သွေးစုပ် လင်းနို့များ
Vol. 8 Ch. 114
သူတို့ဆီရောက်လာသော အမဲလိုက်အဖွဲ့မှ ခေါင်းဆောင်သည် ချာဖြစ်သည်။ ချာသည် မိုင်နှင့် အသက်အရွယ်တူတူပင် ဖြစ်သည်။ သူသည်အမဲလိုက်အဖွဲ့ထဲတွင် ဒုတိယ အတွင်းအား အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူသည် အမဲလိုက်အဖွဲ့ အတွင်း အရေးပါသောသူတစ်ယောက်ဖြစ်သည်။ ရင့်ကျက်ပြီး အတွေ့အကြုံရှိသော အမဲလိုက်စစ်သည်တော် တစ်ယောက်လည်း ဖြစ်သည်။ ငါးယောက်ထဲတွင် သူက ဒဏ်ရာ အနည်းဆုံးဖြစ်သည်။
"မင်းတို့ အဖွဲ့ထဲက လူတွေဆုံးရှုံးလိုက်ရတာလား"
မိုင်က အံ့သြသင့်စွာမေးသည်။ အမဲလိုက်ခရီးမှာ စထွက်ခါစသာရှိသေးသည်။ လူတွေဆုံးရှုံးရသည်မှာ တော်တော်ထူးဆန်းသော ကိစ္စဖြစ်သည်။
"ငါတို့ စစ်သည်တော် သုံးယောက်ကျသွားတယ်..ငါတို့ ခဏနားဖို့ ပထမနယ်မြေထဲရောက်တော့ ..အဲဒီသုံးယောက်က ရေသွားရှာတာ သူတို့ ပြန်ရောက်မလာတော့ဘူး"
ထိုစကားကို ချာသည် ခဲယဥ်းစွာ ပြောလိုက်ရသည်။ ထိုဖြစ်ရပ်သည် အမဲလိုက်အဖွဲ့တစ်ခုလုံး၏ သိက္ခာကို ထိခိုက်စေသည် မဟုတ်ပါလော။ အကြောင်းရင်းရှာမရဘဲ လူတွေပျောက်သွားသည်။ အလောင်းကိုပင် ရှာမတွေ့..လက်ခံရခက်ခဲသော အခြေအနေဖြစ်သည်။ ဘယ်သူကမှ အလျော့မပေးချင်ကြပါ။
"ရေခပ်တဲ့နေရာက ငါတို့ညဘက် အနားယူတဲ့နေရာနဲ့ သိပ်မဝေးဘူး...အဲဒီနားမှာ အန္တရာယ်များတဲ့ သားရဲကြီးတွေ သိပ်မရှိဘူး...ဒါပေမဲ့ ညရောက်တဲ့အထိ ရေခပ်သွားတဲ့ သုံးယောက်က ပြန်ရောက်မလာဘူး...အားချန်က လူနည်းနည်းခေါ်သွားပြီး လိုက်ရှာ ကြည့်တော့ ရေခပ်တဲ့နားမှာ သူတို့ချန်ခဲ့တဲ့ အမှတ်အသားနည်းနည်းနဲ့ ခြေရာတွေရယ်ပဲတွေ့တယ်..နောက်နေ့တစ်ဝက်လောက်စောင့်ပြီးတော့ လူစုခွဲပြီး လိုက်ရှာတယ်..ဘာမှမထူးဘူး...ပျောက်နေတဲ့ ငါတို့လူတွေကို လိုက်ရှာရင်း ဒီအကောင်တွေနဲ့ တိုးတော့တာပဲ"။
ချာသည် မောပန်းနေသော သူ့မျက်နှာကို ပွတ်လိုက်ရင်း မြေပြင်ပေါ်မှ လင်းနို့သေကို ညွှန်ပြကာ
