မြူတော
Vol. 8 Ch. 119
စစ်သည်တော်များသည် မတူညီသော ဂူပေါက်များမှ အသီးသီးဝင်သွားကြသော်လည်း နေရာတစ်ခုတွင် ပြန်ဆုံမိကြသည်။
သူတို့ရှေ့တွင် ခမ်းမကျယ်ကြီးတစ်ခုရှိလေသည်။ မျက်နှာကျက်ကိုတော့ သူတို့မမြင်နိုင်ပေ။ သူတို့ရှေ့တွင်လည်း မြူများက ထူထပ်စွာ ဖုံးအုပ်ထားသည်။
အစောပိုင်းတုန်းကတော့ သူတို့ထင်သည်မှာ လင်းနို့များသည် မီးခိုးငွေ့များကြောင့် ဒီနေရာကို ထွက်ပြေးလာမည်ဟု ဖြစ်သည်။ သို့သော် လင်းနို့တစ်ကောင်မှ မတွေ့သောကြောင့် သူတို့အံ့သြသင့်သွားလေသည်။
တခြားဂူများသို့ ထွက်ပြေးသွားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော်ဤမျှရှင်းလင်းနေခြင်းတော့ မဖြစ်သင့်ပေ။ လင်းနို့ဆို၍ တစ်ကောင်တောင် မတွေ့ပေ။ ဘာတွေများဖြစ်ကုန်ကြသနည်း။ ဤနေရာသည် ဘာများထူးခြားနေပါသနည်း။
မိုင်ကအခြားအဖွဲ့ခေါင်းဆောင်များကို လှမ်းမေးသည်
"မင်းတို့ဘက်မှာ ဘာတွေ ထူးခြားနေသေးလဲ"။
"အေးဆေးပဲ..ဒီဂူထဲမှာ လင်းနို့တွေ သိပ်မရှိတော့ဘူး..ခက်ခက်ခဲခဲ ဘာမှမရှိတော့ဘူး"
"ငါတို့ဘက်မှာလည်း အဲဒီအတိုင်းပဲ"
"ကြည့်ရတာတော့ လင်းနို့တွေ အပြင်ထွက်ပြေးကုန်ပြီထင်တယ်" ။
ကြည့်ရသည်မှာတော့ အခြေအနေကောင်းသည့်ပုံပင်။
"ဘာလဲ မသိဘူးဟေ့"
ချာက ရုတ်တရက်ထအော်သည်။
အပြင်ဘက်တွင် လင်းနို့ဂူ၅ခုရှိသည်။ထို့ပြင် အခြားဂူများသည်လည်း ဤနေရာနှင့် ဆက်စပ်နေသည်။
"မီးတွေငြိမ်းလိုက်ရမလား"
"နေဦး..အဲဒီလောက်မလိုသေးဘူး..ခဏစောင့်ကြည့်ဦး..အခုက လင်းနို့၂ကောင်ပဲလာနေသေးတာ"
ချန်က အခြားသူများကို လက်ဝှေ့ရမ်းပြလိုက်သည်။
တိုးတိတ်သော အတောင်ပံခတ်သံများကို တိတ်ဆိတ်နေသော ဤခန်းမကြီးဆီမှ ကောင်းစွာ ကြားနေရသည်။ မကြာခင် ဂူတစ်ခုထဲမှ လင်းနို့များ ပျံထွက်လာသည်ကို သူတို့ကြားလိုက်ရသည်။
"ဝှစ်..ဝှစ်..ဝှစ်"..။
စစ်သည်တော်များသည် လင်းနို့များ ဘယ်ပုံရှိသည်ကို မမြင်နိုင်သော်လည်း သူတို့ကြားရသော အသံပေါ်မူတည်၍ လင်းနို့များ၏နေရာကို ခန့်မှန်းနိုင်သည်။
လင်းနို့များပျံထွက်လာသည်နှင့် တပြိုင်နက် မိုင်နှင့် အခြားစစ်သည်တော်များ၏ လှံများက လင်းနို့များဆီသို့ ပြေးဝင်သွားသည်။တဖောက်ဖောက် မြည်သံများနှင့်အတူ ထိုလင်းနို့၂ကောင်သည် အသံပင် မပြုနိုင်ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လင်းနို့၂ကောင်၏ ကိုယ်တွင် လှံများစွာ စိုက်ဝင်နေသောကြောင့် ကန္တာရပင်များနှင့်ပင် တူနေသေးသည်။ လင်းနို့များချီလာသော နွားသည်လည်း လှံဒဏ်ခံလိုက်ရသည်။ နွားသည် အသက်ရှင်နေသေးသော်လည်း သတိမရှိတော့ပါ။ အခြားသားကောင်များလိုပင် အသေသတ်ခြင်းမခံရဘဲ သတိမေ့မြောလျက်ရှိသည်။ ပြီးနောက် ဂူထဲသို့ဆွဲသွင်းလာခြင်းခံလိုက်ရသည်။
"သူတို့ ပျံလာတဲ့လမ်းကြောင်းအရတော့ ဒီကောင်တွေ ဟိုဘက်ကို သွားနေတာပဲ ဖြစ်ရမယ်" ။
စစ်သည်တော်များလည်း ချန်ညွှန်ပြသော နေရာသို့ ကြည့်လိုက်ကြသည်၊ သို့သော် မီးတုတ်များ၏ အလင်းရောင် ရှိနေတာတောင် သူတို့သည် ရှေ့တွင် ဘာရှိလဲ မမြင်ရပေ။
ချာက မြူများကို ကြည့်ရင်းဗလုံးဗထွေးနှင့် ပြောသည်။
" အားချန်..အဲဒါတွေက..."
