ခေါင်းဆောင်ဟူသည် တစ်ယောက်သာ
Vol. 8 Ch. 120
မီးလျှံသလင်းကျောက်၏ စွမ်းအင်ကို ရှောက်ရွှမ်က သူတစ်ယောက်သာ စုပ်ယူနိုင်သည် တခြားသူမျာမစုပ်ယူနိုင် ဟုထင်ထားခဲ့သည်။စခန်းမှာတုန်းက ရှောက်ရွှမ်သည် အမျိုးမျိုးစမ်းသပ်ခဲ့သည်။
အငယ်တန်းစစ်သည်တော် ဖြစ်ဖြစ်၊ အလတ်တန်းစစ်သည်တော်ဖြစ်ဖြစ် ဘယ်သူမှ ရှောက်ရွှမ်၏ သလင်းကျောက်မှ အစွမ်းကို မစုပ်ယူနိုင်။
ထို့ကြောင့် ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်မှ စွမ်းအင်ကို သူကလွဲ၍ တခြားလူဖြစ်ဖြစ်၊ အရာဝတ္ထု ဖြစ်ဖြစ်က မစုပ်ယူနိုင်ဟု ယုံကြည်ထားခဲ့သည်။ အမဲလိုက်အဖွဲ့ငါးဖွဲ့၏ ခေါင်းဆောင်များနှင့် ဆီဆာလည်း မစုပ်ယူနိုင်။
ထို့ပြင် သူတို့အားလုံးသည် မီးလျှံသလင်းကျောက်မှ စွမ်းအင်ကို စုပ်ယူသည် တုန့်ပြန်မှုမျိုးမပြုလုပ်နိုင်ပါ။
သို့သော် အခုတော့ ရှောက်ရွှမ်သည် သူ၏ အထူးအမြင်အာရုံဖြင့် လောင်ကျွမ်းနေသော မီးလျှံသလင်းကျောက်မှ အနီရောင်စွမ်းအင်များသည် သူ့လက်ထဲဝင်ရမည့်အစား သူ့အနောက်ကို စီးဆင်းနေသည်ကိုမြင်လိုက်ရသည်။
သူ့အနောက်က ဘယ်သူလဲ။
ဦးလေးမိုင်များလား။ဒါမှမဟုတ် အခြားအမဲလိုက်အဖွဲ့တစ်ခုမှ အဖွဲ့ခေါင်းဆောင်များလား။
စစ်သည်တော်တစ်ယောက်ထက်ပိုပါသည်။ သေချာအာရုံစူးစိုက်၍ ရှာဖွေနိုင်ရန် ရှောက်ရွှမ်နောက်တွင် သူ့ကိုစောင့်ရှောက်ပေးနေသော စစ်သည်တော် အနည်းငယ်သာရှိသည်။ သို့သော်...
