ထူးဆန်းသော မြွေကြီးများ
Vol. 10 Ch. 138
“သတိထား”
ရှောက်ရွှမ်က ကျယ်လောင်စွာ အော်လိုက်သည်။
စပရိန်တစ်ခုလိုပင် မြွေကြီးသည် သူ၏ကိုယ်ကို ဆန့်လိုက်သဖြင့် တစ်ကိုယ်လုံးလှုပ်ရှားသွားကာ လေပြင်းတိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
အကွာအဝေးမှာ မီတာ၂၀ခန့်အလှမ်းကွာသော်လည်း မြွေကြီးမှာ မျက်စိတမှိတ်အတွင်း ရောက်ရှိလာသည်။ ရှောက်ရွှမ်သည် ချာချာ့ကို ကူညီချင်သော်လည်း လေထဲရောက်နေသည်ဖြစ်၍ ဘာမှ မတတ်နိုင်ပေ။ ချာချာ့ကို သတိထားရန်သာ လှမ်းအော်ပြောလိုက်နိုင်သည်။ သို့သော် သူသတိပေးသည်မှာ နောက်ကျသွားပြီဖြစ်သည်။
ချာချာသည် ရှောက်ရွှမ်၏ သတိပေးသံကို ကြားသည့်အချိန်တွင် အမြင့်သို့ပျံတက်ရန်သာ စိတ်စောနေသဖြင့် မြွေကြီး၏လှုပ်ရှားမှုကို သတိမထားမိပါ။ သတိထားမိလိုက်ချိန်တွင် အတတ်နိုင်ဆုံးကြိုးစား၍ မြွေကြီး၏တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးစားလိုက်သည်။ သို့သော် သူမအောင်မြင်ပါ။
မြွေကြီးသည် ချာချာထံပြေးဝင်သွားပြီး ချာချာ့အတောင်ပံတစ်ဖက်ကို သွားဖြင့်ကိုက်လိုက်သည်။ ရှောက်ရွှမ်ကလည်း ချာချာ့ကျောပေါ်တွင် ရှိနေသဖြင့် ချာချာသည် ဆက်လက်ပျံသန်းရန် မစွမ်းနိုင်တော့ပဲ မြွေကြီးနှင့်အတူ အောက်သို့ ပြုတ်ကျသွားသည်။
“ဂီး…”
ချာချာသည် တစ်ချက်အော်လိုက်ပြီး မြေပေါ်သို့ ကူကယ်ရာမဲ့စွာ ပြုတ်ကျသွားသည်။
မြွေကြီးနှင့်ချာချာတို့သည် သစ်ပင်တစ်ပင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။ ထို့နောက် သစ်ကိုင်းများပေါ် အဆင့်ဆင့်ပြုတ်ကျပြီး နောက်ဆုံးတွင် မြေပေါ်သို့ ပြုတ်ကျသွားသည်။
ထိုကဲ့သို့ မြင်ကွင်းမျိုးမှာ မထူးဆန်းတော့ပါ။ မြွေကြီးသည် ပြုတ်ကျသည့်အချိန်အတွင်း ဒဏ်ရာရမှာ သို့မဟုတ် သေဆုံးမှာကို စိတ်မပူပေ။သစ်ကိုင်းများက သူတို့ပြုတ်ကျလာသောအရှိန်ကို ထိန်းပေးသည်။ မြွေအရေခွံက ထူထပ်လွန်းသဖြင့် မြွေကြီးမှာ ဘာမှမဖြစ်ပါ။
ချာချာ၏ အတောင်ပံတစ်ဖက်ကို ကိုက်ထားပြီး မြွေကြီးသည် ချာချာ့ကို သူ၏ရှည်လျားသော ကိုယ်ကြီးဖြင့် တင်းကျပ်စွာရစ်ပတ်လိုက်သည်။ မြွေကြီးအတွက်တော့ ချာချာသည်သားကောင်ဖြစ်သည်။ ထို့ကြောင့် ချာချာ့ကို အရင်ညှစ်သတ်ပြီး စားပစ်မည်ဖြစ်သည်။
“ဂီး…”
