အဖြူရောင် ပိုးကောင်များ
Vol. 10 Ch. 142
ရေခဲပြင်ကြီးပေါ်တွင် ရှောက်ရွှမ်တစ်ယောက်သာ ကျန်ခဲ့တော့သည်။ အရပ်မျက်နှာလေးဖက်စလုံးသည် တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်သည် မြူများအုံ့ဆိုင်းနေသဖြင့် ရှောက်ရွှမ်၏ အထူးအမြင်အာရုံကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။ အချိန်ငါးမိနစ် ဆယ်မိနစ်ဆီလောက်ခြား၍ အော်သံများထွက်ပေါ် လာသည်ကို ကြားနေရသည်။ ဧရာမသတ္တဝါကြီးများ၏လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာ သောအသံများဖြစ်ပေမည်။ သို့မဟုတ် ရေခဲတိုင်ကြီးများကို ထိုသတ္တဝါကြီးများ ကုတ်ခြစ်နေသော အသံများဖြစ်ပေလိမ့်မည်။
အခုတော့ ထိုပဲ့တင်သံများပျောက်ကွယ်သွားလေပြီ။ ထို့ကြောင့် ရှောက်ရွှမ်စိတ်ထဲတွင် သူတစ်ယောက်တည်းရှိသလို ခံစားလိုက်ရသည်။
သိမ်းငှက်ကြီးများ မရှိတော့သောအခါ ရှောက်ရွှမ်
သည် ရေခဲပြင်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရေခဲပြင်ကြီးပေါ်ရောက်ခါစက ပေးပတ်ဝန်းကျင် တွင် သိမ်းငှက်ကြီးများရှိနေသောကြောင့် ရှောက်ရွှမ်သည် လမ်းပင်ကောင်းကောင်း မလျှောက်ရဲပါ။ အခုတော့ သိမ်းငှက်များသည် အဝေးသို့ ပျံထွက်သွားပြီ ဖြစ်၍ သူ့အနေနှင့် သိပ်ကြောက်နေစရာမလိုတော့ပေ။
သူ့အထူးအမြင်အာရုံကို မြူများကြောင့် အသုံးချ၍ မရသော်လည်း မြူမှုန့်များပျောက်ကွယ်သွားစဉ်က ပတ်ဝန်းကျင်အနေအထားကို စိတ်ထဲမှ မှတ်သားထားလိုက်နိုင်သည်။ သို့သော် သူရောက်နေသောနေရာသည် သာမန်နေရာ မဟုတ်သဖြင့် မပေါ့ဆရဲသေးချေ။
ရေခဲပြင်ကြီးပေါ်တွင် လမ်းလျှောက်သောအခါ သူ့အကျင့်အတိုင်း အသံမထွက်အောင် လျှောက်လေသည်။ သူ့ဘေးပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်လျက်ရှိသောကြောင့် ရှောက်ရွှမ်သည်လည်း အလိုလို အသံတိတ်လှုပ်ရှားပြီးသား ဖြစ်သွားသည်။
ရှောက်ရွှမ်သည် သတိဝီရိယနှင့် လှုပ်ရှားနေ
သော်လည်း နှေးကွေးခြင်းတော့ မရှိပါ။ သိမ်းငှက်ကြီးများ ရပ်နားခဲ့သော ကျောက်ချပ်ကြီးကို ချဉ်းကပ်လာရင်း ရှောက်ရွှမ်သည် ထိုထက် ပိုဝေးဝေးမသွားမိရန် ဆုံးဖြတ်လိုက်သည်။ အပေါ်သို့ဆက်မတက်တော့ဘဲ ဘေးတိုက်ဆက်သွားသည်။
မြောင်းကြီးထဲသို့မကျအောင် သတိထားရင်း ရှောက်ရွှမ်သည် ကျောက်စွန်းနှင့် ဝေးရာသို့ လှမ်းလာလိုက်သည်။