ရှောက်ရွှမ်သည် အနောက်သို့လှည့်လိုက်ပြီး အနီရောင်စွမ်းအင်များ စီးဆင်းနေသည့်ဘက်ကို ကြည့်လိုက်သည်။
စိန်ပွင့်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုသည် လေထဲတွင် မျောနေသည်ကိုတွေ့လိုက်ရသည်။ အမြင့်မှာ သုံးမီတာခန့်ရှိမည် ဖြစ်သည်။ သူ့အရိုးစုကိုတော့ မမြင်ရပေ။ သူမြင်ရသည်မှာ တောက်ပနေသော စိန်ပွင့်ကြီးတစ်ခုသာ။
မိုင်နှင့် အခြားသူများက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေပြီး သူတို့သည် ထူးထူးဆန်းဆန်းဘာမှမတွေ့သည်အလားပင်။ ဂူထဲတွင် ခေါင်းဆောင်လင်းနို့ကြီးရှိမရှိပင် တွေးနေကြသေးသည်။ ဒါမှမဟုတ် အထိအခိုက်မခံသည့် အခြေအနေကြောင့် အပြင်ထွက်မလာခြင်းလား။ ပျောက်ဆုံးနေသော လူသုံးယောက်ကို အသက်ရှင်လျက် ပြန်တွေ့ရသည်မှာ ကံကောင်းလှသည်။
သို့သော် မိုင်နှင့်ကျန်သည့်သူများသည် ရှောက်ရွှမ်၏ အကြည့်တို့ကို မြင်လိုက်ရသောအခါ ကြက်သီးမွေးညင်းထသွားကြတော့သည်။
မိုင်သည်လျင်မြန်စွာပင်နောက်ပြန်လှည့်လိုက်သည်။ သူသည်ဘာမှ မမြင်ရသော်လည်း သူ့လှံရှည်ကြီးကို ရှောက်ရွှမ်ကြည့်နေရာသို့ အားကုန်ပစ်ထုတ်လိုက်သည်။ လှံရှည်သည် ရှောက်ရွှမ်ကြည့်နေရာသို့ ပြေးဝင်သွားသည်။
လှံရှည်ကြီးသည် မည်သည့်အရာကိုမှ မထိမိဘဲလေထဲတွင် ပျံသွားသည်။ ထို့နောက် ခဏအကြာတွင် ကျောက်နံရံကြီးကို ထိမိပြီး မြေပြင်သို့ ပြုတ်ကျလာသည်။
ဘာမှမရှိ။ သူတို့လှည့်ကြည့်လိုက်သောအခါတွင်လည်း ဘာမှမရှိပေ။
ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်ကို ကိုင်ထားသော သူ့လက်ကို ငုံ့ကြည့်လိုက်သည်။
အနီရောင်စွမ်းအင်အလင်းတန်းများက ဦးတည်ရာပြောင်းသွားသည်။ နောက်တစ်ကြိမ်လှံနှင့်ထပ်ပစ်သောအခါတွင်လည်း ဦးတည်ရာထပ်မံပြောင်းလဲသွားသည်။
အခုတော့ မီးလျှံသလင်းကျောက်မှ အနီရောင်အလင်းတန်းများသည် အပေါ်ဘက်သို့ပြောင်းလဲသွားသည်။
မိုင်နှင့်ကျန်သူများက ရှောက်ရွှမ်ကိုလှမ်းကြည့်လိုက်သည်။ ရှောက်ရွှမ်သည် အပေါ်ဘက်ကို မော့ကြည့်လိုက်သောအခါ သူတို့လည်း အပေါ်ဘက်ကို လိုက်ကြည့်ကြသည်။ ယခုတစ်ခေါက်တွင်တော့ အလျင်စလို မပြုမူကြတော့ပေ။ သူတို့သည် အရင်ဆုံးသေချာ အကဲခတ်ကြသည်။
မိုင်နှင့်ကျန်သူများက ဘာမှ မမြင်ရသေး။ သူတို့မြင်နိုင်သည့်အတိုင်းအတာအတွင်းတွင် ဘာအရာဝတ္ထုမှ မရှိပေ။ ရှောက်ရွှမ်အမြင်တွင်တော့ ထိုကဲ့သို့မဟုတ်။
အပေါ်မော့ကြည့်လိုက်သောအခါ ရှောက်ရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူတို့ မြူတောထဲသို့ ဝင်လာသောအခါ ရှောက်ရွှမ်သည် မျက်နှာကျက်ကို သေချာကြည့်ခဲ့သည်။ သို့သော် သူဘာမှ မတွေ့ပေ။ မျက်နှာကျက်ကိုပင် မမြင်ခဲ့ရပါ။ အခုတော့ သူတို့သည် လင်းနို့အသေပုံကြီးပေါ်ရောက်နေသောကြောင့် အပေါ်ပိုင်းနှင့် ပိုနီးသွားသည်။ အခုတော့ ရှောက်ရွှမ် သေချာမြင်လိုက်ရပြီဖြစ်သည်။
