← Chapters

ရိုးရာအက

Vol. 8 Ch. 110

ရိုးရာအက

Vol. 8 Ch. 110

လူတိုင်းသည် ရှေးဟောင်းအကဟုခေါ်သော ရိုးရာ အကကို သင်ယူလေ့လာခွင့်မရပေ။

ဆောင်းရာသီကုန်ဆုံးသောအခါ နှင်းပွဲတော်တွင် ပြုလုပ်သည့် ရိုးရာအခမ်းအနားတွင် မီးပုံဘေး၌ ရိုးရာကချေသည်များ အက ကနေစဥ် တာဝန်ထမ်းဆောင်မည့် မျိုးနွယ်စုစစ်သည် အယောက်၅၀ကစီတန်းရပ်နေသည်။ ထိုအယောက် ၅၀ သည် ထိပ်တန်းအဆင့်ရှိသည်ဟု မျိုးနွယ်စု တစ်ခုလုံးက သတ်မှတ်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ရှောက်ရွှမ်သိသလောက်တော့ အမဲလိုက်အတွေ့အကြုံနှစ် အနည်းငယ်ရှိသော အတော်ဆုံးစစ်သည်တော်များနှင့် မျိုးနွယ်စုကို အကောင်းဆုံးအကျိုးပြုသော ရိုးရာကချေသည်များထံ စာရင်းပေးသွင်းခွင့်ရှိသည်။ နှစ်ပေါင်းရာချီသည်အထိ ထိုစာရင်းထဲသို့ဝင်သော ဆယ်ကျော်သက် အနည်းငယ်သာရှိသည်။ ထို့အပြင် ရှောက်ရွှမ် စွမ်းအင်နိုးထလာသည်မှာ တစ်နှစ်ကျော်သာ ရှိသေးသည်။

ရှောက်ရွှမ်မှာ ထိုစာရင်းတွင် သူပါသည်ဟု ကြားကြားချင်းမှာ နည်းနည်း အံ့သြသွားသည်။

လောင်ခဲ့လည်း သတင်းပို့သူဆီက ထိုသတင်းကြားသောအခါ သိပ်မယုံခဲ့ပေ။ မျိုးနွယ်စုအတွင်းမှ စိတ်မှန်သူ မည်သူမဆို ထိုစကားကို ယုံကြည်မည် မဟုတ်ပေ။

ထိုသတင်းသည် စစ်မှန်မှုရှိမရှိ သတင်းပို့သူသည် ၂ခေါက်စစ်ဆေးရသည်။ ထို့နောက် ထိုဆုံးဖြတ်ချက်မှာ နတ်ဆေးဆရာ၏ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို အသင့်ပြင်ဆင်ထားရန် ပြောသည်။

လောင်ခဲ့ စိတ်တွေလှုပ်ရှားနေသည်မှာ အံ့သြစရာ မဟုတ်တော့။

ရိုးရာအခမ်းအနားသည် မျိုးနွယ်စုအတွင်း အရေးပါသော ရိုးရာအက ကခြင်းသည် သင့်တော်သော ကချေသည််များကို ရွေးချယ်ရုံသာ မဟုတ်။ ရှေးအဆုံးအမ များက လမ်းညွှန်ထားသည့် အတိုင်း တိကျစွာ ကရခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် ထိုရှေးအဆုံးအမများအကြောင်း လုံးဝမသိပါ။ ရိုးရှင်းသော လမ်းညွှန်ဆုံးမမှုများ မဟုတ်သည်ကတော့ သေချာသည်။

ရှောက်ရွှမ်သည် ရိုးရားအက အကြောင်းမေးရန် မည်သူ့ကိုမျှ မမြင်သဖြင့် တောင်ထိပ်ကို တက်၍ နတ်ဆေးဆရာကို အကူအညီတောင်းရလေသည်။ မိုင်နှင့်ချောင်ပင်လျှင် ရိုးရာ အကအကြောင်း သေချာမသိပါ။ တောင်ခြေတွင်နေသော အဆင့်နိမ့်သည့် လူများဆိုလျှင် သိဖို့ လွန်စွာဝေးတော့သည်။

