ဆီဆာ၏ရွေးချယ်မှု
Vol. 8 Ch. 113
ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။ မြက်ပင်များကြားလေတိုးသံကိုပင် ကောင်းစွာ ကြားနေနိုင်သေးသည်။
သူတို့သည် ကြွက်ကို မသတ်ပေ။ ကြွက်သစ်ပင်ကို မြက်လုံးကြွက် အသက်ရှင်နေစဥ်အတွင်းမှာ နှုတ်ယူသည်က ပိုကောင်းသည်။ မြက်လုံးကြွက်ကတော့ စစ်သည်တော်၏ လက်ထဲတွင် ရုန်းနေသည်။ ကြွက်သစ်ပင် အပင်ပေါက်လေးကို နှုတ်ယူပြီးသောအခါ ကြွက်အရေပြားပေါ်တွင် ကွက်လပ်တစ်ခုဖြစ်ကျန်ခဲ့သည်။ ၆လခန့်ကြာသည့်အခါ ထိုကွက်လပ်တွင် အမွေးများ ပြန်ပေါက်လာမည် ဖြစ်သည်။
မိုင်က ကြွက်ကို ကိုင်ထားသော စစ်သည်တော်ကို အဓိပ္ပာယ်တစ်မျိုး ဖြင့်ကြည့်လိုက်သည်။ စစ်သည်တော်သည် ကိုယ်ကို ကိုင်းလိုက်ပြီး ကြွက်ကို မြေပြင်ပေါ်သို့ ပြန်လွှတ်ပေးလိုက်သည်။
စစ်သည်တော်လက်မှ လွှတ်သည်နှင့်တပြိုင်နက် ကြွက်သည် လေးညှို့မှ ထွက်သော မြှားကဲ့သို့ မြက်တောထဲသို့ တရှိန်ထိုး ပြေးဝင်သွားသည်။
တကျွိကျွိသံများ ကြားရပြီးနောက် ပတ်ဝန်းကျင်သည် ပြန်လည် တိတ်ဆိတ်သွားသည်။ သို့သော် အန္တာရာယ်အငွေ့အသက်ကရှိနေသလိုပင်။ မုဆိုးများသည် ပတ်ဝန်းကျင်တွင် သားရဲကြီးများ၏ အရိပ်အယောင်ကို မတွေ့ရပေ။ သို့သော် အမှောင်ထဲတွင် အန္တရာယ် အငွေ့အသက် တစ်စုံတရာရှိနေသေးသည်ကို ခံစားမိကြသည်။
ထိုသတ္တဝါသည် ကိုယ်ယောင်ဖျောက် ကျွမ်းကျင်လှသည်။
မဟုတ်ပါက မိုင်သည် ထိုသတ္တဝါကို ရှာတွေ့နေပြီ ဖြစ်သည်။
မြက်လုံးကြွက်ကတော့ မြက်တောထဲတရှိန်ထိုးပြေးဝင်သွားသည်။ သူ့အတွက် အန္တရာယ် ကင်းသည့် သဘောပင်။
အမဲလိုက်အဖွဲ့မှ လူတစ်ဝက်က မြက်တောနှင့်ဆန့်ကျင်ဘက်လားရာကို ကြည့်နေပြီး ကျန်တစ်ဝက်က ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။
"ဟူး..."
လေပြင်းတစ်ချက်တိုက်ခတ်သွားသလိုပင်။
အမှန်တကယ်တော့ လေက ဖြည်းဖြည်းလေးတိုက်ခတ်ခြင်းသာ။ ထိုလေမျှနှင့် ထို အသံမဖြစ်ပေါ်နိုင်ပေ။
ထိုအချိန်တွင် ဆီဆာက တစ်ချက် ဟိန်းလိုက်သည်။
သူ့ဟိန်းသံကြောင့် အားလုံး၏ကိုယ်များ ပိုမတ်သွားကြသည်။
"ဟူး..."
