သိမ်းငှက်တောင်
Vol. 10 Ch. 137
ရှောက်ရွှမ်သည် အသားခြောက်များကို ယူဆောင်လာသော်လည်း ချာချာက အသားစိမ်းကို ပိုကြိုက်သည်။
သားကောင်များဖမ်းယူပြီး ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ချာချာသည် ရှောက်ရွှမ်ကို ချီ၍နောက်တစ်ခေါက် ပျံသန်းပြန်သည်။
တစ်ခါတရံ လေထဲတွင်တွေ့သော ငှက်များနှင့် ချာချာ တိုက်ခိုက်ကြသဖြင့်
ရှောက်ရွှမ်မှာ အောက်သို့ပြုတ်ကျလုနီးပါးဖြစ်ရသေးသည်။
ချာချာသာ အခုထက် အကောင်ပိုကြီးမည်ဆိုပါက ရှောက်ရွှမ်သည် သူ့ကျောကုန်းပေါ်မှလိုက်ပါ
နိုင်မည်ဖြစ်သည်။ သို့သော် ချာချာသည် ထိုမျှအကောင် မကြီးသေးပါ။
ဇီးကွက်နှင့်တူသော ငှက်ကို ရှောင်ရှားရန် ရှောက်ရွှမ်သည် ချာချာ့ကို လမ်းကြောင်း ပြောင်းခိုင်းရသည်။ ချာ့ချာ့ ခြေသည်းများကို လက်၁ဖက်နှင့်ကိုင်ရင်း နောက်လက်တစ်ဖက်က ခါးတွင်ချိတ်ထားသော သားရေအိတ်ထဲမှ ကျောက်လက်နက်ပုန်းလေးများကို ထုတ်ယူ၍ သူ့ဆီပျံလာသော ငှက်များကို ပစ်ပေါက်လိုက်သည်။
မြက်ပင်တစ်မျိုးမှရသော အဆိပ်ရည်သုတ်လိမ်းထားသော ကျောက်လက်နက်ပုန်းများမှာ ထုံကျင်စေသော သတ္တိရှိသည်။ ရှောက်ရွှမ်သည် ငှက်များကိုယ်ပေါ်မှ အမွှေးမရှိသော နေရာကို ချိန်၍ပစ်သည်။ ကျောက်လက်နက်ပုန်းသည် ငှက်၏ အရေပြားကို စိုက်သွားမည်ဆိုပါက အဆိပ်ကအစွမ်းပြလာမည်ဖြစ်သည်။
ရှောက်ရွှမ်ကို တိုက်ခိုက်သောငှက်များသည်
ကျောက်လက်နက်ပုန်းထိမှန်ခံရပြီးနောက် မူးဝေကုန်ကြသည်။ ငှက်များသည် အရှိန်နှေးသွားပြီး ဦီးတည်ရာမဲ့ပျံသန်းကုန်ကြသည်။ အခုတစ်ခေါက် သူ့ကို တိုက်ခိုက်သောငှက်မှာ ခွန်အားသိပ်မကြီးသဖြင့် လည်ပင်းတွင် ကျောက်လက်နက်ပုန်း ထိခိုက်သောအခါ အောက်သို့ပြုတ်ကျသွားသည်။ အတောင်ပံမခတ်နိုင်တော့ဘဲ ဆူးပင်များပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
“ဖုန်း…”
ပြင်းထန်စွာ ပြုတ်ကျသွားသော ကြောင့် မူးဝေနေသော ငှက်မှာ ပိုပင်မူးဝေသွားသည်။ ထို့ပြင်ဆူးပင်များကြောင့် အမွှေးများလည်း ကျွတ်ထွက်ကုန်သည်။ ထိုငှက်၏ဒဏ်ရာမှ သွေးများစီးထွက်လာသည်။
ဆူးပင်များကြားတွင်ရှိသော သတ္တဝါများသည် သွေးနံ့ကို ရသောကြောင့် အနံ့ရရာနေရာသို့ လျင်မြန်စွာ တိုးသွားကြသည်။
