လိပ်ပြာများ
Vol. 10 Ch. 143
ပိုးမျှင်များအနောက်ရှိ ကျောက်ဖျာကြီးပေါ်တွင် ရှောက်ရွှမ်သည် စိတ်ဝင်စားဖွယ်ရာ အမှတ်အသားတချို့ကို တွေ့လိုက်သည်။ အသိုက်ထဲကို သေချာစွာ စစ်ဆေးကြည့်သော်လည်း မစင်စွန့်ထားသည်ကို မတွေ့ရပေ။
ဤမျှအကွာအဝေးအထိ ဒုက္ခခံလိုက်လာပြီးနောက် ရှောက်ရွှမ်သည် သူ့အတွက် တန်ဖိုးရှိမည့် အရာတစ်ခုခုကို ရှာတွေ့မည်ဟု ထင်ထားခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ အဖြူရောင်ပိုးကောင်ကြီး၏ အသိုက်ထဲတွင် ဘာမှ မတွေ့ရ။
ရှောက်ရွှမ်သည် မက်စောက်သော ဆင်ခြေလျောအတိုင်း နောက်တကြိမ်ခြေရာ ခံလိုက်သော်လည်း ဘာခြေရာလက်ရာမှ မတွေ့ရပေ။ ထို့ကြောင့် ထိုပိုးကောင်သည် သူ့အသိုက်ကို ကျော်လွန်၍ ဆက်မသွားတော့ကြောင်းသိရသည်။
ပိုးကောင်၏အသိုက်ထဲတွင် တခြားဘာမှ မတွေ့ရသောကြောင့် ရှောက်ရွှမ်သည် အပေါ်ပြန်တက်ရန် ဆုံးဖြတ်လိုက်သည်။ သူလမ်းလျှောက်နေရင်း ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သည်။ အနားတွင်ရှိသော ကျောက်တုံးတစ်ခုနောက်သို့ ဝင်လိုက်ပြီး ရှောက်ရွှမ်သည် သူ့ခြေရာလက်ရာများကို ဖျောက်ဖျက်ပစ်လိုက်ကာ ထိုပိုးကောင်ကို စောင့်နေလိုက်သည်။
နေရောင်ရှိနေသေးသော်လည်း ရေခဲတုံးများနှင့် ကျောက်တုံးများထူထပ်သော ကြောင့် ထိုနေရာနားတွင် လှုပ်ရှား၍ မလွယ်ပေ။ အပူချိန်ကလည်း နွေးနွေးထွေးထွေးမရှိပါ။ နေဝင်ချိန်ရောက်လာသဖြင့် အပူချိန်က လျင်မြန်စွာ ထိုးကျသွားသည်။
သို့သော် တောင်ထိပ်ပေါ်မှ ရာသီဥတုနှင့် အသားကျနေသူတစ်ယောက်ကတော့ ထိုအအေးဒဏ်ကို ခံနိုင်ရည်ရှိမည်သာ။
နေရောင်ခြည် အနည်းငယ်မျှသာ ကျန်တော့သည့်အချိန်တွင် ထိုပိုးကောင် ပြန်ရောက်လာသည်။
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ရေခဲတုံးနှင့် ကျောက်တုံးများပေါ် သေချာမြဲမြံအောင် လှမ်းနေရသဖြင့် အသံများစွာ ထွက်ပေါ်လာသည်။ ရှောက်ရွှမ်သည် မျက်လုံးများကို မှိတ်၍ အနားယူနေသော်လည်း ပိုးကောင်ပြန်လာသည့်အသံကို ကြားရသည့်အတွက် မျက်လုံးများဖွင့်လိုက်ပြီး စောင့်ကြည့်နေလိုက်သည်။
ရှောက်ရွှမ်နေရာယူထားသော နေရာသည် မြင်ကွင်းကောင်းသဖြင့် သူ့အထူးအမြင်အာရုံကို အသုံးချ၍ ရသည်။ နေဝင်သွားပြီဖြစ်သော်လည်း လနှစ်စင်း၏ အလင်းရောင်ဖြင့် ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို ကောင်းစွာမြင်နိုင်လေသည်။
