တွင်းနက်ကြီး
Vol. 8 Ch. 115
အမှောင်ကျရောက်ရန် အချိန် အနည်းငယ်လိုနေသေးသည်။ ပျောက်ဆုံးနေသော သူ့လူများကို အမြန်ဆုံးရှာဖွေရန် အမဲလိုက်အဖွဲ့ခေါင်းဆောင်သည် ရှောက်ရွှမ်ကို သူတို့စခန်းချခဲ့သည့် နေရာအားလိုက်ပြရန် လိုအပ်သည်။
ချန်က ရှောက်ရွှမ်ကို ပြောသည်
" ငါ့လူတွေ ဂူထဲကထွက်ပြီး ရေခပ်တဲ့နေရာကို တန်းသွားလား သိချင်တယ်" ။
ပျောက်သွားသော သူများသည် အဖွဲ့အတွက် ရေခပ်သွားရန် ထွက်သွားကြသည်ကို သိသော်လည်း ဆီဆာ၏ အကူအညီယူ၍ထိုအချက်မှန်မမှန် အတည်ပြုချင်သေးသည်။
"ဟုတ်ကဲ့"
ရှောက်ရွှမ်ကပြောသည်။
ဂူထဲမှ လူများဆီက ရေခပ်သွားသောသူတို့ သုံးသော အသုံးအဆောင်ပစ္စည်းများကို ဆီဆာ အနံ့ခံ၍ရရန် တောင်းလိုက်သည်။ ဒါမှ ဆီဆာသည် သူတို့ အနံ့ကို မှတ်မိမည် ဖြစ်သည်။
ချန်နှင့်မိုင်တို့သည် စစ်သည်တော်၁၂ယောက်ကိုခေါ်ကာ ရှောက်ရွှမ်နှင့်အတူထွက်လာသည်။
"ဟိုသတ္တဝါတွေကို လိုက်ရှာချင်ရင် သူတို့အသိုက်ကို ရှာမှရမယ်ထင်တယ်..ဒါပေမဲ့ အဲဒီလင်းနို့တွေကနောက်လိုက်ကြည့်တော့ အသိုက်က တဖွဲ့ကို အသိုက်တစ်သိုက်ဖြစ်နေတယ်.."
ချန်ကပြောသည်။
မိုင်နှင့် အဖွဲ့၏ အကူအညီကို လိုချင်သည်မှာ ဆီဆာကို ငှားရန် ဖြစ်သည်။ ဆီဆာ၏ အကူအညီယူ၍ ပျောက်ဆုံးနေသော သူ့လူများကို ရှာတွေ့လို တွေ့ငြားဖြစ်သည်။ အခုမှစရှာသူများ အနေဖြင့် သူတို့လူများကို ဘယ်နေရာတွင် လင်းနို့ဆွဲသွားသည်လည်း သိရမည် ဖြစ်သည်။ ထို့ပြင် ဒုတိယတစ်ချက် ကောင်းသည်လည်းရှိသေးသည်။
ပျောက်နေသောသူများကို ရှာတွေ့သည်ဖြစ်စေ၊ ရှာမတွေ့သည်ဖြစ်စေသူတို့သည် အကူအညီရှာကိုရှာရမည်ဖြစ်သည်။ သူတို့ စစ်သည်တော်သုံးယောက် သဲလွန်စရှာမရဘဲ ပျောက်ဆုံးသွားသော အခြေအနေထက် ပိုမိုထူးဆန်းသော အခြေအနေ မရှိတော့ပါ။ သူတို့အားကိုးနိုင်သည်မှ မိုင်နှင့် သူအမဲလိုက်အဖွဲ့မှ သူ့လူများသာရှိသည်။ သူတို့အဖွဲ့သားများမှာ တစ်ယောက်နှင့်တစ်ယောက် လွန်စွာရင်းနှီးသည်။