သူတို့ခေါင်းပေါ်တွင် တောက်ပသောစိန်များ မျက်နှာကျက်မှ တွဲလောင်းကျနေပြီဖြစ်သည်။
ခုနက သူမြင်လိုက်ရသော စိန်သည် သူနှင့်အနီးကပ်ဆုံးဖြစ်သည်။ ရှောက်ရွှမ်၏ အမြင်တွင် စိန်များသည် လေထဲတွင် မျောနေသည်။
ထိုစိန်များကြောင့် လင်းနို့များ၏အပြုအမူတွေ ထူးခြားနေရသလော။
အဲဒီလိုသာဆိုလျှင် ထိုအရာများသည် များပြားလွန်းလှသည်။
တစ်ခုတည်းသာမဟုတ်..ထိုထူးဆန်းသော အရာသည် တစ်ခုတည်းသာမဟုတ်ပေ။
ထိုအရာသည် မျက်နှာကျက်နှင့်ထိရန် နည်းနည်းလိုသေးသည်။ သူတို့နှင့် မီတာ ၅၀လောက်သာဝေးသော်လည်း
မိုင်နှင့်ကျန်သူများက မမြင်နိုင်ပေ။
မိုင်လှမ်းပစ်လိုက်သော လှံတံသည် ထိုအရာ၏ အဖျားကိုပင် မထိခိုက်ပေ။ အဖွဲ့၅ဖွဲ့၏ ခေါင်းဆောင်များဆိုလျှင် ထိုအရာရှိနေကြောင်းပင် မသိပေ။
အဖွဲ့၂ဖွဲ့ကြား ကွာဟမှုသည် သိသာလွန်းလှသည်။
ထိုအရာများက သူတို့ကိုသာတိုက်ခိုက်ပါက ရှောက်ရွှမ်သည် သူတို့အခြေအနေကို ဖော်ပြရန် စကားတစ်လုံးသာ စဥ်းစားမိတော့သည်။ သေခြင်းတရားသာဖြစ်တော့သည်။
မီးလျှံကျောက်တုံးမှ စွမ်းအင်စီးကြောင်းသည် အထက်သို့တက်နေသည်။
အနီရောင်အလင်းတန်းများ အထက်ဘက်ကို မျောလွင့်သွားသည်ကို သိသောအခါ ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်ကို ပြန်သိမ်းထားချင်နေသည်။ သို့သော် သူထိုကဲ့သို့ ပြုမူလိုက်ပါက ဘယ်သူကမှ အပေါ်ရှိ အရာများ၏တည်နေရာကို သိိနိုင်တော့မည် မဟုတ်ပေ။ တခြားသူများကို မဆိုထားနှင့်..မိုင်နှင့် အဖွဲ့ခေါင်းဆောင်များသည်ပင် ထိုအရာရှိနေကြောင်း မသိချေ။
"ဦးလေးမိုင်"
ရှောက်ရွှမ်အတွက် စကားပြောရန်ပင် ခက်ခဲနေသည်။
"အားရွှမ်...မင်းဘာများတွေ့လို့လဲ"
မိုင်သည် စိတ်မသက်မသာဖြစ်သွားသည်။
ရှောက်ရွှမ်သည် အဖြေပေးရန်ပြုနေစဥ်မှာပင် သူတို့အပေါ်ဘက်မှ ဆတ်ခနဲ ကျိုးသံတစ်ခုကို ကြားလိုက်ရသည်။
မိုင်နှင့်ကျန်သူများလည်း ထိုအသံကို ကြားလိုက်ရသည်။ သူတို့၏ အကြည့်များက သူတို့ကြားလိုက်ရသော နေရာဆီသို့ရောက်သွားသည်။ တခြားဘာကိုမှ ဂရုမစိုက်နိုင်ဘဲ ရှောက်ရွှမ် အော်လိုက်မိသည်
"သတိထားကြ"။
ချန်နှင့် အခြားစစ်သည်တော်များသည် ပြန်တွေ့သော စစ်သည်တော် သုံးယောက်ကို စစ်ဆေးနေရာမှ ချက်ခြင်း သတိဆွဲလိုက်ရသည်။ သို့သော် သူတို့သည် အပေါ်ဘက်မှ အသံကြားလိုက်ရသည်ကလွဲ၍ တခြားဘာကိုမှ မမြင်နိုင်ပေ။
"ခွပ်...ခွပ်...ခွပ်"