ရှောက်ရွှမ်သည် ထိုကျောက်ချပ်ကြီး၏ ဒေါင်လိုက်အမြင့်ကို တွက်ချက်ထားသော်လည်း အလျားလိုက်အရှည်ကိုတော့ သူလည်း မသိသေးပါချေ။ မြူခိုးများမရှိတော့လျှင်တောင် ရှောက်ရွှမ်သည် ထိုအလျားလိုက်အရှည်ကို သိနိုင်မည်မဟုတ်။
ရေခဲပြင်ကြီးပေါ်တွင် ဧရာမသတ္တဝါကြီးများ၏ ခြေရာများကို မြင်တွေ့ရသည်။ ထို့နောက် သူတို့လက်သည်းနှင့် ကုတ်ခြစ်ထားသော ရေခဲတိုင်ကြီးများကို တွေ့ရသည်။
ယခုတစ်ခေါက်ခရီးစဉ်တွင် ရှောက်ရွှမ်သည်
ကြီးမားသော ရေခဲတိုင်ကြီးများကို မြင်တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့်တော့ ထိုရေခဲတိုင်ကြီးများသည် ဧရာမသိမ်းငှက်ကြီးများ၏ လက်သည်းသွေးရာနေရာဖြစ်သည်။ လက်သည်းရာအများစုကို ရေခဲတိုင်များ၏ ထိပ်ပိုင်းတွင်တွေ့ရသည်။ ရေခဲတိုင်များ အောက်ခြေတွင်တော့ လက်သည်းရာအနည်းငယ်ကိုသာ တွေ့ရသည်။ ထို့ကြောင့် သိမ်းငှက်များသည် အစာစားရာတွင် သူတို့ခေါင်းကိုငုံ့၍ စားလေ့မရှိကြောင်းသိရသည်။
ရှေ့သို့ဆက်တိုးလာရင်း ရှောက်ရွှမ်သည် အသံတချို့ကိုကြားလိုက်ရသည်။ အသံသည် သိပ်မကျယ်သော်လည်း ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသဖြင့် အသံကို ကောင်းစွာကြားနေရသည်။
ထိုအသံသည် ဧရာမတောင်သိမ်းငှက်ကြီးများ၏ အသံမဟုတ်ပေ။ သိမ်းငှက်ကြီးများ လှုပ်ရှားသောအခါတွင် သူတို့သည် မည်သည့်အရာကိုမှ ကြောက်ရွံ့နေရန် မလိုသကဲ့သို့ လှုပ်ရှားကြသည်။ ရှောက်ရွှမ်သည် ထိုအသံကိုကြားလိုက်ရသဖြင့် သတိဝီရိယနှင့် နေလိုက်ရသည်။
အသံသည် တဖြည်းဖြည်းနီးလာသောအခါ ရှောက်ရွှမ်သည် ရေခဲတိုင်တစ်ခု၏ နောက်ကွယ်တွင် ဝင်ရောက်ပုန်းကွယ်လိုက်သည်။ မြုတောထဲမှ သတ္တဝါသည် တဖြည်းဖြည်း သူနှင့် ပိုနီးကပ်လာသည်။
တဖြည်းဖြည်းနှင့် ရှည်မျောမျောသတ္တဝါတစ်ကောင်၏ အရိပ်သည် တဖြည်းဖြည်း ပိုထင်ရှားလာသည်။
မြွေများလား။ မဟုတ်ပါ…ထိုအရာသည် မြွေမဟုတ်။ ထိုသတ္တဝါသည် မြွေတစ်ကောင်လောက် အလျားမရှည်ပေ။ ထို့ပြင် ထိုသတ္တဝါ၏လှုပ်ရှားမှုသည် မြွေ တစ်ကောင်နှင့် မတူပေ။ နောက်တကြိမ်ထပ်မံကြည့်လိုက်သောအခါ ပိုးမွှားတစ်ကောင်နှင့် တူနေသည်ကို တွေ့လိုက်ရသည်။
တောင်တန်းဒေသများတွင် ကျောက်တုံးတီကောင်များနေထိုင်လေ့ရှိသည်။ သို့သော် ရှောက်ရွှမ်၏ ထင်မြင်ချက်မှာ မှားသွားပြန်သည်။ ထိုသတ္တဝါသည် ကျောက်တုံးတီကောင်မဟုတ်ပေ။ထိုသတ္တဝါသည် လိပ်ပြာတစ်ကောင်၏ ပိုးတုံးလုံးတစ်ကောင်နှင့် ဆင်တူသော သတ္တဝါဖြစ်လေသည်။