လေထဲမှ ရှောက်ရွှမ်က ဆူးပင်များထဲတွင် ငြိနေသော ငှက်ဆီသို့ လျင်မြန်စွာ တိုးသွားနေသော အရိပ်များကို မြင်တွေ့လိုက်ရသည်။
သတ္တဝါများသည် ထိုငှက်ကို လျင်မြန်စွာ ဝိုင်းလိုက်ကြသည်။
ထိုသတ္တဝါများသည် မျောက်နှင့်တူပြီး သူတို့အမွှေးအရောင်မှာ ဆူးများ၏အရောင်နှင့်တူလေသည်။ အများစုမှာ အရွယ်ရောက်ပြီး စစ်သည်တော်တစ်ယောက်၏ လက်သီးဆုပ်အရွယ်အစားခန့်ရှိပြီး လှုပ်ရှားမှုမှာ မြန်ဆန်သွက်လက်သည်။ ဆူးတောများကြားတွင် လျင်မြန်စွာ သွားလာနိုင်စွမ်းရှိလေသည်။
ဆူးတောထဲတွင်နေသော မျောက်များသည် ပြုတ်ကျလာသောငှက်ကို စားရန် ဝိုင်းလာကြသည်။
ဘေးပတ်ပတ်လည်ရှိဆူးပင်များတွင် သွေးများပေကျံနေသည်။ သွေးများခြောက်သွားသောအခါ
ဆူးပင်များနှင့် အရောင်တူတူပြန်ဖြစ်သွားမည် ဖြစ်သည်။
သွေးအိုင်ထဲတွင် အမွှေးများလည်း ပြန့်ကျဲနေပြီး တဖြည်းဖြည်းချင်းလဲကျသွားသည်။
တချို့မျောက်များမှာ နောက်ကျသွားသဖြင့် ထိုငှက်သားကို မစားလိုက်ရပါ။ သူတို့သည် မပြန်ချင်ကြသေးသဖြင့် ထိုနားတွင် လျှောက်သွားနေကြသည်။ လေထဲတွင် ပျံနေသော ချာချာ့ကို တွေ့သောအခါ လက်သည်းများကို ဝှေ့ယမ်းရင်း အော်ဟစ်နေကြသည်။ ကောင်းကင်ပေါ်မှ ငှက်ကို ဖမ်းချင်နေကြသည်ထင်သည်။
ရှောက်ရွှမ်နှင့်ချာချာသည် အောက်သို့ငုံ့ကြည့်လိုက်ပြီး ကြက်သီးမွေးညှင်းထသွားကြသည်။ သူတို့သာပြုတ်ကျသွားပါက ထိုငှက်ကဲ့သို့အဖြစ်မျိုး ကြုံရမည်ဆိုတာကို သိသွားကြသည်။ ချာချာလည်း ထိုနေရာမှ အမြန်ဆုံးထွက်ခွာသွားရန် အတောင်ပံများကို ကြိုးစားခတ်လိုက်သည်။
“ငါ့ကို မင်းလည်သည်းတွေနဲ့ သေချာချီထားနော်…မဟုတ်ရင် ငါမျောက်စာဖြစ်သွားလိမ့်မယ် သားကြီးရေ…” ရှောက်ရွှမ်က ချာချာ့လည်သည်းများကို ဖြည်းဖြည်းလေးပုတ်လိုက်သည်။
အော်သံတစ်ချက်ထွက်ပေါ်လာသည်။
ချာချာလည်း ရှောက်ရွှမ်စကားအတိုင်း ရှောက်ရွှမ်ကို သေချာချီ၍ အဝေးမှတောင်တန်းများဆီသို့ ပျံသန်းသွားလေသည်။
လမ်းတွင် ငှက်သုံးလေးကောင်နှင့် ကြုံရသေးသည်။ သို့သော် ကံကောင်းစွာဖြင့် ဘာဘေးရန်မှ မကြုံတွေ့ရတော့ဘဲ ဆူးတောကြီးကို ဖြတ်ကျော်ပျံသန်းနိုင်ခဲ့လေသည်။