အသံတစ်ချက် ထပ်ထွက်လာသည်။ ခပ်တိုးတိုးဖြစ်သည်။ သတ္တဝါတစ်ကောင် ပျံသန်းနေသလိုမျိုး။
နီးလာပြီ။
ပတ်ဝန်းကျင်တွင် သစ်ပင်များ မထူထပ်။ တောအုပ်တစ်ခုလုံးကို နေရောင်က ဖြန့်ကျက်ထားသည်။
နေရောင်အောက်တွင် အရိပ်မည်းတစ်ခု ဖြတ်သန်းသွားသည်။
"ဟိုမှာ..."
မိုင်က ထိုနေရာသို့ ပြေးသွားသည်။ ထိုစဥ်မှာပင် နောက် အရိပ်မည်း တစ်ခုဖြတ်ပျံသွားသည်။
ပုံမှန်အားဖြင့် သားရဲကြီးများသည် အမဲလိုက်အဖွဲ့အတွင်းမှ အားအနည်းဆုံးပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်သည်။ ထိုအတိုင်းဆို ရှောက်ရွှမ်သည် အရင်ဆုံးတိုက်ခိုက်ခံရမည်။
မနှစ်ကလည်း ထိုဒဏ်ကို သူခံစားရသည်။ စစ်သည်တော်များက ရှောက်ရွှမ်ကို ကာကွယ်ပေးရသည်။သို့သော် ဒီတစ်ခေါက်တွင်တော့ ထိုသတ္တဝါသည် ဆီဆာကို ပစ်မှတ်ထားတိုက်ခိုက်သည်။
ရှောက်ရွှမ်က ကျောက်သားဓါးမြောင်ဖြင့် ထိုသတ္တဝါကို တားဆီးရန် လှမ်းလိုက်စဥ်မှာပင် ဆီဆာက အံ့သြသင့်စရာ ကောင်းလောက်အောင် ထိုသတ္တဝါဆီကို ပြေးသွားသည်။
ဆီဆာသည် အရှိန်နှုန်းကို မြှင့်တင်လိုက်ပြီး သူ၏အမြန်ဆုံးအရှိန်သို့ရောက်ရှိသွားသည်။ လေးညှို့မှ လွှတ်လိုက်သော မြားတံတစ်ချောင်းလို သူ့ခန္ဓာကိုယ်နှင့် ထိုသတ္တဝါကို ပစ်တိုက်လိုက်သည်။
"ဗုန်း..."
"ဖောက်..."
ခန္ဓာကိုယ်နှစ်ခု ဝင်တိုက်မိသံနှင့် အသားပေါက်ထွက်သွားသည့် အသံထွက်ပေါ်လာသည်။
ထို့နောက် သတ္တဝါ၂ကောင်သည် မြေပေါ်သို့ ပြုတ်ကျလာပြီး ၂ကောင်သား လုံးထွေးသတ်ပုတ်နေကြသည်။
ဆီဆာနှင့် သတ်ပုတ်နေသော သတ္တဝါမှာ လင်းနို့တစ်ကောင်နှင့်တူပြီး အတောင်များပါသည်။ အတောင်ပံက ၂မီတာလောက်ရှည်သည်။ ကြည့်ရသည်မှာဆီဆာ ကိုက်သည်ကို ခံလိုက်ရသည်ထင်သည်..ထိုသတ္တဝါသည် မြေပေါ်ပြုတ်ကျပြီးနောက် မပျံနိုင်တော့။
သူတို့၂ကောင် သတ်ပုတ်နေစဥ် ဆီဆာက လှံချွန်လေးများဖြင့် ထိုသတ္တဝါကို တရစပ် ပစ်သည်။ တောအုပ်ထဲတွင် ယခုလို ပြိုင်ဘက်နှင့်တွေ့ဆုံရခြင်းသည် ဆီဆာ့အတွက် ပထမဆုံးအတွေ့အကြုံပင်။ ထို့ကြောင့် သူ့အတွက် ရင်ဆိုင်ရခက်ခဲနိုင်ပေလိမ့်မည်။ ခန္ဓာကိုယ်ပေါ်တွင် သွေးစများလည်း တွေ့ရသည်။
လှံချွန်လေးများကလည်း ထိုသတ္တဝါကို ကောင်းကောင်းဒုက္ခပေးနေသည်။
"ဗြုတ်.."