လင်းနို့များသည် သူတို့ဖမ်းမိသော သားကောင်တိုင်းကို ဤနေရာသို့ သယ်လာကြသည်။ ချန်၏အဖွဲ့မှ ပျောက်သွားသော လူသုံးယောက်သည်လည်း ဤနေရာသို့ပင် သယ်ဆောင်ခံလာရခြင်းလား။ နောက်ပြီးတော့ သူတို့ဒီနေရာသို့ လာရခြင်း အကြောင်းရင်းမှာ လင်းနို့များသည် ဘာကြောင့်ထူးဆန်းစွာပြုမူနေရသလဲဆိုတာကို ရှာဖွေရန်ဖြစ်သည်။ သူတို့သည် ထိုအချက်ကို သိသွားပါက ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်သွားမည် ဖြစ်သည်။ မဟုတ်လျှင် မီးလျှံသလင်းကျောက်များကို လာရှာသည့်အခါတိုင်း လင်းနို့များလိုက်၍ ထွက်ပြေးနေရမည် ဖြစ်သည်။
လင်းနို့များ ထူးဆန်းစွာ ပြုမူနေရခြင်း၏ အဖြေသည် ထို မြူတောနောက်ကွယ်တွင် ရှိနေနိုင်သည်။
အဖွဲ့ခေါင်းဆောင် ငါးယောက်တို့သည် သူတို့အစည်းအဝေးထိုင်တုန်းက ဒီအခြေအနေကို အသေးစိတ် ဆွေးနွေးခဲ့ကြဖူးသည်။ သူတို့ထင်သည်မှာ လင်းနို့များသည် သူတို့ခေါင်းဆောင်အတွက် အစာများကို သယ်ဆောင်သွားသည် ဟု ဖြစ်သည်။ တိရစ္ဆာန်အများစုသည် အပြုအမူတူကြသည်။ သူတို့ခေါင်းဆောင် အတွက် အစာစုဆောင်းပေးနေသည်ဆိုသည့်အချက်မှာ တော်တော် ဖြစ်နိုင်သည်။ သူတို့ထင်သလိုသာ ဖြစ်နေပါက သူတို့သည် လင်းနို့ခေါင်းဆောင်ကြီးကို သုတ်သင်ရန် အသေအလဲ ကြိုးစားကြမည်ဖြစ်သည်။
လင်းနို့ခေါင်းဆောင်က ဒီနေရာမှာ ရှိနေတာလား။
သူတို့ခေါင်းဆောင်ကို သတ်လိုက်လျှင် လင်းနို့အဖွဲ့ကြီး ပြိုကွဲသွားနိုင်သလား။
"သွားကြည့်ရအောင်..သတိဝီရိယ ရှိကြဟေ့"
ချန်က သူ့လူများကို အော်ပြောလိုက်သည်။
မြူတောထဲသို့ဝင်လိုက်သောအခါ မီးတုတ်မှ အလင်းရောင်များမှိန်သွားတော့သည်။
မြင်ကွင်းလုံးဝမရှင်းတော့ဘဲ အနံ့အသက်များလည်း မကောင်းတော့ပေ။ ထူထပ်သော မြူငွေ့မြူနံ့များရနေသလိုပင်။
"အဆိပ်ရှိတဲ့ လေထုများလား"
