← Chapters

လျို့ဝှက် အစီအစဉ်

Vol. 10 Ch. 149

လျို့ဝှက် အစီအစဉ်

Vol. 10 Ch. 149

ရှင်းနှင့် နတ်ဆေးဆရာတို့ကို ကြည့်ရင်း ရှောက်ရွှမ်ခေါင်းကုတ်လိုက်မိသည်။ “အမှန်တော့ ကျွန်တော် အဲဒီမြစ်ကိုလေ့လာနေတာ ကြာပါပြီ”

“အရှင်တို့ ချာချာ့ကိုစီးပြီး အဲဒီမြစ်ကို ဖြတ်ကျော်မှာလား”ရှောက်ရွှမ်ကမေးလိုက်သည်။ နတ်ဆေးဆရာက ခေါင်းခါလိုက်ပြီး “ မြစ်ပြင်ကြီးက အရမ်းကျယ်လွန်းတယ်… ချာချာနားစရာနေရာ မရှိဘူး…မြစ်ထဲက သားရဲတွေရဲ့ရန်လည်း ရှိသေးတယ်…ချာချာက နောက်ထပ်၂ဆင့်လောက်ကြီးထွားလာရင်တောင် အဲဒီမြစ်ကို ဖြတ်ပျံနိုင်ဦးမှာ မဟုတ်ဘူး”ဟုပြောလိုက်လေသည်။

မစားမသောက် အနားမယူဘဲနှင့် ပျံသန်းမည်ဆိုပါက မြစ်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည် မဟုတ်ပါ။

ရှင်းသည်လည်း ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး

“တစ်ခါတလေလူငယ်တွေရဲ့ စိတ်ကူးက ပိုကောင်းတတ်တယ်”ဟုပြောလိုက်သည် ။

“ကျွန်တော်က ချာချာနဲ့ဖြတ်ပျံမှာ မဟုတ်ပါဘူး…လှေတစ်စင်းထွင်းမယ်လို့ စိတ်ကူးနေတာပါ၊ တောထဲမှာ သစ်ပင်ကြီးတွေ အများကြီးရှိတာဆိုတော့ လှေတစ်စင်းလောက်ထွင်းဖို့က မခက်ပါဘူး” ရှောက်ရွှမ်က သူ့အကြံကို ပြောပြသည်။

“လှေဟုတ်လား… ဘိုးဘေးတွေထားခဲ့တဲ့ သားရေချပ်တွေထဲမှာ လှေတွေနဲ့ ရွက်တွေအကြောင်း ငါဖတ်ဖူးတယ်…ဒါပေမဲ့ မြစ်ထဲက တချို့ သားရဲတွေက သစ်သားစားတဲ့ သားရဲတွေကွ…မင်းလှေတစ်စစီဖြစ်သွားလိမ့်မယ်” နတ်ဆေးဆရာက ပြောသည်။ သူသည် မြစ်ကမ်းနံဘေးသို့ သိပ်မရောက်ဖူးသော်လည်း မြစ်အကြောင်းကိုတော့ ကြားဖူးနားဝရှိသည်။ လှေမဟုတ်ဘဲ သင်္ဘောတစ်စီးနှင့် သွားမည်ဆိုလျှင်တောင် မြစ်ထဲသို့ရောက်သည်နှင့် သင်္ဘောမှာ တစ်စစီဖြစ်သွားပေမည်။

“ကျန်တဲ့အချိန်တွေတော့ ဟုတ်ပါတယ်…ဒါပေမဲ့ မိုးရာသီရောက်ရင် သစ်သားစားတဲ့ ပိုးမွှားတွေနဲ့

ကြောက်စရာရေနေသတ္တဝါတွေ မြစ်ထဲမှာ သိပ်မရှိတော့ဘူးလေ…လနှစ်စင်းကြတ်တဲ့အချိန်ကျမှ သူတို့ပြန်လာမှာ”။

“ဘာကွ…မင်းတကယ်ပြောနေတာလား” နတ်ဆေးဆရာနှင့် ရှင်းတို့က ရှောက်ရွှမ်ကိုလှမ်းကြည့်လိုက်သည်။ ရှောက်ရွှမ်သည် အကောင်းမြင်လွန်းသည်ဟု သူတို့ယူဆမိသည်။ ရှောက်ရွှမ်ပြောသည်မှာ အမှန်ဆိုလျှင်တော့ သူတို့အနေဖြင့် မြစ်ကို ကြိုးစားဖြတ်သန်း၍ ရလောက်မည်။