မှောင်ရီပျိုးသောအခါ သစ်ပင်တစ်ပင်ပေါ်တွင် ဆင်းသက်လိုက်ကြပြီး ထိုအခါမှ နှစ်ကောင်သား သက်ပြင်းချနိုင်လိုက်ကာ စိတ်သက်သာရာရသွားသည်။
ဖုန်းဆိုးမြေကို ဘိုးဘေးတို့မသွားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ချွန်ထက်နေသော ဆူးပင်တုတ်တုတ်ခိုင်ခိုင်ကြီးများ အပြင် လူတစ်ကိုယ်လုံးကို စားပစ်နိုင်သည့် မျောက်များ၏ရန်လည်း ရှိနေသေးသည် မဟုတ်ပါလား။ အကြီးတန်းစစ်သည်တော် တစ်ယောက်ပင် ထိုမျှများပြားသော သတ္တဝါများကို တိုက်ခိုက်နိုင်မည် မဟုတ်ပါ။ နောက်ပြီးတော့ ရှောက်ရွှမ်မမြင်လိုက်သေးသော အခြားသတ္တဝါများလည်းရှိနေနိုင်သေးသည်။
“မင်းအရင်နားလိုက်ဦး…ငါကင်းစောင့်ထားလိုက်မယ်” ရှောက်ရွှမ်က ချာချာ့ကို တိုးတိုးပြောလိုက်သည်။
ဆူးတောကြီးကို ကျော်ြဖတ်ပြီးသောအခါ သူတို့အမဲလိုက်ထွက်နေကျနေရာနှင့် ဆင်တူသော တောင်တစ်လုံးသို့ရောက်လာသည်။ သို့သော် ရှောက်ရွှမ်ကတော့ သတိဝီရိယအပြည့်နှင့် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
မကြာမီ ညကာလသို့ရောက်ရှိလာသည်။
ထိုနားတဝိုက်တွင် ကျောက်ဂူမရှိသဖြင့် သစ်ပင်ပေါ်တွင်သာ စခန်းချရသည်။ ပုန်းအောင်း၍ကောင်းစေရန် ထိုနားတဝိုက်ကို သစ်ပင်များဖြင့် ဖုံးထားလိုက်သည်။ ထောင်ခြောက်လေးများ ထောင်လိုက်သလို သူယူလာသော ပေါင်ဒါမှုန့်များကိုလည်း ဖြူးထားလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် ထိုည ထိုနေရာတွင်စခန်းချရန် ဆုံးဖြတ်လိုက်သည်။
တောအုပ်ထဲမှ အသံများကို နားထောင်ပြီးနောက် သူတို့ရောက်နေသော နေရာသည် ယခင် အမဲလိုက်နေကျနေရာနှင့်ဆင်တူကြောင်း ရှောက်ရွှမ်သိလိုက်သည်။
သတ္တဝါပေါင်းစုံမှ ထွက်လာသော အသံများရောထွေးသွားပြီးနောက် မည်သည့်အသံနှင့်မျှမတူသော အသံတစ်မျိုးထွက်ပေါ်နေသည်။ ထို့ကြောင့် အသံကို နားထောင်ပြီးနောက် မည်သည့်သားကောင်ဖြစ်သည်ကိုအတိအကျမပြော
နိုင်ဘဲ အကြိုမှန်းဆချက်မျိုးလောက်သာ ရှောက်ရွှမ်ပေးနိုင်သေးသည်။
ရှောက်ရွှမ်သည် အသံများကို သေချာခွဲခြားနားထောင်ကြည့်နေသည်။