ထိုပိုးကောင်သည် ရှောက်ရွှမ်၏ ပေါင်လုံးထက် ပိုကြီးမားလေသည်။ လေးမီတာလောက် အကွာသို့ရောက်လာသောအခါ ထိုသတ္တဝါသည် အဖြူရောင် ဖြစ်သည်ကို မြင်လိုက်ရသည်။ ဦးခေါင်းမှာ ကိုယ်နှင့် တဆက်တည်းဖြစ်နေပြီး ကျုံ့နိုင်ဆန့်နိုင်သော လည်ပင်းတစ်ခုပါရှိသည်။
အကြမ်းဖျဉ်းကြည့်လိုက်သောအခါ ထိုသတ္တဝါသည် ပိုးတုံးလုံးကောင်နှင့် မတူပါ၊ ပိုးတုံးလုံးကောင်ထက် အကောင်ပိုကြီးသည်။ ကျောက်တုံးတီကောင်တစ်ကောင်နှင့် တော်တော်တူလေသည်။ သို့သော် အနီးကပ်ကြည့်လိုက်သောအခါ ကျောက်တုံးတီကောင် နှင့်မတူသော အချက်များစွာကို တွေ့လိုက်ရပြန်သည်။
ရှောက်ရွှမ်၏အတွေ့အကြုံအရဆိုလျှင် သူလိုက်ခဲ့ဖူးသော ပိုးတုံးလုံးကောင်များသည် ခြေထောက်လေးစုံ၊အမြီးတစ်ခုနှင့် ဝမ်းဗိုက်သုံးခု ပါရှိကြသည်။ အခုသူ့ရှေ့တွင် ရောက်နေသာ ပိုးကောင်ကတော့ ခြေထောက်သုံးစုံနှင့် အမြီးသုံးခုပါရှိလေသည်။
ခြေထောက်တွင် စုပ်ခွက်များပါပြီး ဝမ်းဗိုက်ပိုင်း
နှင့် အမြီးများတွင် ချိတ်များပါသည်။ ရှောက်ရွှမ်ကြားလိုက်ရသောအသံမှာ ထိုပိုးကောင် ရေခဲပြင်ပေါ်သို့ ရှပ်တိုက်သွားသော အသံဖြစ်လေသည်။ တော်တော်ထူးဆန်းသော ပိုးကောင်ပင်ဖြစ်သည်။
ထိုကဲ့သို့ အအေးပိုင်းဒေသမျိုးတွင် ဒီလို သတ္တဝါမျိုးကို တွေ့ရမည်ဟု ရှောက်ရွှမ် မျှော်လင့်မထားပါ။ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ ပိုးကောင်များသည် အပူပိုင်းဒေသများတွင် နေထိုင်လေ့ရှိကြသည်။
ထိုပိုးကောင်သည် တိုက်ခိုက်နိုင်စွမ်းရှိမရှိ မသေချာသဖြင့် ရှောက်ရွှမ်လည်း မလှုပ်ရှားရဲသေးပါ။ ရေခဲတိုင်နောက်ကွယ်တွင် ရပ်နေရင်း သူ့နားသို့ဖြည်းညှင်းစွာ တွားသွားလာနေသော အဖြူရောင်တီကောင်ကို စောင့်ကြည့်နေလိုက်သည်။
နည်းနည်းလောက် ဆက်လက်တွားသွားပြီးသောအခါ ထိုသတ္တဝါသည် ရပ်တန့်သွားသည်။ထို့နောက် ခြေထောက်နှင့် အမြီးကို အသုံးပြု၍ ကိုယ်ရှေ့ပိုင်းကို ထောင်လိုက်သည်။ သူသည် တစ်စုံတရာကိုတွေ့သွားပြီး ထိုအရာရှိရာဘက်သို့ ဆက်လက်တွားသွားတော့မည့်ဟန်ပြင်နေသည်။
ပိုးကောင်သည် ရှောက်ရွှမ်ပုန်းနေသော ရေခဲတိုင်ဆီသို့ ဦးတည်လာနေပြီ ဖြစ်သည်။ ရှောက်ရွှမ်ကို တွေ့သွားပြီလား။
ရှောက်ရွှမ်တစ်ယောက် သတိဝင်သွားပြီး သူ့ဓားလက်ကိုင်ရိုးကို အသံမထွက် အောင်ဆုပ်ကိုင်ထားလိုက်သည်။