အသားတို့စုတ်ပြဲသွားသည့်အသံဖြစ်သည်။ ဆီဆာက ထိုသတ္တဝါ၏အတောင်ပံကို ဆွဲဆုတ်လိုက်ခြင်းဖြစ်သည်။
စူးရှသော အသံတစ်သံ လူတိုင်း၏ နားစည်များကို ရိုက်ခတ်သွားသည်။ ထိုအသံလှိုင်းကြောင့် အားလုံးမူးဝေသွားကြသည်။ သို့သော် မကြာခင် ထိုအသံပျောက်ကွယ်သွားသည်။
ဆီဆာက ခေါင်းကို ဖြတ်ပစ်လိုက်သောကြောင့် ဖြစ်သည်။
ဆီဆာ၏ ဟိန်းသံနှင့်အတူ နောက်ထပ် အသားများ စုတ်ပြဲသောအသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးကျန်သော အသားစ ကို တစ်စစီ လုပ်ပစ်ပြီးမှ ဆီဆာလည်း ရပ်တန့်သွားသည်။
"ဒီဘက်ကိုလာ...ဆီဆာ"
ရှောက်ရွှမ်သည် ဆီဆာ၏ ဒဏ်ရာများကို စစ်ဆေးရန် ရှေ့သို့လှမ်းသွားသည်။ သို့သော် ရှောက်ရွှမ် သူ့အနားမရောက်မီ ဆီဆာက လင်းနို့ကိုကြည့်နေရာမှ ရှောက်ရွှမ်ကို လှမ်းကြည့်သည်။
ရှောက်ရွှမ် ခြေလှမ်းများ ရပ်တန့်သွားသည်။ ဆီဆာ၏အကြည့်တို့ကို ရင်ဆိုင်ရသည်မှာ ရေခဲ ရေပုံးနှင့်လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။
ထိုအချိန်တွင် ရှောက်ရွှမ်ရင်ဆိုင်လိုက်ရသည်မှာ သွေးဆာနေသော သားရဲတစ်ကောင်၏ မျက်လုံးများပင်ဖြစ်သည်။
အေးစက်သော မျက်လုံးများက မြင်မြင်ရာကို ဆွဲဆုတ်ပစ်မည့် သဘောပင်။
ဝံပုလွေ၏ပါးစပ်ကို ဟလိုက်သောအခါ သွေးစွန်းနေသော အစွယ်လေးချောင်းကို မြင်လိုက်ရသည်။ အမွှေးပေါ်တွင် သွေးများစွန်းနေသည်။
ရှောက်ရွှမ်သိလိုက်သည်။ ၂နှစ်ခန့် ဖိနှိပ်ထားရသည့် ဆီဆာ၏ သားရဲဗီဇ နိုးထလာပြီဖြစ်သည်။
ရှောက်ရွှမ်သည် သူတို့အမဲလိုက်သည့်တောအုပ်မှ ဝံပုလွေအုပ်စုများကို မှတ်မိသေးသည်။ ဆီဆာသည်လည်း ထိုအတွေ့အကြုံရင့် သားရဲများနှင့် တူသွားပြီ ဖြစ်သည်။
ဒါတောင် ဆီဆာသည် သူအကောင်ပေါက်ကတည်းက မျိုးနွယ်စုထဲမှာ နေလာပြီး တောထဲကလို သတ်ဖြတ်သည့်အတွေ့အကြုံမျိုး သူ့မှာ မရှိပေ။ ဆီဆာသည် လူသားများနှင့် အလွန်ရင်းနှီးသော်လည်း သူ၏သားရဲဗီဇက ခန္ဓာကိုယ်ထဲတွင်ရှိနေသေးသည်။ ထိုဗီဇက မီးတောင် တစ်လုံးပေါက်ကွဲရန် စောင့်ဆိုင်းနေသကဲ့သို့ နိုးထရန် သင့်တော်မည့် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။ ဖိနှိပ်ထားသည်မှာ ကြာလေလေ၊ ဗီဇက ပြင်းထန်စွာနိုးကြားလေဖြစ်သည်။