ချန်သည် သူ့ရှေ့မှ သွားနေသော ဝံပုလွေကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ရုတ်တရက် ဆီဆာက သွားနေရာမှ ရပ်တန့်လိုက်သည်။ ရှောက်ရွှမ်သည် ဆီဆာ၏ အပြုအမူကို ကြည့်ကာ ဘာသာပြန်ပေးလိုက်သည်
" သုံးယောက်ထဲက တစ်ယောက်က အဲဒီ၏လမ်းအတိုင်းသွားတယ်"။
ချန်သည် ရှောက်ရွှမ်ညွှန်ပြသည့်ဘက်ကို ကြည့်ရင်း ခေါင်းခါလိုက်ရင်း ပြောသည်။
" အဲဒီဘက်မှာ ဂူလည်းမရှိဘူး၊ တောလည်းမရှိဘူး၊ ရေလည်းမရှိဘူး၊ ပုံမှန်ဆိုရင်တော့ အဲဒီဘက်ကို ဘယ်သူမှ သွားမှာမဟုတ်ဘူး"
"အဲဒီနေရာကို သေချာတော့ မရှာရသေးဘူး"
ချာကပြောသည်။
ချန်သည်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် "ရေရှိတဲ့နေရာကို အရင်သွားကြတာပေါ့" ဟုပြောလိုက်သည်။ သုံးယောက်ထဲက တစ်ယောက်က ခွဲထွက်သွားသည်ဆိုသည်။ ပျောက်သွားသည်ကတော့ သုံးယောက်စလုံးပင်။ တခြား၂ယောက်က သူတို့ရေခပ်သွားသည့်လမ်းတွင် မည်သည့်အရာနှင့် ရင်ဆိုင်ခဲ့ရသနည်း။
ချန်တို့ အဖွဲ့သုံးသော ရေထွက်ရာနေရာသည် တောင်ဘေးဘက်ရှိ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရေကန်ဖြစ်သည်။ သူတို့စခန်းချရာဂူနှင့် သိပ်မဝေးလှပါ။
"ခါတိုင်းဆိုရင်လည်း လူသုံးယောက်လောက်ပဲ ဒီနေရာက ရေသွားခပ်နေကြပါ..အဲဒီနေရာမှာ အန္တရာယ်ကြီးတဲ့ သားရဲကြီးတွေ မရှိဘူးလေ..တစ်ကောင် နှစ်ကောင်လောက်တွေ့ရင်တောင် လွတ်အောင်ပြေးဖို့ သိပ်မခက်ဘူး..ငါကိုယ်တိုင်လည်း ဒီနေရာကို ရေလာခပ်ဖူးပါတယ်..ဒါပေမဲ့ ဒီတစ်ခေါက်က အရင်အခေါက်တွေနဲ့ မတူဘူး" ချာက သူတို့နင်းထားသော မြက်များကို ညွှန်ပြလိုက်သည်။
မြက်များပေါ်တွင် တစ်စုံတစ်ခုနှင့် ဖိထားသည့် အရာကို တွေ့လိုက်ရသည်။ ပျောက်ဆုံးနေသောသူများ မြေပေါ်လဲကျစဥ်က ဖြစ်ပေါ်ခဲ့သော အရာများ ဖြစ်နိုင်သည်။ မြက်ပင်များ ယိုင်လဲနေပြီး အနားရှိကျောက်တုံးပေါ်တွင် လက်သည်းရာများ ဓါးရာများကို တွေ့ရသည်။
ဓါးရာများမှာ ပျောက်ဆုံးနေသော စစ်သည်တော်များ၏ လက်ချက်ဖြစ်ပြီး လက်သည်းရာများမှာ ဧရာမလင်းနို့ကြီးများ၏ လက်သည်းရာများဖြစ်သည်။ သို့သော် ယခုလက်သည်းရာကြီးများမှာ ပိုကြီးမားသည်။