ကြည့်ရသည်မှာ ပါးလွှာသောအခွံတစ်ခုကွဲသွားသံ ဖြစ်သည်။ အသံများက ဆက်လက်ဖြစ်ပေါ်နေသည်။
တောက်ပနေသော စိန်ပွင့်သည် အလယ်မှနေ၍ ကွဲအက်သွားသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။
ကွဲသွားသော အခွံသည် အောက်ပြုတ်ကျလာပြီး အထဲတွင်ရှိသောအရာပေါ်ထွက်လာသည်။
ရှောက်ရွှမ်သည် ထိုအရာ၏ အရိုးစုကိုသာမြင်နိုင်ပြီး ကြည့်ရသည်မှာ လင်းနို့တစ်ကောင်၏ အရိုးစုနှင့်တူသည်။
ထိုအရာသည် အကောင်မကြီးသော်လည်း ပတ်ဝန်းကျင်ပေါ် သူ့ကြောင့် သက်ရောက်နေသော ဖိအားမှာ အခြားလင်းနို့ကြီးများထက် အဆရာပေါင်းများစွာသာသည်။
အမဲလိုက်အဖွဲ့မှ စစ်သည်တော်များသည် မြူတောထဲသို့ ဝင်သွားသောအခါ လင်းနို့ကြီးများ သားကောင်များကို သယ်ကာ အထဲသို့ ပျံဝင်သွားကာ သားကောင်များကိုပစ်ချ၍ အပြင်ပြန်ထွက်သွားသည်ကိုတွေ့ရသည်။ သို့သော် သူတို့ သတိမထားမိခင်အချိန် အတွင်းမှာပင် လင်းနို့များသည် အထဲသို့ဝင်မလာတော့ပေ။
အပေါ်ဘက်မှသတ္တဝါသည် အခွံ့ကိုခွဲထွက်လာပြီး အတောင်ပံကို တိတ်ဆိတ်စွာ ဖြန့်လိုက်သည်။ ပြီးနောက် အတောင်ပံ မခတ်ဘဲနှင့် လေထဲတွင်သာ မျောလွင့်နေတော့သည်။
ဥမှပေါက်လာသောအခါ ၄င်းသည် ရှောက်ရွှမ်ကို ငုံ့ကြည့်လိုက်သည်။
ရှောက်ရွှမ်သည် ကျောရိုးထဲစိမ့်သွားပြီး သူ့တကိုယ်လုံးရှိ အမွေးများထောင်ထလာသလို ခံစားလိုက်ရသည်။
ရှောက်ရွှမ်သည် ထိုသတ္တဝါ၏ အရိုးစုနှင့် ပါးစပ်ထဲမှ ချွန်ထက်သော သွားများကိုသာ မြင်နိုင်သည်။ မျက်လုံးအစစ်ကို မမြင်နိုင်သော်လည်း သွေးဆာနေသောမျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်ကိုခံစားလိုက်ရသည်။
ထိုမျက်လုံးများသည် သူ့ကို ခဏသာကြည့်လိုက်ပြီးနောက် မျက်နှာကျက်မှ တွဲလောင်းကျနေသော စိန်ပွင့်များဘက်သို့လှည့်သွားသည်။
သူတို့သည် မျိုးနွယ်တူများသာ ဖြစ်သည်။
ခဏအကြာတွင် ထိုအရာသည် သူ့ပါးစပ်ကိုဟလိုက်ပြီး သူ့နှာခေါင်းထဲနှင့် လည်ချောင်းထဲရှိ အရိုးအချို့သည် ထူးဆန်းစွာလှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ လှုပ်ရှားမှုမှာ ပုံမှန်သာ ဖြစ်သော်လည်း မြန်ဆန်သည်။
လင်းနို့အသေပုံကြီးပေါ်တွင် မတ်တပ်ရပ်နေသောသူများသည် သူတို့ခေါင်းများပေါက်ကွဲတော့မည်ကဲ့သို့ခံစားလိုက်ရသည်။ အမြင်အာရုံနှင့်အကြားအာရုံ အပါအဝင် အာရုံခြောက်ပါးစလုံးပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
လန်ကာ့နှင့် တခြားသူများသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ မြေပေါ်သို့လဲကျသွားသည်။
အလယ်တန်းစစ်သည်တော်များ၏ ပါးစပ်၊နှာခေါင်း၊ နှင့်နားများမှသွေးများယိုစီးထွက်လာသည်။
"အု..."