ချာချာသည် လွတ်မြောက်အောင် ရုန်းကန်သော်လည်း မအောင်မြင်ပါ။ မြွေကြီးလက်မှ သူလွတ်အောင် မရုန်းနိုင်တော့ကြောင်း သူသိလိုက်သည်။ မြွေကြီးလက်မှ လွတ်မြောက်အောင် ကြိုးစားတိုင်း မြွေကြီးကသူ့ကို ပိုတင်းကျပ်စွာ ညှစ်ထားလိုက်သည်။ ချာချာသည် အကူအညီပင်အော်မတောင်းနိုင်တော့။ ဒီအတိုင်းဆို နောက်ခဏကြာလျှင် သူအသက်ပျောက်သွားတော့မည် ဖြစ်သည်။
မြွေကြီး သူတို့ဆီ တရှိန်ထိုးပြေးဝင်လာချိန်တွင် ရှောက်ရွှမ်သည် ချာချာ့လက်သည်းများကို ဆက်မခိုထားတော့ဘဲ အစွယ်ဓားကို ဆွဲထုတ်လိုက်ကာ မြွေကြီး၏ခန္ဓာကိုယ်ကို အားကုန်ထိုးခွဲချလိုက်သည်။
“ဒုတ်” ဓားက မြွေကြီး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမိသွားသည်။
“ရွှီး..ရွှီး” ကျယ်လောင်ပြင်းထန်သောအသံကြီးတစ်သံထွက်ပေါ်လာသည်။ ထိုအသံကြီးကြောင့်
သစ်ပင်များပင် ကျိုးသွားမတတ်ဖြစ်သွားသည်။
မြွေကြီး၏ ထူထဲကြံ့ခိုင်သော အရေပြားကို ရှောက်ရွှမ်၏ဓားမြောင်ဖြင့်ထိုးစိုက်မိ သွားကာ အရေခွံအပိုင်းအစတချို့လွင့်ပျံထွက်လာသည်။
သူအရင်အမဲလိုက်ထွက်တုန်းကဆိုလျှင် ရှောက်ရွှမ်သည် ထိုဓားကို တောကောင်အရိုင်းများအား သတ်ရန်အသုံးပြုခဲ့သည်။ သားကောင်၏ အရေပြားသည် ထူထဲနေမည်ဆိုပါက သူသည် အစွယ်ဓားဖြင့် နောက်တကြိမ်ထပ်ထိုးလေ့ရှိသည်။
ရှောက်ရွှမ်သည် မြွေကြီး၏ ခန္ဓာကိုယ်ကို သူ့ဓားဖြင့်ထိုးစိုက်လိုက်သည်။ နောက်အချက်များတွင်လည်း ပထမထိုးမိထားသောနေရာကိုသာ ထပ်မံထိုးစိုက်သည်။ မြွေကြီး၏ အရေပြားသည် ထူထဲကြံ့ခိုင်သည်ဆိုသော်လည်း ဓားဖြင့် အကြိမ်ပေါင်းများစွာ ထိုးစိုက်မည်ဆိုပါက ပေါက်သွားမည်ပင်ဖြစ်သည်။
သို့သော် မြွေကြီး၏အကြေးခွံများက သူ့ကိုကောင်းစွာကာကွယ်ပေးထားသည်။ အကြေးခွံများသည် သစ်ကိုင်းများ၏အရောင်နှင့်တူပြီး မြွေကြီးကို တော်ရုံနှင့် မမြင်နိုင်အောင် ကာကွယ်ပေးထားသည်။ သို့သော် အကြေးခွံများသည် သစ်ကိုင်းများထက် ပိုမာကြောသည်။ ရှောက်ရွှမ်သည် မြွေကြီးကို ဓားဖြင့်ထိုးလိုက်သော်လည်း တစ်ချက်တည်းနှင့် သူ့ကို ဒဏ်ရာမရစေပါ။
ရှောက်ရွှမ်သည် ဒဏ်ရာရထားပြီး အားနည်းနေသည်။ ထို့ကြောင့်ပွဲသိမ်းတိုက်ခိုက်မှုမျိုး မလုပ်ဆောင်နိုင်ပါ။မြွေကြီး၏ အရေပြားသည် ဆူးနက်လေ၏ ကျောရိုးထက်ပင် ဓားဖြင့်ထိုးရန်ခက်ခဲသောကြောင့် ရှောက်ရွှမ်အခက်ကြုံနေလေသည်။