ရှောက်ရွှမ်သံသယဝင်သွားသည်။
ပြင်းထန်သော ချဥ်စုတ်စုတ်နံ့သည် သူတို့ကို မူးဝေစေပြီး ထိုအနံ့သည် လင်းနို့ဂူများထဲမှ ရသော အနံများနှင့်မတူပေ။
လူများ၏စိတ်ကို နောက်ကျိစေသော အနံ့မျိုးဖြစ်သည်။ သို့သော်ကံကောင်းစွာဖြင့် နွယ်ပင်များ၏လတ်ဆတ်သောရနံ့က ထိုမူးဝေမှုကို ပျောက်ကင်းစေသည်။
စစ်သည်တော်များသည် ဆေးပင်ကိုပါးစပ်ထဲထည့်လိုက်ကြသည်။ ဆေးပင်၏ အေးမြခါးသက်သော အရသာက သူတို့ကို ခဏတာ လန်းဆန်းသွားစေသည်။
နောက်ထပ် အတောင်ပံခတ်သံများကြားလိုက်ရသည်။ ဒီတခေါက်တွင်တော့ လင်းနို့အကောင်ရေ ပိုများမည်ထင်သည်။ မီးခိုးငွေ့များ၏ သက်ရောက်မှုက အချိန် အတိုင်းအတာ တစ်ခုအထိသာ။ ဒါဇင်နှင့်ချီသော လင်းနို့များသည် သားကောင်များကို လက်သည်းများနှင့်ကုတ်ဆွဲလာပြီး ဂူပေါက်အသီးသီးမှ ဝင်လာကြသည်။ မိုင်နှင့် အခြားသူများက လင်းနို့များကို လှံနှင့်ပစ်ရန် ချိန်ရွယ်လိုက်သည်။ သို့သော် အံ့သြစရာကောင်းသည်က လင်းနို့များသည် စစ်သည်တော်များကို တိုက်ခိုက်ခြင်း မပြုပေ။
သူတို့ကို လှည့်ပင် မကြည့်ပဲ သားကောင်များကို ချီ၍ မြူတောထဲသို့ ပျံသန်းသွားကြသည်။
မြူတောဆီမှ မြေပြင်ပေါ်သို့ တစ်ခုခုပြုတ်ကျသွားသော အသံကို ကြားလိုက်ရသည်။ ထိုအသံကို ကြားပြီး သိပ်မကြာလိုက် လင်းနို့များသည် ထူထပ်သော မြူတောထဲမှ ပြန်ထွက်လာပြီး ဂူပေါက်များဆီသို့ ပြန်လည်ဦးတည်သွားသည်။
"လင်းနို့ခေါင်းဆောင်က မြူတောထဲမှာ ရှိမယ်ထင်တယ်" ချန်က တီးတိုးပြောသည်။
မြူတောထဲသို့ ပိုတိုးဝင်လေ မီးတုတ်မှ မီးတောက််များက ပိုသေးငယ်လေ ဖြစ်လာပြီး မီးငြိမ်းသွားလုမတတ်အောင် ဖြစ်နေသည်။ မြူငွေ့များကြောင့် တခြားသူများကို မဆိုထားနှင့် မိုင်ပင်လျှင် မီးတုတ်အလင်းရောင်ဖြင့် အရှေ့ကို ဆယ်မီတာခန့်သာ မြင်နိုင်သည်။
"ဒီနေရာက..."