နောက်တစ်နေ့မနက်တွင် ရှောက်ရွှမ်သည် ကျောက်သေတ္တာကို ဆွဲရင်း နတ်ဆေးဆရာဆီပြေးတော့သည်။

တောင်ပေါ်ရောက်ချိန်တွင် နတ်ဆေးဆရာသည် မျိုးနွယ်စု အကြီးအကဲအပါအဝင် အခြားခေါင်းဆောင်၂ယောက်နှင့် မကြာခင် ကျင်းပမည့် ရိုးရာအခမ်းအနား အကြောင်းပြောဆိုနေကြသည်။ ရိုးရာအခမ်းအနားအတွက် ပြင်ဆင်စရာတွေက အများကြီးပင်။

ရှောက်ရွှမ်ရောက်လာသည့်အခါ မျိုးနွယ်စု အကြီးအကဲနှင့် ခေါင်းဆောင်၂ယောက်က ငြင်သာစွာလှမ်းကြည့်သည်။

ရှောက်ရွှမ်သည် ရွေးချယ်ခံရသော အယောက်၅၀တွင်ပါမည်ဟု သူတို့ထင်မထားပေ။ သို့သော် နတ်ဆေးဆရာက အစည်းအဝေးပွဲတွင် ရှောက်ရွှမ်သည် ရိုးရာကပွဲတွင်ပါဝင်သင့်သည်ဟု တိုက်ရိုက်ညွှန်ကြားသည်။

မျိုးနွယ်စုခေါင်းဆောင်များသည် လူငယ် မျိုးဆက်တို့ပြုလုပ်ထားသော တစ်နှစ်သဘောတူညီချက်ကို သိသလို ရှောက်ရွှမ်သည် ထိုက်ကို သိုင်းတစ်ကွက်ထဲနှင့် အနိုင်ယူလိုက်သည်ကိုလည်း သိသည်။ ထိုအချက်များကို ထည့်သွင်းစဥ်းစားမည်ဆိုလျှင် ရှောက်ရွှမ်သည် ပြီးခဲ့သည့်နှစ်များအတွင်း စွမ်းအင်နိုးထလာသော ကလေးများအနက် အတောက်ပဆုံး ကလေးဖြစ်သည်မှာ အမှန်အကန်ပင်။

မနှစ်ကလည်း မျိုးနွယ်စုကို အကျိုးပြုသော လုပ်ရပ်များကို လုပ်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် အယောက် ၅၀ အတွင်း ရှောက်ရွှမ်ကို ထည့်သောအခါ အဖွဲ့ခေါင်းဆောင်များနှင့် မျိုးနွယ်စု အကြီးအကဲတို့က မေးခွန်းထုတ်ခြင်း မပြုပေ။

မျိုးနွယ်စု အတွင်းမှ လူများ၏အမြင်တွင် အယောက်၅၀အတွင်းပါဝင်ရခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်သည်။ သို့သော် ထိုအယောက် ၅၀သည် မည်သည့်အဓိပ္ပါယ်ကို ဆောင်သလဲ သိသဖြင့် မျိုးနွယ်စုခေါင်းဆောင်၂ယောက်က ထိုကိစ္စသည် ဂုဏ်ယူစရာထက်ပိုသည်ဟု တွေးကြသည်။ နှစ်တိုင်းလိုလိုပင် သူတို့အမဲလိုက်အဖွဲ့မှ အတော်ဆုံးလူများကို ရွေးချယ်ထောက်ခံပေးပြီး နတ်ဆေးဆရာက အပြီးသတ်ရွေးချယ်ပေးလေသည်။

ထိုအရေးကြီးကိစ္စများမှတစ်ပါး ရှောက်ရွှမ်သည် ထွော်နှင့်ကျောက်တုံးအိမ်တော်တွင် ဆုံဖူးသည်။

"အားရွှမ်...မင်းကို ရိုးရာအကသင်ပေးဖို့ ငါထွော်ကို တာဝန်ပေးထားတယ်..ပန်းချီဆွဲတာကတော့.."နတ်ဆေးဆရာသည် လေးနက်စွာပြုံးလိုက်ပြီး"နားလိုက်လို့ရပြီ"။