သို့သော် တစ်ကြိမ်ထိုးရုံနှင့် အရာမရောက်ပါက အခေါက်အခါခါထပ်ထိုးရုံသာ။ မြွေအရေခွံအပိုင်းအစများဖွာလန်ကြဲထွက်လာပြီး ရှောက်ရွှမ်မျက်နှာကို လာမှန်သည်။ မြွေအရေခွံအပိုင်းအစများသည် ပေါက်ကွဲမှုတစ်ခုကဲ့သို့ ဘေး
ပတ်ဝန်းကျင်သို့လွင့်စင်ထွက်ကုန်သည်။
မရပ်လိုက်နဲ့…မြွေကြီးကို တုန့်ပြန်ဖို့ အချိန်မပေးလိုက်နဲ့။ ချာချာကတော့ မြွေကြီး၏ရစ်ပတ်မှုကို ခံထားရသည်။ ရှောက်ရွှမ်သည် ထိုပြဿနာကို လျင်မြန်စွာ ဖြေရှင်းရမည်။ အချိန်ကြာလာလေ ချာချာသည် သေဘေးနှင့် ပိုနီးကပ်လာလေဖြစ်သည်။
“ဒုတ်…ဒုတ်…ဒုတ်” သူသည် ဓါးနှင့်သုံးကြိမ်ထပ်မံ ထိုးစိုက်လိုက်သည်။ ဓားနှင့် အရေပြားထိခိုက်မိသံများထွက်ပေါ်လာသည်။ မာကြောသော အရေပြားပေါ်မှ အညစ်အကြေးများ လွင့်စဉ်ထွက်ကုန်သည်။ မြွေကြီးသည် ထူးဆန်းသော အသံတစ်မျိုးဖြင့် အော်လိုက်သည်။ ထိုအော်သံမှာ ပြင်းထန်သောလေသည် တောင်ကြားတစ်ခုကို ဖြတ်သန်းသွားသောအခါ ဖြစ်ပေါ်လာသည့် အသံမျိုးဖြစ်သည်။
“ဒုတ်”
“ဒုတ်”
“ဒုတ်”
ထိုအသံဆိုးကြီးကို ရှောက်ရွှမ် ဂရုမစိုက်နိုင်ပါ။ မြွေကြီး၏ ကျောဘက်ရှိ ဓားဒဏ်ရာကိုသာ ဓားဖြင့်ထပ်ထိုးရန် အာရုံစိုက်နေရသည်။သူ၏ဓားချက်များကြောင့် မြွေကြီး၏ အရေပြားမှဒဏ်ရာသည် ပိုပိုနက်လာသည်။
မြွေကြီးသည် ရှောက်ရွှမ်၏ရည်ရွယ်ချက်ကို သိသွားသဖြင့် ဒေါသထွက်သွားသည်။ ထို့နောက် သူ့၏ခန္ဓာကိုယ်ကြီးကို ဆန့်ထုတ်လိုက်သည်။ ချာချာ့ကို ရစ်ပတ်ထားသော အပိုင်းမှလွဲ၍ အခြားကိုယ်အစိတ်အပိုင်းများကို ဆန့်ထုတ်လိုက်သည်။ မြွေကြီး၏ကြီးမားသော ကိုယ်လုံးကြီးသည် နဂိုထက်၂ဆခန့်ပိုကြီးသွားသည်။
ရှောက်ရွှမ်တစ်ခါမှ မမြင်ဖူးသေးသော မြွေကြီး၏ထူးဆန်းသော မျက်နှာပေါ်မှ စူးရှသော မျက်လုံးကြီး၂လုံးသည် ရှောက်ရွှမ်ကို စိုက်ကြည့်
နေသည်။ အညိုရောင် လျာကြီးနှစ်ခွကလည်း သစ်ကိုင်းကြီးတစ်ခုလို ပါးစပ်ထဲတွင် လှုပ်ရှားနေသည်။ မြွေကြီးသည် သူ၏ကြံ့ခိုင်သော ကိုယ်ကြီးကို လိမ်လိုက်ကာ ရှောက်ရွှမ်ကို အညှာတာကင်းမဲ့စွာ သူ့အမြီးကြီးဖြင့် ရိုက်ချလိုက်သည်။
ရှောက်ရွှမ်သည် ဓားဖြင့်ထိုးခြင်းကို ခဏရပ်လိုက်ရသည်။ ဒူးကိုကွေးလိုက်ပြီး ခန္ဓာကိုယ်ကို ယိမ်းလိုက်သည်။ သူ့ခြေထောက်က မြေပေါ်ရပ်မိလျက်သားဖြစ်သွားသည်။ သူ့ခြေထောက်အောက်ရှိ အပင်များသည် အစိမ်းရောင်ရွံ့အိုင်အဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်။