ချာတစ်ယောက် သူ့စကားမဆုံးခင် မြေပြင်ပေါ်မှ အရာတစ်ခုကို ဝင်တိုက်မိသည်။
သူ့အကြောအချဥ်များတောင့်တင်းသွားပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထား ဖြစ်သွားလေသည်။ ခဏကြာသောအခါမှ သူဝင်တိုက်သော အရာသည် အသက်မရှိတော့ကြောင်း သိလိုက်ရသည်။
"အသေကောင်ကြီးလား" ချာသည် သူ့ခြေထောက်အောက်မှ အရာကို ပိတ်ကန်လိုက်သည်။
သူဝင်တိုက်မိသော အရာသည် လင်းနို့အသေကောင် တစ်ကောင်ဖြစ်ပြီး သေနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
ချာ၏ခြေထောက်အောက်တွင်သာမဟုတ် မြူတောများဖုံးလွှမ်းထားသော နေရာတဝိုက်တွင် လင်းနို့အရိုးစုများ နေရာအနှံ့ပင်။ ပြောရလျှင် လင်းနို့အသေကောင်များတပုံတပင်။ တချို့နေရာများတွင် လင်းနို့အလောင်းများ အလွှာ အထပ်ထပ်ပင်။ ကြက်သီးထစရာပင် ကောင်းသေးတော့သည်။
ရှေ့ဆက်သွားတော့လည်း လင်းနို့အလောင်းများ တောင်ပုံရာပုံတွေ့ရသည်။
လင်းနို့အသေကောင်များ။
အားလုံးသည် လင်းနို့ အသေကောင်များ။
ထို့ပြင် အားလုံးသည် ခန္ဓာကိုယ်များ တစစီဖြစ်ကာ သနားစဖွယ် သေဆုံးနေကြသည်။မသေခင် ရက်စက်စွာ နှိပ်စက်ခံထားရသည်မှာ သေချာသည်။
လင်းနို့များ ဒီနေရာသို့မလာသည်မှာ အံ့သြစရာမရှိပေ။
ဒီနေရာသည် လင်းနို့များအတွက် ဂူသင်္ချိုင်းပင် မဟုတ်ပါလော။
"အကောင်တွေကတော့ တော်တော်ကြီးတယ်..သေနေတာလည်း အချိန်အတော်ကြာပြီ"
ချန်သည် ထိုနားတဝိုက်မြေပြင်ပေါ်မှ လင်းနို့အသေများကို ကြည့်ပြီး ပြောလိုက်သည်။
"သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေအရဆိုရင်တော့ အချင်းချင်းတိုက်ကြတာဖြစ်မယ်"
"သူတို့က ဘာကြောင့် အချင်းချင်းတိုက်ကြတာလဲ"
"ငါကြားဖူးတာတော့ တိရစ္ဆာန်လောကမှာ ခေါင်းဆောင် အသစ်ရွေးမယ်ဆို လက်ရှိခေါင်းဆောင်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရတယ် ပြောတယ်"
"ဒါဆိုရင် မင်းပြောချင်တာက..."
" ခေါင်းဆောင်လင်းနို့ကြီးက ဒီနေရာမှာရှိနေတာလား"
အားလုံး၏ အကြောအချဥ်များတောင့်တင်းသွားရသည်။ လင်းနို့များသာ အသက်ရှိနေသေးပါက အဖွဲ့ခေါင်းဆောင်ငါးယောက်တို့သည် သူတို့လူစုကို ဦးဆောင်၍ ဤနေရာသို့ ဒီနေရာသို့ ဝင်လာရဲမည် မဟုတ်ပါ။လင်းနို့များသည် အကောင်ကြီးမားသလို အရေအတွက်လည်း အလွန်များပြားသည် မဟုတ်ပါလား။ ခေါင်းဆောင်လင်းနို့ကြီးသည် လာသမျှလင်းနို့များကို အနိုင်တိုက်သည်ဆိုတော့ တော်တော်ကြောက်စရာကောင်းသည့် သားရဲကြီးပင်။
