စိတ်လှုပ်ရှားစရာ အဖြစ်အပျက်
Vol. 10 Ch. 147
နတ်ဆေးဆရာသည် ရှောက်ရွှမ်တောင်ပေါ်တက်လာမှာကို ကြိုသိနေပုံရသည်။ သူသည် ရှောက်ရွှမ်ရောက်အလာကို စောင့်နေလေသည်။ နတ်ဆေးဆရာ၏ အိမ်တော်ကို စောင့်ရှောက်သော အစောင့်များက ရှောက်ရွှမ်ရောက်လာသည်ကိုတွေ့သောအခါ ပြုံးရွှင်သွားကြသည်။
“အထဲမှာ မင်းကိုနတ်ဆေးဆရာစောင့်နေတယ်” တစ်ယောက်ကလှမ်းပြောသည်။
“ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်က အိမ်ထဲသို့ဝင်ရင်း လှမ်းပြောလိုက်သည်။
ထိုင်နေသော နတ်ဆေးဆရာကိုကြည့်လိုက်သောအခါ သူသည် အလွန်မောပန်း နေကြောင်းရှောက်ရွှမ်သိလိုက်သည်။ ခန္ဓာကိုယ်မောပန်းခြင်းမဟုတ်သော်လည်း စိတ်မောပန်းခြင်းဖြစ်သည်။ သူနှင့်မတွေ့သည်မှာ တစ်နှစ်ခန့်သာရှိသေးသော်လည်း နတ်
ဆေးဆရာမှာမူ များစွာ အိုမင်းသွားသည်ဟုထင်ရသည်။
ကျောက်စားပွဲလေးဆီ လျှောက်သွားကာ ထိုင်ချလိုက်ပြီး မေးလိုက်သည်
“ နေကောင်းပါသလား အရှင်နတ်ဆေးဆရာ”။
နတ်ဆေးဆရာက တပြုံးပြုံးနှင့် ခေါင်းတငြိမ်ငြိမ့်ဖြစ်သွားသည်။ ထိုအခါ နတ်ဆေးဆရာမျက်နှာပေါ်မှ အရေးအကြောင်းများ ပိုမိုပေါ်လွင်လာသည်။ နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို ကြည့်ရင်း သဘောကျနေသည်။ ထို့နောက် နတ်ဆေးဆရာက “မင်းသွားခဲ့တဲ့ ခရီး…အခြေအနေဘယ်လိုလဲ”ဟုမေးလိုက်သည်။
“အခြေအနေကောင်းပါတယ်၊ ကျွန်တော်ကြုံတွေ့ခဲ့ရတာ များလွန်းလို့ အကုန်လုံး အရှင့်ကို ပြန်မပြောနိုင်သေးဘူး၊ နောက်မှ ကျွန်တော် ပန်းချီဆွဲပြမယ်၊ သားရေချပ်နဲ့ မှင်တွေ ပေးပါဦး၊ ကျွန်တော့်မှာ မရှိတော့ဘူး”
ရှောက်ရွှမ်သည် ပန်းချီဆွဲပြမည်ဟုပြောသော်လည်း သူကြုံတွေ့ခဲ့ရသည်မှာ များပြားလွန်းသဖြင့် အားလုံးကိုဆွဲပြရန်တော့ မဖြစ်နိုင်ပါ။ ထို့ကြောင့် အဖြစ်အပျက်တချို့ကိုသာ ရွေးချယ်ဆွဲပြရမည်။
လမ်းပြသိမ်းငှက်ကြီး၊ မြင့်မားသော တောင်တန်းကြီး၊ ရေခဲပြင်၊ လျို့ဝှက်ဆန်းကြယ်သည့် သိမ်းငှက်တောင်ကြီးနှင့် ထူးဆန်းသော အဖြူရောင် ပိုးကောင်များအကြောင်းကို ပန်းချီရေးဆွဲပြရန် ရှောက်ရွှမ်ဆုံးဖြတ်လိုက်သည်။