လင်းနို့သေနားတွင် တွားသွားနေသော ဆီဆာကို ကြည့်ရင်း ရှောက်ရွှမ်သည် ကျောက်ဓါးမြောင်ကို ဆုပ်ကိုင်ထားသည်။ ဆီဆာသည် သူ့သားရဲဗီဇကို မထိန်းချုပ်နိုင်ဘဲ လူများကို တိုက်ခိုက်ပါက အမဲလိုက်အဖွဲ့ က သူ့ကို ချမ်းသာပေးမည်မဟုတ်ပေ။ တခြားသူများလုပ်မည့်အစား ရှောက်ရွှမ်က သူကိုယ်တိုင် သတ်ရန် ဆုံးဖြတ်လိုက်သည်။
ဆီဆာနှင့် နှစ်ပေါင်းများစွာ နေလာပြီးနောက် ဆီဆာကို သူသံယောဇဥ်မရှိဟုပြောရန် ခက်ခဲသည်။ နှစ်နှစ်အတွင်း အမွေးဖွားဖွားလုံးလုံးလေးမှချောမောခန့်ညားသည့် ဝံပုလွေကြီး အဖြစ် အရွယ်ရောက်ခဲ့သည်။ သူမတ်မတ်ရပ်လိုက်လျှင် ရှောက်ရွှမ်ထက်ပင် အရပ်မြင့်သေးသည်။ရှောက်ရွှမ်၏ စိတ်များရှုပ်ထွေးသွားသည်။
ရှောက်ရွှမ်သည် မိဘမဲ့ဂူက ကောက်ရိုးအိပ်ရာလေးပေါ်မှ တောင်ခြေက အိမ်ခန်းလေးတစ်ခုသို့ရောက်ခဲ့ရသည်။ ရှောက်ရွှမ်သည် ပိန်လှီသော ကောင်လေးအဖြစ်မှ မျိုးနွယ်စု စစ်သည် ဘဝသို့ရောက်ခဲ့ရသည်။ ထိုသို့ဖြတ်သန်းလာစဥ် တစ်လျှောက်လုံး ဆီဆာက သူနှင့် အတူရှိခဲ့သည်။
သို့သော် အခုအချိန်တွင်တော့ ဆီဆာနှင့်ရှောက်ရွှမ်သည် တစ်ခုခုကို ရွေးချယ်ရတော့မည်။ ဖြစ်နိုင်ချေသုံးမျိုးရှိသည်။ ပထမအချက်မှာ ဆီဆာသည် အမဲလိုက်အဖွဲ့ထဲမှ လူများကို တိုက်ခိုက်သည်ဆိုပါက ရှောက်ရွှမ်ကိုယ်တိုင်သူ့ကို သတ်လိုက်ရန် ဖြစ်သည်။ ဒုတိယအချက်က ဆီဆာသည် အမဲလိုက် အဖွဲ့အတွင်းဆက်နေရန် ငြင်းဆိုပါက၊ လူသားများနှင့် ၂နှစ်နေဖူးသည်ကို ထောက်ထားပြီး သူ့ကို တောထဲလွှတ်လိုက်ရန် ဖြစ်သည်။ တတိယအချက်က ဆီဆာသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်လိုက်ပြီး ရှောက်ရွှမ်နှင့် ပြန်လိုက်လာရန် ဖြစ်သည်။
ရှောက်ရွှမ်သည် ဓါးမြောင်ကိုင်မထားသော လက်ဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော အမဲလိုက်အဖွဲ့ကို အချက်ပြလိုက်သည်။ သူတို့ကိုခဏ ငြိမ်ငြိမ်နေရန် အချက်ပြလိုက်ပြီး ဆီဆာကို ၁၀မီတာလောက်အကွာမှ လှမ်းကြည့်နေသည်။
ဆီဆာ မင်းဘာကို ရွေးမလဲ။