မြွေကြီး၏ အမြီးရိုက်ချက်ကို ရှောင်ရှားရန် ရှောက်ရွှမ်သည် မြေပေါ်သို့ခုန်ချလိုက် ရသည်။ သူသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ခုန်ချလိုက်သဖြင့် မြေပေါ်တွင် ခြေရာနက်နက်များ ထင်သွားသည်။ မြွေကြီး၏ အမြီးရိုက်ချက်ကို လေကဲ့သို့လျင်မြန်သော အဟုန်ဖြင့် ရှောင်လိုက်သည်။ ထို့နောက်တွင်တော့ ရှောက်ရွှမ်သည် မြွေကြီး၏ ဒဏ်ရာပေါ်သို့ ဓားဖြင့်ထပ်မံထိုးစိုက်ပြန်
တော့သည်။
“မင်းကိုယ်လုံးကြီးကို ဆန့်ထုတ်လိုက်တာနဲ့ ဓားဒဏ်ရာကို ငါမမြင်ရတော့ဘူးလို့ထင်နေတာလားကွ”။
“ဒုတ်”
ဓားဒဏ်ရာကို ဖုံးအုပ်နေသော သစ်ရွက်များသည် တစစီပြတ်တောက်ကုန်သည်။ ရှောက်ရွှမ်က ဓားဖြင့်ထိုးစိုက်မိထားသောနေရာကို တရစပ် ဓားဖြင့်ဆက်ထိုးသည်။ ထို့နောက် ထပ်ခါထပ်ခါ ဆက်ထိုးသည်။ လျင်မြန်လွန်းသဖြင့် မြွေကြီးသည် ပြန်လည်တိုက်ခိုက်ရန် အချိန်မရပါ။
အစွယ်ဓားသည် အလွန်မထက်မြက်လျှင်တောင် မြွေကြီးကိုတော့ အနာတရ ကောင်းကောင်းဖြစ်စေနိုင်သည်။
“ဝေါ့…”
မြွေကြီး၏ပါးစပ်မှ အစိမ်းပုပ်ရောင်သွေးများ အန်ထွက်လာသည်။ မာကြောသောအရေခွံရှိသော်လည်း ကြောက်မက်ဖွယ်သားရဲများသည် ဒဏ်ရာအနာတရ မဖြစ်လောက်အောင်တော့ မစွမ်းကြပါ။ မြွေကြီး၏ ကိုယ်သည်လည်း သံမဏိဖြင့် ဖွဲ့စည်းထားသည် မဟုတ်ပါ။ သူ၏ထူထဲကြံ့ခိုင်သောအရေပြားတွင် ဓားဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုဓားဒဏ်ရာသည် နက်သထက် ပိုနက်လာသည်။ မြွေကြီးသာ သတိမပြုမိပါက သူ့ကိုယ်သည် နှစ်ပိုင်းပြတ်တော့မည် ဖြစ်သည်။
နာကျင်သောဝေဒနာကို ခံစားလိုက်ရသဖြင့် မြွေကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ အစတုန်းကတော့ သူသည် ကောင်းကင်မှ ပျံလာသော သိမ်းငှက်ကိုသာ သတိပြုမိသည်။ ထိုသိမ်းငှက်မျိုးသည် သူတို့စားနေကျအစာဖြစ်သည်။ ထိုသိမ်းငှက်ချီလာသော အကောင်လေးကိုတော့ သိမ်းငှက်ဖမ်းလာသော သားကောင်ဟု ထင်ကာ သိပ်ဂရုမစိုက်ခဲ့ပေ။ မြွေကြီးသည် ထိုအားနည်းသော သတ္တဝါလေးက သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသဖြင့် နားမလည်
နိုင်အောင် ဖြစ်လာသည်။
မြွေကြီးသည် သူ့အရေပြားပေါက်ပြဲသွားမည်ဟု မမျှော်လင့်ထားပါ။ အခုတော့ ဒဏ်ရာမှ သွေးများထွက်နေပြီဖြစ်သည်။ အခုလိုဖြစ်မည်ကိုသာ သိပါက မြွေကြီးသည် သိမ်းငှက်ကို ဖမ်းပြီးနောက် ထိုသတ္တဝါကို ထားခဲ့မည်သာဖြစ်သည်။