"နေ့ခင်းကြောင်တောင်ကြီး ဒီကောင်တွေ ငါတို့အမဲလိုက်အဖွဲ့ကိုဝင်တိုက်တာ..မြန်မှမြန်...အားလုံးပေါင်း တစ်ဒါဇင်လောက်ရှိမယ်...ငါတို့လူနည်းနည်း ဒဏ်ရာရသွားတယ်...အားချန်က ငါ့ကို မင်းတို့ဆီက အကူအညီလာတောင်းခိုင်းတာကွ..ဒါပေမဲ့ ဒီလင်းနို့တွေ မင်းတို့ဆီကို ငါတို့ အရင် ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး" ။
ရှောက်ရွှမ်သည် သူပြောနေသည်ကို နားထောင်နေသလို တစ်ဖက်ကလည်း ဆီဆာတစ်ယောက်ပုံမှန် မဟုတ်တာကို သတိပြုမိနေသည်။ ဆီဆာ၏ဒဏ်ရာကို အခြေအနေ ပိုဆိုးရွားလာခြင်းရှိမရှိ စစ်ဆေးသည်။ သွေးများသည် နီရဲနေသလို
ဆီဆာ့ကို ကြည့်ရသည်မှာ အလွန်မောပန်းနေပြီး မူးဝေနေပုံပေါ်သည်။
"လင်းနို့ကိုက်တာ ခံရတာ မဟုတ်လား"
ချာကမေးသည်။
"လင်းနို့ ကိုက်ခံရရင် မူးဝေပြီး အားနည်းသွားတတ်တယ်..အသက်အန္တရာယ်တော့မရှိဘူး...ဝံပုလွေကို ဒါကျွေးလိုက်.."
ချာက ရှောက်ရွှမ်ကို သစ်မြစ်နှင့်တူသော အရာတစ်ခုကို ပေးသည်။ နတ်ဆေးဆရာဆီမှ ဆေးဘက်ဝင်အပင်များ အကြောင်းကို အချိန်အတော်ကြာလေ့လာခဲ့သူဖြစ်သဖြင့် ရှောက်ရွှမ်သည် ထိုအပင်ကိုသိသည်။ ထိုဆေးမြစ်သည် လန်းဆန်းစေသော အစွမ်းရှိသည်။ အဆိပ်ရှိအပင်များကြောင့် ဖြစ်ပေါ်စေသော ထုံထိုင်းမှုများကို ပျောက်စေသည်။ သို့သော် ထိုအပင်များကို အမဲလိုက်နယ်ပယ်အတွင်းရှာရ ခက်ခဲသည်။ ထို့ပြင် ချာနှင့် အခြားသူများသည် ဆီဆာကို အမဲလိုက်အဖွဲ့တွင်း ခေါ်လာသည်နှင့် ပတ်သက်၍ အမြင်မကြည်ပါ။ မိုင်၏အဖွဲ့တွင် ဆီဆာပါလာသည်ကို တွေ့သောအခါ မိုင့်ကိုပင် ဟားတိုက်ခဲ့သေးသည်။
အခုတော့ ဘာကြောင့် အဖိုးတန်ဆေးမြစ်ကို ဆီဆာ့အားပေးသနည်း။
မိုင်နှင့်လန်ကာ့က သူ့ကို ကြည့်နေသည်ကိုတွေ့သောအခါ ချာက ရှင်းပြသည်
" ငါတို့လူသုံးယောက်ကို ရှာဖို့ ဆီဆာ့ အကူအညီယူရဦးမယ်လေ"။
အမှန်ပင်။