နတ်ဆေးဆရာသည် ရှောက်ရွှမ်ပြန်ပြောပြသည်ကိုနားထောင်နေရင်း ဘိုးဘေးများ၏ နာမည်များကို ပြန်စဉ်းစားနေသည်။ ရှောက်ရွှမ်အစီရင်ခံနေသည်ကို သေချာနားထောင်ပြီးသောအခါ သူ့မျက်နှာမှာ တည်ငြိမ်လေးနက်သွားသည်။ ရှောက်ရွှမ်စကားပြောနေသည့်အချိန်တွင် နတ်ဆေးဆရာသည် လုံးဝတိတ်ဆိတ်နေသည်။ သူသည် အရေးကြီးသောအချက်အလက်များကို မကြားလိုက်ရမှာ စိုးရိမ်နေသည်။
ရှောက်ရွှမ်ပြောပြ၍ ပြီးသွားသောအချိန်တွင်ပင် နတ်ဆေးဆရာသည် လေးနက်စွာ စဉ်းစားနေသည်။ အချိန်များအတော်ကုန်ဆုံးသွားမှ နည်းနည်းလှုပ်ရှားလာသည်။
“ဒါဆို ဒဏ္ဍာရီလာသိမ်းငှက်တောင်က တကယ်ရှိတာပေါ့” နတ်ဆေးဆရာ၏ အာမေဍိတ်သံထွက်ပေါ်လာသည်။
ရှောက်ရွှမ်တစ်ယောက် ထိုငှက်ပေါက်စလေးကို စခေါ်လာသောနှစ်တုန်းက နတ်ဆေးဆရာသည် ထိုငှက်မှာ အဆမတန်ကြီးထွားလာမည်ကို ကြိုသိထားသည်။
ရှောက်ရွှမ်ကသူ့ကို တစ်ခါမေးဖူးသည်။ သူ့အနေနှင့် မျိုးနွယ်စုနယ်ပယ် အပြင်ထွက်၍ တခြားမျိုးနွယ်စုများကို ရှာဖွေရန် စိတ်ကူးဖူးသလား ဟုရှောက်ရွှမ်ကမေးခဲ့သည်။
တကယ်လည်း နတ်ဆေးဆရာသည် ထိုသို့စိတ်ကူးခဲ့ဖူးပါသည်။ ထိုသို့စိတ်ကူးမှာ နတ်ဆေးဆရာတိုင်း၏ အိပ်မက်ဖြစ်သော်လည်း ဘယ်နတ်
ဆေးဆရာကမှ အောင်မြင်အောင် မစွမ်းဆောင်နိုင်ပါ။ ချာချာ့ကို ပထမအကြိမ်မြင်တုန်းက နတ်ဆေးဆရာ စိတ်ကူးတစ်ခုရခဲ့သည်။ ချာချာတစ်ကောင် လုံးဝအရွယ်ရောက်သည့် အချိန်တွင် သူသည် သိမ်းငှက်ကို စီးကာ မျိုးနွယ်စုထဲမှ စစ်သည်တော်များပင်မရောက်နိုင်သော နယ်မြေများကို သွားမည် ဟုစိတ်ကူးဖူးသည်။
ဘိုးဘေးများ၏ မှတ်တမ်းများတွင် အလွန်မြင့်မားသော တောင်များ၏ ထိပ်ဖျားသည် အကြောက်တရားကင်းမဲ့သော သိမ်းငှက်ကြီးများ နေထိုင်ရာဖြစ်လေသည်။ ထိုကဲ့သို့အမြင့်တွင်နေသော သိမ်းငှက်များသည် ထွက်ပြေးရန် ဘယ်တော့မှ စိတ်မကူးပဲ တောတခွင်ကို သိမ်းပိုက်ရန်သာ ကြံစည်နေလေ့ရှိသည်။
အမဲလိုက်အဖွဲ့များတွင် အမဲလိုက်လမ်းကြောင်းကို ပိတ်ဆို့ထားသော တောင်ထိပ်ဖျားများကို မကျော်လွှားနိုင်သူများပါဝင်သည်။ ထို့ကြောင့် သူတို့အမဲလိုက်ထွက်သောအခါ ထိုတောင်များကို ရှောင်ရှားသွားရသည်။ အမဲလိုက်လမ်းကြောင်းကို စူးစမ်းလေ့လာရန်အားထုတ်ခဲ့ကြသော ဘိုးဘေးများ
ပင် ထိုတောင်ထိပ်ကို ရှောင်ကွင်းသွားကြသည်။ သူတို့သည် တောင်ကို ဖြတ်သွားနိုင်မည့် လမ်းတစ်ခုမရှာနိုင်ပါက ခရီးလမ်းမှာ ပိုရှည်ကြာသွားမည်ဖြစ်သည်။