အမှန်တကယ်တော့ ရှောက်ရွှမ်သည် ဆီဆာကို တောထဲခေါ်လာကတည်းက ထိုသို့ အခြေအနေမျိုးကို မျှော်မှန်းထားပြီးသားဖြစ်သည်။သူသည် ဆီဆာ့ကို မခေါ်လာချင်သော်လည်း ဆီဆာအနေဖြင့် ဘာမှ မလုပ်ဘဲ အိပ်လိုက်စားလိုက်လုပ်နေရင်း သူ့ဘဝ ကုန်ဆုံးသွားမည်သာ။ နတ်ဆေးဆရာသည် ဆီဆာကို အမှတ်အသားပါသော ကျောက်ပြားတစ်ပြားပေးထားသည်။ သို့သော် သူပြန်ယူလိုက်၍လည်း ရသည်။ မျိုးနွယ်စု အတွင်း အလုပ်မရှိသော အိမ်မွေးတိရစ္ဆာန်ကို မွေးမြူခွင့်မရှိပေ။ ဆီဆာသည် သူ့တန်ဖိုးကို သက်သေပြရမည်။
ဝံပုလွေသည် သွေးစွန်းနေသော ပါးစပ် သွေးဆာနေသော မျက်လုံးများဖြင့် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေသည်။
သူအသက်ရှူထုတ်လိုက်တိုင်း ထူးဆန်းသော လင်းနို့၏ သွေးနံ့ကို ရနေလေသည်။
သို့သော် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီးနောက် သွေးဆာနေသော အရိပ်အယောင်များ ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးများသည် ပြန်လည် ကြည်လင်သွားသည်။
နှုတ်ခမ်းမှသွေးတို့ကို လျာဖြင့်သပ်လိုက်ရင်း ဆီဆာသည် ရှောက်ရွှမ် ကို ကြည့်လိုက်ကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှောက်ရွှမ်နားသို့ ချဥ်းကပ်လာသည်။
"အားရွှမ်..."
လန်ကာ့က ရှောက်ရွှမ်ကို လှမ်းသတိပေးလိုက်သည်။ ဆီဆာ၏ခုနက အပြုအမူကို ကြည့်ရင်း လန့်နေကြသည်။
မျိုးနွယ်စု အတွင်းတွင်ရှိစဥ်က ဆီဆာသည် ယဥ်ကျေးပြီးသော ဝံပုလွေတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စုအတွက် အသုံးမဝင်ပေ။ တချို့က ဆီဆာကို သတ်စားရန် ကြံရွယ်ကြသည်။ ဆီဆာ၏ အခု အပြုအမူကို ကြည့်ပြီးနောက် သူတို့စိတ်ထဲ ဘယ်လို ဖြစ်သွားမည်နည်း။
ယဥ်ကျေးပြီးသားဟုတ်လား။ အဓိပ္ပါယ်မရှိလိုက်တာ။ သူ၏သွေးဆာမှုကို ကြည့်ပြီး လန်ကာ့ ပင် ကျောချမ်းသွားသည်။ ဆီဆာကို လှံရှည်နှင့် လှမ်းမထိုးမိအောင် မနည်းထိန်းချုပ်ထားရသည်။
အသုံးမဝင်ဘူး ဟုတ်လား။ လင်းနို့၏တောင်ပံများကို ထိုဝံပုလွေက ဆွဲဆုတ်လိုက်ခြင်းဖြစ်သည်။ ဘယ်လိုအသုံးမဝင်တာလဲ ပြောကြပါဦး။
တိရစ္ဆာန်က တိရစ္ဆာန်ပင်။ သတ်ဖြတ်သည့်ဗီဇက သူ့သွေးထဲမှာ ရှိနေသေးသည်ပင်။
ရှောက်ရွှမ်သည် ဓါးမြောင်ကိုင်မထားသော လက်ဖြင့် လူအုပ်ကို လက်ပြလိုက်သည်။ လန်ကာ့နှင့် သူ့လူများကို ဘာမှမလုပ်သေးရန် အချက်ပြခြင်း ဖြစ်သည်။