ပျောက်ဆုံးနေသော စစ်သည်တော်များကို လေထဲမှသယ်သွားသည်ဆိုပါက ချန်၏အမဲလိုက်အဖွဲ့သည် သူတို့ကို ခြေရာခံ၍လိုက်နိုင်မည် မဟုတ်တော့ပါ။ လက်သည်းရာများ ဓါးရာများမှလွဲ၍ တခြားအသုံးဝင်သော သဲလွန်စများကို မတွေ့ရပါ။
တကယ်လို့ ပျောက်ဆုံးသွားသော စစ်သည်များကို လေထဲမှ ခေါ်ဆောင်သွားသည်ဆိုပါက အနံ့ခံကောင်းသော ဆီဆာပင် ခြေရာခံလိုက်ရန် ခက်ခဲသွားမည် ဖြစ်သည်။
ချန်က နည်းနည်းစိတ်ပျက်သွားပြီး " တစ်ယောက်တည်းထွက်သွားတဲ့လူနောက် လိုက်ရအောင်"ဟုပြောလိုက်သည်။
"ကောင်းပြီ"
ရွေးချယ်စရာက ထိုနည်းလမ်းတစ်ခုသာရှိတော့သည်။
သူတို့သည် စစ်သည်တော်သုံးယောက်လမ်းခွဲသွားသည့်နေရာသို့ ပြန်ဦးတည်လိုက်ကြသည်။ ထိုနေရာတွင် စစ်သည်တော် တစ်ယောက်က လမ်းခွဲထွက်သွားသည်။ဆီဆာက အနံ့ကို သေချာခံလိုက်ပြီး လူများကို ဦးဆောင်၍ ထိုနေရာမှ ရှေ့ဆက်သွားသည်။
အစကတော့ တောင်ဘေးတဝိုက် သူတို့လှည့်လည် သွားလာနေပြီး ခဏကြာတော့ တောင်ထိပ်ပေါ်တက်သွားကြလေသည်။
"ငါမှတ်မိပြီ.. ဒီနေရာက ကျောက်တုံးတွေ ထူထပ်ပြီး လမ်းတွေလည်း ကျဥ်းတယ်..အရင်တုန်းက ဒီနေရာကို ငါတို့ တစ်ခါရောက်ဖူးတယ်"
ချာကပြောသည်။ ချန်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ဆက်ပြောသည်
"တစ်ခါတလေ ဒီနေရာမှာ တောင်ဒရယ်တွေကို တွေ့ရတတ်တယ်" ။
"သွေးနံ့ရတယ်"
ချာက ဆက်ပြောသည်။
ချာသာ မဟုတ် မိုင်နှင့် ကျန်သည့်သူများလည်း သွေးနံ့ရလိုက်သည်။
သို့သော် လေတိုက်ရာဘက်မှာ ပြောင်းလဲသွားသည်။ ထို့ကြောင့် သွေးနံ့သည် ဘယ်ဘက်ကလာလဲ ပြောရခက်သွားသည်။
ကျောက်တုံးကြီးတစ်ခုဆီသို့ ရောက်သည်အထိ ဆီဆာ၏ ဦးတည်ရာနောက်သို့လိုက်သွားသည်။ ထိုနေရာတွင် တောင်ဒရယ် အသေကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။ တောင်ဒရယ်၏ကိုယ်ပေါ်တွင် အသားများ စုတ် ပြဲနေသော ဒဏ်ရာများကိုတွေ့လိုက်ရသည်။ ခြေရာလက်ရာကို ကြည့်လိုက်တော့ ဧရာမလင်းနို့ကြီးမျာ၏ လက်ချက်ပင် ဖြစ်သည်။
မြေပေါ်တွင် သွေးကွက်များကိုတွေ့ရသော်လည်း သိပ်တော့မများပေ။ သွေးများကို လင်းနို့များက စုပ်ယူသွားပြီ ဖြစ်သည်။