လမ်းအသစ်များကို ရှာဖွေရန် ဘိုးဘေးများကြိုးစားခဲ့စဉ်တုန်းက မကျော်လွှားနိုင်သော အတာအဆီးများစွာကို ကြုံတွေ့ခဲ့ရသည်ကို တခြားမျိုးနွယ်စုဝင်များက မသိကြပါ။ ထိုအတားအဆီးများသည် နောက်မျိုးဆက်များ၏ ပုခုံးပေါ်သို့ ကျရောက်လာသည်။
စစ်သည်တော်များမကျော်လွှားနိုင်သည့် အတားအဆီး ဆိုသည်မှာ ကြောက်မက်ဖွယ်သားရဲများ မဟုတ်ဘဲ မြင့်မားသောတောင်တန်းများနှင့် ကျယ်ပြန့်လှသော မြစ်ကြီးဖြစ်လေသည်။ ထိုနေရာ၂ခုလုံးမှာ အန္တာရာယ်ရှိသော နေရာများ ဖြစ်လေသည်။
ဧရာမသိမ်းငှက်ကြီးတစ်ကောင်လို ထိုတောင်တန်းနှင့် မြစ်ကြီးကို တိုက်ရိုက်ကျော်ဖြတ်နိုင်မည်ဆိုပါက သူတို့အတွက် အတားအဆီးရှိတော့မည် မဟုတ်ပါ။
သိမ်းငှက်သည် ကံကောင်းထောက်မစွာဖြင့် အရွယ်ရောက်လာခဲ့ပြီး၊ နတ်ဆေးဆရာသည် ထိုအိပ်မက်ကို သူ့သက်တမ်းတွင် အကောင်အထည်မဖော်နိင် ခဲ့သော် သူသည် ထိုအိပ်မက်အကြောင်းကို သားရေချပ်တွင် ချရေးထားပြီး နောက်တက်လာမည် နတ်ဆေးဆရာကို လက်ဆင့်ကမ်းခဲ့မည်။ ထိုနတ်ဆေးဆရာမှ နောက်နတ်ဆေးဆရာကို ဆက်လက်လက်ဆင့်ကမ်းမည်။ ထိုနည်းအားဖြင့် နှစ်ရာပေါင်းများစွာကြာပြီးသောအခါ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပေသည်။
သူသည် ချာချာ့ကိုတွေ့ကတည်းက ဆီဆာ့ထက် ပို၍ဂရုစိုက်ခဲ့သည်။ ရှောက်ရွှမ်သည် ချာချာ့ကိုခေါ်၍ သိမ်းငှက်တောင်ကို ရှာတွေ့မည်ဟု မမျှော်လင့်ထားသလို ချာချာသည် ပထမအဆင့်ကြီးထွားမှုကို အောင်မြင်မည်ဟုလည်း မမျှော်လင့်ထားပါ။
အခုတော့ နတ်ဆေးဆရာ၏ မျှော်လင့်ချက်များပြန်လည်ရှင်သန်လာပြီ။ နတ်ဆေးဆရာသည် အမဲလိုက်လမ်းကြောင်းအသစ်တစ်ခုစတင်မည့် ကိစ္စတွင် မြုပ်နှံထားသည်မှာ ၂နှစ်၃နှစ်လောက်ရှိပြီဖြစ်သည်။ အခုတော့ မျိုးနွယ်စုအပြင်ဘက်တွင်
တခြားလူများရှိနေသည်ဟု ရှောက်ရွှမ်ကဆိုလာသောအခါ အမဲလိုက်လမ်းကြောင်းအသစ် နှင့် တခြားကိစ္စများမှ သိပ်အရေးမကြီးတော့သလိုဖြစ်သွားသည်။ ထာ့အဖွဲ့နှင့် ကွေ့ဟယ်တို့အဖွဲ့ကိစ္စမှာလည်း အရေးမပါတော့ပေ။
အခုတော့ သူသည် ထိုအကြောင်းများကို ဘယ်သူ့ကိုမှ မပြောရသေး။ မျိုးနွယ်စုထဲမှ လူများ၏အမြင်တွင်တော့ ထိုကိစ္စများသည် စိတ်ကူးယဉ်ခြင်း သက်သက်သာ ဖြစ်နေမည်။ မျိုးနွယ်စု၏ မီးရှုးတန်ဆောင်တစ်ယောက်အနေနှင့် နတ်ဆေးဆရာသည် သူကိုယ်တိုင်မသေချာသေးသော ကိစ္စကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပေ။