အကြီးအကဲအော့ က နတ်ဆေးဆရာကို ကြည့်လိုက်ပြီး ရှောက်ရွှမ်ကို ကြည့်သည်။ သူမသိသေးတာ တစ်ခုခုတော့ ရှိမည်ဟု သိလိုက်သည်။ သို့သော် တစ်ခါတရံတွင် နတ်ဆေးဆရာသည် ထိုကဲ့သို့ပင် ဖြစ်သည်။ သူ့အပြုအမူနှင့် စိတ်ကူးများကို မည်သူမျှ ကြိုတင်ခန့်မှန်း၍မရပေ။

"ဟုတ်ကဲ့"

ရှောက်ရွှမ်က ဖြေလိုက်သည်။

ထို့နောက်ကျောက်တုံးအိမ်တော်တွင် ဆက်နေမည့်အစားထွော်နှင့်အတူ အပြင်ထွက်လာလိုက်သည်။

ထွော်သည် တောင်ထိပ်နားတွင်နေသဖြင့် သူ့နေရာသို့ရောက်အောင်သွားရန် သိပ်မကြာပေ။ ထွော်သည်လည်း ယခုနှစ် ရွေးချယ်ခံရသော လူ၅၀တွင် မပါဝင်ပေ။

ထွော်၏ မိဘဘိုးဘွားစစ်သည်များက ရိုးရာအခမ်းအနားတွင် ပါဝင်ကပြဖူးသည်။ ထို့ကြောင့် ရှေးဟောင်းအကကို သူ့မိသားစုအတွင်း မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ရိုးရာကကွက်များကို ကျွမ်းကျင်လာအောင် သူများဆီက သွားသင်နေစရာမလိုပေ။ ထို့ကြောင့် နတ်ဆေးဆရာက ရှောက်ရွှမ်ကို သင်ပေးရန် ထွော်ကို တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

အမှန်တော့ ထွော်သည် သူ့အား နတ်ဆေးဆရာက ရှောက်ရွှမ်ကို အကသင်ပေးရန် ခိုင်းစေသည့်အခါ အံ့ဩသင့်သွားသည်။

ရှောက်ရွှမ်သည် အရမ်းငယ်ရွယ်သေးကာ စွမ်းအင်နိုးထလာသည်မှာလည်း တစ်နှစ်သာရှိသေးသည်။ တကယ်ဆို ရွေးချယ်ခံရသော အယောက်၅၀တွင် သူမပါသင့်ပေ။ ရှောက်ရွှမ်သည် သူ့ဘိုးဘေးများကို ရှာတွေ့သွားသောကြောင့် ဖြစ်မည်ဟု ထွော်တွေးလိုက်သည်။

"ငါငယ်ငယ်လေးကတည်းက ရိုးရာအကကိုသင်ခဲ့တာ..သိပ်မခက်ပါဘူး"

ထွော်ကပြောသည်။

"ငါ ကကွက်တွေ အကုန်လုံးကပြမယ်..မင်းလိုက်ကြည့်ထား"။

စကားဆုံးသောအခါ ထွော်က စတင်ကပြသည်။ ရှောက်ရွှမ်အမြင်တွင်တော့ ကကွက်များသည် လှပသည်မထင်ဘဲ လူပျက်ဆန်သည်ဟာတွေးမိသည်။ ကကြိုးကကွက်ညီသည်ဟုလည်း မထင်ရသည့်အပြင် ကကွက်တစ်ခုဆိုလျှင် ပန်းကန်ဆေးသည့် ကကွက်နှင့်ပင်တူနေသေးသည်။ သို့သော် ထွော်ကတော့ တော်ဝင်ခမ်းနားသည့် အရာတစ်ခုကိုလုပ်ပြနေသလို ကကွက်များကို လေးနက်စွာ ကပြနေသည်။

သရုပ်ပြခြင်းဖြစ်သော်လည်း သူသည်လေးစားစွာ ဂုဏ်ယူစွာဖြင့် ကပြနေသည်။

ကကွက်အားလုံးကို ကပြပြီးနောက် ထွော်သည် ရှောက်ရွှမ်ကို တစ်ကွက်ချင်းသင်ပြပေးသည်။

"ခန္ဓာကိုယ်ကို ဒီလိုကွေးလိုက်...ပြီးရင် လက်ကိုနောက်ပစ်.."