အခုတော့ သူနောက်ကျသွားပြီဖြစ်သည်။
မြွေကြီးသည် နောက်တစ်ကြိမ်အတိုက်ခိုက်မခံရရန် သူ့ကိုယ်လုံးကြီးကို ရစ်ခွေလိုက်သည်။ သို့သော် ရှောက်ရွှမ်သည် အလွန်လျင်မြန်သည်။ သူသည် မြွေကြီး၏တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိုက်ပြီး ပြန်၍ပင်တိုက်ခိုက်လိုက်သေးသည်။
နောက်တစ်ချက်…နောက်တစ်ချက်…အစွယ်ဓားကလျင်မြန်စွာလှုပ်ရှားနေသည်။ မြွေကြီး၏ကိုယ်ပေါ်မှ ဓားဒဏ်ရာသည် ပိုပိုကြီးလာသလို အစိမ်းပုပ်ရောင်သွေးများကလည်း ပိုမိုယိုစီးကျလာသည်။ နောက်ဆုံးတော့ မြွေကြီးသည်
သူ၏သားကောင်ကို စွန့်ခွာသွားရန် ရွေးချယ်လိုက်သည်။ သစ်ရွက်များနှင့်အတူ သူရစ်ပတ်ထားသော သိမ်းငှက်ကို ခါထုတ်လိုက်သည်။ ထို့နောက် မြွေကြီးသည် လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
မြွေကြီးနှင့် ချာချာ လုံးထွေး၍ မြေပေါ်ပြုတ်ကျသွားသည့်အချိန်နှင့် မြွေကြီးသည် ရှောက်ရွှမ်ကို ရှုံးနိမ့်ပြီး ထွက်ပြေးသွားချိန်သည် အားလုံးပေါင်းတစ်မိနစ်လောက်သာ ကြာသည်။ ထိုမျှအချိန်တိုအတွင်းမြွေကြီး ရှုံးနိမ့်သွားသည်မှာ ရှောက်ရွှမ်သည် ချာချာ့ကို စိတ်ပူပြီး မြွေကြီးပြန်တိုက်ခိုက်ခွင့်မရလောက်အောင် တရပ်စပ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အတွက် ရှောက်ရွှမ်သည်လည်း ထိုမျှအချိန်တိုလေးအတွင်း စွမ်းအင် အတော်ကုန်သွားလေသည်။
မြွေကြီးထွက်ပြေးသွားသည်ကို ကြည့်ရင်း ရှောက်ရွှမ်သည် အသက်ကို ပြင်းထန်စွာရှူနေရသည်။ သူသည် မြွေကြီးနောက်သို့ ပြေးလိုက်မသွားတော့ပါ။ မြွေကြီးသည် ချာချာ့ကို ခါထုတ်လိုက်
သောအခါ ရှောက်ရွှမ်သည် ချာချာ့ဒဏ်ရာများကို စစ်ဆေးရန် ပြေးသွားသည်။
ချာချာသည် အတောင်ပံကျိုးသွားပြီး အရိုးအက်သွားသည်။ သူတို့၂ယောက်သည် ကောင်းမွန်စွာ မလှုပ်ရှားနိုင်ကြတော့ချေ။ချာချာသည်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ပျံသန်းနိုင်မည် မဟုတ်တော့ပေ။ ရှောက်ရွှမ်သည် မြွေကြီး၏တိုက်ခိုက်မှုကို ခံလိုက်ရသော ချာချာ့ကိုယ်အစိတ်အပိုင်းများကိုကြည့်လိုက်သောအခါ အစွယ်များဖြင့် ကိုက်ခံထားရသည်ကိုမတွေ့ရ။ ဒဏ်ရာများသည်လည်း အဆိပ်သင့်သော လက္ခဏာမရှိပေ။ ချာချာ၏အခြေအနေမဆိုးသည့်အတွက် ရှောက်ရွှမ် စိတ်သက်သာရာရသွားသည်။