အစာစားပြီး အပြင်မှ ပြန်လာသော ပိုးကောင်သည် အသိုက်သို့ ရောက်ရောက်ချင်း အစာဟောင်းများကို ပြန်စွန့်နေသည်။ ၎င်း၏အနောက်ဘက်အဆုံးပိုင်းမှ အကြည်ရောင် ရေခဲလုံးလေးများ တစ်လုံးပြီးတစ်လုံး ပြန်ထွက်လာနေသည်။
သူလုပ်စရာရှိသည်ကို လုပ်ပြီးသောအခါ
ပိုးကောင်သည် ထိုဘောလုံးလေးများကို တောင်စွန်းမှ ကန်ချလိုက်လေသည်။ ရှောက်ရွှမ်သည် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူမျှော်လင့်ထားသည့်အတိုင်း ထိုပိုးကောင်သည် အသန့်အပြန့်ကြိုက်ပုံရသည်။ သူအိပ်သောနေရာတွင် မစင်မစွန့်သင့်ကြောင်း သူသိထားသည်။
အစာစားခြင်း၊ အစာဟောင်းစွန့်ခြင်းတို့ ပြီးဆုံးသောအခါ ထိုပိုးကောင်သည် လှုပ်ရှားခြင်း မရှိတော့ဘဲ အသိုက်ထဲတွင် လဲလျောင်းအနားယူနေလေသည်။ ရှောက်ရွှမ်လည်း ဆက်ကြည့်မနေတော့ဘဲ ကျောက်တုံးကို မှီကာ အိပ်စက်အနားယူလိုက်တော့သည်။
နောက်တစ်နေ့တွင် ပိုးကောင်သည် နေမထွက်ခင်ကတည်းက သူ့အသိုက်မှ ထွက်ခွာသွားသည်။ ပိုးကောင်အနောက်မှ လိုက်ရင်း ရှောက်ရွှမ်သည်လည်း တောင်အောက်သို့ဆင်းသွားလေသည်။
နောက်သုံးလေးရက်လောက်အထိ ရှောက်ရွှမ်သည် နောက်သို့လည်း ပြန်မသွားသလို ပိုးကောင်နောက်ကိုလည်း မလိုက်တော့ပါ။ ထိုအစား ရေခဲပြင်
အနားတဝိုက်ရှိ နေရာဒေသများကို လေ့လာနေလေသည်။ မြေပြင် အနေအထားနှင့် ရင်းနှီးသွားသောအခါ ရှောက်ရွှမ်သည် ရှေ့သို့လျင်မြန်စွာ ဆက်သွားလေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရှောက်ရွှမ်သည် သူ့နဂိုနေရာသို့ ပြန်သွားလေသည်။ ထိုနေရာမှ ရေခဲပြင်သည် လက်စွပ်တစ်ကွင်းနှင့်တူနေသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သူ၏မူလနေရာသို့ ပြန်သွားခြင်းဖြစ်သည်။ မူလနေရာသို့ ပြန်သွားသော လမ်းတလျှောက်တွင် ရှောက်ရွှမ်သည် ထိုပိုးကောင် အဖြူကြီးများကို ထပ်မံတွေ့ရသော်လည်း သူတို့နောက်သို့ ဆက်မလိုက်တော့ပါ။
နဂိုနေရာသို့ ပြန်ရောက်သောအခါ ရှောက်ရွှမ်သည် သူပထမဆုံးတွေ့ခဲ့သော ပိုးကောင်ကြီး၏ အရိပ်အယောင်ကို မတွေ့ရတော့ပါ။
ရှောက်ရွှမ်သည် ထိုပိုးကောင်ကြီး ဘယ်ရောက်သွားသည်ကို သိလိုသဖြင့် တောင်စွန်းမှနေ၍ အောက်သို့ ဆင်းခဲ့ပြန်သည်။ ပိုးကောင်၏အသိုက်သို့ရောက်သောအခါ ထိုပိုးကောင်သည် အရေခွံလဲ