“ကောင်းတယ် အားရွှမ်…သိပ်ကောင်းတယ်၊ နောက်တစ်ခါလာလျှင် ချာချာ့ကိုပါခေါ်လာခဲ့”
“ဟုတ်ကဲ့…နောက်တစ်ခါကျရင် ကျွန်တော်သူ့ကို ခေါ်ခဲ့ပါ့မယ်၊ ဒါပေမဲ့ ချာချာက အကောင်ကြီးလာတော့ ဒီအိမ်နဲ့ဆန့်မှာ မဟုတ်တော့ဘူး” ရှောက်ရွှမ်ကပြန်ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်သောအခါ နတ်ဆေးဆရာမျက်နှာ ပြုံးပြုံးကြီးဖြစ်သွားသလို မျက်လုံများမှာ အရောင်လက်လာသည်။ သူသည် ချာချာ့ကိုတွေ့ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
နတ်ဆေးဆရာ အလွန်ပျော်နေကြောင်း သိလိုက်ရသဖြင့် ရှောက်ရွှမ်သည် ကြက်သီးများပင်ထလာမိသည်။ သူသည် နတ်ဆေးဆရာကို ပြောရန်ကိစ္စတစ်ခု ရှိသေးသော်လည်း နတ်ဆေးဆရာသည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေသည်။ ရှောက်ရွှမ်သည် ထိုကိစ္စကို အခုပြောလျှင်ကောင်းမလား နောက်မှ ပြောလျှင် ကောင်းမလား စဉ်းစားနေသည်။ နတ်ဆေးဆရာ၏ အသက်အရွယ်မျိုးသည် တုန်လှုပ်စရာ ကိစ္စမျိုးကို ခဏခဏ မခံစားနိုင်တော့။
“တခြားကော ဘာပြောစရာ ရှိသေးလဲ” နတ်ဆေးဆရာက မေးလိုက်သည်။
“ တခြားမျိုးနွယ်စုတွေနေတဲ့နေရာက ကျွန်တော်တို့နေတဲ့နေရာနဲ့ ဘယ်လောက်ဝေးမယ်ထင်လဲ” ရှောက်ရွှမ်ကမေးလိုက်သည်။
နတ်ဆေးဆရာပြန်လည်ပြုံးလိုက်မိသည်။ စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောသည်။ ချာချာအရွယ်ရောက်လာရင် ငါတို့သိရမှာပေါ့၊ ငါပြောတာကို ယုံစမ်းပါ၊ အဲဒီမျိုးနွယ်စု အကြောင်းကို တစ်နေ့တော့ သိလာရမှာပါ”။
သို့သော် နတ်ဆေးဆရာသည် စိတ်ဓာတ်အနည်းငယ်ပြန်ကျသွားသည်။
“ငါ့သက်တမ်းမှာ အဲဒီကိစ္စဖြစ်လာတာကို မြင်ရမလား မမြင်ရမလားတော့ မသေချာဘူးပေါ့ကွာ”
ရှောက်ရွှမ်ပါးစပ်ပိတ်သွားသည်။ ထို့နောက် သိမ်းငှက်ကြီး လက်ဆောင်ပေးလိုက်သော ကျောက်တုံးကို ထုတ်၍ စားပွဲပေါ်တင်ထားလိုက်သည်။
သိမ်းငှက်တောင်မှ မပြန်ခင် ရှောက်ရွှမ်သည် ထိုကျောက်တုံးပေါ်မှ အညစ်အကြေးများကို သေချာသုတ်သင်ကာ ကျောက်တုံးကို သန့်ရှင်းရေးလုပ်ထားသည်။
“ဒါက…” နတ်ဆေးဆရာသည် တစ်စုံတရာကို
ပြောချင်သော်လည်း အသံထွက်မလာပေ။ သူ့လည်ချောင်းတွင် တစ်ခုခုတစ်ဆို့နေသလို ခံစားနေရသည်။