ရှောက်ရွှမ်သည် ထွော်လုပ်သလို လက်များကို အပေါ်အောက် အရှေ့နောက် လိုက်လှုပ်ရှားသည်။ ပြီးတော့ လက်မောင်းနှင့် ပေါင်သားများကို လှုပ်ရသည်။ စည်းချက်သံကျယ်ကျယ်ထွက်ရန် ခြေကိုဆောင့်ရသည်။ ခြေထောက်များကိုရှေ့နောက် ဘယ်ညာလှုပ်ရှားရသည်။ ကိုယ်ကို ရှေ့သို့ကိုင်း၍ ခြေတစ်ဖက်ထဲနှင့် မခုန်ခင် နည်းနည်းထိုင်ချရသည်။ ခုန်ပြီးလျှင် မြင်းပတပ်ရပ်သလို ပြုမူရသည်။ လက်ကို ခေါင်းပေါ်တွင် ကြာပွတ်ရပ်သလိုရမ်းရသည်။ ပြီးလျှင် တောင်ကြည့်မြောက်ကြည့် ကြည့်ရသည်။

ရှောက်ရွှမ်သည် ထိုကကွက်များကို အရင်ဘဝက မြင်ရသည်ဆိုပါက ထရယ်မိမည်ဖြစ်သည်။ အခုတော့ ထိုကကွက်များကို လေးနက်စွာ သင်ယူနေရသည်။ ဗုံသံများ လေချွန်သံများ မပါဝင်သော်လည်း ကကွက်တိုင်းသည် ကကြိုးကကွက်ညီနေသည်။

ကကွက်ကြီးသက်သက်ကရသည်မဟုတ်။ ရိုးရာအက ကနေစဥ် နတ်စွမ်းအင်ကို ထုတ်သုံးရမည်ဟု ထွော်ကရှောက်ရွှမ်ကို ပြောသည်။ အသက်ကိုလည်း သေချာရှူရမည်။ ရှေးဟောင်းလမ်းညွှန်ချက်များက ထိုကဲ့သို့ ညွှန်ပြထားသည်။

ယေဘုယျအားဖြင့် ရှောက်ရွှမ်သည် ကောက်ချက်ချမိသည်။ ရိုးရာအကကသည်မှာ အာနာပါနနည်းနှင့် အသက်ရှူ၍ ကရခြင်းဖြစ်သည်။

ထိုနည်းကို ဘာကြောင့်အသုံးပြုသနည်း။ ထွော်ကတော့ ထိုအကြောင်း ဘာမှမပြောပါ။ ရှောက်ရွှမ်ကတော့ ထိုသို့ကရခြင်းသည် မီးတောက်များ သို့မဟုတ် နတ်ရုပ်နှင့် ဆက်စပ်နေမည်ဟု ယူဆသည်။

ရှောက်ရွှမ်ကြားဖူးသည်မှာ ဟိုးအရင်ခေါတ်က လူတို့သည် သူတို့ စိတ်ခံစားချက်များကို ခန္ဓာကိုယ်လှုပ်ရှားမှုများ ကကွက်များနှင့် ဖော်ပြကြသည်ဟုကြားဖူးသည်။

ကကွက်များသည် လူတို့၏ စိတ်ဆန္ဒ ခံစားချက်များကို ဖော်ပြသည့် နည်းလမ်းဖြစ်သည်။

ရိုးရာအကသည် ရိုးရာအခမ်းအနားတွင် အသုံးပြုသည်ဆိုလျှင် အဖွဲ့ခေါင်းဆောင် ၂ဦးသည် ရွေးချယ်ခံရသော အယောက် ၅၀အတွက် ဘယ်လိုတိုက်ခိုက်မည်နည်း။ ရိုးရာအကသည် မျိုးနွယ်စုအတွင်းမှ လူများကို ပြုစုပျိုးထောင်ရန် ဖြစ်ချင်ဖြစ်မည်။