အရင်တုန်းကတော့ မင်းတို့က ငါတို့ကိုလှောင်ပြီး အခုတော့ ငါတို့ဝံပုလွေရဲ့ အကူအညီကို လိုချင်တယ် ဟုတ်လား။ လန်ကာ့နှင့် ကျန်သူများသည် နည်းနည်း ဘဝင်ကျသွားသလိုခံစားလိုက်ရသော်လည်း ယခုအခြေအနေကို ပြန်တွေးမိသောအခါ စိတ်များ ပြန်လေးလံသွားလေသည်။
လူများသည် အကြောင်းမဲ့တော့ ပျောက်ဆုံးမသွားတန်ရာ။ သူတို့သည် ရှင်းပြရန် ခက်ခဲစွာ ပျောက်ဆုံးသွားသည်။
ဘယ်ကဘယ်လို စတွေးရမည်မှန်းတောင် မသိ။ သူတို့သည် သားရဲကြီးများနှင့် တိုက်ခိုက်ရန် မကြောက်ပါ။သို့သော် သူတို့ မသိသေးသော အရာတစ်ခုအတွက်တော့ နည်းနည်း စိတ်လှုပ်ရှားမိသည်။
"အားချန် ဘာပြောလဲ"
မိုင်ကမေးသည်။
"အားချန်ပြောတာတော့ ငါတို့လူတွေကို အဲဒီရွံစရာ သတ္တဝါတွေကိုက်သွားတာလို့ပြောတယ်..အဲဒါကြောင့် သူတို့ မခုခံနိုင်တော့တာ..ဖြစ်နိုင်တာကတော့ အဲဒီအကောင်တွေ ဆွဲသွားတာ ဖြစ်မယ်..ဒါပေမဲ့ သဲလွန်စကလည်း နည်းနည်းပဲတွေ့တော့ လိုက်ရှာရခက်နေတာပေါ့ကွာ"
ချာက ဆီဇာ့ကို ကြည့်လိုက်သည်။ ဝံပုလွေသည် တဖြည်းဖြည်းချင်း စွမ်းအင် ပြန်ပြည့်လာသည်။
"ဒီကောင်လေး ငါတို့ကို ကူညီနိုင်မယ်လို့မျှော်လင့်ရတာပဲ" ။
ရှောက်ရွှမ်သည် ဆီဆာ၏ကိုယ်ပေါ်မှ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ ဆီဆာ အခြေအနေကောင်းသည်ကို တွေ့သောအခါမှ လင်းနို့သေ၂ကောင်ဘက်သို့ လှည့်လိုက်သည်။
လင်းနို့များ၏ တံတွေးသည် မူးဝေထုံထိုင်းစေသည်။ ရှောက်ရွှမ်က သူတို့ပါးစပ်ကို ဓါးဖြင့်ဖွင့်လိုက်သည်။ သေချာပြီ...ဆီဆာ၏ကိုယ်ပေါ်မှ ဒဏ်ရာများမှ ထိုသွားများကြောင့်ရခြင်း ဖြစ်သည်။
ထိုသို့သွားများ ပိုင်ဆိုင်သော သတ္တဝါများသည် အသားစား သတ္တဝါများ ဖြစ်သည်။
ထို့ပြင် လင်းနို့၏ လက်သည်းများမှာ လွန်စွာ ချွန်မြပြီး နောက်ခြေထောက်များမှာ လွန်စွာ သန်မာသည်။ ထို့ပြင် မျက်လုံးများမှာလည်း လွန်စွာ ကြီးမားသည်။
"ကဲ..အခြေအနေ ဘယ်လိုလဲ...ငါတို့သွားလို့ရပြီလား.."