သို့သော် စစ်သည်တော်များသည် ပြန်သွားရန်တော့ စိတ်မကူးပေ။ တကယ်တော့ မိုင်အပါအဝင်ကျန်သူများနှင့်ဆွေးနွေးစဥ်က ရှောက်ရွှမ်သည် သူတို့အနေဖြင့် မျိုးနွယ်စုဆီသို့ပြန်ကာ တခြားအမဲလိုက်အဖွဲ့များဆီမှ အကူအညီတောင်းသင့်သည်ဟု အဆိုတင်ပြဖူးသည်။ သူတို့ပထမစခန်းချရာ နေရာတွင်ရှိနေစဥ်က အဆင့်မြင့်အဖွဲ့ကို လိုက်ရှာမည့်အစား မျိုးနွယ်စုဆီသို့ ပြန်လာခြင်းက ပိုမိုမြန်ဆန်စေမည် ဖြစ်သည်။ သူတို့အမဲလိုက်ခရီးကလည်း အစပဲရှိသေးသည် မဟုတ်ပါလား။ မျိုးနွယ်စုဆီမှ စစ်သည်တော်များ၏ အကူအညီကို ရမည်ဆိုပါက သူတို့အတွက် ပိုစိတ်ချရသည်။
သို့သော် ရှောက်ရွှမ်၏ အဆိုကို ကျန်သည့်သူများက ပယ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အမဲလိုက်အဖွဲ့၂ဖွဲမှာ အမြဲလိုလို ပြိုင်ဆိုင်နေတတ်သောကြောင့် ဖြစ်သည်။
ခေါင်းဆောင်ငါးယောက်စလုံးက မီးလျှံသလင်းကျောက် ရှာပုံတော်ခရီးတွင် အခြားသူများကို ပါဝင်ခွင့်မပြုချင်ကြပေ။ သူတို့သည် မီးလျှံသလင်းကျောက်သတင်းကို လျှို့ဝှက်ထားချင်ကြသည်။ နောက်တစ်ချက်က အခြားလူများပါလာလျှင် သူတို့ရမည့် အကျိုးအမြတ်နည်းသွားမည် ဖြစ်သည်။
ရှောက်ရွှမ်က "
အသက်ရှင်နေသေးပါက မျှော်လင့်ချက်ရှိသည်"ဆိုသော သီအိုရီကို အခြေပြု၍ အဆိုတင်သွင်းခြင်းဖြစ်သည်။ တခြားလူများက အသက်စွန့်၍ မီးလျှံသလင်းကျောက်ကို ရှာချင်နေကြသည် ဖြစ်သည်။
မျိုးနွယ်စုထဲမှ လူစု၏ အတွေးအခေါ်က ထိုကဲ့သို့ဖြစ်သည်။ အစကတော့ မိုင်က ရှောက်ရွှမ်ကို မင်းအသက်ထက် အရေးကြီးတာ ဘာရှိလို့လဲဟုဆူသည်။ သို့သော် နောက်ပိုင်းတွင် မီးလျှံသလင်းကျောက်နှင့်ပတ်သက်ပြီး ရူးသွပ်ကုန်ကြသည်။
ရှောက်ရွှမ်က သူတို့ရူးသွပ်မှုကို လျော့တွက်ခဲ့သည်။ အဖွဲ့ခေါင်းဆောင် ငါးယောက်၏ ဆွေးနွေးမှုကို နားထောင်ပြီးနောက် သူတို့သည် မီးလျှံသလင်းကျောက်အတွက် အသက်စွန့်တိုက်ခိုက်မည်ဆိုတာ ရှောက်ရွှမ်သိသွားသည်။
သူတို့ရှေ့သို့ဆက်လက်ချီတက်ခဲ့ကြသည်။ လင်းနို့များ သားကောင်တို့ကို ချီလာပြီး ပျံသန်းသွားသံများကို ကြားနေရသည်။ လင်းနို့များသည် မြူတောထဲတွင်ရှိနေသော သူတို့ကို ဂရုမစိုက်ပါ။ သူတို့သည် သူတို့အလုပ်နှင့် သူတို့ရှုပ်နေကြသည်။
"ဗုန်း"
မြေပြင်ပေါ်သို့ တစ်စုံတစ်ခု ပြုတ်ကျသွားသံကို ကြားလိုက်ရသည်။ သားကောင်ပြုတ်ကျသောနေရာ သည် သူတို့နှင့် နီးနီးလေးဖြစ်သည်။
"ခဏနေဦး"
ချန်က အသံကိုနှိမ့်၍ပြောသည်။
"အသက်ရှူသံကြားရတယ်"
မိုင်နှင့် တချို့ စစ်သည်တော်များက ထိုအသံကို ကြားရသည်။ သူတို့နားတဝိုက်တွင် အသက်ရှုသံတချို့ကို ကြားရသည်။
နတ်စစ်သည်များ၏ အသက်ရှူသံများ အပြင် လင်းနို့များ၏ အသက်ရှူသံများကို ကြားနေရသည်။
