အမဲလိုက်အဖွဲ့ငါးဖွဲ့ပေါင်းစည်းခြင်း
Vol. 8 Ch. 117
“ မီးလျှံသလင်းကျောက်လား”
ချန်သည် အသံတုန်ယင်စွာဖြင့်မေးသည်။ ထိုသို့သောအချိန်မျိုးတွင် ချန်သည် စိတ်မလှုပ်ရှားဘဲမနေနိုင်ပေ။ မိုင်က ရှောက်ရွှမ်ကို လွှတ်ပေးလိုက်ပြီး သူ့လက်ထဲမှ သလင်းကျောက်အနီရောင်ကို ကြည့်နေသည်။ သို့သော် တခြားအချက်တစ်ခုကို စဉ်းစားမိသွားသောအခါ၊ သူနည်းနည်းတုန့်ဆိုင်းသွားသည်။
ရှောက်ရွှမ်က လက်ကိုဆန့်ထုတ်လိုက်ပြီး သလင်းကျောက်ကို အောက်ပစ်ချလိုက်သည်။
မိုင်က ထိုသလင်းကျောက်လေးမြေကြီးပေါ်ကျသွားမည်ကို စိုးရိမ်ပြီးလျင်မြန်စွာ ကောက်ယူလိုက်သည်။ အလွန်အဖိုးတန်သည့် အရာတစ်ခုကို ကိုင်ထားသည့်အလား သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်း၊မယုံနိုင်ခြင်းတို့က သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူ့ကိုယ်သူ မည်သို့ခံစားနေရလဲတောင် သူမသိတော့ပါ။
သလင်းကျောက်ကို လက်နှင့်ဆုပ်ကိုင်ထားသောအခါမိုင်သည် ထိုကျောက်မှ အနွေးဓါတ်တစ်ခုက ပတ်ဝန်းကျင်ကို စီးထွက်နေသည်ကို သူခံစားလိုက်ရသည်။
သို့သော် ထိုအနွေးဓာတ်သည် သလင်းကျောက်အနီးတဝိုက်သာ စီးဆင်းနိုင်ပြီး နေရာဝေးဝေးသို့တော့ မစီးဆင်းနိုင်ပါ။ အနွေးဓာတ်မှာ အကျဉ်းကျနေသလိုပင်။
သလင်းကျောက်သည် ငှက်ဥအရွယ်အစားခန့်ရှိပြီး ပုံစံကတော ငှက်ဥနှင့်မတူပေ။ အပေါ်ယံမျက်နှာပြင်သည် ညစ်ပေနေပြီး ကျောက်သားများကပ်လျက်ရှိနေသေးသည်။ သို့သော် ထိုအညစ်အကြေးများကြားမှ သလင်းကျောက်သည် အလင်းရောင်များ ဖြာထွက်နေသေးသည်။ အလင်းကတော့ သိပ်မတောက်ပသော်လည်း၊ အနီရောင် အရိပ်တစ်ခုက ငှက်ဥအရွယ် အနီရောင် သလင်းကျောက်ကို ဖုံးလွှမ်းထားသည်။
လေကြောင့်သစ်ရွက်များကလှုပ်နေပြီးအလင်းတန်းများကိုဟိုဟိုဒီဒီပြေးလွှားနေစေသည်။အနီရောင်အရိပ်များကမီးတောက်များလိုသလင်းကျောက်အနားတွင် ကခုန် နေသည်။
“တကယ်ပဲ မီးလျှံသလင်းကျောက်လား”
ချန်သည်မိုင့်အနားသို့တုန်လှုပ်စွာဖြင့်ကပ်လာသည်။သူသည်အနီးကပ်ကြည့်လိုသော် လည်း မိုင်က သလင်းကျောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
မိုင့်အပြုအမူကို မြင်လိုက်ရသောအခါ ချန်၏မျက်လုံများ ပြူးကျယ်သွားသည်။ သူ့ပါးပေါ်မှ မုတ်ဆိတ်များပင် တုန်လှုပ်သွားကာ “ငါ့ကိုရောပေးမကြည့်တော့ဘူးလား” ဟုတစ်လုံးချင်း ဖြည်းညှင်းစွာပြောလိုက်သည်။