ချာသည် နည်းနည်းစိတ်လှုပ်ရှားနေပြီ သူက သူ့လူတွေကို အမြန်လိုက်ရှာချင်နေသည်။ အချိန်ဆွဲလေ သူတို့လူတွေကို ရှာဖို့ အခွင့်အလမ်းနည်းလေဖြစ်သည်။ သူတို့အမဲလိုက်လမ်းကြောင်း တလျှောက် ဘာတွေ ဖြစ်နေသည်လဲ သူလုံးဝမသိတော့ပါ။
မိုင်က ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ ရှောက်ရွှမ်က ခေါင်းငြိမ့်ပြသည်ကိုတွေ့သောအခါ ဆီဆာသည် အခြေအနေကောင်းသည်ကို သိလိုက်သည်။
"ကဲ...သွားကြမယ်"
အမဲလိုက်အဖွဲ့က ဂူတွင်းသို့ ဝင်၍ ကျောက်လက်နက်များကို လိုရမယ်ရ သွားထပ်ယူသည်။
ချာက ဦးဆောင်သည်။သို့သော် သူတို့သည် တောင်ထိပ်မှ စမသွားပါ။ တောင်ကို ဖြတ်ကျော်သွားလျှင် သူတို့အတွက် ဘေးကင်းသော်လည်း သူတို့သွားလိုရာသို့ရောက်ရန် အချိိန် အတော်ကြာသွားရမည် ဖြစ်သည်။ အခုတော့ အလျင်လိုနေသဖြင့် အားလုံးကသဘောတူလိုက်သည်။ သူတို့သည် မြန်နိုင်သမျှ မြန်မြန်ရောက်အောင် သွားရန် လိုအပ်သည် မဟုတ်ပါလား။ တုံ့ဆိုင်းခြင်းမရှိ...သူတို့သည် အတိုဆုံး လမ်းကို ရွေးချယ်လိုက်သည်။
လမ်းတွင် ဧရာမ လင်းနို့ကြီးများကို တွေ့သော်လည်း အဖွဲ့၂ဖွဲ့ ပူးပေါင်းကာ နှိမ်နင်းနိုင်လိုက်သည်။
"အားလုံးနားထောင်ကြ...ကုတ်မိတာက ပြဿနာမရှိဘူး...ကိုက်မိရင်တော့ အခြေအနေဆိုးတယ်..ငါ့မှာဆေးမြစ် မလောက်တော့ဘူး"
ချာက သတိပေးသည်။
"ဒီအမဲလိုက် နယ်ပယ်ထဲမှာ သားကောင်သိပ်မရှိဘူး...ဧရာမဦးချိုနဲ့ဒရယ်ကြီးတွေ မွေးရှည်နွားကြီးတွေတောင် သူတို့ စားကျက်ဟောင်းကို စွန့်ခွာပြီး ထွက်ပြေးကုန်ကြပြီ...သားရဲကြီးတွေတောင် အပြင် မထွက်ဘူး...ဒီလို အခြေအနေမျိုး အတိတ်မှာ တစ်ခါမှ မကြုံဖူးဘူး"။
ထိုစကားကို ကြားသည့်အခါ ထိုအခြေအနေသည် ကောင်းသည့် လက္ခဏာမဟုတ်ဟု သိလိုက်ကြသည်။
သားကောင်များမရှိတော့သည်မှာ အခြားသော သားရဲမုဆိုးများက သတ်ဖြတ်စားသောက်လိုက်သည့် အဓိပ္ပါယ်ပင်။ ဧရာမဦးချိုဒရယ်ကြီးများနှင့် အမွှေးရှည် နွားကြီးများ စားကျက်ပြောင်းသည်မှာ အန္တရာယ်ရှိသောနေရာကို စွန့်ခွာခြင်းဖြစ်သည်။ သို့သော် သားရဲကြီးများကရော ဘာလို့ပြောင်းရွှေ့သွားသနည်း။ သားရဲကြီးများကို မည်သည့်အရာက ကြောက်လန့်စေသနည်း။