ပါးစပ်မှ သွေးများအန်ပြီးနောက်မိုင်နှင့် တခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့လဲကျသွားသည်။
မီးတုတ်များလည်း ငြိမ်းသွားပြီး ဂူထဲတွင် အလင်းရောင်မရှိတော့ပေ။ သူတို့ သတိမမေ့ခင် နောက်ဆုံးမြင်လိုက်ရသည်မှာ မီးတုတ်များငြိမ်းသွားခြင်းနှင့် အဆုံးမဲ့အမှောင်ထုကြီးသာ ဖြစ်သည်။ သူတို့အားလုံးတွေးလိုက်မိသည်
"မျိုးနွယ်စုဆီပြန်ပြီး အကူအညီတောင်းရရင် ကောင်းမှာပဲ" ။
သူတို့သည် မီးလျှံသလင်းကျောက်အတွက် အသက်စွန့်ကြမည်ဖြစ်သော်လည်း အဖွဲ့ငါးဖွဲ့စလုံးမှလူများ၏ အသက်ကို အဆုံးရှုံးခံမည့် သဘောတော့ မဟုတ်ပါ။
အားလုံးသေသွားလျှင် မီးလျှံသလင်းကျောက်များကို မျိုးနွယ်စုဆီသို့ ဘယ်သူက ပြန်ယူသွားမည်နည်း။
ထိုသို့ဖြစ်ခဲ့လျှင် သူတို့သည် မျိုးနွယ်စုအတွင်း တာဝန်မပြီးမြောက်သော အပြစ်သားများ ဖြစ်သွားကြပေလိမ့်မည်။
မေ့လဲမသွားသူမှာ ရှောက်ရွှမ်တစ်ယောက်သာရှိသည်။ အမှန်တော့ ရှောက်ရွှမ်လည်း ခေါင်းများမူးနောက်နေပြီဖြစ်သည်။ သူ၏အထူးအမြင်အာရုံကို အသုံးချတာတောင် မြင်ကွင်းက မပြတ်သားတော့ပေ။ သူသည် မီးလျှံသလင်းကျောက်ကြောင့်
သာ သတိမေ့မသွားခြင်းဖြစ်သည်။
အပေါ်မှ သတ္တဝါသည် ဥမှအကောင်ပေါက်လာပြီးသောအခါ မီးလျှံသလင်းကျောက်မှ စွမ်းအင်ကို စုပ်ယူခြင်းမပြုတော့ပေ။ ထို့ကြောင့် သလင်းကျောက်မှ စွမ်းအင်များသည် ရှောက်ရွှမ်ဆီသို့ ပြန်စီးဝင်လာပြီ ဖြစ်သည်။
ရှောက်ရွှမ်သည် နောင်တရမိသည်။ သူသာ မီးလျှံသလင်းကျောက်ကို မတူးမိပါက အခုလို အခြေအနေများနှင့် ကြုံရမည်မဟုတ်ပေ။ သူသည် ဒီခရီးစဥ်ကို လိုက်ပါမည့်သူများကို တားဆီးလိုက်သင့်သည်။ မျိုးနွယ်စုဆီ ပြန်၍ အကူအညီတောင်းလျှင် ကောင်းမလား။ သို့သော် မျိုးနွယ်စုတစ်ခုလုံး၏ အကူအညီရလျှင်တောင် သူတို့သည် ထိုအရာများကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
ထိုသတ္တဝါများသည် အကောင်ရေရာနှင့်ချီ ရှိသည်။
"အုန်း...အုန်း....အုန်း"