ထိုအခါ သူတို့အမဲလိုက်နေကျနေရာမှ အသံများနှင့် မတူကြောင်းသိလာသည်။ ထိုနေရာရှိ ညဘက်ထွက်သောသတ္တဝါများမှာ သူတို့အမဲလိုက်ထွက်နေကျနေရာမှ သတ္တဝါများနှင့် မတူပါ။
ထို့ကြောင့်ရှောက်ရွှမ်သည် သတိပိုထားလိုက်ရသည်။ သူသိပြီးသော ဗဟုသုတကို အခြေခံ၍ ဘာကောင်လဲဆုံးဖြတ်၍မရဖြစ်သွားသည်။
ညသန်းခေါင်ချိန်ရောက်သောအခါ သစ်ရွက်များလှုပ်ရှားသံကြောင့် ရှောက်ရွှမ် နိုးလာသည်။ သတိဝီရိယနှင့် နေနေရသောကြောင့် ကောင်းမွန်စွာ မအိပ်ရပါ။ အိပ်ငိုက်ရင်းဖြင့် အနားယူနေတတ်သော ရှောက်ရွှမ်သည် အသံတိုးတိုးလေးကြားရုံမျှဖြင့် နိုးလာနိုင်စွမ်းရှိသည်။
သေချာနားထောင်လိုက်သောအခါ သစ်ကိုင်းများကို လေတိုးဝှေ့သံမျိုးကို ကြားလိုက်ရသည်။ သစ်ရွက်များလည်း လှုပ်ရှားနေပုံရသည်။
တကယ်တော့ ထိုအချိန်တွင် ဘာလေမှ မတိုက်ပါ။ သူ့အနားမှ သစ်ရွက်များလည်း မလှုပ်ရှားပါ။ သူထိုင်နေသော သစ်ကိုင်းကြီးသည် လှုပ်ရှားနေသော်လည်း ဘာကြောင့်လှုပ်ရှားနေသလဲ သူလည်း မသိပါ။ သစ်ပင်ကြီးတုန်ခါနေသောကြောင့် တစ်စံတရာသည် ရှောက်ရွှမ်နားရှိသစ်ကိုင်းပေါ်သို့ တက်လာနေကြောင်း သိလိုက်ရသည်။ သူမတ်တပ်ရပ်နေသော သစ်ကိုင်းပေါ် တက်လာြခင်းတော့ မဟုတ်ပါ။
အသံက တဖြည်းဖြည်းနီးလာသည်။ ရှောက်ရွှမ်က ချာချာ့ကို စိတ်မလောရန် ပြောရသေးသည်။ ညာဘက်လက်ဖြင့် ဓါးကိုကိုင်လိုက်ပြီး အသက်ကိုအောင့်ထားလိုက်သည်။ ထို့နောက် အထူးအမြင်အာရုံဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူ့မြင်ကွင်းကို သစ်ကိုင်းများက ပိတ်နေသော်လည်း သစ်ရွက်များကိုတော့ ဖောက်ထွင်းမြင်နိုင်သဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှု့နိုင်လေသည်။
အသံလာရာဘက်သို့ကြည့်လိုက်သည်။ မြွေတစ်ကောင်များလား။ အရိုးများကို ကြည့်လိုက်သောအခါ မြွေတစ်ကောင်နှင့်တူသော်လည်း အနားသတ်မျဉ်းများမှာ မှုန်ဝါးနေသည်။ သူ့ခန္ဓာကိုယ်ကိုတော့ အရိုးနှင့်တူသော ရှည်လျားသေးသွယ်သော အရာများနှင့် ဖုံးလွှမ်းထားသည်။ အကြမ်းဖျဉ်းမြင်ရသော ပုံရိပ်ပေါ်အခြေခံ၍ ထိုသတ္တဝါဘာကောင်လဲ သိနိုင်ရန် ကြိုးစားလိုက်သည်။