ချန်သည် မိုင့်ကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ မိုင်က သူ့ကို ကြည့်ခွင့်မပေးပါကာ ရန်ထဖြစ်တော့မည့်ပုံစံပေါက်နေသည်။ မိုင့်မျက်နှာပေါ်မှ ကြွက်သားများ တဆတ်ဆတ်တုန်နေပြီး သူဘယ်လိုမျက်နှာထားရမည်လဲ မသိတော့ပေ။
လူနှစ်ယောက်တို့သည် ခဏလောက်ရန်စောင်နေကြပြီး ခဏကြာတော့ မိုင်က သူ့လက်ချောင်းများကို ဖြည်းညှင်းစွာ ဖြန့်ပြလိုက်သည်။ ရှောက်ရွှမ်သူ့လက်ကို ဖြန့်ပြတုန်းကထက်ပင် နှေးသေးသည်။ တကယ်ကို လေးကန်စွာ လက်ကို ဖြန့်ပြခြင်းဖြစ်သည်။ သူ့လက်ကို ဖြန့်ပြပြီးသောအခါ “ ဒီကျောက်ကို ငါတို့အဖွဲ့ထဲက လူရှာတွေ့တာနော်” ဟုပြောလိုက်သည်။
ချန်ကမိုင့်စကားကို လစ်လျူပြုလိုက်ပြီး အနီရောင် သလင်းကျောက်ကို ဆွဲယူလိုက်သည်။
သာမန်ကျောက်တုံးနှင့်တော့မတူပေ။ အေးစက်မာကျောနေရမည့်အစား၊ အနွေးဓာတ်တစ်ခု စီးဆင်းနေသည်ကို ခံစားမိလိုက်သည်။
“ မီးလျှံကျောက်တုံး..တကယ့်မီးလျှံကျောက်တုံး အစစ်ပဲ..”
ချန်သည် သူ့လက်ထဲသို့ရောက်လာပြီးနောက် ထိုကျောက်တုံးကို ပြန်ပေးရန်တွန့်တိုသွားသည်။
မီးလျှံကျောက်တုံးသည် မျိုးနွယ်စုထဲမှ လူများအတွက် အလွန်တန်ဖိုးရှိသော ကျောက်တုံး တစ်ခုဖြစ်သည်။ ထိုကျောက်တုံးတွက် နတ်စစ်သည်များလိုအပ်သော စွမ်းအင်များပါဝင်နေသည်။ နတ်စစ်သည်များ၏ အတွင်းအားကို တိုးစေနိုင်သော အစွမ်းရှိသည်။
မီးလျှန်သလင်းကျောက်မှ စွမ်းအားများကို စုပ်ယူသော အထူးနည်းလမ်းတစ်ခု ရှိသည်။ သလင်းကျောက်ကို မီးပုံတွင်းမှ မီးတောက်များထဲသို့ ပစ်ထည့်လိုက်ရသည်။ မီးပုံက သလင်းကျောက်မှ စွမ်းအားအနည်းငယ်ကို စုပ်ယူမည်ဖြစ်ပြီး ကျန်သည့် စွမ်းအင်များကိုတော့ မီးပုံနားတွင် ရပ်နေသော သူများက စုပ်ယူ၍ ရမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်၂၀ခန့်က ကွေ့ဟယ်၏ အမဲလိုက်အဖွဲ့မှ စစ်သည်တော် တစ်ယောက်သည် လက်သည်းခွံထက်အနည်ငယ်သေးသော မီးလျှံသလင်းကျောက် အသေးလေးတစ်စကို ရှာတွေ့ခဲ့သည်။ ထိုအခေါက်က အငယ်တန်းစစ်သည်တော် ၁၂ ယောက်သည် ညတွင်းချင်းပင် အလတ်တန်း စစ်သည်တော်အဖြစ် ပြောင်းလဲသွားခဲ့ သည်။ထို့ပြင် အချို့အလတ်တန်း စစ်သည်တော်များ၏ နတ်အမှတ်အသားများ အတော် တိုးပွားခဲ့သည်။ အထက်တန်းစစ်သည်တော် အဆင့်သို့တော့ မရောက်ရှိခဲ့ပေ။ သူတို့၏ နတ်အမှတ်အသားများသည် တံတောင်ဆစ်အပေါ်နားမှ လက်ကောက်ဝတ်အထိရောက် ရှိခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆေးဆရာတစ်ယောက်က