မြွေဒုက္ခကိုဖြေရှင်းပြီးနောက် ရှောက်ရွှမ်သည် ချာချာ့ ဒဏ်ရာများကို ကုသပေးရန် လုံခြုံသောနေရာတစ်ခုရှာရန် စဉ်းစားရပြန်သည်။ သူတို့၂ယောက်လုံး ကြံ့ခိုင်သောအခြေအနေသို့ ပြန်ရောက်လာပါက ပိုမိုစိတ်ချရအောင် အရင်
ပျံသန်းသော အမြင့်ထက် ပိုမြင့်သော အမြင့်မှ ပျံသန်းမည်ဟု ရှောက်ရွှမ်တွေးလိုက်မိသည်။
ဟုတ်သည်…ခပ်မြင့်မြင့်မှ ပျံမှဖြစ်မည်။ ထိုထူးဆန်းသော မြွေများကို နောက်တစ်ကြိမ်အခွင့်အရေးပေး၍မဖြစ်ပေ။ တောအုပ်ထဲတွင် ရှောက်ရွှမ်သည် ထိုကဲ့သို့ ထူးဆန်းသောမြွေများကို ညအခါများတွင် မြင်တွေ့ရသည်။
ထို့ကြောင့် ထိုနားတဝိုက်တွင် ပျံသန်းနေသောငှက်များကို မတွေ့ရခြင်းဖြစ်မည်။ ပျံသန်းလာသမျှငှက်အားလုံးကို မြွေများက ဖမ်းစားပစ်ဟန်တူသည်။
ရှောက်ရွှမ်သည်တွေးနေရင်းနှင့် ရုတ်တရပ် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ အပေါ်အောက် မရပ်မနားလှုပ်ရှားနေသော ချာချာသည်လည်း ရပ်တန့်သွားသည်။
“ရွှီး…ရွှီး…”
“ရှဲ… ရှဲ… ရှဲ”
သူတို့ရင်းနှီးပြီးသားအသံကြီးသည် ခေါင်းပေါ်မှ ထပ်မံပေါ်ထွက်လာပြန်သည်။
ရှောက်ရွှမ်နဖူးမှ ချွေးစေးများ ယိုစီးကျလာသည်။ အကြောအချဉ်များလည်း တောင့်တင်းသွားသည်။ ခုနကတစ်မိနစ်တာ အချိန်အတွင်း ရှောက်ရွှမ်သည် သူ့စွမ်းအင်အကုန်လုံးနီးပါးကို သုံးလိုက်ရပြီဖြစ်သည်။ အခုထိလည်း အမောပြေသေးသည် မဟုတ်ပါ။ မြွေကြီးနှင့် ရင်မဆိုင်ရခင်တွင်လည်း သားရဲတစ်ကောင်နှင့်တိုက်ခိုက်ခဲ့ရခြင်း ကြောင့် လက်တွင်ဒဏ်ရာရထားသည်။ သူသည် ထိုဒဏ်ရာမှ ပြန်လည်သက်သာရန် လုံလောက်သော အချိန်ရလောက်မည်ဟုထင်ထားသော်လည်း တောထဲတွင် မြွေကြီးနှင့် ထပ်မံတိုက်ခိုက်ရသဖြင့် ဒဏ်ရာမှ ပြန်လည်သက်သာရန် အချိန်ယူခွင့်မရခဲ့ပေ။
ရှောက်ရွှမ်သည် ချာချာနှင့် ကျောချင်းကပ်လိုက်ပြီး နောက်သို့လှည့်လိုက်သည်။ ထို့နောက်
အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှောက်ရွှမ်သည် မြေပေါ်တွင် မတ်တပ်ရပ်ပြီး သစ်ပင်များပေါ်သို့ မော့ကြည့်လိုက်သည်။ သစ်ရွက်များသည် ကောင်းကင်ကို မမြင်ရလောက်အောင်ပင် ဖုံးလွှမ်းနေသည်။ သစ်ပင်များကြားမှ ကျရောက်လာသော နေရောင်ခြည်အလင်းတန်း များသည် လောကအလှကို ဆင်နေသကဲ့သို့ပင်ရှိနေသည်။