လန်ကာ့ နှင့် ကျန်သည့်သူများက ပြောသည်"ဒါကောင်းတဲ့အခြေအနေတော့မဟုတ်ဘူး"။ လင်းနို့ကြီးများကိုတွေ့သောအခါက သူတို့စိတ်ထဲ အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ အခုတော့ သေချာသွားပြီ။
ရှေ့သို့ ဆက်ချီတက်လာစဥ် ရှောက်ရွှမ်သည် ပုံမှန်မဟုတ်သော စူးရှသည့် အော်မြည်သံတစ်ခု လေနှင့်အတူပါလာသည်ကို ကြားလိုက်ရသည်။ လန်ကာ့နှင့် ကျန်သည့်သူများကို ကြည့်လိုက်စဥ်မှာတော့ သူတို့သည် ပတ်ဝန်းကျင်ကို စူးစမ်းနေသည့် အမူအရာမတွေ့ရ။ သူတို့သည် ဘာသံမှ မကြားပေ။
ဆီဆာ၏ကျောကုန်းမှ အမွှေးများထောင်ထလာပြီး ကောင်းကင်ကို သတိကြီးစွာမော့ကြည့်လိုက်သည်။
ချာက ရှေ့ကသွားသည်။ အဖွဲ့ကို ဦးဆောင်နေသော မိုင်၊ချာနှင့် အခြား အလယ်တန်းစစ်သည်တော်များသည် ရုတ်တရက် ရပ်တန့်လိုက်သည်။
"အဲဒါများလား"
မိုင်က တီးတိုးရေရွတ်သည်။ မိုင်က အခြားသူများကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး အသံကိုနားစိုက်ထောင်လိုက်သည်။
"ဟိုလင်းနို့တွေလား"
မိုင်က တီးတိုးရေရွတ်သည်။
"ဟုတ်တယ်"
ချာက ခေါင်းငြိမ့်သည်။
"ဒါပေမဲ့ လောလောဆယ် ငါတို့က သူတို့ ပစ်မှတ်မဟုတ်ဘူး..ဒီကောင်တွေ တခြား သားကောင် နောက်ကို လိုက်နေတာ ဖြစ်မယ်"
"မင်းဘာသံကြားသေးလဲ..မိုင်...ငါကဘာလို့ ဘာသံမှ မကြားရတာလဲ"
လန်ကာ့ ကမေးသည်။
"မင်းစွမ်းရည်မပြည့်ဝသေးလို့ မကြားတာပါ"
မိုင်က ထပ်မံနားစွင့်လိုက်ပြီး နေရာတစ်တစ်နေရာကို ညွှန်ပြလိုက်သည်။
"ဟိုအပင်ပေါ်တက်ပုန်းနေ..ပြီးရင် အခြေအနေကို အရင်စောင့်ကြည့်"
ဆီဆာက သစ်ပင် မတက်နိုင်သဖြင့် ရှောက်ရွှမ်က သူ့ကို မြက်တောထဲတွင် ပုန်းနေရန် မှာသည်။
ရှောက်ရွှမ်လည်း သူ့ဘေးတွင်ရှိသော အပင်ပေါ်တက်လိုက်ပြီး အဝေးသို့မြင်နိုင်သော အမြင့်သို့ရောက်သည့်အခါ သစ်ရွက်ထူထူများအောက်တွင် ပုန်းနေလိုက်သည်။
ကြည့်လိုက်တော့ သစ်ကိုင်းတစ်ခုပေါ်တွင် သစ်ပင်မြေခွေးတစ်ကောင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်သည်။ ထိုမြေခွေးသည် ကြွက်သားများကို တောင့်တင်းထားကာ သူ့အမွှေးများလည်း ထောင်ထနေသည်။ ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ပါးစပ်ကို ဖွင့်ဟထားသည်။ သူထိုသို့ ကြောက်ရွံ့နေသည်မှာ ရှောက်ရွှမ်ကြောင့်မဟုတ်၊ ကောင်းကင်မှပျံသန်းလာသော သတ္တဝါတို့ကြောင့် ဖြစ်သည်။ ထိုမြေခွေးသည် အန္တာရာယ်ကြောင့် သတိအလွန်ကြီးမားနေသဖြင့် ရှောက်ရွှမ်သည် ခုန်ထွက်လိုက်ကာ သူ့ကို ခြောက်လှန့်လိုက်သည်။ ထို့ကြောင့် မြေခွေးမှာ အပင်ပေါ်မှ ပြုတ်ကျလုနီးနီးဖြစ်သွားသည်။