ပြောဖူးသည်။ မီးလျှံသလင်းကျောက်ကို ရှာတွေ့သူသည် သလင်းကျောက်ကို အရင်အသုံးပြုခွင့်ရှိသည်။ တောင်ထိပ်တွေနေသူလား တောင်ခြေတွင်နေသူလား ထည့်စဉ်းစာစရာမလိုပါ။ မီးလျှံ သလင်းကျောက်ကို ရှာတွေ့သူသည် အတားအဆီးမရှိ အသုံးပြုနိုင်သည်။ သို့သော် အမဲလိုက်အဖွဲ့တစ်ခုအနေနှင့် အသုံးပြုရမည်ဟု စည်းကမ်းချက်ရှိသည်။ မီးလျှံကျောက်ကို ရှာတွေ့သူသည် မည်သည့်အမဲလိုက်အဖွဲ့က ဖြစ်ဖြစ် သူတို့၏မိသားစုဝင်များလည်း မီးလျှံ သလင်းကျောက်၏ အကျိုးကိုခံစားခွင့်ရှိသည်။
မီးလျှံသလင်းကျောက်သည် မိုင်နှင့်ချန်ကိုသာ မဟုတ် မျိုးနွယ်စုထဲမှ စစ်သည်တော်တိုင်း မက်မောသော အရာဖြစ်သည်။
“မင်းကြည့်လို့ပြီးပြီလား..ပြန်ပေးတော့လေ..အဲဒါငါတို့အဖွဲ့ထဲက လူရှာတွေ့တာကွ”
မိုင်ကပြန်လိုချင်နေသော်လည်း ချန်က ပြန်ပေးရန်တွန့်ဆုတ်နေသည်။
ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့မှ ခေါင်းဆောင်နှစ်ယောက်သည် ထိုကျောက်တုံးတစ်ခု အတွက် အချင်းပွားနေသည်ကို တွေ့လိုက်ရသည်။ သူတို့အသံများကြောင့် လင်းနို့ကြီးများ၊ သားရဲကြီးများ ရောက်လာမည်ကို မစိုးရိမ်တော့ဘူးလား။
သူတို့နှစ်ယောက်သည် သလင်းကျောက်အတွက် အချင်းပွားနေစဉ် ချန်က ပြောသည်
“ ငါတို့အဖွဲ့လည်း ဒီမစ်ရှင်မှာ ပါတယ်လေ..အဲဒီတုန်းက မင်းတို့ချည်းပဲရှိတာ မဟုတ်ဘူး… မင်းတို့ပဲအပိုင်စီးဖို့ မစဉ်းစားနဲ့”။
အဖွဲ့ခေါင်းဆောင်၂ယောက်က ထိုသို့ ဖြစ်နေသည်ကို တွေ့သောအခါ အမဲလိုက်အဖွဲ့ မှ အခြားစစ်သည်တော်များပါ ဝင်ရောက်ဆွေးနွေးကြသည်။ တချို့က မီးလျှံသလင်းကျောက်ကို ဘာမှန်းတောင်မသိကြ။ သို့သော် သူတို့ကို မီးလျှံသလင်းကျောက် အကြောင်းရှင်းပြပြီးသော အခါ သူတို့သည် ချန်လက်ထဲမှ မီးလျှံကျောက်ကို လိုချင်တပ်မက်မှုဖြင့် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြ တော့သည်။
မျိုးနွယ်စုထဲမှ စစ်သည်တော်များ အတွင်းအားကို လိုချင်တပ်မက်ကြသည်။ အတွင်းအားသာ ရမည်ဆိုပါက မည်မျှ စွန့်စားရပါစေ စွန့်စားမည့်သူများပင်ဖြစ်သည်။
အဖွဲ့နှစ်ဖွဲ့၏ အခြေအနေသည် တင်းမာနေပြီးနောက် တစ်ယောက်က ရှောက်ရွှမ်ကို မေးသည် “မီးလျှံကျောက်ကို မင်းဘယ်က ရှာတွေ့တာလဲ အားရွှမ်” ။ ထိုမေးခွန်းကို ကြားသောအခါ အဖွဲ့ခေါင်းဆောင်နှစ်ယောက်သည် ငြင်းခုံခြင်းကို ရပ်လိုက် ပြီး ရှောက်ရွှမ်ကို ကြည့်လိုက်သည်။
“ခုနတုန်းက တွင်းနက်ကြီးထဲကတွေ့တာ..”