တောင်တက်သကဲ့သို့ လင်းနို့ အသေကောင်ပုံကြီးများပေါ်သို့ သူတို့ တဖြည်းဖြည်းတက်ခဲ့သည်။ မီးတုတ်မှ အလင်းရောင်မှာ တဖြည်းဖြည်းမှိန်လာသည်။ မီးတောက်သည် မူလအရွယ်အစားထက် ငါးဆလောက်သေးသွားသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ကောင်းကောင်း မမြင်ရတော့ပေ။ ထို့ကြောင့် စစ်သည်တော်များသည် ဘေးပတ်ဝန်းကျင်တွင် ဘာရှိသလဲ သိနိုင်ရန် အမြင်အာရုံထက် အကြားအာရုံကို အားကိုးရသည်။
တချို့အငယ်တန်းစစ်သည်တော်များက ဆက်မလိုက်လာနိုင်တော့။ သူတို့စွမ်းရည်ကုန်သွားလေပြီ။ သူတို့သည် မေ့မျောမသွားရန်ပင် ကြိုးစားနေရပြီဖြစ်သည်။ ဆေးပင်များနှင့်နွယ်ပင်များလည်း မစွမ်းနိုင်တော့သလို အဆိပ်မြူတောကို သူတို့လည်း ကြံ့ကြံ့မခံနိုင်တော့ချေ။
"ဆက်မလိုက်နိုင်တဲ့လူတွေ နေခဲ့ကြ၊ ကျန်တဲ့လူတွေ ဆက်သွားကြမယ်"
မိုင်ကပြောသည်။
ကျန်သည့် အဖွဲ့ငါးဖွဲ့လည်း ထိုသို့ ပြုမူကြသည်။
ရှောက်ရွှမ်က မီးလျှံသလင်းကျောက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ သလင်းကျောက်၏အစွမ်းက သူ့ကို အမူးအမော်ပြေစေသည်။ ထို့ကြောင့် သူသည် တခြား အငယ်တန်းစစ်သည်တော်များထက် ခံနိုင်ရည် ပိုရှိလေသည်။
တစ်ယောက်ကထအော်သည်
" တောင်ဒရယ်ကြီးတစ်ကောင်ဟေ့"
"ဒီမှာတောဝက်ရိုင်းကြီး"
ထိုနားတဝိုက်တွင် အသက်ရှင်နေသေးသော သတ္တဝါများရှိနေသေးပုံပေါ်သည်။ အားလုံးသည် သတိလစ်နေကြသည်။ ထိုကဲ့သို့နေရာမျိုးတွင် သူတို့သည် သတိလစ်မသွားရန် တောင့်မခံနိုင်တော့ပေ။ သတိရလာလျှင်လည်း မြူများကို ပြန်ရှူမိပြီး သတိပြန်လစ်သွားမည် ဖြစ်သည်။
ချန်၏အဖွဲ့မှ စစ်သည်တော်များသည် ထိုအချက်ကို သိသောအခါ စိတ်လှုပ်ရှားသွားသည်။ သူတို့အဖွဲ့မှ လူသုံးယောက်သည် အသက်ရှင်နေနိုင်သေးသည် မဟုတ်ပါလား။
လင်းနို့အလောင်းပုံကြီးပေါ်တွင် တခြားသတ္တဝါပေါင်းစုံရှိနေသေးသည်။ သူတို့လူသုံးယောက်ကို ရှာရန် အလွန်ခက်ခဲလှသည်။
ရှောက်ရွှမ်သည် ညတွင် မြင်နိုင်စွမ်းရှိသည်ကို သတိရသွားပြီး မိုင်သတိရသွားသည်
" မင်းဘာတွေမြင်လဲ...အားရွှမ်"
"အခုတော့ ဘာမှ သိပ်မမြင်ရသေးဘူး..ဒါပေမဲ့ ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"
ရှောက်ရွှမ်က ပြောသည်။
ရှောက်ရွှမ်သည် သူ၏အထူးစွမ်းအင်ကို အသုံးပြုလိုက်သော အခါ ဘေးပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းရှိသွားသည်။ သူနှင့် ဘေးပတ်ဝန်းကျင်ရှိ ပစ္စည်းများကြားတွင် မြူများ ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ မြင်ကွင်းမှာ မရှင်းလင်းပေ။ ရှေ့ကို မီတာ ၅၀လောက်သာ မြင်ရသည်။ ထိုမျှမြင်ရသည်ပင် အခြားလူများထက်ပိုသာလွန်နေပြီ ဖြစ်သည်။
အရိုးစုများကိုသာ မြင်ရသဖြင့် အရိုးစုကိုအခြေခံ၍ မည်သည့် တိရစ္ဆာန်ဖြစ်မည်ကို ခန့်မှန်းနေရသည်။