ပေါက်ကွဲသံကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ရှောက်ရွှမ်သည် စိတ်အာရုံတို့ကို စုစည်းလိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။
ဘာတွေ ဖြစ်ကုန်ပြီလဲ။
ဥမှပေါက်လာသော အကောင်သည် သူတို့မျိုးနွယ်တူအချင်းချင်း တိုက်ခိုက်နေပြီ ဖြစ်သည်။
မျက်နှာကျက်မှ တွဲလောင်းကျနေသော စိန်ပွင့်များသည် တစ်လုံးပြီး တစ်လုံးပေါက်ကွဲနေကြသည်။ အက်ကွဲခြင်းမဟုတ် ပေါက်ကွဲခြင်းဖြစ်သည်။
ထိုအဖြစ်မတိုင်ခင်တုန်းတော့ စိန်တုံးများမှာ အက်ကွဲရုံသာဖြစ်သည်။ သို့သော် အခုတော့ စိန်တုံးများမှာ အသံလှိုင်းကြောင့်တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်ကြသည်။ ထို့ကြောင့် ထိုစိန်တုံးများမှ ပေါက်လာမည့်အကောင်များသည် တခါတည်း တစစီဖြစ်ကုန်သည်။
ခေါင်းဆောင်ကို ခေါင်းဆောင်ဟု ခေါ်ရသည်မှာ သူသည် ခေါင်းဆောင်ပိုင်းနေရာတွင်ရှိသော ကြောင့်ဖြစ်သည်။
အဖွဲ့တစ်ဖွဲ့အတွက် ခေါင်းဆောင်တစ်ယောက်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။
ရှောက်ရွှမ်သည် ပြုတ်ကျလာသော အသေကောင်များကို လစ်လျူပြုရင်း မိုင်နှင့်ကျန်သူများဆီသို့ လျှောက်လာခဲ့သည်။ အသက်ရှုသံကို စမ်းသပ်ကြည့်ပြီး အသက်ရှူနေကြောင်း သိလိုက်ရမှ သူစိတ်သက်သာရာရသွားသည်။ အသက်ရှင်နေသေးသည်မှာ ကောင်းသည့်အချက်ပင်ဖြစ်သည်။
မတ်တပ်ရပ်ရန်မှာ ခက်ခဲသဖြင့် ရှောက်ရွှမ်သည် လင်းနို့ အသေပုံကြီးပေါ်တွင် ထိုင်ချလိုက်ရပြီး ပထမဆုံးအကောင်ပေါက်လာသူသည် သူနှင့်မျိုးနွယ်တူများကို အလွန်ရက်စက်စွာ သတ်ဖြတ်နေသည်ကို ထိုင်ကြည့်နေရသည်။ တစ်ကောင်သည် ခေါင်းဖြတ်ခံလိုက်ရပြီး ရှောက်ရွှမ်နား ပြုတ်ကျလာသည်။
မီးတုတ်မရှိသောကြောင့် ရှောက်ရွှမ်သည် သူ၏ သာမန်အမြင်အာရုံကို အသုံးမပြုနိုင်ပေ။ သူမြင်ရသည်မှာ အရိုးစုတစ်ခု သူ့ရှေ့သို့ ပြုတ်ကျလာခြင်း ဖြစ်သည်။