နေသည်ကို မြင်လိုက်ရသည်။
ထိုပိုးကောင်သည် အရေခွံကိုချွတ်လိုက်ပြီးနောက် ပိုးမျှင် တချို့ကို ထုတ်လိုက်သည်။ ထိုပိုးမျှင်များမှာ ကြည်လင်နေသည်။
အရေခွံလဲပြီးနောက် ထိုပိုးကောင်မှာ မောပန်းသွားခြင်းဖြစ်နိုင်သည်။ ခဏလောက်နားပြီးသောအခါ ပိုးကောင်မှာ ပြန်လည် လှုပ်ရှားလာပြီး သူ့အရေခွံကို အသိုက်ထဲမှ အပြင်သို့ ကန်ထုတ်လိုက်သည်။
ရှောက်ရွှမ်က ထိုအရေခွံကိုလိုချင်နေသည်။ အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စုထဲမှ လူများတွင် အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုအရေခွံကို ရရန် အားထုတ်ကြိုးပမ်းခြင်းဖြစ်သည်။
ရှောက်ရွှမ်သည် ပြင်းထန်စွာတိုက်ခတ်နေသော လေကြောင်းတွင် ထိုအရေခွံ လွင့်ပါသွားမည်ကို စိုးရိမ်နေသည်။ သို့သော် မမျှော်လင့်ဘဲ ထိုအရေခွံသည် ရေခဲပေါ်သို့ ပြုတ်ကျသွားလေသည်။
အရေခွံကျသွားသောနေရာရှိ ရေခဲပြင်သည် ချိုင့်ဝင်သွားသည်။ ထိုအရာကို တွေ့သောအခါ ရှောက်ရွှမ် ကြက်သေသေသွားလေသည်။
အရေခွံပင်ထိုမျှလေးလံနေလျှင် ပိုးကောင်ကတော့ ပိုလေးလံမည် ဖြစ်သည်။ ပိုးကောင်ကတော့ သူ့အသိုက်ထဲတွင် အနားယူနေဆဲဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ချက်ချင်းအောက်သို့ဆင်းကာ အရေခွံကို သွားယူ၍မရပါ။ အရေခွံကို ယူလို့ရမည့် အခွင့်အရေးကို သာစောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုအခွင့်အရေးကို မနက်ဖြန်လောက်မှ ရနိုင်တော့မည် ထင်သည်။
ရှောက်ရွှမ်တစ်ယောက် နေထွက်လာသည့်အချိန်ကို စောင့်နေစဉ်တွင် ပိုးကောင်မှာ တောင်ပေါ်သို့ တစ္ဆေတစ်ကောင်လိုတက်သွားသည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် အရေခွံနားကိုသွားပြီး စစ်ဆေးကြည့်လိုက်သည်။ တစ်ညလုံးပစ်ထားသဖြင့် အရေခွံပေါ်တွင် နှင်းများဖုံးအုပ်နေသည်။
နှင်းများကို ခါထုတ်လိုက်ပြီး ရှောက်ရွှမ်သည် ထိုအရေခွံကို ကောက်ယူလိုက်သည်။ အလေးချိန်ကို
လက်ထဲတွင် ဆကြည့်လိုက်သောအခါ သူထင်ထားသည့်အတိုင်း လေးလေးပင်ပင်ဖြစ်နေလေသည်။ သို့သော် မျိုးနွယ်စုထဲမှ လူများအတွက်တော့ ထိုအလေးချိန်မှာ မှုလောက်စရာမဟုတ်ပေ။