ဆီဆာသည် ရှောက်ရွှမ်ထံဖြည်းညှင်းစွာ လှမ်းလာသည်။
သူ့ခြေဖဝါး လက်ဖဝါးများမှာ သွေးစွန်းနေသေးသည်။ သူခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်ပေါ်တွင် သွေးစွန်း ကျန်ခဲ့သည်။ လင်းနို့၏အတောင်ပံကို ဆွဲဆုတ်လိုက်စဥ်က ထွက်လာသော သွေးများက သူ့ကိုယ်ပေါ်တွင် ပေကျံနေသည်။
ထို့ကြောင့် ဆီဆာကို ကြည့်ရသည်မှာ ပိုကြောက်ဖို့ကောင်းနေလေသည်။
၈မီတာ...၅မီတာ...၃မီတာ...။
ရှောက်ရွှမ်သည် ဆီဆာ သူ့နားချဥ်းကပ်လာသည်ကို တည်ငြိမ်စွာကြည့်နေသည်။ သို့သော် စိတ်ထဲတွင်တော့ အလွန်လှုပ်ရှားနေလေသည်။ သူ၏ ဘာမှမကိုင်ထားသည့်လက်ကို လှမ်းပေးသော်လည်း တခြားလက်ကတော့ ဓါးမြောင်ကို ဆုပ်ကိုင်ထားဆဲ။ သူသည် ဆီဆာမည်သို့ရွေးချယ်မည်ကို စောင့်ကြည့်နေလေသည်။
ဆီဆာသည် အသက်ကို ပြင်းစွာရှူရင်း ရှောက်ရွှမ်ဆီ တစ်လှမ်းချင်းလှမ်းလာနေသည်။ သူသည် လူငယ်မျိုးနွယ်စု စစ်သည်တော်လေးကို ကြည့်နေရင်း သူ့ခေါင်းကို ငုံ့သွားသည်။ ခုနက သူ့အပြုအမူသည် တော်တော်ဆိုးသွားသည်ကို သိသွားသလိုပင်။ ဖြည်းညှင်းစွာ နားရွက်ခတ်လိုက်ပြီး ရှောက်ရွှမ်၏ လက်ဖဝါးကို ခေါင်းဖြင့် ပွတ်လိုက်သည်။
သူ့လက်ဝါးအောက် ဆီဆာဝင်လာသည့်အချိန်ကျမှ ရှောက်ရွှမ်သည် သက်ပြင်းချလိုက်ပြီး ဓါးကိုင်ထားသော လက်ကို အောက်ချလိုက်သည်။
ခါတိုင်းလိုပင် ဆီဆာသည် ပေးအပ်သော တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခဲ့လေပြီ။ ရှောက်ရွှမ်သည် ဆီဆာ၏ခေါင်းကို ပွတ်လိုက်ရင်း "လိမ္မာတဲ့ကောင်လေး"ဟုပြောလိုက်လေသည်။
ဆီဆာသည် ရှောက်ရွှမ်၏လက်ကို သူ၏ခေါင်းဖြင့်ဖြည်းညင်းစွာ ပွတ်လိုက်ပြီး လက်ဖဝါးကို လျာဖြင့်ရပ်လိုက်သည်။ ထိုအခါ ရှောက်ရွှမ် လက်ဖဝါးပေါ်တွင် သွေးအနည်းငယ်စွန်းသွားသည်။
" အဆင်ပြေသွားပြီလား..အားရွှမ်" လန်ကာ့က နည်းနည်းလန့်နေသေးသည်။ ဆီဆာကို ကြည့်ရသည်မှာ အခုတော့ ပုံမှန်လိုပင်။ သို့သော် ခုနက မြင်ကွင်းကို ကြည့်ရင်း သူသည် ဝံပုလွနားကို ကပ်ရန် ကြောက်နေသေးသည်။ လက်ထဲက လှံကိုလည်း အောက်မချသေးပေ။
"အဆင်ပြေသွားပါပြီ"
ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့မှ လူများက ဆီဆာကို အချိန်တစ်ခုကြာအောင် သတိနှင့်စောင့်ကြည့်နေကြမည်ကို သိသည်။ သို့သော် အချိန်ကြာလျှင် အဆင်ပြေသွားမည်သာ။
ခုနက ဖြစ်ရပ်ကြောင့် ဆီဆာသည်သူ၏ သားရဲဗီဇကို ပြန်လည်ရရှိသွားသလို ထိန်းချုပ်နိုင်စွမ်းလည်းရှိသွားသည်။ ကောင်းသည့် အချက်ပင်။
ဆီဆာကို လှမ်းပွေ့ရင်း ရှောက်ရွှမ်သည် ဆီဆာ၏ကိုယ်ပေါ်မှ လက်သည်းရာများနှင့် ဒဏ်ရာများကို စစ်ဆေးနေသည်။
ဒဏ်ရာ ကုသရန် သူကိုယ်တိုင်ဖော်စပ်ထားသည့် ဆေးမှုန့်တို့ကို ဆီဆာ၏ဒဏ်ရာများပေါ်တွင် ဖိသိပ်ပေးလိုက်သည်။ သူ့ဆေးသည် တိရစ္ဆာန်များပေါ်တွင် အကျိုးသက်ရောက်မှုရှိမလား သိချင်သည်။
ရှောက်ရွှမ်က ဆီဆာကို ဆွဲခေါ်ပြီးနောက် လန်ကာ့ နှင့်သူ့လူများက လင်းနို့ကို ကြည့်နေကြသည်။
မိုင်ကလည်း နောက်လင်းနို့တစ်ကောင်ကို သတ်လိုက်သည်။ ထိုတစ်ကောင်မှာ ဆီဆာသတ်လိုက်သော အကောင်ထက်ပင် ပိုကြီးသေးသည်။ လက်သည်းများက ပိုချွန်ထက်သည်။ ထိုအကောင်နှင့်သာ ဆီဆာတိုက်ခိုက်ရပါက ဆီဆာသည် ဒဏ်ရာ ပြင်းစွာရပေလိမ့်မည်။
ထိုသတ္တဝါမျိုး ဘာလို့နေ့အချိန်တွင် ထွက်လာရသနည်း။
အမဲလိုက်အဖွဲ့အတွင်းမှ အသက်ကြီးရင့်သူတစ်ယောက်က တွေးမိသည်။
"မနှစ်က ဟေးစစ်ဖုန်း ထွက်လာသလိုမျိုး အဖြစ်အပျက်လား...သူတို့တွေ နေ့ဘက်မှာ ထွက်လာတယ်လေ"
တစ်ယောက်က ပြောသည်။
"အဲဒီလို မဖြစ်နိုင်ဘူး.."
မိုင်က သူ့ခေါင်းကို ယမ်းလိုက်သည်။
"ဟေးစစ်ဖုန်းက နေ့ခင်းဘက် ထွက်လာတာ ငါတို့ကို လက်စားချေချင်လို့လေ..ဒီကောင်တွေက ဘာနောက်ကို လိုက်နေကြတာလဲ...အမဲလိုက်လာတဲ့နှစ်ပေါင်းများလှပြီ..ဒါမျိုးတစ်ခါမှ မတွေ့ဖူးသေးဘူး"
အားလုံးတိတ်ဆိတ်သွားကြသည်။
အမှန်တော့ သူတို့သည် ထိုသတ္တဝါကို သိပ်မကြောက်လှပါ။
သိပ်အန္တာရာယ်ပေးနိုင်သည့် အကောင်မျိုးမဟုတ်ပေ။ သို့သော် ထိုအဖြစ်အပျက်နောက်ကွယ်တွင် တစ်ခုခုရှိနေမည်ကို သူတို့စိုးရိမ်သည်။ သာမန်မဟုတ်သော အခြေအနေတစ်ခုက အရေးကြီးသော အဖြစ်အပျက်တစ်ခု ဖြစ်လာတော့မည်ကို သတိပေးနေသလို ဆိုသော စကားရှိသည်။
တိတ်ဆိတ်မှုက ဆက်လက်ကြီးစိုးနေစဥ် လေချွန်သံများ ကို ကြားလိုက်ရသည်။