သူတို့သည် ဆီဆာ၏နောက်ကိုသာ မလိုက်လာပါက အမဲလိုက်အဖွဲ့မှ လူများသည် ဒီနေရာကို ရှာရန် စိတ်ကူးရမည် မဟုတ်ပေ။ သူတို့သည် ထိုနေရာကို လာလေ့လာထ မရှိလှပေ။ ရေခပ်ထွက်သော အဖွဲ့မှ စစ်သည်တော် တစ်ယောက်သည်လည်း ထိုနေရာသို့လာမည်ဟု မထင်ထားကြပေ။
"အသံတစ်ခုခုကြားပြီး အဲဒီအသံနောက် လိုက်လာတာ ဖြစ်မယ်"
ချာက ပြောသည်။ ထိုနေရာသို့ လာသူသည် စစ်သည်တော် သုံးယောက်အနက် အတွင်းအား အကောင်းဆုံး စစ်သည်တော်ဖြစ်သည်။ သူသည် သူတို့အမဲလိုက်ခရီးတွင် ထိုဧရာမလင်းနို့ကြီးများနှင့် တွေ့မည်ဟု မထင်ထားပါ။ ထိုနောက်တွင်တော့ သူသည် လင်းနို့များ၏ သားကောင်ဖြစ်လာခဲ့ရပြီး သူအသက်ရှိသေးလား ဘယ်သူမှ မသိသလို သူဘယ်ရောက်နေသည်လဲ ဘယ်သူမှ မသိပေ။
"သားကောင်ကို စားလိုက်မယ်ဆိုရင် အကြွင်းအကျန်တွေ ရှိရမယ်..ဒီကောင်တွေက သားကောင် ဖမ်းမိမိချင်း မစားဘူး"
မိုင်က ပြောသည်။ ပျောက်ဆုံးနေသည်က သေသည်ထက်တော့ သာသေးသည်။ အနည်းဆုံးတော့ အသက်ရှင်နေသေးသည်ဟု မျှော်လင့်၍ ရသည်မဟုတ်ပါလား။
လူများက ဆီဆာ မြေပြင်ပေါ်တွင် အနံ့ခံနေသည်ကို ကြည့်နေကြသည်။ ဆီဆာသည် အခြားဘက်တစ်ဘက်ကို ပြေးသွားပြီး မြေပြင်ပေါ် အနံ့ခံလိုက်သည်။ ပြီးတော့ ရှောက်ရွှမ်ကို မော့ကြည့်လိုက်သည်။
"ကြည့်ရတာတော့ ဆီဆာ သဲလွန်စ တစ်ခုခုကို ရှာတွေ့ပြီထင်တယ်"
ရှောက်ရွှမ်ကပြောသည်။
"မြေကြီးပေါ်မှာလား" ။
ချာက ဆီဆာနားလျင်မြန်စွာ ကပ်လာပြီး ဆီဆာ၏နှာခေါင်းအောက်မှ မြေပြင်ထဲသို့ လက်ညှိုးကို ထိုးထည့်လိုက်သည်။
ချာသည် မျက်မှောင်ကြုတ်လိုက်သည်။ မြေကြီးကနံနေသည်။
"ဒီထူးဆန်းတဲ့အနံ့က ဘာနံ့လဲ" ။
"ဟိုလင်းနို့တွေရဲ့ ကျင်ငယ်ရေဖြစ်မယ်"
ရှောက်ရွှမ်ကပြောသည်။
"လင်းနို့တွေရဲ့ ကျင်ငယ်ရေလား"
"ဟုတ်တယ်..သူတို့ခန္ဓာကိုယ်တွေ ပေါ့ပါးပြီး ပျံသန်းရလွယ်အောင် စားသောက်ပြီးတော့ ကျင်ငယ်စွန့်တာနေမယ်"
ရှောက်ရွှမ်က ရှင်းပြသည်။
ရှောက်ရွှမ်၏ အမြင်ကို နားထောင်ပြီး မိုင်နှင့် အခြားစစ်သည်တော်များက ခေါင်းငြိမ့်သည်။ ရှောက်ရွှမ်၏ ခန့်မှန်းချက်မှာ ဖြစ်နိုင်သည်ဟု ယူဆကြသည်။