“ဘာများဖြစ်လို့လဲ…စိတ်အေးအေးထားပါ…စိတ်အေးအေးထား…အသက်ကို ပြင်းပြင်းရှူ…” ရှောက်ရွှမ်သည် တုန်လှုပ်သွားပြီး နတ်ဆေးဆရာ၏ ကျောကုန်းကို အသာပုတ်ပေးနေလိုက်သည်။ “အသက်ကို ပြင်းပြင်းရှူ…”။
နတ်ဆေးဆရာက ရှောက်ရွှမ်ကို တွန်းထုတ်လိုက်သည်။ သူ့တကိုယ်လုံးမှာ တုန်ခါနေသည်။ တုန်ခါနေသော လက်ကို မြှောက်၍ ကျောက်တုံးကို လှမ်းညွှန်ပြလိုက်သည်။ သူ့လက်များမှာလည်း အလွန်တုန်ခါနေသဖြင့် စွပ်ပြုတ်တစ်ပန်းကန်ကို ကိုင်ထားပါက ထိုစွပ်ပြုတ်ပန်းကန်မှာ မှောက်ကျသွားမည် ဖြစ်သည်။
နတ်ဆေးဆရာပုံမှန်ပြန်ဖြစ်သွားသောအခါမှ ရှောက်ရွှမ်ထိုင်ချလိုက်သည်။
“ကျွန်တော်ပြောလို့မပြီးသေးဘူး…ဒီကျောက်တုံးကို သိမ်းငှက်ကြီးတစ်ကောင်က ကျွန်တော့်ကိုပေးသွား
တာ” ရှောက်ရွှမ်သည် သိမ်းငှက်ခြေထောက်ရှိ နတ်ရုပ်အမှတ်အသားကို မည်ကဲ့သို့ တွေ့ခဲ့ကြောင်း၊ သိမ်းငှက်ကို မည်ကဲ့သို့ အစာကျွေးခဲ့ကြောင်း ရှင်းပြနေသည်။
အလွန်အဖိုးတန်သောအရာတစ်ခုကို ကိုင်ထားသည့်အလား၊ နတ်ဆေးဆရာသည် ကျောက်တုံးကို ကိုင်ထားပြီး ရှောက်ရွှမ်ပြောသည်ကို သေချာနားထောင်နေလေသည်။
ရှောက်ရွှမ်စကားဆုံးသွားသောအခါ နတ်ဆေးဆရာသည် ကျောက်တုံးကို ကိုင်လိုက်ပြီး ကျောက်တုံးပေါ်မှ အမှတ်အသားကို သေချာကြည့်နေလေသည်။
ကျောက်တုံးပေါ်တွင် တိမ်တိုက်တစ်ခုပုံရေးဆွဲထားသည်။ သူသည် ပြန်စဉ်းစားလိုက်ပြီး သူဘာကြောင့် တုန်လှုပ်သွားရသလဲဆိုတာကို ရှောက်ရွှမ်ကို ပြောပြလိုက်သည်။ “ငါတို့ရဲ့ဘိုးဘေးတွေထားခဲ့တဲ့ သားရေချပ်တွေထဲမှာ ဒီပန်းချီပုံပါတယ်…ခဏနေဦးငါသွားရှာလိုက်ဦးမယ်”
နတ်ဆေးဆရာသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် ပြန်ရောက်လာသည်။ ထို့နောက် စားပွဲပေါ်မှ ကျောက်တုံးကို ကောက်ယူကာ တဖန်ပျောက်ကွယ်သွားပြန်သည်။
ရှောက်ရွှမ်လည်း စိတ်ရှည်စွာ စောင့်ဆိုင်းနေရင်း ရေတစ်ခွက်သောက်လိုက်သည်။
ခဏကြာတော့ နတ်ဆေးဆရာ၏အဆောင်တွင်းသို့ သူ့တပည့်များဝင်လာပြီး ရေနွေးအိုးလာလဲပေးသွားသည်။ ရှောက်ရွှမ်ကတော့ တည်ငြိမ်စွာထိုင်နေသည်။ နတ်ဆေးဆရာ၏ အဆောင်တွင်မှာ လက်ဖက်ရည်သောက်ရင်း တည်ငြိမ်စွာထိုင်နေနိုင်သူမှာ ရှောက်ရွှမ်တစ်ယောက်သာရှိလိမ့်မည်။အဖွဲ့ခေါင်းဆောင် ၂ယောက်ပင်ထိုကဲ့သို့ တည်ငြိမ်စွာ ထိုင်မနေနိုင်ပါ။
နာရီဝက်လောက်ကြာသောအခါ နတ်ဆေးဆရာသည် လျင်မြန်စွာ ပြန်လည် ရောက်ရှိလာသည်။ ထို့နောက် ရှောက်ရွှမ်ကိုလှမ်းပြောသည် “လာဟေ့…ငါတို့ ရှင်းကို သွားခေါ်ရမယ်” ။