ရှောက်ရွှမ်က ဖြေသည်။
မိုင်သည် ချန်နှင့် ငြင်းခုံခြင်းကို ရပ်လိုက်သည်။ ချန်တစ်ယောက်တည်းလည်း မီးလျှံကျောက်ကို အပိုင်စီး၍မရပေ။ နတ်ဆေးဆရာကခွင့်ပြုမည် မဟုတ်။
“’ဒါဆို ခုနတုန်းက မင်းတူးနေတာ ဒီမီးလျှံကျောက်ပေါ့”
မိုင်ကမေးသည်။
“ဟုတ်တယ်…ကျွန်တော့်ခြေထောက်အောက်မှာ စွမ်းအားကောင်းတဲ့ ပစ္စည်းတစ်ခုရှိနေ တာကို ကျွန်တော်ခံစားမိတယ်..ထွက်ပြေးခါနီးကျတော့ ကျွန်တော်လည်း အဲဒါကို ထားခဲ့ရမှာ နှမြောတာနဲ့ စတူးတော့တာပဲ” ရှောက်ရွှမ်ကပြောသည်၊
“တောင်းပန်ပါတယ်.. နောက်တစ်ခါဆို ကျွန်တော်ဆင်ခြင်ပါ့မယ်”။
“မဟုတ်ဘူး..ငါသာမင်းနေရာမှာဆို မင်းထက်တောင် ပိုဆိုးဦးမယ်”
ချန်က ပြောသည်။ သူသည်လည်း သူ့ခြေထောက်အောက်တွင် မီးလျှံသလင်းကျောက် ရှိနေသည်ကို သိပါက ချက်ချင်းတူးယူမိမည်သာ။
သို့သော် လူတိုင်းသည် မီးလျှံသလင်းကျောက်ရှိသည့်နေရာကို အာရုံခံနိုင်သည် မဟုတ်ပေ။ အားရွှမ်သည် နတ်ဆေးဆရာဆီမှ ပညာဆက်ခံနေသူ မဟုတ်ပါလား။ လူအားလုံးသည် နတ်ဆေးဆရာကြောင့်သာ ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်ကို ရှာနိုင်သည်ဟု ယုံကြည်ထားကြသည်။ လူတိုင်းသည် နတ်ဆေးဆရာနှင့်ပတ်သက်သော အရာတိုင်းကို မေးခွန်းမထုတ်ဘဲ ယုံကြည်ကြလေသည်။
အခုတော့ ချာသည် သူ့အဖွဲ့တွင် ရှောက်ရွှမ်ရှိလျှင်ကောင်းမည်ဟု တောင်းတ မိတော့သည်။
သိပ်မကြာခင် သူတို့သည် အချက်တစ်ခုကို တွေးမိသွားသည်။
ချန်၏အသက်ရှုသံများ ပြင်းထန်နေသည်။ သို့သော် ချန်သည် သူ့အသံကို ထိန်းချုပ်လိုက်ရင်း ရှောက်ရွှမ်ကို မေးသည်
" တွင်းနက်ကြီးထဲမှာ တုန်းက တခြား မီးလျှံသလင်းကျောက်တွေ ရှိသေးတယ်လို့ အာရုံရသေးလား"။
"ဟုတ်ကဲ့"
ရှောက်ရွှမ်က တက်ကြွစွာဖြေသည်။