သို့သော် ပိုးကောင်သည် ရေခဲတိုင်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် တဂျွတ်ဂျွတ်ဝါးနေသံများကို ရှောက်ရွှမ်ကြားလိုက်ရသည်။
ရေခဲတိုင်ကြီးတုန်နေသည်ကို ခံစားလိုက်ရသဖြင့် ထိုတီကောင်သည် ရေခဲများကို စားနေကြောင်း ရှောက်ရွှမ်သိလိုက်သည်။ ပိုးကောင်၏ ဦးတည်ချက်မှာ ရေခဲတိုင်သာ ဖြစ်သည်။ သူသည်ရှောက်ရွှမ်ကို ရှာတွေ့သွားခြင်းမဟုတ်ပါ။
ရှောက်ရွှမ်နှင့် ပိုးကောင်တို့သည် တစ်ယောက်က ရေခဲတိုင်နောက်တွင် ပုန်းနေပြီး တစ်ကောင်က တခြားဘက်မှနေ၍ ရေခဲတိုင်ကို စားနေသည်။ ရှော
က်ရွှမ်သည် ခေါင်းထုတ်၍မကြည့်တော့သော်လည်း သေချာနားစိုက်ထောင်နေမိသည်။ ထို့ပြင် ရေခဲတိုင်တွင် ဖြစ်ပေါ်နေသော တုန်ခါမှုများကြောင့် ထိုပိုးကောင်၏ လှုပ်ရှားမှုများကို သိနိုင်လေသည်။
တဂျွတ်ဂျွတ်ဝါးသံများသည် ၂နာရီခန့်ကြာသည်အထိ ထွက်ပေါ်နေသည်။ ထို့နောက်တွင်တော့ ထိုပိုးကောင်သည် နောက်ရေခဲတိုင်တစ်တိုင်ကို ရှာရန် ထွက်ခွာသွားသည်။ ရှောက်ရွှမ်သည် ပိုးကောင်နောက်ကို လိုက်သွားသည်။ ပုန်းစရာ ရေခဲတိုင်မရှိသောနေရာများကို ရောက်လာသော်လည်း ရှောက်ရွှမ်သည် သတိဝီရိယနှင့် နေသဖြင့် ပိုးကောင်သည် ရှောက်ရွှမ်ကို သတိမထားမိ။ ထိုပိုးကောင်သည် အစားအသောက်မှလွဲ၍ ကျန်သည့်အရာများကို ဂရုမစိုက်ပေ။
ထိုပိုးကောင်ရွေးချယ်စားသောက်သော ရေခဲတိုင်များမှာ တုတ်ခိုင်သလို သိမ်းငှက်ကြီးများ ကြိုက်နှစ်သက်သော ရေခဲတိုင်များလိုပင် ရှည်လျားလေသည်။ သို့သော် ထိုပိုးကောင်သည် ရေခဲတိုင်အပေါ်ပိုင်းကို စားသောက်ခြင်းမပြုဘဲ ရေခဲတိုင်အောက်ပိုင်းကိုသာ သဘောကျဟန်ရှိသည်။
ထိုသတ္တဝါသည် အသန့်အပြန့်ကြိုက်သောကြောင့်လား။ ဒါမှမဟုတ် ဧရာမသိမ်းငှက်ကြီးများ၏ အနံ့ကို ကြောက်ရွံ့သော ကြောင့်လား။ ရှောက်ရွှမ်လည်း မသိတော့။
ထိုပိုးကောင်၏ အစားအစာနှစ်သက်ပုံကို သိရပြီးနောက် ၎င်းနောက်သို့ ဆက်လိုက်သွားသောအခါ သူ၏စွမ်းရည်များထုတ်ပြသည်ကို မြင်လိုက်ရသည်။
ထိုပိုးကောင်စားသွားသော ကျောက်တိုင်များကို ကြည့်ပြီးနောက် ၎င်းသည် လျင်မြန်စွာစားသောက်နိုင်သည်ကို ရှောက်ရွှမ်သိလိုက်ရသည်။ သိမ်းငှက်များ စားသောအမြန်နှုန်းထက် မနိမ့်ကျပေ။ သိမ်းငှက်များလောက် ကြီးကြီးမကိုက်နိုင် သော်လည်း စားသောက်နှုန်းမှာ ပိုမြန်သဖြင့် တဂျွတ်ဂျွတ်မြည်သံမှာ ပိုမိုထွက်ပေါ်နေသည်။