အရေခွံမှာ ဟိုဖက်ဒီဖက်ဖောက်မြင်နေရသဖြင့် အပေါ်မှကြည့်သောအခါ ကိုင်ထားသော သူ့လက်ဝါးမှ အရေးအကြောင်းများကို ပင်မြင်နေရသည်။ အားနှင့်ဆွဲကြည့်သောအခါတွင်လည်း အရေခွံသည် ဘာမှ မဖြစ်ပါ။
တော်တော်ကောင်းသည့် အရေခွံတစ်ခုဖြစ်သည်။ ထို့နောက် အရေခွံကို လိပ်လိုက်ပြီး သူ့အိတ်ထဲသို့ ထည့်လိုက်လေသည်။
အသိုက်ထဲသို့ရောက်သောအခါ တခြားမည်သည့်အရာကိုမှ မတွေ့ရသဖြင့် ရှောက်ရွှမ်သည် တောင်ပေါ်သို့ ပြန်တက်လာခဲ့လိုက်သည်။
ထို့နောက်တွင်တော့ ရှောက်ရွှမ်သည် ထိုပိုးကောင်များကို လိုက်ရှာလေတော့သည်။ ထိုသတ္တဝါများ၏ ခြေရာကိုခံ၍ အသိုက်များကို လိုက်ရှာခဲ့သည်။ ထို
ပိုးကောင်မျိုး၏ အရေခွံနောက်၂ခုကို ထပ်မံရရှိခဲ့သည်။ တခြားပိုးမွှားများဆီကတော့ ဘာပစ္စည်းမှ မရရှိခဲ့ပါ။ သူတို့သည် အရေခွံမလဲသေးသောကြောင့် ဖြစ်လျှင် ဖြစ်မည် သို့မဟုတ် အရေခွံကို တောင်အောက် ပစ်ချလိုက်တာလည်း ဖြစ်နိုင်သည်။ အသိုက်များထဲတွင် အရေခွံများကို မတွေ့ရပါ။ နှင်းပေါ်တွင် ပေါ်နေသော စွပ်ကြောင်းများကို ကြည့်ပြီး သူတို့သည် အသိုက်မှ အတော်ဝေးသောနေရာသို့ သွားကြကြောင်း ရှောက်ရွှမ်သိလိုက်ရသည်။
ရှောက်ရွှမ်သည် အရေခွံများကို လိုက်ရှာနေသော နေ့ရက်များအတွင်းမှာပင် ထိုပိုးမွှား၏ကိုယ်သည် အရင်ထက်ပို၍ ဟိုဘက်ဒီဘက် ဖောက်ထွင်းမြင်နေရသည်။ နဂိုအရောင်က အဖြူဆွတ်ဆွတ်ဖြစ်ပြီး အခုတော့ အကြည်ရောင်ဖြစ်ကာ ဟိုဖက်ဒီဖက်ကို ဖောက်ထွင်းမြင်နေရပြီဖြစ်သည်။
နောက်ဆုံးတွင် ထိုပိုးကောင်များပျောက်ကွယ်သွားသည့်အခါ ရှောက်ရွှမ်သည် သူတို့အသိုက်ထဲသို့ရှာကြည့်လိုက်သည်။ ထိုအခါ ထိုပိုးကောင်များသည် ပိုးတုံးလုံးကောင်များ အဖြစ်သို့ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ထိုအဆင့်တွင် ပိုးကောင်များ၏ အခွံမှာ ထောင့်ချိုးများနှင့် ဖွဲ့စည်းထားပြီး အရောင်ကတော့ အကြည်ရောင်ဖြစ်သည်။ သေချာသာ မကြည့်မိပါက ရေခဲတုံးများဟု ထင်မိမည်ဖြစ်သည်။
ထိုသတ္တဝါများသည် ပိုးတုံးလုံးဘဝတွင် ဘယ်လောက်ကြာဦးမည်လဲ ရှောက်ရွှမ်လည်း မသိပါ။
နောက်ဆုံးတွင်တော့ ထိုပိုးကောင်များ၏ အသိုက်နေရာကို အလွတ်ရအောင် မှတ်သားလိုက်ပြီး နေ့တိုင်းလာကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်သည့်အချိန်များတွင်တော့ ရှောက်ရွှမ်သည် ရေခဲတိုင်များတွင် ပါဝင်သော စွမ်းအင်များကို စုပ်ယူလေသည်။ ထိုနေရာသည် အလွန်တိတ်ဆိတ်ငြိမ်းချမ်းသဖြင့် စွမ်းအင်ကို စုပ်ယူရန် အလွန်သင့်လျော်သောနေရာဖြစ်လေသည်။