ထွော်ပြောသလိုပင် ကကွက်များသည် ရိုးရှင်းပြီး လွယ်ကူစွာမှတ်မိနိုင်သည်။ ကကွက်တွင် အရေးအကြီးဆုံးမှာ အာနာပါနနည်းကို ထည့်သွင်းအသုံးပြုရန် ဖြစ်ပြီး အသက်ကိုမှန်အောင်ရှူကာ ကကွက်များကို မမှားအောင် ကရမည်ဖြစ်သည်။

နေ့လယ်လောက် ရောက်သောအခါ ရှောက်ရွှမ်သည် ကကွက်အားလုံးကို အလွတ်ရသွားပြီဖြစ်သည်။

"မဆိုးဘူး..မင်းက တတ်လွယ်သားပဲ..အခုဆိုအမှားမပါတော့ဘူး"

ထွော်ကပြောသည်။

ရှောက်ရွှမ်သည် လက်မောင်းများကို လှုပ်ကာ ခေါင်းငြိမ့်လိုက်ပြီးပြောသည်။

" အိမ်ပြန်ရောက်ရင် ကျွန်တော်ထပ်လေ့ကျင့်လိုက်မယ်"

"ကောင်းတယ်..များများကျင့်လေ ကောင်းလေပဲ...ရိုးရာအခမ်းအနားမှာ အမှားလုပ်လို့ မဖြစ်ဘူး"

ထွော်မျက်နှာတည်သွားပြီး လေးနက်စွာပြောသည်။ "တစ်ခုခုမေးစရာရှိရင် ငါဘယ်မှာရှိလဲမင်းသိပါတယ်"။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို သင်ပေးရန် သူ့ကို တာဝန်ပေးထားသည့်အတွက် ရှောက်ရွှမ်ကို သေချာသင်ပေးရန် တာဝန်ရှိသည်မဟုတ်ပါလား။

ရိုးရာအခမ်းအနားတွင် အမှားလုပ်၍ မဖြစ်ပေ။

ကောင်းကင်မှ ဆီးနှင်းများ ကျပြီးနောက် တိမ်များကင်းစင်သွားကာ လထွက်လာသည်။ အသံတိတ်ဆိတ်နေသော ဆောင်းတွင်းပြီးဆုံးသွားသောအခါ မျိုးနွယ်စုသည် ပြန်လည် အသက်ဝင်လာသည်။

ဆောင်းပွဲတော်တွင် ကျင်းပမည့် ရိုးရာအခမ်းအနားကျင်းပမည့်အချိန်ကို ကြော်ငြာရန် နတ်ဆေးဆရာက တပည့်တစ်ယောက်ကို တာဝန်ပေးသည်။

ရိုးရာအခမ်းအနားကျင်းပမည့်နေ့တွင် ရှောက်ရွှမ်သည် ရေမိုးချိုးသည်။ ရိုးရာအခမ်းအနားမတိုင်ခင် မျိုးနွယ်စုအတွင်းမှ လူများသည် ထိုသို့ပြုလုပ်သည်မှာ ထုံးစံပင်ဖြစ်သည်။ တောင်ခြေမိဘမဲ့ဂူမှ ကလေးများကိုလည်း မနေ့ကတည်းက သန့်ရှင်းရေးလုပ်ပေးပြီးသားဖြစ်သည်။

ဆီဆာနှင့် ချာချာသည် ဒီနေ့ စိတ်ကောင်းဝင်နေသည်။ ချာချာသည် ခါတိုင်းလို ပြောရဆိုရ မခက်ဘဲ အန္တရာယ် အငွေ့အသက်ရနေသည့်အလား အပြင်မထွက်ဘဲ အိမ်ထဲတွင်သာ နေနေသည်။ မနက်ကတည်းက အမိုးအောက်တွင် ဝင်နေနေသည်။ သားရဲ တိရစ္ဆာန်များသည် အန္တရာယ်ကို ကြိုတင်ရှောင်တတ်သော စွမ်းအင် ရှိသည်နှင့်တူသည်။