မြေခွေးက ရှောက်ရွှမ်ကို သူ့အတွက် အန္တရာယ်ဟုတ် မဟုတ် သူ့မျက်လုံးဝိုင်းကြီးများနှင့် ခဏကြည့်လိုက်သည်။ အန္တာရာယ်ပေးမည့်သူမဟုတ်ကြောင်းသိလိုက်ရမှ သူမစားရသေးသော ပိုးမွှားအချို့ဖြင့် ရှောက်ရွှမ်မျက်နှာကို လှမ်းပေါက်လိုက်သည်။ ကြည့်ရသည်မှာ မြေခွေးသည် ရှောက်ရွှမ်ကို အလွန်စိတ်တိုသွားသည့်ပုံပင်။
ရှောက်ရွှမ်က သူ့မျက်နှာဆီလာသော ပိုးမွှားများကို ဦးခေါင်းတိမ်း၍ရှောင်လိုက်သည်။
ပိုးမွှားများက သစ်ပင် ပင်စည်ကို ထိမိသွားပြီး အစိမ်းရောင် ချွဲပစ်ပစ်အရည်များက ရှောက်ရွှမ်ကို လာစင်သည်။
ရှောက်ရွှမ်သည် မျက်နှာ မပျက်ဘဲ သူ့မျက်နှာပေါ်မှ အရည်များကို သုတ်ပစ်လိုက်ပြီး စိတ်ထဲကတော့ ကျိန်ဆဲလိုက်သည်။ ထိုကောင်လေးသည် တော်တော်စိတ်တိုသွားပုံရသည်။
သို့သော် ဘာမဟုတ်သည့် ကိစ္စနှင့် ပတ်သက်၍ ရန်ဖြစ်မနေနိုင်ပေ။ ရုတ်တရက် မြေခွေးက ဦးတည်ရာတစ်ခုကို ကြည့်လိုက်သည်။
သူကြည့်သည့်ဘက်မှာ မိုင်ညွှန်ပြသည့် ဘက်ပင်ဖြစ်သည်။
ကျန်သည့်လူများလိုပင် ရှောက်ရွှမ်သည် ထူထပ်သော သစ်ကိုင်းသစ်ရွက်များအောက်တွင် ပုန်းနေပြီး သစ်ရွက်များကြားမှ ကြည့်လိုက်သည်။
ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
အရှေ့ဘက်မှ မြက်ခင်းပြင်ပေါ်တွင် ဒရယ်လေးကောင်သည် အရပ်မျက်နှာ လေးဘက်ကို မျက်နှာမူ၍ ရပ်နေကြသည်။ နားများကို စွင့်ထားကြပြီး ခန္ဓာကိုယ်များကိုလည်း အစွမ်းကုန်တောင့်တင်းထားကြသည်။
"ဝှစ်"
အရိပ်မည်းများက ကောင်းကင်ပေါ်မှ ဖြတ်ပျံလာပြီး မြက်ခင်းပေါ်ဆင်းသက်လိုက်သည်။
လင်းနို့တစ်ကောင်တည်းမဟုတ်..ဒရယ်လေးကောင်ကို လင်းနို့၁၁ကောင်က ဝိုင်းထားလိုက်သည်။
လင်းနို့အများစုသည် မြေပြင်ပေါ်တွင် လမ်းလျှောက်ရန် မလွယ်ပေ။ ခပ်ဖြည်းဖြည်းသာလျှောက်နိုင်သည်။ သို့သော် ထိုလင်းနို့များသည် အတောင်ပံများကို သိမ်း၍ မြေပြင်ပေါ်ဆင်းသက်သွားသောအခါ သူတို့၏ခြေထောက်များနှင့် ရှေ့လက်များမှာ အလွန်သန်မာကြောင်း တွေ့ရသည်။
ထိုလင်းနို့၁၁ကောင်မှာ မိုင်သတ်လိုက်သော လင်းနို့ထက်ပိုကြီးသည်ကို တွေ့လိုက်ရသည်။