ထိုမြွေသည် ရှောက်ရွှမ်ထက် အဆများစွာ ကြီးသော ကြောင့် သူ့ကိုအလွယ်တကူ မျိုပစ်နိုင်လေသည်။ ရှောက်ရွှမ် တုန်လှုပ်သွားမိသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ရှောက်ရွှမ်ရှိသော သစ်ကိုင်းပေါ်သို့ တက်မလာဘဲ တခြား
သစ်ပင်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။
ထူးဆန်းသော မြွေကြီးထွက်ခွာသွားသောအခါ သူကြားနေရသော အသံများလည်း ပျောက်ကွယ်သွားသည်။ ချာချာသည်လည်း စိတ်လှုပ်ရှားမနေတော့ပါ။
ရှောက်ရွှမ်သည် ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း သက်ပြင်းချလိုက်မိသည်။ ယခုခရီးထွက်လာခြင်းသည် အကျိုးရှိမရှိ သူမသိပါ။ အရင်ဘဝမှပါလာသော သူ၏စွန့်စားလိုစိတ်၊ ချာချာ၏ဆန္ဒတို့ကြောင့် ထိုခရီးကို ထွက်လာကြခြင်းဖြစ်သည်။
ရှေ့လျောက်လည်း အန္တရာယ်များနှင့် ကြုံတွေ့ရမည် ဖြစ်သော်လည်း နောက်ပြန်လှည့်၍မရတော့ပါ။ ရှောက်ရွှမ်ကတော့ ရှေ့ဆက်သွားမည်သာဖြစ်သည်။ ထိုခရီးတွင် သေဆုံးပြီး မျိုးနွယ်စုဆီသို့ ပြန်ချင်မှလည်း ပြန်နိုင်တော့မည်။ မျိုးနွယ်စုထဲတွင် အစာလုံလောက်စွာရှိသေးသလို ဆီဇာလည်း ရှိသဖြင့် လောင်ခဲ့၏ ဘဝသည် ကျောက်
လက်နက်ပြုလုပ်သူတစ်ယောက်၏ဘဝထက် ပိုကြမ်းတမ်းရန် အကြောင်းမရှိတော့ပေ။
ထိုအကြောင်းများကို ရှောက်ရွှမ်တွေးမိသောအခါ သူ့စိတ်ထဲတွင် အော်လိုက်မိသည်။ သူသေတော့မည်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ဓားကိုကိုင်ရင်း ရှောက်ရွှမ်အနားယူလိုက်သည်။ မနက်ဖြန်ခရီးဆက်ရဦးမည် မဟုတ်ပါလား။ ညဘက်တွင် ရှောက်ရွှမ်သည် မကြာခဏ အိပ်ရာမှ နိုးနိုးလာသည်။ ဆူးတောကြီးရှိရာ သစ်တောထဲမှ သားကောင်များနှင့် မတူညီသော ညသတ္တဝါမျိုးစုံကိုလည်း သူတွေ့လိုက်ရသည်။
နောက်ရက်များတွင် ချာချာက ကောင်းပင်ပေါ်မှ ပျံသန်းသွားပြီး ရှောက်ရွှမ်က မြေပြင်မှသွားသည်။ သူတို့ခရီးထွက်လာြခင်းမှာ အမဲလိုက်ရန်ထက် ချာချာသွားချင်သော နေရာကို ရှာဖွေရန်အတွက် ဖြစ်သည်။ သူတို့အတွက် လိုအပ်သောအစာရရှိရန်လောက်သာ အမဲလိုက်ကြပြီး ရှောက်
ရွှမ်ရော ချာချာပါ သူတို့စွမ်းအင်များကို ချွေတာ သုံးစွဲကြသည်။ ထို့ပြင် အချိန်မရွေးကျရောက်လာနိုင်သော အန္တရာယ်အတွက်လည်း သတိဝီရိယနှင့်နေရသည်။ ထို့ကြောင့် သူတို့သည် အခြားကိစ္စများအတွက် အချိန်ကုန်လည်းမခံနိုင်သလို စွမ်းအင်လည်း အကုန်မခံနိုင်ပါ။