မြေကြီးနှင့် ချာချာမြေပေါ်သို့ ပြုတ်ကျလာစဉ်က သစ်ကိုင်းတချို့ ကျိုးကုန်သဖြင့် နေရောင်ခြည်သည် ပိုမိုကျရောက်နိုင်လေသည်။ ထိုနေရောင်ခြည်နှင့် စိမ်းလန်းသော ပတ်ဝန်းကျင်ကို ပေါင်းစပ်လိုက်သောအခါ ရှူမငြီးနိုင်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။
ထိုအချိန်တွင် ရှောက်ရွှမ်နှင့် ချာချာသည် နေရောင်ခြည်အလင်းတန်းအောက်တွင် မတ်တပ်ရပ်နေသည်။
ထိုနေရာသည် နေရောင်ခြည်ကျရောက်သောကြောင့် တောအုပ်ထဲမှ တခြားနေရာ များထက်ပိုမိုနွေးထွေးသည်။ မျိုးနွယ်စုထဲမှာ နေရသည်ဆိုလျှင်တော့ နေပူဆာလှုံခြင်းသည် ပျော်စရာတစ်ခုပင်ဖြစ်သည်။ နွေးထွေးသော နေရောင်ခြည်လေးက လူများကို မျက်လုံးများပင်မှေးစင်းလာစေသည်။
သို့သော် အခုအချိန်တွင်တော့ ရှောက်ရွှမ်နှင့်ချာချာတို့သည် နေရောင်ခြည်ကို မခံစားနိုင်ကြပါ။ သူတို့သည် အအေးဆုံးသော ဆောင်းရာသီကိုရောက်နေသလို ခံစားနေရသည်။
အဝေးကိုမျှော်ကြည့်လိုက်သောအခါ တောထဲတွင် ပျံသန်းနေသော သတ္တဝါများကိုလည်း မတွေ့သလို ပိုးမွှားများကိုလည်း မတွေ့ရပါ။
သစ်ပင်ပေါ်မှ တုတ်ခိုင်သော သစ်ကိုင်းကြီး၂ကိုင်းသည် ကွေးညွတ်လာပြီး ပင်စည်အတိုင်းအောက်သို့ လျောကျလာသည်။
“ဗုန်း…” ရှောက်ရွှမ်သည် လေထဲတွင် ဗုန်းကနဲမြည်သောအသံကို ကြားလိုက်ရသည်။ မြွေကြီး၂ကောင်သည် ပုံဖျက်ရန် အသုံးပြုသော အကြေးခွံများကို ဆန့်ထုတ်လိုက်သည်။ သားကောင်များလွတ်သွားမည်ကို မစိုးရိမ်ဘဲ မြွေကြီး၂ကောင်သညအိန္ဒြေရရပင် ရှောက်ရွှမ်ဆီသို့ ဦးတည်လာကြသည်။
တစ်ကောင်ကရှေ့မှလာပြီး တစ်ကောင်က နောက်မှလာသည်။ ရှောက်ရွှမ်နှင့် ချာချာက မြွေကြီး၂ကောင်ကြားတွင် ပိတ်မိနေလေပြီ။
“ဒုတ်…ဒုတ်…”
“ဒုတ်…ဒုတ်…”
ရှောက်ရွှမ်သည် သူ့နှလုံးခုန်သံများကို ပြန်ကြားနေရပြီး လက်ဝါးများတွင် ချွေးများစိုရွှဲလာသည်။ သို့သော် ဓားကိုဆုပ်ကိုင်ထားသော လက်ကတော့ တုန်လှုပ်မနေပါ။ ရှောက်ရွှမ်သည် မြွေကြီး၂ကောင်ကို ရင်ဆိုင်ရန်နည်းလမ်းကို
စဉ်းစားနေသည်။ သူ၏ခွန်အားများ ကုန်ဆုံးတော့မည်ကို သူသိသည်။ မြွေကြီးမျာနှင့် ထပ်မံတိုက်ခိုက်လျှင်တောင် အနိုင်ရရန် မသေချာတော့ပါ။ အသက်ကိုစွန့်ပြီးတိုက်ခိုက် မည်ဆိုလျှင်တော့ အနိင်ရရန် အခွင့်အရေးအနည်းငယ်ရှိသေးသည်။ အခုတော့ မြွေက ၂ကောင်ဖြစ်နေပြီး အရွယ်အစားများမှာလည်း စောစောက သူရင်ဆိုင်ခဲ့ရသော မြွေကြီးထက် မကြီးလျှင်တောင် မသေးငယ်ပေ။