ထိုလင်းနို့၁၁ကောင်သည် မြေပြင်ပေါ် ဆင်းသက်ပြီး သူတို့သားကောင်များဆီ လျင်မြန်စွာ ပြေးသွားသည်။
ဒရယ်ကြီးများသည် ခုန်ထွက်ရန် ကြိုးစားလိုက်သော်လည်း လမ်းခုလတ်တွင် တစ်ဖက်က ခုန်တက်လာသော လင်းနို့ကြီးတစ်ကောင်နှင့်ဝင်တိုက်မိသည်။
လင်းနို့ကြီးတစ်ကောင်သည် အနောက်သို့မီတာ အနည်းငယ်လွင့်ထွက်သွားပြီး မြက်ခင်းပေါ်သို့ လိမ့်ထွက်သွားသည်။ ထို့နောက် မက်တပ်ပြန်ရပ်လိုက်ပြီး နောက်တဖန် ပြန်တိုက်ရန် အားယူလိုက်သည်။ သူတို့သွားများသည် ဓါးသွားကဲ့သို့ထက်မြက်ပြီး ဒရယ်တစ်ကောင်၏ အရေပြားကို ကိုက်ခွဲလိုက်သည်။
သွေးများထွက်လာသည်။
ဒရယ်များသည် လင်းနို့များ ကိုက်ခံလိုက်ရပြီးနောက် နှေးကွေးသွားသည်။ အစကတည်းက လွတ်မြောက်ရန် မလွယ်ကူ..အခုတော့ ပို၍ပင် မလွယ်တော့ပေ။
ဒရယ်လေးကောင်လုံး လင်းနို့များကိုက်သည်ကို ခံလိုက်ရပြီး တစ်ကောင်မှာ ခြေထောက်များ တဆတ်ဆတ် တုန်နေရှာသည်။
လင်းနို့များသည် နောက်တစ်ကြိမ်တိုက်ခိုက်ခြင်းမပြုဘဲ စိတ်ရှည်စွာဖြင့် စောင့်နေသည်။
နောက်ဆုံးတွင် ဒရယ်ကြီးများမှာ မြေပေါ်လဲကျသွားပြီးနောက် လင်းနို့များက အားအင်ကုန်ခမ်းသွားသော ဒရယ်ကြီးများကို ဆွဲယူသွားကြသည်။ သူတို့သည် ဒရယ်ကြီးများကို နေရာတွင်ပင် စားသောက်ခြင်း မပြုလုပ်။ ဒရယ်တစ်ကောင်ကို လင်းနို့၂ကောင်၃ကောင်က သယ်ယူသွားပြီး အတောင်ပံများ ဖြန့်ကာ ပျံသန်းသွားကြသည်။
လင်းနို့များထွက်သွားပြီးနောက် အမဲလိုက်အဖွဲ့မှ လူများသည် သစ်ပင်တစ်ပင်အောက်တွင် စုစည်းလိုက်ကြသည်။ အားလုံးမှာ စိတ်မကောင်းဖြစ်နေကြသည်။
မိုင်ကပြောသည်
" ဒီကောင်တွေက သားကောင်ကိုသတ်ပြီးပြီးချင်းမစားဘူး"
မိုင်က ပြောသည်။ ချာကလည်း စိတ်မကောင်းသော မျက်နှာဖြင့် ပြန်ပြောသည်။
" ဒါကြောင့် အားချန်က ပျောက်နေတဲ့လူတွေကို ချက်ချင်းရှာရမယ်လို့ပြောတာပေါ့..အခု အနည်းဆုံးတော့ သူတို့ အပြုအမူများကို သိလိုက်ရပြီ.. ကိုက်ပြီးချက်ချင်းမစားဘူးဆိုတော့..ငါတို့လူတွေ အသက်ရှင်နေနိုင်သေးတယ်"
"ဒီကောင်တွေ ကြည့်ရတာ အစာသိုမှီးနေသလိုပဲ...ဒါပေမဲ့ ဆောင်းတွင်း ကုန်နေပြီးလေ" အသက်ကြီးသော စစ်သည်တော်တစ်ယောက်က ပြောသည်။ "ဒါဆို ဘယ်သူ့အတွက် အစာရေစာ သွားပေးနေတာလဲ"။
သူတို့လူစု တိတ်ဆိတ်သွားသည်။