သူတို့သည် အသက်လုပြေးနေရင်း ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်များ ရှိနေသေးသည်ကို ခံစားမိသည်။ သို့သော် ရှောက်ရွှမ်သည် တူးရန် အချိန်မရပေ။ ရှောက်ရွမ်၏ အဖြေကို ကြားလိုက်သောအခါ အားလုံးတိတ်ဆိတ်သွားကြသည်။ ထို့နောက် အသက်ရှုသံများ ပြင်းထန်လာကြသည်။
မီးလျှံသလင်းကျောက်များရှိသေးသည်။
တစ်ခုထက်ပိုသော မီးလျှံသလင်းကျောက်များ၊ အရွယ်အစားကလည်း ကြီးမားသည်။
"ခေါင်းဆောင်ကြီး"
"မီးလျှံသလင်းကျောက်တွေ သွားပြန်ယူရအောင်"
"ဟုတ်တယ်..သွားယူကြမယ်"
ချန်တို့အဖွဲ့မှ စစ်သည်တော်များသည် သွေးဆူလာကြပြီး တွင်းနက်ကြီးဆီယခုပင် ပြန်ပြေးသွားချင်လာကြသည်။
"ခဏနေကြပါဦး..သေချာ ပြန်စဥ်းစားကြပါဦး"
ချန်သည် ဟိုဟိုဒီဒီလျှောက်ရင်း မှန်ကန်သော ဆုံးဖြတ်ချက်ချရန် စဥ်းစားနေသည်။ သူသည် လှမ်းလျှောက်နေစဥ်အတွင်းပင် သူ့လက်သီးဆုပ်ကို ဆုပ်ထားဆဲဖြစ်သည်။
မျိုးနွယ်စုထဲမှ လူများသည် စိတ်လှုပ်ရှားသောအခါ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်းကို နှစ်သက်ကြကြောင်း ရှောက်ရွှမ်သတိထားမိသည်။
သူတို့ ထိုကဲ့သို့ လမ်းလျှောက်သည်ကို မြင်လျှင် ရှောက်ရွှမ်သည် သူ့အရင်ဘဝက ခွေးလေးကို သတိရမိသည်။ သူသည်နောက်ဖေးသွားခါနီးတိုင်း ဟိုဟိုဒီဒီလျှောက်သွားလေ့ရှိသည်။
" အဲဒီထဲမှာ မီးလျှံကျောက်တွေ ရှိနေသေးတာ သိရင် ဟိုလင်းနို့တွေနဲ့တိုက်ပြီး အသေခံ တူးခဲ့ပါတယ်ကွာ..."
ချန်ကပြောသည်
" အခုတော့ စခန်းကို ပြန်ရောက်နေပြီဆိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သေချာပြန်စဥ်းစားရမယ်"
"ငါတို့ သေချာပြင်ဆင်ပြီးသွားမှ ဖြစ်မယ်...အလျင်စလို သွားလို့ မဖြစ်ဘူး"
မိုင်က ပြောသည်။ သူတို့အားလုံး၏အတွေးထဲတွင် မီးလျှဲသလင်းကျောက်က နေရာယူလျက်..။
"အရင်ဆုံး ငါတို့ပြန်သွားကြမယ်"
ချန်ကပြောသည်။
"ဟုတ်တယ်...သွားကြမယ်.."