"မြန်မြန်လုပ်ကွ..ရိုးရာ အခမ်းအနားကို မင်းဒီဝတ်စုံဝတ်သွားရမယ်"

လောင်ခဲ့သည် သူသန့်ရှင်းရေးပြုလုပ်ထားသော ဝတ်စုံကို ထုတ်လာသည်။ ရှောင်ရွှမ်ကို ထိုဝတ်စုံနှင့် အသားကျသွားစေချင်သည်။ သူကရှောက်ရွှမ်ထက်ပင် ပိုစိတ်လှုပ်ရှားနေသည်။ ရှောင်ရွှမ်၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး လောင်ခဲ့ထံမှ ဝတ်စုံကို ယူကာဝတ်ဆင်လိုက်သည်။

အရင်တုန်းကတော့ ရိုးရာအကကို ပိန်ပါးသော အမျိုးသမီးများသာ ကသည်ဟုထင်ထားခဲ့သည်။ ပေါ့ပါးသွက်လက်သော ခြေလှမ်းကကွက် များနှင့်အတူ ပုခုံးများ တင်သားများကို လှုပ်ရှားရသည်။ ကချေသည်များက အကကောင်းပြီး ပရိတ်သတ်က ပျော်ရွှင်ကြသည်။

မည်သို့ပင်ဆိုစေ ရှောက်ရွှမ်သည် ထိုဝတ်စုံကို ဝတ်လိုက်သောအခါ အစွယ်များ လက်သည်းများထွက်လာသည်ဟု ခံစားလိုက်ရသည်။ သူ့ကိုယ်သူ အခြားကမ္ဘာကရောက်လာသော ဂြိုဟ်သားတစ်ကောင်နှင့် တူသည်ဟု ခံစားလိုက်ရသည်။ ကောင်းသည့်အချက်က မျိုးနွယ်စု အတွင်းမှ လူများအားလုံးလည်း ထိုကဲ့သို့ ဝတ်ဆင်ရမည်ဖြစ်သည်။ ဒီနေ့တွင် သူတို့သည် တိရစ္ဆာန်များကဲ့သို့ ပြောင်းလဲကာ သားရဲပွဲတော်ကြီးကို ကျင်းပကြမည်။

လောင်ခဲ့သည် မျက်နှာပေါ်တွင် ရောင်ခြယ် ပစ္စည်းများဖြင့် ခြယ်သထားသော်လည်း ရှောက်ရွှမ်က မခြယ်သရသေးပေ။ သူကတောင်ပေါ်သို့ သွားရမည် ဖြစ်သည်။ နတ်ဆေးဆရာက ရွေးချယ်ခံရသော အယောက် ၅၀ ၏မျက်နှာများပေါ်တွင် သူကိုယ်တိုင် အမှတ်အသားများရေးဆွဲပေးမည် ဖြစ်သည်။ သူသုံးမည့် ရောင်ခြယ်ပစ္စည်းမှာ သာမန်အမျိုးအစားနှင့်မတူပါ။

"ကျွန်တော် အရင်သွားနှင့်မယ်"

ရှောက်ရွှမ်က ဆူးနက်လေ ဝတ်စုံကို ဝတ်ကာ တံခါး အပြင်ဘက်ထွက်သွားသည်။

"အေး မြန်မြန်သွား...ငါနောက်က ဂဲ့နဲ့လိုက်ခဲ့မယ်"

လောင်ခဲ့ ကလက်ဝှေ့ပြပြီး အခုပင်သွားရန် ပြောသည်။ သို့မှသာ နတ်ဆေးဆရာ စောင့်နေရမည်မဟုတ်ပါလား။ အယောက် ၅၀ထဲတွင် တောင်အောက်မှ လူဆို၍ ရှောက်ရွှမ်တစ်ယောက်သာပါလေသည်။ သူနောက်ကျ၍မဖြစ်ပါ။ မဟုတ်ပါက တောင်ပေါ်မှ လူများသည် တောင်ခြေမှလူများက အချိန်လေးစားမှုမရှိဟုထင်သွားမည် ဖြစ်သည်။