ရှောက်ရွှမ်က လွန်ခဲ့သော ၂နှစ် ၃နှစ်အတွင်း သူရှာဖွေတွေ့ရှိထားသော အချက်များကို ပြောပြနေသည်။ ရှောက်ရွှမ်ပြောသမျှမှာ ထင်မြင်ယူဆချက်များသာရှိသေးသည်။ သို့သော် အောင်မြင်ရန် မျှော်လင့်ချက်လေးနည်းနည်း ရှိသေးသည်ဆိုလျှင်ပင် နတ်ဆေးဆရာက ကြိုးစားကြည့်မည်ဖြစ်သည်။

ရှောက်ရွှမ် ပြောစရာရှိသည်ကို ပြောပြီးသွားသောအခါ နတ်ဆေးဆရာနှင့် ရှင်းတို့ နှုတ်ဆိတ်သွားကြသည်။ ရှောက်ရွှမ်ပြောပြသည့် ဖြစ်နိုင်ခြေများ

ကို အသေးစိတ်လေ့လာသုံးသပ်ရင်း စဉ်းစားခန်းဝင်နေကြသည်။

ခဏအကြာမှာတော့ ရှင်းကစပြောသည် “ရှောက်ရွှမ်ပြောတာသာ အမှန်ဆိုရင်တော့ ကျုပ်တို့ ကြိုးစားကြည့်လို့ရမယ်၊ အားရွှမ်…မင်းတစ်ယောက်ထဲသွားစရာမလိုပါဘူး…ဒီကအဘိုးကြီးလည်း လိုက်မှာပါ” ။

နတ်ဆေးဆရာက ရှင်းကိုကြည့်လိုက်ပြီး “ ချာချာက ခင်ဗျားစကားကို နားထောင်မယ်ထင်လို့လား”။

ရှင်းက ဘာမှပြန်မပြောပေ။ သူသည် ချာချာ့ကို မတွေ့ဖူးသော်လည်း သူ့မြေးများနှင့် အခြားလူများ ချာချာ့အကြောင်းပြောသံကို ကြားဖူးထားသည်။ ထို့ကြောင့် ရှင်းသည် ချာချာဒေါသကြီးတတ်သည်ကို သိထားသည်။ ချာချာသည် ရှောက်ရွှမ်တစ်ယောက်တည်း၏စကားကိုသာနားထောင်တတ်သည်။ ထိုအချက်မှာ ကောင်းသောအချက်မဟုတ်ပါ။

“ချာချာက ကျုပ်စကားကို နားမထောင်ဘူးဆိုရင်တောင် မြစ်ကို လှေနဲ့ ဖြတ်မယ်ဗျာ” ယုံကြည်

စိတ်ချမှုသိပ်မရှိသော်လည်း ရှင်းကပြောသည်။သူ့စကားများမှာ ဖြစ်နိုင်ခြေ သိပ်မရှိကြောင်းလည်း သိပါသည်။ သူ့နည်းလမ်းမှာ သူ့သေတွင်းသူတူးနေခြင်းဖြစ်သည်။

“ဒါဆိုရင် ဒီကိစ္စအတွက် ဆွေးနွေးလို့ပြီးပြီပေါ့ ရှောက်ရွှမ်…နောက်နှစ် မိုးကျတဲ့အချိန်အထိစောင့်လိုက်မယ်လေ… အဲဒီအချိန်အတောအတွင်းလေ့လာစရာရှိတာ လေ့လာပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြတာပေါ့…ဒီလောက်နှစ်တွေ အများကြီးစောင့်လာပြီးမှ ၂နှစ်လောက်ထပ်စောင့်ရတာ ပြဿနာမရှိပါဘူး…နောက်ပြီး ဒီအကြောင်းတွေ တခြားဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်” နတ်ဆေးဆရာကပြောသည်။ နတ်ဆေးဆရာ၏ နောက်ဆုံးစကားများမှာ ရှင်းကိုရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။

“ကျုပ်နားလည်ပါတယ်” ရှင်းက ပြန်ပြောသည်။ သူသည် ရွံ့ခရားကိုကြည့်နေရာမှ ကျောက်တုံးကို ပြောင်းကြည့်လိုက်သည်။ ထို့နောက် “ကျုပ်လုပ်ဖို့လိုတာရှိရင်လည်း ပြောဦး…” ဟုထပ်ပြောလိုက်လေသည်။