စစ်သည်တော်များသည် ဓါးများ လှံရှည်ကြီးများကို ကိုင်ကာ အခုပင် ပြေးသွားကြတော့မလို ဖြစ်နေသည်။
" မင်းတိုကောင်တွေက ဘယ်သွားကြမလို့လဲ..ငါပြောတာက စခန်းချတဲ့နေရာကို အရင် သွားကြမယ်လို့ ပြောတာကွ"
ချန်သည် သူ့မုတ်ဆိတ်မွှေးကြီးများ ခါးယမ်းသွားသည်အထိ အော်ပြောလိုက်ရသည်။
စစ်သည်တော်များ ငြိမ်ကျသွားသည်။
သူတို့စခန်းချရာနေရာသို့ ပြန်ရောက်သည့်အခါ မိုင်သည် ချန်ဆီမှ မီးလျှံသလင်းကျောက်ကို ပြန်ယူလိုက်နိုင်သည်။ မိုင်ကရှောက်ရွှမ်ကို ပြောသည်" ငါမင်းကိုယ်စား သိမ်းပေးထားမယ်" ။ ထိုအတွက် ရှောက်ရွှမ် စိတ်ထဲတွင် ဘယ်လိုမှ မနေပါ။ မိုင်သည် သူ့ကိုယ်ကျိုးအတွက် အသုံးချမည် မဟုတ်ပေ။ ထို့ပြင် မီးလျှံသလင်းကျောက်၏ စွမ်းအင်သည် အဖွဲ့ထဲမှ လူအားလုံးအတွက်ဖြစ်သည်။ အားလုံးခံစားရမည် ဖြစ်သည်။
မိုင်၊ချန်နှင့် အခြား အတွေ့အကြုံရင့် စစ်သည်တော်များသည် မီးလျှံသလင်းကျောက်အတွက် အစည်းအဝေး ပြုလုပ်နေကြသည်။ ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်ကို ရှာတွေ့သူဖြစ်သဖြင့် သူ့ကိုလည်းပါဝင်ဆွေးနွေးစေသည်။
တစ်ညတာ အစည်းအဝေးထိုင်ပြီးနောက် အဖွဲ့ခေါင်းဆောင်နှစ်ယောက်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ထိုဆုံးဖြတ်ချက်မှာ အခြားအမဲလိုက်အဖွဲ့ သုံးဖွဲ့ကို ခေါ်ယူရန်ဖြစ်သည်။
တွင်းနက်ကြီးထဲတွင် အခြားမီးလျှံသလင်းကျောက်များ ရှိနေသေးသည်ဟု ပြောလိုက်ပြီးနောက်တွင် အကယ်၍ မိုင်နှင့်ချန်တို့သည် ထိုနေရာသို့ ပြန်သွားပြီး လင်းနို့များနှင့် တိုက်ခိုက်ပါက သူဘာလုပ်မလဲ စဥ်းစားကြည့်သည်။ သူသည် မိုင်တို့ကို တားဆီးမိမည်သာ ဖြစ်သည်။ သူတို့တွင် လူအင်အားနည်းသေးသည်၊ လင်းနို့များကို အနိုင်တိုက်နိုင်လောက်သည်အထိ လူအင်အား မကောင်းသေးပေ။
သွေးအေးသွားသောအခါမှ စစ်သည်တော်များသည် သူတို့အဖွဲနှစ်ဖွဲ့နှင့် လင်းနို့များကို အနိုင်တိုက်ရန် မဖြစ်နိုင်ကြောင်း သိရှိသွားကြသည်။ဒဏ်ရာရသော စစ်သည်တော်များကိစ္စကို အသာထားဦးတော့..သူတို့ စိတ်များမှာလည်း ပုံမှန်မဟုတ်သေးပါ။
မိုင်နှင့်ချန်တို့သည် သားရေချပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး အခြားအမဲလိုက်အဖွဲ့များသို့ သူတို့အကြောင်းကြားချင်သည်များကို ချရေးသည်။ ထိုအဖွဲ့များ သူတို့နှင့် လာပူးပေါင်းသည် မပူးပေါင်းသည်ကတော့ သူတို့သဘောပင်။ သို့သော် အခြားအမဲလိုက်အဖွဲ့မှ သူများသည် ဥာဏ်နည်းသူများ မဟုတ်သဖြင့် အမြန်လာပူးပေါင်းမည်သာ ဖြစ်သည်။