ကိုင်ကြည့်သောအခါ အမွှေးများကို စမ်းမိသည်။ ကြွက်သားများမှာ အလွန်တင်းမာနေပြီး သူ၏အတောင်ပံများမှာ ဒိုင်းတစ်ခုနှင့်တူသည်။ သူတို့သာ အသက်ရှင်နေသေးမည်ဆိုပါက သူတို့အုပ်စုသည် တော၏ အရှင်သခင်များ ဖြစ်လာနိုင်သည်။ သို့သော် ခေါင်းဆောင်က ကျန်သည့် မျိုးနွယ်တူများကို အစုအပြုံလိုက်သတ်ဖြတ်ပစ်နေပြီး သူတစ်ယောက်သာ နေမည့်ပုံပေါ်နေသည်။ ကျန်သည့် အကောင်များမှာ ခေါင်းဆောင်အတွက် လှေကားထစ်လေးများသာ။
လင်းနို့အသေပုံမှာ တဖြည်းဖြည်း မြင့်တက်လာသည်။ အကောင်တိုင်းသည် သူတို့အုပ်စုတွင်း အသန်မာဆုံးအကောင်များ ဖြစ်သည်။ သို့သော် ရက်စက်စွာတိုက်ခိုက်ကြပြီးနောက် အကောင်ရေ ရာဂဏန်းသာရှိတော့သည်။ ထို့နောက် ရှောက်ရွှမ် မမြင်ဖူးသောသော မျိုးဗီဇတစ်ခု ဖြစ်ပေါ်လာပြီးနောက် ခွန်အားကြီးသော တိရစ္ဆာန်များမှ ကြောက်မက်ဖွယ်သားရဲများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် နောက်ဆုံးကျန်မည့်သူကို ရက်စက်စွာတိုက်ခိုက်ပြီးရွေးချယ်ကြသည်။ အနိုင်ရသူသည် အသန်စွမ်းဆုံးသူဖြစ်လာမည်။ ဥပမာပြောရလျှင် သူ့မျိုးနွယ်တူများကို သတ်ဖြတ်နေသော အကောင်သည် အနိုင်ရသူဖြစ်လာမည်။
တချို့စိန်ပွင့်များသည် အက်ကွဲခြင်းမရှိသေးသော်လည်း လှုပ်ရှားနေကြသည်။ တစ်ကောင်ထဲနှင့် ကျန်သည့်အကောင်များအားလုံးကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပါ။
သတ်ဖြတ်ပွဲကြီးသည် နာရီဝက်လောက်ကြာသည်။ ရှောက်ရွှမ်လည်း နာရီဝက်ခန့်ကြာအောင် ထိုသတ်ဖြတ်ပွဲကြီးကို ထိုင်ကြည့်နေရသည်။ သူ၏လက်ရှိ အခြေအနေသည်လည်း မတ်တပ်ရပ်နိုင်ခြင်းမရှိ။ ထို့ကြောင့် မြေပြင်ပေါ်တွင်သာ ထိုင်နေရသည်။
သတ်ဖြတ်ပွဲကြီးပြီးသွားသောအခါ အသံလှိုင်းများရပ်တန့်သွားသည်။ ထိုအခါ ရှောက်ရွှမ်၏စိတ်များ ကြည်လင်သွားပြီး အမြင်အာရုံများလည်း မဝေဝါးတော့ပေ။