ရှောက်ရွှမ်သည် သူ၏ အထူးစွမ်းရည်ကိုအသုံးပြု၍ လူ့အရိုးစုများကို လိုက်ရှာနေစဥ် ကျန်သည့်သူများက ဘေးပတ်ဝန်းကျင်မှ ဝင်လာနိုင်သော အန္တာရာယ်များအတွက် အသင့်ပြင်ဆင်ထားရလေသည်။
အငယ်တန်းစစ်သည်တော်များက ထိုနေရာထိ လိုက်လာခြင်းမရှိတော့။ သူတို့ထဲတွင် ရှောက်ရွှမ်သည် အငယ်ဆုံးဖြစ်သည်။
သို့သော် ကျန်သည့်လူများက ရှောက်ရွှမ် ထိုသို့လိုက်လာနိုင်သည်မှာ နတ်ဆေးဆရာဆီမှ ပညာသင်ယူနေခြင်းကြောင့်ဟု ယူဆကြသည်။ သူဒီမျှအထိတောင့်ခံနေနိုင်ခြင်းမှာ နတ်ဆေးဆရာကြောင့်သာဟု ထင်ကြသည်။
ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်မှ အစွမ်းကို စုပ်ယူလိုက်သည်။ မီးလျှံသလင်းကျောက်သည် သူ့စိတ်ထဲမှ ပျောက်ကွယ်လုနီးဖြစ်နေသော နတ်ရုပ်ကို လှုံ့ဆော်ပေးသည်။ သို့သော် သူ့စိတ်ထဲမှ နတ်ရုပ်သည် ရှိသည်ဆိုရုံမျှသာ ရှိတော့သည်။
ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်မှ အစွမ်း ကုန်ဆုံးခါနီးပြီဟု ထင်လိုက်သည်။ ထို့ကြောင့် စွမ်းအင်ကို နည်းနည်းသာ စုပ်ယူနိုင်ခြင်းဖြစ်သည်။
စည်းချက်ညီသော အသက်ရှူသံကိုတော့ ကြားနေရဆဲပင် ဖြစ်သည်။ သို့သော် ထိုအသံဘယ်ကလာသလဲတော့ရှောက်ရွှမ်ရှာမတွေ့ပေ။ ထိုအသက်ရှူသံနှင့် အခြား အသက်ရှူသံများကွာခြားချက်ကို သူတစ်ယောက်သာ ခွဲခြားနိုင်ခြင်းဖြစ်သည်။
သူသည် အရိုးစုပုံကြီးကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ လူအရိုးစုနှင့်တူသော အရိုးစုသုံးခုကို သူတွေ့လိုက်ရပြီဖြစ်သည်။
"တွေ့ပြီဗျို့"
ရှောက်ရွှမ်က ခပ်တိုးတိုးလှမ်းပြောလိုက်သည်။
ချန်သည် လူတစ်ချို့ကို ရှောက်ရွှမ်ညွှန်ပြသောနေရာသို့ ပြေးသွားစေသည်။ ထိုနေရာ သို့ရောက်သောအခါ မြေပေါ်တွင်လဲနေသော လူတချို့ကို မြင်လိုက်ရသည်။ သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက် သိပ်မဝေးလှ။ အသက်ရှိနေသေးသည်။
ပျောက်ဆုံးနေသော လူသုံးယောက်ကို တွေ့သော်လည်း ရှောက်ရွှမ်၏စိတ်များလေးလံနေသေးသည်။ ကြီးမားသော အန္တရာယ်က သူတို့နားတွင်ရောက်နေပြီဟုသူ့ စိတ်ထဲမှသိနေသည်။
ရှောက်ရွှမ်သည် မီးလျှံကျောက်တုံးကို ကိုင်ထားသော သူ့လက်ကို ကြည့်လိုက်သည်။ တချက်ကြည့်လိုက်ရုံနှင့် သူဦးရေပြားမှာ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ ဆံပင်များထောင်ထလာပြီး ချွေးစေးများပြန်လာသည်။
သူ့လက်ထဲသို့ စီးဝင်နေသော မီးလျှံသလင်းကျောက်မှ စွမ်းအင်စီးကြောင်းသည် သူ့ခန္ဓာကိုယ်ထဲသို့စီးဝင်ခြင်း မရှိတော့ပေ။ စွမ်းအင်စီးကြောင်းသည် သူ့အနောက်ရှိ မြူတောထဲသို့ စီးဆင်းနေပြီ ဖြစ်သည်။