ရှောက်ရွှမ်သည် ရှင်းကိုသိသည်။ သူနှင့် တစ်ခါနှစ်ခါဆုံတွေ့ဖူးသည်။ ရှင်းမှာ နတ်ဆေးဆရာထက်အသက်ကြီးပြီး မရေတွက်နိုင်သော နတ်ဆေးဆရာများ၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်များကို ဆုံတွေ့ဖူးသူ ဖြစ်သည်။ မျိုးနွယ်စုထဲတွင် သူသည် အရေးပါသူတစ်ယောက်ဖြစ်သည်။ အငြင်းပွာဖွယ်ကိစ္စများပေါ်ပေါက်လာပါက သူ့ကို အမြဲခေါ်ယူရသည်။
သို့သော် ထိုအဖိုးကြီးမှာ ပေါင်းသင်းရလွယ်ကူသော လူစားမျိုးမဟုတ်ပေ။ သူ့အကြည့်များသည် ဓားတစ်ချောင်းလို ထက်မြက်သည်ကို ရှောက်ရွှမ်မှတ်မိသေးသည်။
နတ်ဆေးဆရာက ရှောက်ရွှမ်ကို အိမ်ပြင်သို့ခေါ်လာပြီး တောင်အောက်သို့ ဆင်းသွားကြသည်။
လမ်းလျှောက်သွားရင်း တစ်ယောက်နှင့် တစ်ယောက် စကားပြောနေသော လူများကိုတွေ့လိုက်ရသော်လည်း နတ်ဆေးဆရာသည် လျင်မြန်စွာ ဆက်သွားနေသည်။ လမ်းကိုလျင်မြန်စွာ လျှောက်နေသောကြောင့် လမ်းတွင်တွေ့သူများကို နှုတ်ဆက်ခွင့် မရပါ။
“အဲဒါက…..အရှင်နတ်ဆေးဆရာလား” စစ်သည်တော်တစ်ယောက်က မေးလိုက်သည်။
“ဟုတ်မယ်ထင်တာပဲ”
“ဘယ်လိုဖြစ်တာလဲ…နတ်ဆေးဆရာကြီးဘာတွေ အရေးကြီးနေတာလဲ”
“သူ့နောက်ကလိုက်သွားတဲ့လူကို မတွေ့လိုက်ဘူးလား”
“လဲ့အိမ်ကိုသွားနေကြတာကွ…လဲ့အဖိုး ရှင်းနဲ့သွားတွေ့ဖို့ဖြစ်မယ်”
ထိုစကားကိုကြားမှ လူများသဘောပေါက်သွားကြသည်။ နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို လူသုံးဆယ်ထဲပြန်ထည့်ပေးရန် ရှင်းကို သွားပြောခြင်း ဖြစ်ရမည်။
ကွေ့ဟယ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်သော်လည်း ရှင်း၏အကြံဥာဏ်ကိုတော့ မငြင်းပယ်ရဲပါ။ နတ်
ဆေးဆရာက ရှောက်ရွှမ်ကို လူ၃၀ထဲထည့်လျှင်တောင် ရှင်းကတော့ လက်ခံမည် မဟုတ်ပေ။ ရှောက်ရွှမ်ကို လူ၃၀ထဲပြန်ထည့်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်တော့ပေ။ မီးပုံပွဲ၌ အမဲလိုက်လမ်းကြောင်းအသစ်တွင် ပါဝင်မည့်သူများကို ကြေညာပြီးသားဖြစ်သဖြင့် လူတစ်ယောက်ထပ်ထည့်၍မရသလို ပြန်လျှော့၍လည်း မရ။
ထိုအချိန်တွင် ရှင်းသည် သူ့အခန်းထဲတွင်ထိုင်နေပြီး မျက်လုံးများကို ပိတ်ထားကာ အတွေးနယ်ချဲ့နေလေသည်။
