ်နေ့တာ အလုပ်များပြီးဆုံး၍ တောင်အောက်သို့ ဆင်းသောအခါ လောင်ခဲ့သည် သူ့တံခါးကို စိတ်လှုပ်ရှားစွာ စက်ဝိုင်းများရေးဆွဲ နေသည်ကို တွေ့လိုက်ရသည်။
စက်ဝိုင်းတစ်ခုပြီးဆုံးသောအခါ မြေပေါ်တွင် တောင်ဝှေးကို ဆောင့်ချလိုက်သည်။
"ဘာဖြစ်တာလဲ"
ရှောက်ရွှမ်ကမေးသည်။
"ဪ..မင်းပြန်လာပြီကိုး "
လောင်ခဲ့၏နှုတ်ခမ်းများ တရွရွ လှုပ်လာပြီး ရှောက်ရွှမ်နားသို့ တိုးလာသည်။ သို့သော် နောက်ဆုံးတွင် သူဘာစကားမှ မပြောဖြစ်ခဲ့။
"စိတ်အေးအေးထားပြီး ဘာဖြစ်နေတာလဲ ကျွန်တော့်ကို ပြောပြပါ"
"စိတ်အေးအေး ထားလို့မရဘူးကွ"
လောင်ခဲ့က အသက်ပြင်းစွာရှူရင်း ပြောသည်။ ခဏအကြာတွင် သူသက်သာရာရသွားပြီး အသံတိုးတိုးနှင့်ပြောသည်။
"မင်းအတွက် နတ်ဆေးဆရာဆီက စာလာတယ်"
"အင်း..သူဘာပြောလဲ"
"ရာသီကုန်ချိန်မှာ ကျင်းပမယ့် ရိုးရာ အခမ်းအနားကို တက်ရမယ်လို့ နတ်ဆေးဆရာက ပြောတယ်"
ရှောက်ရွှမ်စိတ်ရှုပ်သွားပြီး "ရိုးရာအခမ်းအနားက လူတိုင်းတက်ရတာ မဟုတ်ဘူးလား" ထိုအတွက် ဘာများ စိတ်လှုပ်ရှားစရာရှိသနည်း။
"မင်းက အရေးကြီးတဲ့ လူစာရင်းမှာပါနေတယ်..မီးပုံရဲ့ အစွန်မှာ ရပ်ရမယ့်လူတွေထဲမှာ မင်းပါတယ်..ဗဟိုတည့်တည့်မှာ ရပ်ရမှာကွ"
လောင်ခဲ့က မြေပြင်ပေါ်တွင် တောင်ဝှေးကို ဆောင့်ချလိုက်သည်။
လောင်ခဲ့သည် ယခုအခါလောက် ဘယ်တုန်းကမှ ဂုဏ်မယူခဲ့ဘူးပေ။ သူမွေးထားသည့်ကလေးက အထူးချွန်ဆုံးဖြစ်လာသလိုခံစားရသည်။ ရှောက်ရွှမ်သည် အတိတ်က အောင်မြင်မှုများရခဲ့ပြီး နတ်ဆေးဆရာ၏ခွင့်ပြုချက်ရခဲ့ကာ ပညာသင်ကြားခွင့်ရခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရိုးရာအခမ်းအနားသည် မျိုးနွယ်စုထဲမှ လူတိုင်းအတွက် အမြင့်မြတ်ဆုံး အရာဖြစ်သည်။ တစ်စုံတစ်ယောက်သည် ရိုးရာအခမ်းအနားတွင် ပါဝင်ခွင့်ရခဲ့ပါက သူသည် တောင်ထိပ်ပေါ်တွင် အကြိမ်ကြိမ်အခါခါ ဦးညွတ်မိမည်ဖြစ်သည်သာ။ အတွင်းစည်းသို့ ဝင်ခွင့်ရသည် မရသည်က အသာထားဦး။
မည်သို့ပင်ဆိုစေကာမူ ရှောက်ရွှမ်သည် မျိုးနွယ်စု အတွင်းမှ ဒေသခံမဟုတ်ပေ။ သူသည် မျိုးနွယ်စုထဲမှ လူများနှင့်အသားကျရန် ကြိုးစားသော်လည်း သူ့အတွေးများကို မပြောင်းလဲနိုင်ပါ။ သူသည် လောင်ခဲ့လောက် စိတ်လှုပ်ရှားခြင်း မရှိ။
လောင်ခဲ့ကတော့ အတော်တက်ကြွနေသည်။
"မင်းဘာအင်္ကျီဝတ်သွားမလဲ..ဟေးစစ်ဖုန်းရဲ့သားရေနဲ့ချုပ်ထားတဲ့ဝတ်စုံဘယ်ရောက်သွားလဲ..မင်းဘယ်မှာထားလိုက်လဲ..အားရွှမ်"
"ဟေးစစ်ဖုန်းရဲ့ သားရေနဲ့ချုပ်ထားတဲ့ ဝတ်စုံလား...ဟိုတခါဘိုးဘေး ကန်တော့ပွဲတုန်းကဝတ်ပြီး အိပ်ရာအောက်မှာထိုးထည့်လိုက်တာပဲ"
သူက အဲဒီဝတ်စုံကို လေးလံသည့်အတွက် မကြိုက်ပေ။ လေးလံမှုက ရှောက်ရွှမ်အတွက် အရေးမပါသော်ငြား ထိုဝတ်စုံဝတ်လိုက်လျှင် သူ့ကိုယ်သူ မွန်းစတားလေးတစ်ကောင်ကဲ့သို့ ခံစားရသည်။ ထိုဝတ်စုံ၏ ကျောဘက်တွင် ဆူးများ အတန်းလိုက်ပါသည်။
လောင်ခဲ့က ထိုဝတ်စုံကို သန့်ရှင်းရေးလုပ်ရန် ယူသွားပြီး ရှောက်ရွှမ်ကို အခန်းထဲတွင် တစ်ယောက်ထဲထားခဲ့သည်။
မီးပုံနားက အတွင်းစုထဲမှာ ရပ်ရမယ့်လူတွေထဲမှာ ပါရမှာလား။ ကျန်တဲ့လူတွေက ဘယ်သူတွေလဲ။ သူ့မှတ်ဥာဏ်များကို ကြိုးစားပမ်းစား ပြန်ဖော်ရသည်။ ရုတ်တရက် သူမျက်မှောင်ကြုတ်သွားသည်။ ဘယ်လိုများပါလိမ့်။ကျန်သည့်သူများက ရိုးရာအက ကမည့်သူများပင်။
မုန်လာဥတူးခြင်း၊ ရင်သားများလှုပ်ပြခြင်း ၊ ညစ်ပတ်သော ကချေသည်တစ်ဦးကောဇောကို ခါပြခြင်း စသည့်ကကွက်များပါဝင်သော ရိုးရာအကဖြစ်သည်။
"စိတ်ပျက်စရာကောင်းလိုက်တာ..."