ထိုခရီးသို့ ချာချာ့ကိုခေါ်လာပြီးနောက် သူသည် စိတ်ဓာတ်များပြန်လည်တက်ကြွ လာသကဲ့သို့ နေ့တိုင်းလို အမဲလိုက်ထွက်လေသည်။ ဗိုက်ကားအောင် စားသောက်ပြီးနောက် ရှေ့သို့ဆက်လက်သွားကြသည်။ ရှောက်ရွှမ်ကို ချီသွားသည့်အခါလည်း ချီသွားသည်။ မြေပြင်ပေါ်မှ ခြေလျင်သွားခြင်းသည် ကောင်းကင်ပေါ်မှ ပျံသန်းသွားခြင်းထက် နှေးကွေးသည် မဟုတ်ပါလား။
တစ်ခါတရံ အခြားငှက်များနှင့် တွေ့ရသည့်အခါ ချာချာသည် ရှောင်ကွင်းသွားရန် ကြိုးစားသည်။ရှောင်ကွင်းသွား၍ မရပါက ထိုငှက်များနှင့် တိုက်ခိုက်ရသည်။ ရှုံးနိမ့်သွားပါက
ထွက်ပြေးသည်။ ထိုငှက်များကို မနိုင်ပါက ရှောက်ရွှမ်ဆီသို့ ပြန်လာသည်။
အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ရင်း ၆ရက်တိုင်တိုင် ရှေ့သို့ဆက်ချီတက်သွား ကြသည်။
ထိုအချိန်တွင် တတိယမြောက်နေရာမှ စောင့်ဆိုင်းနေသော စစ်သည်တော်များသည် ရှောက်ရွှမ် ပြန်မလာသောကြောင့် ပြန်သွားကြလေသည်။
ချာချာသည် ထိုမျှဝေးလံသည်အထိ သွားမည်ဟု ရှောက်ရွှမ်မမျှော်လင့်ထားပါ။
သူတို့ခရီးထွက်လာသည်မှာ ဆယ်ရက်ရှိနေပြီ ဖြစ်သော်လည်း ခရီးအဆုံးကို မမြင်ကြရသေးပါ။ ထိုရက်များအတွင်း သူတို့သည် ထူးဆန်းသော သားရဲများ၏ အစားခံလုနီးနီး အခြေအနေများကိုလည်း ကြုံခဲ့ရသည်။
ဒဏ်ရာများစွာလည်း ရခဲ့ကြသည်။ ပြင်းထန်
သောဒဏ်ရာများရခဲ့ပါက ဂူတစ်ဂူဂူကိုရှာကာ ၂ရက်ခန့်အနားယူကြသည်။ သို့သော် သူတို့သည် ထိုထက် ပိုစောင့်ဆိုင်းရန် စိတ်မရှည်သဖြင့် ဒဏ်ရာကျက်သည်ဆိုသည်နှင့် ရှေ့ဆက်ချီတက်ကြသည်။
အန္တရာယ်များသော တောနက်ထဲသို့ရောက်လာသောအခါ ရှောက်ရွှမ်စိတ်ထဲတွင် အန္တရာယ်နှင့် ကြုံရတော့မည်ဟုခံစားလိုက်ရသည်။ ထိုသို့ အခက်အခဲ များကို ဖြတ်ကျော်လာရသဖြင့် ပုန်းအောင်းကိုယ်ယောင်ဖျောက်နိုင်စွမ်းများ ပိုတိုးတက်လာခဲ့သည်။
အစွယ်ဓားကို ဆုပ်ကိုင်ရင်း ရှောက်ရွှမ်သည် လက်ကို မြှောက်လိုက်သည်။ ဓားသွားသားရဲနှင့်တိုက်ခိုက်စဉ်က သူလက်ကျိုးသွားသည်။ သို့သော် ဒဏ်ရာမှာ မကြီးမားသဖြင့် ၁ညလောက်နားလိုက်လျှင် ကောင်းသွားမည်ဖြစ်သည်။