နတ်ဆေးဆရာ၏ ကျောက်တုံးခန်းမအတွင်းတွင် အခြားလူများရောက်နေပြီဖြစ်သည်။ အဖွဲ့ခေါင်းဆောင်များ ပြောပြထားသောကြောင့်ယခုနှစ် ရွေးချယ်ခံရသော အယောက်၅၀အတွင်းတွင် ရှောက်ရွှမ်လည်း ပါမည်ဟု သိထားကြသည်။ သူတို့သည် ရှောက်ရွှမ်ကို လူကိုယ်တိုင်မြင်တွေ့ရသောအခါ အံ့သြသင့်သွားသော်လည်း ဘာမှတော့မပြောပေ။ ယနေ့သည် သူတို့အတွက် အရေးပါသော နေ့ထူးနေ့မြတ်ဖြစ်သည်။ ဘယ်သူကမှ အခြားကိစ္စများအတွက် အာရုံမစိုက်ချင်ကြပေ။

အယောက် ၅၀လုံး၏မျက်နှာပေါ်တွင် အမှတ်အသားများရေးဆွဲပြီးသောအခါ အတော်ပင်မှောင်နေပြီဖြစ်သည်။

"သွားကြစို့" အသက်အလယ်အလတ်လောက်ရှိသော လူတစ်ယောက်က ဆိုသည်။

နတ်စွမ်းအင်နိုးထလာပြီးနောက် ရှောက်ရွှမ်သည် ပြီးခဲ့သည့်နှစ်အတွင်း အတော်ထွားလာသည်။ သို့သော် အရွယ်ရောက်ပြီးသား စစ်သည်တော်များကြားရောက်သွားသောအခါ သူသည် အရပ်အပုဆုံးဖြစ်နေလေသည်။ သားရေအင်္ကျီဝတ်ဆင်ထားသော်လည်း လူများက ကြည့်လိုက်သည်နှင့် ရှောက်ရွှမ်မှန်းသိနေသည်။

"ဘယ်လိုဖြစ်တာလဲ..သူကဒီမှာဘာလာလုပ်တာလဲ"

အားလုံးကတောင်ပေါ်သို့တက်ရင်း တစ်ယောက်က မေးလိုက်သည်။

"အဲဒါဘယ်သူလဲ"

" အဲဒါအားရွှမ်လေ..သူ့ ဟေးစစ်ဖုန်း ဝတ်စုံကို ငါမှတ်မိတယ်"

ဒီအရွယ်နှင့် ဟေးစစ်ဖုန်း အင်္ကျီဝတ်နိုင်တာ ရှောက်ရွှမ်တစ်ယောက်ပဲရှိမည်။

"သူတကယ်ပဲ ငါတို့အဖွဲ့ထဲမှာပါတာလား..အယောက် ၅၀ထဲဘယ်လိုပါလာတာလဲ..သူ့အသက်ဘယ်လောက်ရှိပြီလဲ"

"မင်းပါးစပ်ပိတ်ထားလို့မရဘူးလား...သူ့ကို နတ်ဆေးဆရာရွေးထားတာကွ"

တချို့က အံ့ဩသွားသလို တချို့က မနာလို ဖြစ်သွားသည်။ လူအုပ်ထဲမှ လူများသည် တစ်ယောက်နှင့်တစ်ယောက် အတွေးချင်းမတူညီကြပါ။

လန်ကာ့ နှင့် ကျန်သည့်သူများက အမှန်တရားကို လောင်ခဲ့ဆီမှသိပြီးသား ဖြစ်သည်။ အခု ကိုယ်တိုင်ကြုံတွေ့ရသောအခါ ယုံနိုင်စရာမကောင်းကြောင်း သိလိုက်ရသည်။ ရွေးချယ်ခံရသော အယောက် ၅၀တွင် ပါဝင်ရန်မှာ သူတို့၏ကလေး ဘဝအိပ်မက်ပင်ဖြစ်သည်။ အခုတော့ သူတို့မက်ခဲ့သည့် အိပ်မက်များကို သူတို့ထက်ငယ်သူတစ်ယောက်က ပိုင်ဆိုင်ခွင့်ရသွားလေပြီ။