ရေခဲတိုင်များတွင် ပါဝင်သော စွမ်းအင်သည် မီးလျှံသလင်းကျောက်တွင် ပါသော စွမ်းအင်လောက်တော့ မသန့်စင်သလို အားလည်းမကောင်း
ပါ။ ရှောက်ရွှမ်အတွက်တော့ မီးလျှံသလင်းကျောက်မှ စွမ်းအင်သည် အထောက်အပံ့ပေးရုံလောက်သာရှိသည်။ သူ့စိတ်ထဲမှ နတ်ရုပ်အပေါ်သက်ရောက်မှုမရှိပါ။ ထိုအချက်မှာ သူနှင့် မျိုးနွယ်စုထဲမှ လူများကြားမှ ကွာခြားချက်ပင်ဖြစ်လေသည်။
သို့သော် ရေခဲတိုင်များတွင်ပါဝင်သော စွမ်းအင်ကို စုပ်ယူပြီးသောအခါ သူ့စိတ်ထဲမှ နတ်ရုပ်တွင် ငွေရောင်စွမ်းအင်များ စုပုံနေသည်ကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲမှ နတ်ရုပ်တွင် ဖြစ်ပေါ်သော အပြောင်းအလဲများအတွက် စွမ်းအင်အရင်းအမြစ်မှာ ရေခဲတိုင်မှ ရသော စွမ်းအင် အရင်းအမြစ်မျိုးဖြစ်နေသည်။
လနှစ်စင်းသည် ကောင်းကင်ပေါ်တွင် လှည့်လည်နေသဖြင့် ပတ်ဝန်းကျင်မှာ လင်းထိန်နေသည်။
ဒီနေ့တွင်တော့ လကြတ်သည်။
တောင်ထိပ်ပေါ်ရှိ မြူများနှင့် တိမ်များကြားမှ ရှောက်ရွှမ်သည် လကို ကြ့ည်လိုက်သည်။
မျိုးနွယ်စုနေထိုင်ရာ နယ်ပယ်တဝိုက်တွင်တော့
အခုလိုအချိန်တွင် တောအုပ်ထဲမှ သားရဲများ၏ အော်မြည်သံကို ကြားရမည်ဖြစ်သည်။ ယခုနေရာတွင် အရာအားလုံးသည် တိတ်ဆိတ်လျက်ရှိသည်။
တခြားသက်ရှိများ၏အသံကို မကြားရသဖြင့် သူသည် ကမ္ဘာမြေနှင့် အဆက်အသွယ်ပြတ်သလို ဖြစ်နေသည်။
ပထမအမဲလိုက်ထွက်သည့်အချိန်မှစ၍ အခုခရီးစဉ်အထိဆိုလျှင် နှစ်တစ်ဝက်ဆိုသောအချိန်သည် မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားပြီဖြစ်သည်။
ရုတ်တရက် ရှောက်ရွှမ်သည် သူ့အောက်မှ တစ်စုံတရာ လှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။ ပိုးတုံးလုံးများကို အမှတ်ရလာသဖြင့် သူသည် အောက်ဆင်းကာ အခြေအနေအကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုညတွင် လနှစ်စင်းမှ ထွက်ပေါ်လာသော အလင်းရောင်သည် နေ့အလင်းရောင်လို ထိန်းလင်းလျက်ရှိသည်။ ကြောက်မက်ဖွယ်သားရဲများနှင့်
တိရစ္ဆာန်များအတွက်တော့ ထိုညသည် ထူးခြားသော ညတစ်ညဖြစ်လေသည်။
တောင်အောက်ကိုဆင်းလာသော ရှောက်ရွှမ်စိတ်ထဲတွင်လည်း စိတ်ထဲတွင် တမျိုးဖြစ်နေသည်။