အလင်းရောင်တဖြည်းဖြည်းနည်းလာပြီး ညနေခင်းသို့ရောက်ပေတော့မည်။ ထိုတီကောင်သည် အစာရှာခြင်းကို ရပ်တန့်၍ အိမ်သို့ ပြန်တော့
မည်လား။ ရှောက်ရွှမ်လည်း သူ့နောက်သို့ဆက်လိုက်သွားလေသည်။ အရှေ့သို့တိုးသွားလေ မြူများက တဖြည်းဖြည်းနည်းလာလေဖြစ်သည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် အဖြူရောင် ပိုးကောင်ကြီးကို ပို၍ရှင်းလင်းပြတ်သားစွာ မြင်နေရပြီ ဖြစ်သည်။
ထိုအကောင်သည် ဘယ်ကလာနည်း။ ဘယ်နေရာကို ဦးတည်သွားနေသနည်း။
တောင်စွန်းသို့ရောက်သောအခါ ပိုးကောင်သည် ခန္ဓာကိုယ်ကို အပေါ်သို့ ကြွလိုက်ပြီး မက်စောက်သော ဆင်ခြေလျောအတိုင်း အောက်သို့ဆင်းသွားသည်။ ပထမခန္ဓာကိုယ်အရှေ့ပိုင်းကို ကြွသည်၊နောက် အနောက်ပိုင်းကိုကြွသည်။ ရှေ့တလှည့် နောက်တလှည့်ကြွနေရင်း ဆင်ခြေလျောအတိုင်းအောက်ဆင်းသွားသည်။ ထိုပိုးကောင်သွားနေပုံမှာ မုတ်တံတားတစ်ခုနှင့်ပင်တူနေသေးတော့သည်။
မက်စောက်သောဆင်ခြေလျောမှ အောက်သို့ပြုတ်မကျသွားအောင် သူ၏ဝမ်းဗိုက်နှင့် အမြီးတွင်ရှိသော ချိတ်များဖြင့် ရေခဲပြင်နှင့် ကျောက်သားများကို ချိတ်တွယ်ထားသည်။ ထိုပိုးကောင်၏အမြန်နှုန်းမှာ မြန်မြန်ဆန်ဆန်နှင့် ပုံမှန်သာ ဖြစ်သည်။ ထို
တီကောင်အတွက်တော့ မက်စောက်သောဆင်ခြေလျောမှာ မြေပြင်ညီနှင့် အတူတူပင်ဖြစ်လေသည်။
ညရောက်သဖြင့် ကောင်းကင်သည် မှောင်မည်းလာသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုတီကောင်နောက်သို့ဆက်မလိုက်တော့ဘဲ ရေခဲတချို့ဝါးစားကာ အိပ်လိုက်လေတော့သည်။
နောက်တစ်နေ့ ရောက်သောအခါ ရှောက်ရွှမ်သည် ထိုကျောက်တုံးပိုးကောင်ကို တွေ့လိုက်ရပြန်သည်။ မနေ့ကသွားခဲ့သောလမ်းကြောင်းအတိုင်းလိုက်သွားသောအခါ ထိုပိုးကောင်သည် အစာရှာထွက်နေပြန်ကြောင်း သိလိုက်ရသည်။
ထိုပိုးကောင်နောက်မှ တိတ်တဆိတ်လိုက်ပါရင်း ရှောက်ရွှမ်သည် နောက်ပိုးကောင်တစ်ကောင်ကို တွေ့လိုက်ရပြန်သည်။ ထူးဆန်းသော အသွင်အပြင်ကြောင့် ရှောက်ရွှမ်သည် ထိုသတ္တဝါကို သေချာကြည့်လိုက်မိသည်။
နေထွက်လာသည့်အချိန်တိုင်း ထိုသတ္တဝါသည် သိမ်းငှက်ကြီးများ မတို့ထိရသေးသော ရေခဲတိုင်များ
ကို လိုက်ရှာလေ့ရှိသည်။ သူသည် ရေခဲတိုင်များကို စားသောအခါ တိုင်၏သုံးပုံတစ်ပုံလောက်ကို စားလေ့ရှိပြီး တစ်ဝက်ပင်ကုန်အောင် မစားနိုင်ပေ။
၅ရက်ခန့်ကြာအောင် လိုက်ကြည့်ပြီးနောက် ရှောက်ရွှမ်သည် ထိုပိုးကောင်နောက် သို့နေဝင်သွားသည့်အချိန်တွင် လိုက်ကြည့်ရန် ပြင်ဆင်လေသည်။