ရှင်း၏ဖခင်က သူ့ကိုတစ်ခါပြောဖူးသည်။ “ရေရှည်ကို ကြည့်ပါ၊ ရေတိုကိုပဲ မကြည့်နဲ့”။ ထို့ကြောင့် ရှင်းသည် မူလအမဲလိုက်လမ်းကြောင်းတွင်သာလိုက်ပါရသော သူ့သားမြေးများ၏ အဖြစ်မှာ အပြောင်းမလဲမရှိ ဖြစ်နေသည်ဟု ထင်မိသည်။
တစ်ခုခုလုပ်မည်ဆိုလျှင် အရေးပါအရာရောက်အောင်လုပ်သင့်သည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက အမဲလိုက်လမ်းကြောင်းများကို သတ်မှတ်ခဲ့သော ဘိုးဘေးများမှ လွဲ၍ အမဲလိုက်လမ်းကြောင်း
အသစ်ကို ရှာဖွေသူသည် ဂုဏ်ရည် အမြင့်ဆုံးသူဖြစ်လာမည်။
ထိုကဲ့သို့ သူမျိုးသည် သူ့မိသားစုထဲမှသာ ဖြစ်သင့်သည်။ တခြားလူများကိုတော့ ရှင်းဂရုမစိုက်ပါ။
လဲ့ပြောသွားသည်ကို ပြန်စဉ်းစားမိသောအခါ ရှင်းနှာခေါင်းရှုံ့လိုက်မိသည်။ နတ်ဆေးဆရာသည် တောင်အောက်ကကလေးတစ်ယောက်ကို ကူညီနေသည်မှာ တောင်ပေါ်က လူများကို မလေးမစားလုပ်သည်နှင့် တူမနေဘူးလား။
ထိုသို့တွေးနေရင်းပင် နတ်ဆေးဆရာသည် ရှောက်ရွှမ်ကိုခေါ်ကာ အိမ်ထဲသို့ ဝင်လာသည်။ အိမ်ထဲသို့ဝင်လာသူမှာ နတ်ဆေးဆရာဖြစ်နေသောကြောင့် သူ့ကို ဘယ်သူကမှ မတားဆီးရဲပါ။
ရှင်းကအသက်ပိုကြီးသော်လည်း သူတို့၏အဆင့်အတန်းကတော့ ကွာခြားနေသေးသည်။ နတ်ဆေးဆရာကို မျိုးနွယ်စုထဲမှ လူအားလုံးက လေးစားကြသည်။
ရှင်းသည် ထိုင်နေရာမှ ထလိုက်ကာ နတ်
ဆေးဆရာကို နှုတ်ဆက်လိုက်သည်။ ရှောက်ရွှမ်ကို မှတ်မိသော်လည်း မမြင်ချင်ယောင်ဆောင်နေသည်။
“အားရွှမ်…တံခါးပြန်ပိတ်လိုက်” ရှောက်ရွှမ်သည် နတ်ဆေးဆရာပြောသည့်အတိုင်း လုပ်လိုက်သည်။
ရှင်း၏အခန်းသည် သူများ၏အခန်းများလိုသစ်လုံးများနှင့် အခင်းခင်းထားပြီး မြက်ခန်းစီးများကာထားခြင်းမရှိပါ။ သူ့အခန်းကို သစ်သားပြားများဖြင့် ကာရံထားသည်။
ရှောက်ရွှမ်သည် အပြင်မှလူများအထဲကို မမြင်အောင် သစ်သားပြားများကို ဆွဲစေ့လိုက်သည်။
နတ်ဆေးဆရာ၏ အပြုအမူကိုမြင်လိုက်သောအခါ ရှင်းတစ်ယောက်ဒေါသထွက်သွားသည်။ သူတစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပင် နတ်ဆေးဆရာက ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။
စားပွဲပေါ်မှ ကျောက်တုံးကိုမြင်သောအခါ ရှင်း၏ဒေါသများ ပျောက်ကွယ်သွားသည်။ စိတ်
လှုပ်ရှားလွန်းသောကြောင့် သူ့မျက်နှာမှာ ရှုံ့တွသွားသည်။
ရှောက်ရွှမ်သည်လည်း တစ်ကိုယ်လုံးတွင် ကြက်သီးမွေညှင်းများထသွားသည်။