ပိုးကောင်များ၏ အသိုက်သို့ရောက်သောအခါ အသိုက်ထဲမှ ပိုးကောင်တစ်ကောင် ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုပိုးကောင်သည် အရင်ဘဝကထက် များစွာသေးငယ်သွားသည်။ ပိုးကောင်မှာ အတောင်မပါသော လိပ်ပြာနှင့်တူပြီး ဦးခေါင်းတွင် အာရုံခံ အတံလေး၂ခုပါလေသည်။
ထိုအကောင်သည် အသိုက်မှ ထွက်ခွာလာပြီး ကျောက်ဖျာကြီးဆီသို့ ဦးတည်သွားလေသည်။ ထို့နောက် ကိုယ်တွင်းမှ အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ထိုအလင်းတန်းသည် အတောင်ပံတစ်စုံ ဖြစ်လာလေသည်။
အတောင်ပံသည် ပိုပိုကြီးလာသဖြင့် ပိုးကောင်ရှိနေသော ကျောက်တုံးကို ပင်မမြင်ရတော့ပါ။
ထိုလိပ်ပြာသည် တောက်ပနေသော အတောင်ပံများကို ဖြန့်ကျက်ရင်း ကျောက်တုံးပေါ်တွင် ခဏနားနေသည်။ ထို့နောက် အတောင်ပံများကို ခတ်၍ အဝေးသို့ ပျံထွက်သွားလေသည်။
အဖြူရောင်အလင်းတန်းလေးသည် အဝေးသို့ရောက်သွားသည်နှင့် အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတွင်တော့ ပိုးကောင်အားလုံး လိပ်ပြာများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကောင်းကင်တွင် ကြယ်များမရှိသဖြင့် တောက်ပနေသော အတောင်ပံများသည် ညဘက်တွင် တဖျတ်ဖျတ်လက်လျက်ရှိတော့သည်။ ရေခဲတမျှအေးသော လေများတိုက်ခတ်နေသော်လည်း ထိုလိပ်ပြာများကတော့ မှုပုံမပေါ်ဘဲ ရှေ့သို့သာ ဆက်ပျံသွားလေသည်။
ရှောက်ရွှမ်လည်း ထိုအလင်းစက်လေးများ တဖြည်းဖြည်းသေးငယ်သွားပြီး ပျောက်ကွယ်သွားသည်ကို မတ်တပ်ရပ်ရင်း ကြည့်နေလိုက်သည်။
ထို့နောက်တွင်တော့ ရှောက်ရွှမ်သည် ထိုပိုးကောင်များ၏ အသိုက်ဆီသို့ ပြန်လာလိုက်သည်။
အသိုက်များဆီသို့ ရောက်သောအခါ ပိုးမျှင်များကို တွေ့ရလေသည်။ ထိုပိုးမျှင်များကို ဒီအတိုင်းထားခဲ့မည်ဆိုပါက မကြာခင်အချိန်အတွင်း ရေခဲများနှင့် နှင်းများက ဖုံးလွှမ်းသွားမည် ဖြစ်သည်။
ထိုအသိုက်များရှိရာသို့ လာပြီး ရှောက်ရွှမ်သည် ပိုးမျှင်များကို ခွာယူရ လွယ်လား မလွယ်လား သိရရန် ဆွဲကြည့်လိုက်သည်။ အရေခွံများသည် ဆွဲခွာရအလွန်ခက်ခဲလေသည်။ သို့သော် နတ်စွမ်းအင်ကို အသုံးချလိုက်သောအခါ ဆွဲခွာရလွယ်ကူသွားလေသည်။
ရှောက်ရွှမ်သည် တခြားအရေခွံများကို ရယူရန် ထိုနည်းလမ်းကိုသာ အသုံးချ လေတော့သည်။