ရှောက်ရွှမ်သည်လည်း ထိုမက်စောက်သော ဆင်ခြေလျောကို အလွယ်တကူ ဆင်းသက်နိုင်ပါသည်။
ထိုဆင်ခြေလျောရှိရာနေရာသည် ရေခဲတောင်ထိပ်ပိုင်းနေရာထက် သွားရလာရလွယ်ကူသည်။ ထိုနေရာတွင် မြူများသိပ်မထူထပ်ပေ။ ရေခဲတောင်၏ ထိပ်ပိုင်းကို တက်သောအချိန်တွင် တောင်တက်လမ်းမှာ အလွန်ကျဉ်းမြောင်းသော ကြောင့် ရှောက်ရွှမ်သည် သူ၏ကျောနှင့် တောင်နံရံကို အသားကုန်ကပ်ထားရသည်။ ထို့ပြင်သူတက်နေရသော နေရာမှာ မြင့်လွန်းသောကြောင့် နေလုံးကြီးကိုပင် လှမ်းကိုင်လို့ရလောက်သည်ဟု ထင်မိသည်။
ကြိုတင်ကာကွယ်မှုအနေနှင့် ရှောက်ရွှမ်သည် တီကောင်အဖြူကြီးနောက်မှ ခပ်ခွာခွာသာလိုက်သွားခဲ့သည်။ မကြာခင် ဆင်ခြေလျောကိုဆင်းပြီးနောက်တွင် ပိုးကောင်ကြီး၏အမြန်နှုန်းမှာ မြန်လွန်းသဖြင့် ရှောက်ရွှမ်လိုက်မမီတော့ပါ။
ခဏလောက်စဉ်းစားပြီးသောအခါ ရှောက်ရွှမ်သည် ရေခဲပြင်ဆီသို့ ပြန်လာခဲ့သည်။
ပိုးကောင်အဖြူကြီးနောက်ကို လိုက်မည့်အစား ထိုပိုးကောင် အစာရှာနေသည့်အချိန်တွင် ရှောက်ရွှမ်သည် မက်စောက်သော ဆင်ခြေလျောကို ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်သည်။
ပိုးကောင်သည် သူသွားရာလမ်းတလျှောက် အမှတ်အသားများကို ထားခဲ့မည် ဖြစ်သည်။ ရှောက်ရွှမ်သည် ထိုအမှတ်အသားများကို ခြေရာခံလိုက်ရင်းဖြင့် ထိုပိုးကောင်သည် နေဝင်သည့်အချိန်တိုင်း ဘယ်နေရာကို သွားလဲ သိနိုင်မည် ဖြစ်သည်။
ပိုးကောင်ဖြတ်သန်းသွားသောဆင်ခြေလျှောတလျှောက်တွင် သူ့ကိုယ်မှ ချိတ်များကြောင့် တွင်းနက်
ကလေးများဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ပိုးကောင်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် သွားလာပုံတို့ကို သိရှိပြီးနောက် ထိုကဲ့သို့အမှတ်အသားများကို ရှာရန်မှာ ရှောက်ရွှမ်အတွက် မခက်ခဲတော့။ နေ့အချိန်ဖြစ်သောကြောင့် ထိုအမှတ်အသားများကို ရှာရန်မှာ ပို၍ပင်လွယ်ကူနေသေးသည်။
ဆင်ခြေလျောထိပ်ပိုင်းမှနေ၍ အောက်ဘက်သို့ ရှောက်ရွှမ်ဆင်းချလာခဲ့သည်။ တောင်နံရံရှိ အက်ကွဲကြောင်းများကြားမှ တိုက်ခတ်လာသော လေပြင်းများနှင့်အတူ ပါလာသော ရေခဲအချွန်စများသည် ရှောက်ရွှမ်ကို လာရောက်ထိမှန်လေသည်။ ရှောက်ရွှမ်လည်း ဘာမှမတတ်နိုင်ဘဲ ရှေ့သို့သာ ဆက်သွားနေရသည်။ ထို့ပြင် သတိဝီရိယလည်း ကြီးစွာထားရသေးသည်။ သတိမထားပါက အောက်သို့ပြုတ်ကျသွားမည် ဖြစ်သည်။ ထိုအမြင့်မှ ပြုတ်ကျပါက သေရုံသာရှိတော့သည်။