ထိုသဲလွန်စကြောင့် အားလုံး စိတ်ဓါတ်တက်ကြွလာပြီး ဆီဆာ၏နောက်ကို ဆက်လိုက်ကြသည် ။
ကျောက်တုံးကြီးများရှိသော နေရာမှ ထွက်လာပြီးနောက် ပတ်ဝန်းကျင်တွင် အပင်ကြီးများ သိပ်မရှိသည်ကို သတိပြုမိလိုက်ကြသည်။ ရှေ့ဆက်လျှောက်သွားရင်းဖြင့် ရေထွက်ရာနေရာသို့ရောက်လာကြသည်။ သို့သော် ဆီဆာသည် လူများကို ရေထွက်ရာနေရာသို့ သွားစေမည့်အစား ရှေ့သို့သာ ဆက်သွားစေသည်။
ချာကမေးသည်။
" ဒီကောင်တွေ တစ်လမ်းလုံး ကျင်ငယ်စွန့်သွားတာလား"။
ရှောက်ရွှမ်က ဆီဆာ၏ အပြုအမူကို ကြည့်ပြီးနောက်" အဲဒီအနံ့တွေက တစ်လမ်းလုံးရလာတာပဲ...လူရဲ့ကျင်ငယ်ရေနံ့လည်းပါတယ်" ဟုပြောသည်။
"ဘာကိုဆိုလိုတာလဲ"
ချန်က ရှောက်ရွှမ်ကို မေးသည်။
"ပြောရရင်တော့ ဖမ်းခံသွားရတဲ့သူက တစ်လမ်းလုံး သူ့ကိုယ်ပေါ်မှာ ကျင်ငယ်ရေတွေပေလာတဲ့ပုံပဲ"
ရှောက်ရွှမ်ကပြောသည်။
ဖြစ်နိုင်သည်။ စစ်သည်တော်များသည် ရေခပ်သွားသောအခါ ရေစုပ်ယူနိုင်သည့် ထူထဲသော အဝတ်အစားများဝတ်သွားလေ့ရှိကြသည်။ ထို့ကြောင့် ကျင်ငယ်ရေစက်များသည် လမ်းတလျှောက် စိမ့်ထွက်လာခြင်းဖြစ်မည်။
ထိုစစ်သည်တော်သည် တော်တော်ကံမကောင်းပါ။ သူသည်ကျောက်ဂူမှ ထွက်၍ ရေခပ်ရန်လာခြင်းဖြစ်သည်။
သို့သော် လင်းနို့တစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသလို ကျင်ငယ်များလည်းပေရသေးသည်။ သို့သော် ထိုအချက်ကြောင့်ပင် ကျန်သူများက သဲလွန်စရပြီး ခြေရာခံလိုက်၍ရခြင်း ဖြစ်သည်။
သူတို့သည် တောင်ပေါ်သို့တက်ရင်း ဆီဆာ၏နောက်မှ လိုက်လာကြသည်။တစ်ခါတစ်ရံအနံ့ပျောက်သွားသောအခါ ရှာဖွေသည့် ဧရိယာကိုချဲ့လိုက်ရသည်။
ပတ်ဝန်းကျင်က အနည်းငယ်မှောင်လာ သဖြင့် မိုင်သည် စိုးရိမ်စ ပြုလာပြီ ဖြစ်သည်။
"ညမရောက်ခင် ငါတို့ ပြန်ရောက်ပါ့မလား..ဒီနားမှာ ဂူတွေဘာတွေရှိပါ့မလား"
"အရင်တုန်းက ငါတို့ ဒီနေရာကို မရောက်ဖူးဘူး..ဒီနားမှာ လင်းနို့ ဂူတွေတော့ရှိပါတယ်..သူတို့နောက်ကို လိုက်သွားရင် ဒီတောင်ကြားဝိုက်မှာ ဂူတွေ ဘာတွေတွေ့နိုင်တယ်"