" အခုလောက်ဆို အခြား အမဲလိုက်အဖွဲ့တွေက ငါတို့ပထမ စခန်းချတဲ့နေရာမှာပဲရှိလောက်တယ်..ထွက်သွားရင်လည်း ဝေးဝေးရောက်ဦးမှာ မဟုတ်သေးဘူး..ငါတို့ အမြန်သွားရင် မီနိုင်သေးတယ်"
မိုင်နှင့်ချန်တို့သည် စစ်သည်တော်တချို့ကို လွှတ်ပြီး အခြားအမဲလိုက်အဖွဲ့များကို အကြောင်းကြားခိုင်းလိုက်သည်။
ဂူထဲတွင် ဒဏ်ရာရနေသော စစ်သည်တော်များသည် ဒဏ်ရာမှ သက်သာလာရန် ကြိုးစားနေကြပြီး ဒဏ်ရာမရသူများက လင်းနို့များကို အချိန်ရှိသမျှ နေ့ရော ညပါ အမဲလိုက်နေကြသည်။ လင်းနို့တစ်ကောင်ကို တွေ့သည်နှင့် ချက်ချင်းသတ်ပစ်ကြသည်။
အရင်တုန်းကဆိုလျှင်တော့ သူတို့သည် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်မည် ဖြစ်သော်လည်း အခုတော့ မီးလျှံသလင်းကျောက်ကိစ္စကြောင့် သူတို့သဘောထားများ ပြောင်းလဲသွားသည်။ နေ့တိုင်းလိုပင် သူတို့သည် ခွန်အားတိုးဆေးများ စားထားသကဲ့သို့ ဓါးများ လှံများကို ကိုင်ဆွဲကာ လင်းနို့များနောက်သို့လိုက်ကြသည်။
တခြားအမဲလိုက်အဖွဲ့ သုံးဖွဲ့သည် သားရေချပ်ကို ရသည် နှင့် လျင်မြန်စွာ အကြောင်းပြန်ကြသည်။ အမြန်ဆုံးအဖွဲ့သည် ဒုတိယမြောက်နေ့တွင် ရောက်လာကြပြီး တတိယမြောက်အဖွဲ့က သုံးရက်မြောက်နေ့တွင် အမဲလိုက်စစ်သည်တော် အပြည့်အစုံနှင့်ရောက်လာကြသည်။
သူတို့သည် ဒီတစ်ခေါက်တွင်တော့ အမဲလိုက်ခရီးစဥ်ကို အပြီးသတ်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြခြင်းမရှိ။ မီးလျှံသလင်းကျောက် အကြောင်းသာ သိသွားပါက ဘိုးဘေးများပင် အုတ်ဂူထဲမှ ထလာပြီး သဘောတူကြောင်း လာပြောမည်ပင် ဖြစ်သည်။ စစ်သည်တော် အားလုံးသည် စိတ်အားတက်ကြွနေပြီး သူတို့သည် နောက်ကျသွားလျှင် ဝေစုမရတော့မည်ကို စိုးရိမ်သောကြောင့် လျင်မြန်စွာရောက်လာကြလေသည်။
အားလုံးပေါင်း အမဲလိုက်အဖွဲ့ငါးဖွဲ့ရှိသည်။ ခေါင်းဆောင်ငါးယောက်လုံးက တွင်းနက်ကြီးကို အဓိကပစ်မှတ်ထားရန် သဘောတူ ဆုံးဖြတ်ကြသည်။ လင်းနို့များကို မတိုက်ခင် သူတို့ကို အနိုင်ယူနိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်။