ပိုးမျှင်များသည် ကျောက်တုံးများပေါ်တွင် အရမ်းကပ်နေသဖြင့် ကျောက်တုံးနှင့် တစ်သားတည်းလိုဖြစ်နေသည်။ သို့သော် နတ်စွမ်းအင်ကို အသုံးပြုလိုက်သောအခါ အားအနည်းငယ်သုံးရုံနှင့် ဆွဲခွာ၍ ရ
သွားသည်။
ပိုးကောင်၏ အရေခွံနှင့်ယှဉ်လျှင် ပိုးမျှင်များမှာ ပေါ့ပါးပါသည်။ ထို့ကြောင့် ရှောက်ရွှမ် ပျော်သွားလေသည်။
အသိုက်ထဲတွင်တော့ ရှောက်ရွှမ်ဘာမှ မတွေ့ရပါ။ ပိုးအိမ်များထဲတွင်လည်း ဘာမှ မတွေ့ရပါ။ လိပ်ပြာများက သူတို့ကိုယ်မှ ထွက်သောပစ္စည်းများကို ကန်ထုတ်လိုက်ခြင်းလား၊သို့မဟုတ် စားပစ်လိုက်ခြင်းလား။
ဘာမှ ရှာမတွေ့လျှင်လည်းသိပ်တော့ အရေးမကြီးလှပါ။ ရှောက်ရွှမ်အတွက်တော့ ပိုးမျှင်များကို ရရှိခဲ့ခြင်းသည်ပင် အဖိုးတန်လှပြီ ဖြစ်သည်။ သူရရှိခဲ့သော ပိုးမျှင် အရေအတွက်မှာ မနည်းလှပါ။ ပိုးကောင်များအတွက်တော့ ထိုပိုးမျှင်များမှာ အရေးမပါတော့ပါ။ အရေးပါသည်ဆိုပါက သူတို့နှင့် တစ်ပါတည်း ယူဆောင်သွားမည် ဖြစ်သည်။ တချို့နေရာများတွင် ပိုးမျှင်များသည် လေထဲတွင် လွင့်ပျံနေသည်။
ရှောက်ရွမ်သည် ပိုးမျှင်များကို ၂ရက်တိုင်တိုင်လိုက်ယူနေသည်။ ထိုအချိန်တွင် သိမ်းငှက်ကြီးများပြန်ရောက်လာသည်။
ချာချာပြန်ရောက်လာစဉ်ကလိုပင် သိမ်းငှက်များသည် အလွန်ပင်မောပန်းနေသည်။ သူတို့ကို ကြည့်ရသည်မှာ အခြေအနေမဟန်ပေ။ အသက်အရွယ်ကြီးလာသောကြောင့်ပင် ထိုသို့ဖြစ်သလားမသိပါ။
ထိုသိမ်းငှက်များရောက်လာသောအခါ ရှောက်ရွှမ်သည် ချာချာလည်း မကြာခင် ပြန်ရောက်လာတော့မည်ဆိုတာကို သိလိုက်သည်။
ရေခဲပြင်ပေါ်သို့ သိမ်းငှက်ကြီးများပြန်ရောက်လာသောအခါ ရှောက်ရွှမ်သည် လွတ်လပ်စွာ မသွားလာနိုင်တော့။ရှောက်ရွှမ်သည် သူနှင့်ချာချာ ပထမနေခဲ့သောနေရာတွင်ပင်ဆက်နေကာ ပုန်းအောင်းနေလိုက်သည်။
ထိုနေ့များတွင် ရှောက်ရွှမ်သည် ရေခဲများကို ကိုက်လိုက်၊ ဖြတ်သွားသော သိမ်းငှက်ကြီးများကိုကြည့်လိုက်နှင့် အချိန်ကုန်ဆုံးခဲ့သည်။
ရေခဲတိုင်များကို စားနေရင်းနှင့် တစ်စုံတခုလိုအပ်နေသည်ဟု ရှောက်ရွှမ်ခံစားလိုက်ရသည်။ ခေါင်းကိုမော့ကြည့်လိုက်သောအခါ သိမ်းငှက်တစ်ကောင်သည် သူ့ရှေ့တွင် ဆင်းသက်လိုက်သည်ကို တွေ့လိုက်ရသည်။
သိမ်းငှက်ဦးခေါင်းသည် သူနှင့် သိပ်မဝေးကွာသဖြင့် ရှောက်ရွှမ်သည် ထိုသိမ်းငှက်ကို ကောင်းစွာ မြင်နေရသည်။
ထို့နောက် သူတို့ အကြည့်ချင်းဆုံမိသွားကြသည်။