"ဒီကောင်တွေရဲ့ ဂူကဘယ််နားမှာလဲ"
ရှောက်ရွှမ်ကမေးသည်။ ချန်က နေရာတချို့ကို ညွှန်ပြလိုက်ရင်း
"ဟိုတွင်းတွေနဲ့ဂူတွေက ငါတို့အမဲလိုက်လမ်းကြောင်းမှာ မရှိဘူး..ငါတို့က ဒီပတ်ဝန်းကျင်နဲ့ နည်းနည်းစိမ်းနေတယ်"
ဆီဆာသည် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။
ကျဥ်ငယ်နံ့ မရတော့ပေ။ ဒါဆိုရင် ပျောက်နေသောသူများကို လိုက်ရှာ၍ မရတော့ပေ။
"ချာ" ကဘေဘးဘီကို ကြည့်ရင်း မေးသည်
"ဘာဆက်လုပ်ကြမလဲ" ။
သူတို့ရောက်နေသည်မှာ သိပ်မမြင့်သော တောင်ကုန်းတစ်ခုဖြစ်သည်။ အနားတဝိုက်တွင် သစ်ပင်များမရှိပါ။မြေပြင်ပေါ်တွင်လည်း မြက်ပင်များသာရှိလေသည်။
ပတ်ဝန်းကျင်တွငိ မူမမှန်သည်များလည်း မရှိပါချေ။ ထို့ကြောင့်သူတို့ဘေးပတ်ဝန်းကျင်တွင် ဘာဖြစ်နေသည်လဲ ကောင်းစွာ အကဲခတ်နိုင်သည်။
ရှောက်ရွှမ်သည် ထိုနေရာသို့ရောက်သောအခါ သူ့စိတ်ထဲမှ နတ်ရုပ်သည် အလွန်လှုပ်ရှားနေကြောင်းသိလိုက်ရသည်။
တခြားသူများကို ကြည့်လိုက်သောအခါ သူတို့သည် ရှောက်ရွှမ်ကဲ့သို့ ခံစားရပုံမပေါ်ပါ။
ရှောက်ရွှမ်သည်သူ၏စိတ်ထဲမှာ နတ်ရုပ်မှ မီးတောက်များ ညွှန်ပြရာကို သေချာကြည့်လိုက်သည်။ ထိုနေရာမှာ တောင်ကုန်းထိပ်ဖြစ်လေသည်။သိပ်မြင့်မားခြင်းမရှိသဖြင့် နှင်းများ သိပ်မရှိပဲ မြက်ခင်းပြင်သာရှိသည်။
ရှောက်ရွှမ်သည် ထိုနေရာသို့ ဦးတည်လျှောက်သွားလေသည်။ မိုင်နှင့် အခြားသူများက ရှောက်ရွှမ်သည် ဆီဆာ၏အမူအရာကို အခြေခံပြီး ခြေရာခံလိုက်နေသည်ဟု ထင်ကာ ရှောက်ရွှမ်နောက်သို့လိုက်သွားသည်။
သူတို့သည် တောင်ပေါ်သို့တစ်လှမ်းချင်းတက်နေကြသည်။ ရှောက်ရွှမ်၏ စိတ်ထဲမှ နတ်ရုပ်သည်လည်း တဖြည်းဖြည်း အားကိုကောင်းလာသည်။ ထိုအချက်အပြင် ရှောက်ရွှမ်သည် မြားပစ်လိုက်သလို အသံမျိုးကို ကြားလိုက်ရသည်။ လူတစ်ယောက်၏ ဟောက်သံမျိုးနှင့်လည်း တူသည်။
"ဦးလေးမိုင်..အသံတစ်သံများကြားသေးလား"
ရှောက်ရွှမ်က မေးလိုက်သည်။
"ဟင့်အင်း..အို..မဟုတ်သေးဘူး..ငါကြားလိုက်တယ်..ဟိုသတ္တဝါရတွေရဲ့ အသံလား မသိဘူး..ဟင့်အင်း..သိပ်တော့ မသေချာဘူး...အရမ်းဝေးနေလို့်များလား"