မီးပုံဘေးပတ်လည်ရှိ ကျွန်းပုံ စက်ဝိုင်းအတွင်းတွင် ကျောက်သားဇလုံများဖြင့် လတ်ဆတ်သော အသီးအနှံများ အသားများထည့်ထားသည်။

ရှောက်ရွှမ်သည် အဖွဲ့နှင့်လိုက်လာပြီး ကျွန်းပုံဘေးတွင် ရပ်လိုက်သည်။ သူ့နေရာကို သူရောက်သွားပေပြီ။

ရိုးရာအခမ်းအနား စတော့မည်။ တောင်ပေါ်တွင် လူများရောက်နေပြီဖြစ်သလို တချို့ကလည်း တောင်ပေါ်သို့အခုမှ တက်နေဆဲဖြစ်သည်။ အများစုက ရှောက်ရွှမ်အကြောင်းပြောဆိုနေကြသည်။ အယောက် ၅၀ထဲတွင် အငယ်ဆုံးဖြစ်သည်။ စွမ်းအင်နိုးထပြီး တစ်နှစ်အကြာတွင် အယောက်၅၀ထဲပါလာသော သူတစ်ယောက်။ ရှောက်ရွှမ်ကို အားလုံးက စိတ်ဝင်စားနေကြသည်။ထိုအဖြစ်မျိုး ရာစုနှစ်တစ်ခုတွင် တစ်ခါဖြစ်ခဲသည်။

စွမ်းအင်နိုးထရန်အတွက် တောင်ပေါ်သို့ ကလေး၈၀ပို့ပေးသည်။ မနှစ်ကထက် ၂ယောက် ပိုသည်။ ထွော်နှင့် ကျဲပါ့က ကျောက်ဂူထဲမှ ဖြစ်သည်။ မိုင်နှင့်ချောင်တို့၏ အမြွှာ၂ယောက်တို့သည် လည်း လူအုပ်ထဲသို့ရောက်နေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်က လုံးဝမှောင်သွားပြီဖြစ်သည်။

ရှောက်ရွှမ် မှတ်မိသည့်အတိုင်း ကကွက်တစ်ကွက်ပြီး တစ်ကွက် ကသည်။ ရိုးရာအကသည် အဆင်ပြေစွာ ပြီးဆုံးသွားသည်။ နတ်ဆေးဆရာက သံပြိုင်အပိုဒ်ကို ဆိုသည့်အခါ ရှောက်ရွှမ်သည် သူ့စိတ်ထဲတွင် နတ်ရုပ်ကို ခံစားမိလိုက်သည်။

ထိုအချိန်မှာပင် မီးပုံအလယ်မှ မီးတောက်ကလေးသည် တဖြည်းဖြည်း ကြီးမားလာသည်။ ခုနတုန်းကတော့ ကျွန်းသစ်ပုံကို မီးမစွဲသေးသော်လည်း သို့သော် ဓါတ်ဆီလောင်းချလိုက်သောအခါ မျက်စိတမှိတ်အတွင်း ကြီးမားသော မီးတောက်ကြီး ဖြစ်လာသည်။

နတ်စစ်သည်များသည် နတ်ရုပ်ကို ထူးကဲစွာမြင်ကြသည်။ မီးပုံမှ တောက်လောင်နေသော မီးတောက်များနှင့်အတူ သူတို့၏စိတ်ထဲတွင် နတ်ရုပ်မှာ ပိုကြီးလာသည်ဟုခံစားရသည်။

မီးဖိုတစ်ခုလုံး မီးတောက်များနှင့် ပြည့်သွားသည့် အခါ မီးတောက်၏အပေါ်တွင် မီးတောက်များနှင့် ဝန်းရံထားသည့် နတ်ရုပ်၏ချို၂ချောင်းပေါ်ထွက်လာသည်။

All Chapters