အမဲလိုက်အဖွဲ့အတွင်းမှ လူများသည် ထိုကဲ့သို့ လေချွန်သံများကို မကြားဖူးပေ။ လေချွန်သံက သူတို့အဖွဲ့မှ လာခြင်းမဟုတ်။ တခြားအမဲလိုက်အဖွဲ့တစ်ခုမှ လာခြင်းလား။
"မင်းတို့ ဒီမှာစောင့်နေ...ငါတို့သွားကြည့်လိုက်မယ်"
မိုင်က စစ်သည်တော်တချို့ကို သူနှင့်ခေါ်သွားသည်။ သူတို့သည် လေချွန်သံထွက်ပေါ်လာရာကို ပြေးသွားသည်။
မကြာမီ မိုင်သည် လူငါးယောက်ကို ခေါ်လာသည်။စစ်သည်တော်ငါးယောက်လုံးသည် ဒဏ်ရာကိုယ်စီနှင့် ဖြစ်သည်။ ဒဏ်ရာ အတိမ်အနက်တော့ မတူကြ။
သူတို့နှင့် အမဲလိုက် လမ်းကြောင်းခြင်းတူသည့် တခြားအမဲလိုက်အဖွဲ့တစ်ခု ဖြစ်သည်။ မနှစ်က ရှောက်ရွှမ်နှင့်မောင်တို့ ဟေးစစ်ဖုန်း၏ ရန်ပြုခြင်းကို ခံရစဥ်က မိုင်က သူတို့ကို ကူညီခဲ့သည်။
မိုင်သတ်ထားသော လင်းနို့သေကို ကြည့်ရင်း စစ်သည်တော်ငါးယောက်ထဲမှ တစ်ယောက်က တုန်လှုပ်သွားပြီး
" မင်းတို့လည်း ဒီကောင်နဲ့တွေ့ ပြီးပြီလား"။
"ဒီတစ်ကောင်တည်းမဟုတ်ဘူး..နှစ်ကောင်"
လန်ကာ့နှင့် အခြားသူများကဆီဆာ သတ်ထားသော အကောင်ကို ပြရန် ဘေးဖယ်ပေးလိုက်သည်။
မိုင်က ဒဏ်ရာရထားသော သူများကို ကြည့်ရင်းမေးသည်။
"မင်းတို့လည်း ဒီကောင်တွေနဲ့တွေ့လာတာလား"
စစ်သည်တော်က သက်ပြင်းချလိုက်ပြီး
"တယ်..ဒီကောင်တွေက ညဘက်ပဲ ထွက်လေ့ရှိတာ...ဒါပေမဲ့ အခုက နေ့ဘက်ကြီးလေ..ငါတို့အဖွဲ့ကို အဲဒီကောင်တွေအများကြီး ဝိုင်းတိုက်ကြတာ..အဲဒါကြောင့် ငါတို့မင်းတို့ဆီက အကူအညီလာတောင်းတာ" ။
စစ်သည်တော်က ရှောက်ရွှမ်ခြေရင်းတွင် ဝပ်နေသော ဝံပုလွေကို ကြည့်ရင်းမေးသည်
" မင်းဝံပုလွေက အရာဝတ္ထုတွေကို အနံ့ခံပြီးခြေရာခံလိုက်နိုင်တယ်ဆို"။
မိုင်က မဖြေပါ။ ရှောက်ရွှမ်ကိုသာ လှမ်းကြည့်လိုက်သည်။
"ဟုတ်တယ်"
ရှောက်ရွှမ်က ခေါင်းငြိမ့်ပြသည်။
"ခုနတုန်းက မြက်လုံးကြွက်ကို ဖမ်းပေးတယ်လေ"
လန်ကာ့က ပြောသည်။ သူသည် ဆီဆာကို လန့်နေသေးသော်လည်း တခြားအဖွဲ့မှ အမဲလိုက်စစ်သည်တော်များကို မကြွားဘဲမနေနိုင်ချေ။ သူတို့ စတင်ထွက်လာစဥ်က တခြားအဖွဲ့များက သူတို့ကို လှောင်ခဲ့သည် မဟုတ်ပါလား။
"အခုအခြေအနေကို ဖြေရှင်းဖို့ ငါတို့ အဲဒီကောင်ကိုခဏငှားချင်တယ်"
ထိုလူက လန်ကာ့ လေသံကို ဂရုမစိုက်ဘဲပြောသည်။
"ဘာလုပ်ဖို့လဲ"
မိုင်ကမေးသည်။
"လူတစ်ယောက်ကို ရှာဖို့..."။