မိုင်က ပြောသည်။
"ငါလည်း အသံတစ်ခုကြားလိုက်တယ်"
ချမ်က တောင်ထိပ်ကို အလျင်စလို ပြေးတက်သွားသည်။
လင်းနို့တွေရဲ့ အော်သံများလား။ ရှောက်ရွှမ် တွေးလိုက်မိသည်။ မဖြစ်နိုင်။ သူကြားလိုက်သော အသံမှ လင်းနို့များဆီက မဟုတ်။
ချန်သည် တောင်ထိပ်ပေါ် အရင်ဆုံးရောက်သွားသည်။ သို့သော် သူသည် အံ့သြသင့်စရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလေသည်။
"ဘာတွေ့လို့လဲ"
မိုင်နှင့် အခြားသူများလည်း အရှိန်မြှင့်တင်လိုက်ကာ တောင်ပေါ်သို့ ချမ်ထက် နည်းနည်းနောက်ကျပြီး ရောက်သွားကြသည်။
ချန်ကဲ့သို့ပင် ကျန်သူများလည်း အံ့အားသင့်သွားသည်။ သူတို့ရှေ့တွင် အချင်းမီတာ ၁၀၀ အနက် မီတာ၈၀ကျော်ရှိသော တွင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။
တွင်းကြီး၏ နံရံများသည် တောင်ကုန်းကဲ့သို့ သစ်ပင်မရှိသောနေရာမဟုတ်။ တွင်းကြီး၏အတွင်းပိုင်းသည် လုံးဝကွဲပြားသော ကမ္ဘာတစ်ခုလိုပင်။
သစ်မြစ်ကြီးများ နွယ်ပင်ကြီးများသည် တွင်းအောက်ခြေသို့ ယှက်နွယ်ဆင်းသက်သွားသည်။ သစ်ရွက်ကြီးများမှာ ဧရာမ ထီးကြီးများနှင့်တူလေသည်။ တွင်းနံရံတွင် အပင်ပေါင်းစုံပေါက်နေပြီး တချို့အပင်များမှာ သစ်သီးများ၊ပန်းပွင့် သီးပွင့်နေကြသည်။
"ဒီတွင်းကြီးက..."
သူတို့သည် ဒီလောက်ဝေးသည့်နေရာသို့ မရောက်ဖူးသဖြင့် ချန်သည် ထိုနေရာတွင် ဧရာမတွင်းကြီး ရှိသည်ဟု မသိပေ။ လင်းနို့များနောက်သို့လိုက်ရင်း ဒီတောင်ထိပ်ပေါ်မမျှော်လင့်ဘဲရောက် လာခြင်းဖြစ်သည်။
ရှောက်ရွှမ်သည် တွင်းနှုတ်ခမ်းတွင် ရပ်နေရင်း တွင်းအောက်ခြေသို့ ငုံ့ကြည့်လိုက်သည်။ တွင်းအောက်ခြေသည် မှောင်မည်းနေခြင်းမရှိပါ။ လုံလောက်သောနေ့အလင်းရောင်ဖြင့် တွင်းအောက်ခြေကို ကောင်းစွာ မြင်နေရသည်။ တွင်း၏နံရံများနှင့် နှိုင်းယှဥ်လျှင် တွင်းအောက်ခြေတွင် အပင်သိပ်မရှိပေ။ အမျိုးအမည် မသိရသေးသော အပင်များသာ တစ်ပင်ချင်းပေါက်ရောက်နေသည်။