ကျောက်သားဓားမြောင်အားလုံးမှာ ကျိုးကုန်ပြီဖြစ်သည်။ လမ်းတွင် ကျောက်သားဓားအသစ်
များပြုလုပ်ခဲ့သော်လည်း ကြောက်မက်ဖွယ်သားရဲများနှင့် တိုက်ခိုက်ရသောကြောင့် အကုန်ကျိုးကုန်ပြီဖြစ်သည်။ လောင်ခဲ့ပြုလုပ်ပေးလိုက်သော အစွယ်ဓားတစ်ချောင်းသာကျန်တော့သည်။ ထိုဓားသည်လည်း အခြေအနေမကောင်းတော့သဖြင့် နောက်ထပ်သိပ်သုံး၍ ရတော့မည် မဟုတ်ပါ။
ရှေ့ဆက်သွားရင် ကျောက်စွန်းတစ်ခုကို မြင်လိုက်ရသည်။ ရှောက်ရွှမ်ပင် အချက်မပေးရသေးခင် ချာချာက ပျံထွက်သွားသည်။
ရှောက်ရွှမ်သည် ဓားကို ခါးတွင် ပတ်ထားသော သားရေအိတ်ထဲထည့်ပြီး ဒဏ်ရာမရသေးသောလက်ဖြင့် ချာချာ့ခြေသည်းများကို ဖမ်းဆုပ်ထားလိုက်သည်။
ချာချာသည် ရှောက်ရွှမ်ကို ချီမ၍ ထိုကျောက်စွန်းအောက်ဘက်သို့ ဆင်းသွားသည်။
ရှေ့တွင်တော့ အဆုံးအစမရှိသော တောနက်ကြီး
တစ်ခုက ဆီးကြိုနေသည်။
ယခုတောမှ သစ်ပင်များသည် သူတို့ဖြတ်သန်းခဲ့သော တောမှ သစ်ပင်များနှင့် မတူကြပါ။
အနည်းငယ်လောက်ပျံသန်းသွားပြီးကြသောအခါ ရှောက်ရွှမ်က ချာချာ့ကို သူ့အား အောက်သို့ ချပေးရန်ပြောသည်။ ချာချာကတော့ သူ့ကို အရေးမလုပ်ပေ။ ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်ပေးနိုင်သော ငှက်များမရှိသဖြင့် ဆက်လက်ပျံသန်းသွားသည်။ ချာချာ့စိတ်ထဲတွင် မြန်မြန်ပျံလေ မြန်မြန် ရောက်လေဟု ထင်နေသလား မသိပါ။
“ဒီထက် နည်းနည်း မြင့်မြင့်ပျံကွာ…ငါ့စိတ်ထဲမှာ ဒီနေရာက…”
ရှောက်ရွှမ်စကားမဆုံးမီ သစ်ပင်ကြီးတစ်ပင်၏ထိပ်ဖျားရှိ သစ်ကိုင်းတစ်ခုမှာ ကွေးညွတ်သွားပြီး ရှောက်ရွှမ်ဆီသို့ စပရင်တစ်ခုပမာ ကန်ထွက်လာသည်။
ထိုသစ်ကိုင်းကြီး ပျံထွက်လာသည့်အချိန်တွင် သစ်ကိုင်းပေါ်ရှိ သစ်ရွက်များ နောက်ပြန် ကန်ထွက်ကုန်ကြသည်။ သစ်ကိုင်းကြီးပေါ်တွင် ကပ်နေသော သစ်ရွက်များသည် တစ်စုတစည်းတည်းဖြစ်သွားသလို သစ်ကိုင်းကြီးလည်း အောက်သို့ပြုတ်ကျသွားသည်။ သစ်ရွက်များမှာ အကြေးခွံများနှင့်တူနေသည်။
သစ်ကိုင်းမဟုတ်ပါ။ မြွေကြီးတစ်ကောင်သာဖြစ်သည်။
ထိုထူးဆန်းသော မြွေကြီးကို မြင်သောအခါ ရှောက်ရွှမ်သည် သူတို့တောင်ပေါ်တက်တက်ချင်းညက ကြုံတွေ့ခဲ့ရသော သတ္တဝါကြီးကို ပြန်အမှတ်ရသွားသည်။