ပုံမှန်မဟုတ်သော တစ်စုံတရာကို ခံစားမိလိုက်ရသဖြင့် ရှောက်ရွှမ် အပေါ်ကို မော့ကြည့်လိုက်သည်။ သူနှင့်မီတာဝက်ခန့်အကွာတွင် အရိုးစုတစ်ခု မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ရှောက်ရွှမ်သည် ထိုအရာ၏ သွေးနံ့ကိုပင်ရနေပြီ ဖြစ်သည်။ ထိုအရာ၏ မျက်လုံးများကို ခဏကြည့်လိုက်သည်။ ထိုအရာသည် သူနှင့်မျိုးနွယ်တူများကို သတ်ဖြတ်ပြီးနောက် လူများကို သတ်ဖြတ်မည်လား တွေးနေစဥ်တွင် ခေါင်းဆောင်လင်းနို့ကြီးသည် သူ့နောက်ရှိ ခေါင်းမရှိသော အသေကောင်ကို ကိုက်လိုက်သည်ကို မြင်လိုက်ရသည်။
ထိုသို့ကိုက်လိုက်ပြီးနောက် ထိုအရာသည် အခြားဘက်သို့လျှောက်သွားသည်။
ထိုအရာသည် အခြားလင်းနို့များနှင့်တူသော ရှေ့လက်များရှိပြီး နောက်ခြေများမှာလည်း သန်မာသည်။ သို့သော် ထိုအရာသည် ကျန်သည့်အရာများထက် အလွန်ပေါ့ပါးသည်။
ရှောက်ရွှမ်အရှေ့က ဖြတ်လျှောက်သွားသည် ဖြစ်သော်လည်း သူ၏ခြေသံကို ရှောက်ရွှမ်မကြားရပေ။
ခေါင်းဆောင်လင်းနို့သည် တိုက်ပွဲဖြစ်ခဲ့ရာ နေရာတစ်ဝိုက်လျှောက်သွားနေပြီး သူသွားရာလမ်းတလျှောက်ရှိ အသေကောင်များကို ကိုက်ဖြတ်ပစ်သလို လင်းနို့များသယ်လာခဲ့သော သက်ရှိသတ္တဝါများကိုလည်း ကိုက်ဖြတ်ပစ်သည်။
သို့သော် ထူးဆန်းစွာဖြင့် အမဲလိုက်အဖွဲ့မှ လူများကိုတော့ရှောင်ကွင်းသွားသည်။
ခေါင်းဆောင်လင်းနို့ကြီးထွက်သွားသောအခါ ရှောက်ရွှမ်သည် ခေါင်းမပါသော သားကောင်ကို စမ်းကြည့်လိုက်သောအခါ သွေးများအကုန်စုပ်ယူခံလိုက်ရသည်ကို တွေ့ရသည်။
အရွယ်အစား မကြီးမားသော်လည်း ထိုအရာ၏ စားသောက်မှုနှုန်းမှာ အံ့သြစရာကောင်းလွန်းလှသည်။ ထိုအရာ၏ စားသောက်မှုနှုန်းမှာလည်း မြန်ဆန်လှသည်။ တခြားလင်းနို့များမှာ သွေးကိုယက်ရုံသာယက်သော်လည်း ခေါင်းဆောင်လင်းနို့ကြီးမှာ တစ်ကိုက်ထဲနှင့် သွေးများကို အကုန်စုပ်ယူလိုက်သည်။ သနားစရာ သားကောင်မှာ သတိမေ့နေရာမှ သေဆုံးသည့် အဖြစ်သို့ မျက်စိတမှိတ်အတွင်းရောက်ရှိသွားသည်။
ခေါင်းဆောင်လင်းနို့ကြီးသည် အမဲလိုက်အဖွဲ့မှ လူများမှလွဲ၍ လင်းနို့များသယ်လာသောသားကောင်များကိုကိုက်ဖြတ်ပစ်သည်။
သူ၏စားသောက်ပုံကိုကြည့်ပြီး လင်းနို့အသေပုံကြီးပေါ်မှ ချန်ပီယံသည် စစ်သည်တော်များကို အစာအဖြစ်မသတ်မှတ်ဟု ရှောက်ရွှမ်ခံစားမိလိုက်သည်။