သူ့စိတ်ထဲမှ နတ်ရုပ်သည် အလွန်လှုပ်ရှားနေသည်။ ဦးချို၂ချောင်းကို ဝန်းရံထားသော မီးတောက်များမှာလည်း ကခုန်နေသည်။
တွင်းအောက်ရှိ တစ်စုံတစ်ခုက နတ်ရုပ်ကို ဆွဲဆောင်နေသည်။
"တွင်းအောက်ခြေမှာ ရှားပါးဆေးပင်တွေရှိတယ်..နတ်ဆေးဆရာရဲ့ သားရေချပ်ထဲမှာပဲ တွေ့ဖူးတဲ့ သစ်ပင်တွေဗျ"
ရှောက်ရွှမ်ကပြောသည်။
မိုင်နှင့်ချန်က တစ်ယောက်နှင့်တစ်ယောက် အဓိပ္ပါယ်ရှိသော အကြည့်များဖြင့် ကြည့်လိုက်ပြီး
" အောက်ကို ငါတို့အရင်ဆင်းပြီးအကဲခတ်မယ်...ငါတို့အချက်ပေးတာကို မင်းတို့စောင့်နေ" ။
မိုင်၊ချာ၊ချန်နှင့် စစ်သည်တော်တချို့သည် တွင်းအောက်ကို နွယ်ပင်များမှ တဆင့်ခိုဆင်းသွားသည်။ တွင်းအောက်တွင် အန္တရာယ်ရှိမရှိ စစ်ဆေးရန် ဖြစ်သည်။ ရှောက်ရွှမ်၊လန်ကာ့ နှင့် ကျန်သည့်သူများသည် တွင်းနှုတ်ခမ်းတွင် စောင့်နေကြသည်။
ရှောက်ရွှမ်ပြောသလိုပင် တွင်းအောက်ခြေတွင် ဆေးဘက်ဝင် အပင်များစွာရှိနေသည်။ လင်းနို့အဆိပ်ကို နိုင်သော အပင်လည်းပါလေသည်။ စစ်သည်တော်များအတွက် အတော်လေး ဝမ်းမြောက်ဖွယ်ပင်။
အကြမ်းဖျဥ်းလေ့လာပြီးနောက် ချန်က တွင်းနှုတ်ခမ်းတွင်စောင့်နေသူများကို အောက်ဆင်းလာရန် အချက်ပြလိုက်သည်။ ထိုသို့အချက်ပြခြင်းကိုပင် သတိကြီးစွာပြုလုပ်ရသည်။ သူတို့မသိနိုင်သော အန္တရာယ်များစွာ ရှိနိုင်သေးသည် မဟုတ်ပါလား။
နွယ်ပင်များတွင် အဖုအထစ်များရှိနေခြင်းက စစ်သည်တော်များအတွက် ကောင်းသည်။ အောက်သို့တွယ်ဆင်းရန် လွယ်ကူသွားစေသည်။
ရှောက်ရွှမ်လည်း အောက်သို့ဆင်းသွားသည်။ ဆီဆာ့ကိုမူ တွင်းနှုတ်ခမ်းတွင်ထားခဲ့သည်။
တွင်းကြီး၏နံရံများတွင် ဆေးဘက်ဝင်အပင်များစွာကိုတွေ့ရသည်။ အရေးပေါ်အတွက် အသုံးပြုနိုင်သော အပင်များကို အလျင်အမြန်ဖြယူကြသည်။
ရှောက်ရွှမ်ကတော့ ဆေးဘက်ဝင်အပင်များနှင့် ရှားပါးသစ်ပင်များကို ဂရုမထားပေ။ တွင်းအောက်ခြေသို့ရောက်သောအခါ သူ့နတ်ရုပ်မှ မီးတောက် များသည် ပိုမိုလှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ သူ့ခြေထောက်နားကို ငုံ့ကြည့်လိုက်သည်။
လင်းနို့ချေးများက တပုံတပင်...။