ချာက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကဲ..ပျောက်နေတဲ့လူတွေကို အရင်လိုက်ရှာမယ်"။
ချာက မိုင်နှင့် ကျန်သည့် လူများကို အမဲလိုက်အဖွဲ့ခေါင်းဆောင်အားချမ်နှင့်တွေ့ရန် ပထမစခန်းချရာနေရာသို့ ပြန်ရန် ညွှန်ကြားသည်။ ထိုနေရာသို့ရောက်လျှင် အားချန်သည် ဒဏ်ရာရနေသော စစ်သည်တော်များကို ဆေးထည့်ပေးနေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ..နောက်ထပ်တိုက်ခိုက်ခံရတာလား"
ချာက ဒဏ်ရာရနေသော စစ်သည်များဆီပြေးသွားသည်။
"သိပ်တော့မဆိုးပါဘူး..သေလောက်တဲ့ဒဏ်ရာတော့ မရဘူး"
ချန်က စိတ်ပျက်လက်ပျက်ဖြင့် ခပ်ယဲ့ယဲ့ ပြုံးရင်း မိုင့်ဆီသို့ လှမ်းလာသည်။ အားချန်က ရှောက်ရွှမ်နားတွင် ရပ်နေသော ဆီဆာ့ကို လှမ်းကြည့်လိုက်သည်။
"ဒီတစ်ခေါက်တော့ ဆီဆာကိုပဲအားကိုးရမှာပဲ"
အမဲလိုက်အဖွဲ့ခေါင်းဆောင်နှစ်ယောက်တို့ ဆွေးနွေးနေစဥ်မှာ ရှောက်ရွှမ်က ဂူထဲမှ အခြေအနေကို အကဲခတ်လိုက်သည်။
အမဲလိုက်စစ်သည်တော်များသည် မျိုးနွယ်စုထဲမှာ ထွက်လာသောအခါ စွမ်းအင်အပြည့်နှင့် တက်ကြွလန်းဆန်းနေကြသည်။ အခုတော့ သူတို့အားကုန်နေပြီ ဖြစ်သည်။ စိတ်ထဲတွင် ပဟေဠိဆန်စွာ ပျောက်ဆုံးနေသော သူတို့လူများအတွက် စိတ်ပူနေပြီး နောက်ဖြစ်ပေါ်လာမည့် အကျပ်အတည်းအတွက်လည်း စိတ်မအေးရပေ။
အားလုံး၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ရထားကြသည်။ ကံကောင်းစွာဖြင့် အပေါ်ယံခြစ်မိသောဒဏ်ရာများ ဖြစ်ကြပြီး အနည်းငယ်သာ အကိုက်ခံရသည်။
"အဆိုးထဲက အကောင်းကတော့ ငါတို့လူငယ်တွေကို မခေါ်လာမိတာပဲ..ခေါ်လာမိလို့ကတော့..."
အားချန်ဆက်မပြောတော့ပါ။ ဒါပေမဲ့ သူဆိုလိုသည်ကို အားလုံးက သိနေကြသည်။
အမဲလိုက်အဖွဲ့အတွင်း စွမ်းအင်နိုးထပြီးခါစ စစ်သည်တော်အသစ်များပါလာပါက သူတို့သည် အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ခံနေရမည် ဖြစ်သည်။ မနှစ်တုန်းက ရှောက်ရွှမ်ခံနေရသလိုပင်။ စွမ်းအင်နိုးထပြီးကာစ စစ်သည်တော်များသည် အမဲလိုက် အတွေ့အကြုံ အလွန်နည်းပါးသည်။ နည်းနည်းလောက် ပေါ့ဆမိသည်နှင့် အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနိုင်သည်။
အားချန်က "ငါတို့တော့မင်းနဲ့ဆီဆာကိုပဲ အားကိုးရတော့မှာပဲ" ဟုပြောလိုက်လေတော့သည်။