ခေါင်းဆောင်ငါးယောက်တို့သည် မှန်ကန်သော နည်းလမ်းများကို ရှာဖွေပြီးနောက် အမဲလိုက်အဖွဲ့ငါးဖွဲ့စလုံးမှ အဖွဲ့ဝင်များသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
အရင်တုန်းကတော့ သူတို့သည် ထူးဆန်းသော တွင်းနက်ကြီးအကြောင်းကို သိလိုက်ရသည့်အခါ စိတ်လှုပ်ရှားခြင်း၊ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း စသည့် ခံစားမှုများ ဖြစ်ပေါ်သွားသည်။ အခုတော့ ထိုခံစားချက်များမရှိတော့ပေ။ စစ်သည်တော်အားလုံးသည် ကျောက်လက်နက်များကို သွေးရင်း လင်းနို့များကို သတ်ရန်သာ စိတ်ကူးနေတော့သည်။
လင်းနို့ကိုက်ခံရသော လူတစ်ယောက်က ဂူထဲမှာ အနားယူနေလေသည်။ သူသည် အိပ်ပျော်ရင်း ထယောင်နေသည်
" ငါ့ကို ပေးသွားစမ်းပါ...ငါဒီကောင်တွေကို ခေါင်းဖြတ်ပစ်နိုင်ပါသေးတယ်"။
စစ်သည်တော်တစ်ယောက်က စိတ်မကောင်းစွာ ပြုံးရင်း ထိုသူကို ပြန်ဆွဲထားရသည်
" အေးပါ..အေးပါ..မင်းသူတို့ကို ခေါင်းဖြတ်နိုင်ပါသေးတယ်"။
ထို့နောက် ထယောင်နေသူကို လက်သီးနှင့် မေ့အောင်ထိုးလိုက်ပြီး သူ့အိပ်ရာသို့ ပြန်ပို့လိုက်ရသည်။
ထိုစစ်သည်တော်ကို အားလုံးကဝိုင်းကြည့်လိုက်ကြရာ သူက အပြစ်ကင်းစွာ ပြောလာသည်။
" ငါတို့ခေါင်းဆောင်က ဆေးမြစ်မလုံလောက်တော့ဘူးလို့ပြောထားတယ်..လင်းနို့ကိုက်ခံရတဲ့တစ်ယောက်က တစ်ညလုံးအိပ်ပြီး အနားယူမှ သက်သာမှာ..သူအိပ်ပျော်သွားတာ အကောင်းဆုံးပဲလေ"။
အမဲလိုက်အဖွဲ့ ငါးဖွဲ့မှ စစ်သည်တော်အားလုံးသည် သူတို့စခန်းချရာ ဂူအတွင်းတွင် စုစည်းလိုက်ကြသည်။ ဂူထဲတွင် လူနည်းနည်းကျပ်သွားသော်လည်း ဘယ်သူကမှ စိတ်မပျက်ပေ။ အခုဆိုလျှင် အားလုံး စိတ်ထဲ မျှော်လင့်ချက်ကိုယ်စီနှင့် ဖြစ်သည်။ သူတို့အားလုံးသည် စွမ်းအားများတိုးပွားလာရန် မျှော်လင့်နေကြပြီး မိုင်နှင့်အခြားအဖွဲ့ခေါင်းဆောင်အားလုံးတို့သည်လည်း အကြီးတန်းစစ်သည်တော်ဖြစ်လာရန် မျှော်လင့်နေကြသည်။ ပုံမှန်ဆိုလျှင် သူတို့အတွက် စွမ်းအင်အရင်းအမြစ်များသည် အကန့်အသတ်ရှိသည်။ အထူးသဖြင့် တောင်ခြေမှလူများအတွက် ပို၍ပင် အကန့်အသတ်ရှိသည်။ သူတို့သည် ကိုယ်ကျိုးအတွက်ရော မိသားစု အကျိုးအတွက်ပါ အမျှော်လင့်ကြီးမျှော်လင့်ထားကြသည်။
အဆင့်မြင့်အဖွဲ့ကရော ဘယ်လိုနေမည်နည်း။
အဆင့်မြင့်အဖွဲ့ကတော့ အဝေးရောက်နေပြီ ဖြစ်သဖြင့် ရှာတွေ့ရန် မလွယ်တော့ပေ။