တောင်ပေါ်ကိုတက်စဉ်တုန်းက ချာချာနှင့်သိမ်းငှက်ကြီးသည် နေ့တဝက်လောက်အချိန်ယူခဲ့ကြသည်။ သို့သော် တောင်ပေါ်ကို နေ့တစ်ဝက်ကြာ
အောင် တက်ပြီးသည်အထိ ရှောက်ရွှမ်သည် ခရီးအကွာအဝေး၏ သုံးပုံတစ်ပုံခန့်သာ ခရီးတွင်သေးသည်။
နေရာတစ်နေရာသို့ရောက်သောအခါ အဖြူရောင်ပိုးကောင်ကြီးထားခဲ့သော အောက်သို့ဆင်းသော အမှတ်အသားများမှာ ရပ်တန့်သွားသည်။ ၎င်းသည် အောက်သို့မဆင်းတော့ဘဲ ဘေးတိုက်ရွေ့လျားသွားသည်။
ထိုအမှတ်အသားများနောက်သို့ ရှောက်ရွှမ်ဆက်လိုက်သွားသည်။ နောက်ဆုံးတွင်တော့ ကျောက်တုံးကြီးတစ်တုံပေါ်တွင် အမျှင်များဖြင့် ပြုလုပ်ထားသော အသိုက်တစ်ခုကို တွေ့လိုက်ရသည်။
တချို့သော ပိုးကောင်မျိုးနွယ်များသည် အမျှင်များထုတ်လုပ်ကာ ထိုအမျှင်များဖြင့် သစ်ရွက်များကိုပူးချည်ပြီး အသိုက်များလုပ်လေ့ရှိကြောင်းရှောက်ရွှမ်သိထားသည်။ ယခုလည်း ပိုးကောင်များသည် ထိုကဲ့သို့အသိုက်များကို လုပ်ထားခြင်းဖြစ်နိုင်သည်။ ပိုးကောင်များသည် အနားယူလျှင် အသိုက်ထဲတွင် အနားယူပြီး နေထွက်သောအခါမှ အပြင်သို့ထွက်၍
အစာရှာထွက်သည်။
သူတို့မျိုးနွယ်စုနေထိုင်သော တောင်တန်းဒေသများတွင်လည်း ထိုကဲ့သို့ အသိုက်များကို တွေ့ရသည်။ သစ်ရွက်များကိုဖယ်ရှားလိုက်လျှင် အသိုက်ထဲတွင် ပုန်းနေသော ပိုးမွှားများကို မြင်တွေ့ရမည်ဖြစ်သည်။
အခုတော့ ပိုးကောင်အဖြူရောင်ကြီးသည် ထိုနေရာတွင် အသိုက်ပြုလုပ်ထားကြောင်း ရှောက်ရွှမ်သိလိုက်ရသည်။
ပိုးမျှင်များမှာ ကြည်လင်နေပြီး အလင်းကိုရောင်ပြန်မဟပ်နိုင်ပါ။ ရှောက်ရွှမ်သာ ပိုးကောင်၏ အမှတ်အသားများကို ခြေရာခံမလိုက်ခဲပါက ထိုရှားပါးပိုးမျှင်များကို တွေ့ရမည် မဟုတ်ပါ။
ထိုပိုးမျှင်များကို ကိုင်တွယ်ဆွဲယူကြည့်သော အတော်လေးကောင်းမွန်သည်ကို တွေ့လိုက်ရသည်။ ရှောက်ရွှမ်သည် ထိုပိုးမျှင်များနှင့် ထောင်ခြောက်ပြုလုပ်ရလျှင် ကောင်းမည်ဟု တွေးလိုက်မိသည်။ သို့သော် ထိုပိုးမျှင်များ၏ ခံနိုင်ရည်စွမ်းကို သူမသိပေ။
သို့သော် ထိုပိုးမျှင်များကို ရှောက်ရွှမ်ယူဆောင်သွားမည်ဖြစ်သည်။ ပိုးကောင်ကြီးကို လေ့လာအကဲခတ်ပြီးမှ သူလုပ်စရာရှိသည်တို့ကို ဆက်လုပ်မည်ဖြစ်သည်။ သို့သော် ပိုးကောင်ကြီးသာ သူ့နောက်မှ ရှောက်ရွှမ်လိုက်နေကြောင်း သိသွားပါက အခြေအနေကောင်းမည် မဟုတ်တော့ပေ။