ရှင်းသည် ရှောက်ရွှမ်ကို သိပ်အထင်မကြီးသော်လည်း မြစ်ကို ဖြတ်သန်းမည့်ကိစ္စကိုတော့ နတ်ဆေးဆရာလိုပင်သူလည်း စိတ်ဝင်စားသည်။ ညနေစောင်းလောက်ရောက်သောအခါ အမဲလိုက်လမ်းကြောင်းအသစ်စတင်ရန် ကိစ္စကို အလေးပေးဆောင်ရွက်ကြသည်။ ထိုကိစ္စသည် ဘိုးဘေးများ အကောင်အထည်ဖော်ချင်သော ဆန္ဒတစ်ခုဖြစ်လေသည်။

ပြောစရာရှိသည်တို့ကို ပြောပြီးပြီဖြစ်သောကြောင့် နတ်ဆေးဆရာသည် ကျောက်တုံးကို ယူ၍ ရှင်း၏အိမ်မှ ထွက်ခွာခဲ့သည်။ ရှောက်ရွှမ်ကိုလည်း ပြန်ခေါ်လာခဲ့သည်။ နတ်ဆေးဆရာက ကျောက်တုံးကို ပြန်ယူသောအခါ ရှင်းသည် သူ့အကြည့်များကို ကျောက်တုံးပေါ်မှ မခွာနိုင်ပါ။ ရှောက်ရွှမ်သာ ကျောက်တုံးကို ကိုင်ထားပါက ကျောက်တုံးကို ရှင်းသည် ကျောက်တုံးကို လုယူထားမိမည်ဖြစ်သည်။

ရှောက်ရွှမ်သည် နတ်ဆေးဆရာ၏နောက်မှ လိုက်လာရင်း ရှင်း၏အပြုအမူကို တွေးမိသဖြင့် ရယ်မိသည်။ မျိုးနွယ်စုထဲမှ လူများအတွက်တော့ ရှောက်ရွှမ်၏အတွေးများသည် ထူးဆန်းနေသည်။

နတ်ဆေးဆရာနှင့် ရှောက်ရွှမ်ပြန်သွားသည်အထိ စောင့်ဆိုင်းနေရင်း သူတို့ပြန်သွားသောအခါ ရှင်းသည် အရောင်ခြယ်ထားသော ခရားကို ဂရုတစိုက်သိမ်းထားလိုက်သည်။ အိုမင်းရင့်ရော်နေသာ မျက်နှာပေါ်တွင် မျက်ရည်များ စီးလျက်ရှိသည်။ ရှင်း၏မျက်နှာမှာ အငိုတစ်ဝက် အပြုံးတစ်ဝက်ဖြစ်နေသည်။

သူ့စိတ်များပြန်လည်ငြိမ်သက်သွားသည်ကို စောင့်ဆိုင်းပြီးနောက် ရှင်းသည် ခရားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ပြတင်းပေါက်ကို ဖွင့်၍ အပြင်သို့ငေးကြည့်ကာ အတွေးနယ်ချဲ့နေမိတော့သည်။ အပြင်ဘက်တွင်တော့ တလောကလုံး မှောင်မည်းလျက်ရှိသည်။

ဆောင်းဝင်လာပြီဖြစ်သဖြင့် အမှောင်ဆုံးအချိန်များ ကျရောက်လာတော့မည်ဖြစ်သည်။ အမှောင်ထုကြောင့် စိတ်ဓာတ်များကျဆင်းလာသလို ခံစားရသော်လည်း နှလုံးသားက ခုခံနေသည်။ ထို့ကြောင့် ရှင်း၏စိတ်ထဲတွင် ခံစားချက်များစွာ ဖြစ်ပေါ်နေလေသည်။

အိမ်ထဲတွင်တော့ မီးပုံထဲမှ ထင်းစများ တဖျစ်ဖြစ်မြည်အောင် လောင်ကျွမ်းလျက်ရှိသည်။ ရှင်းသည် သစ်သားခုံကိုမှီ၍ထိုင်လိုက်ရင်း ရှောက်ရွှမ်ပြောသွားသည်များကို ပြန်စဉ်းစားနေသည်။ မေ့သွားမည်ကိုစိုးရိမ်သောကြောင့် သားရေချပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ထိုနေ့တွင် ဖြစ်ပျက်သမျှကို မှတ်တမ်းတင်ထားလိုက်လေတော့သည်။

“ဒေါက်… ဒေါက်… ဒေါက်”

ရှင်း၏အိမ်တံခါးတွင် တံခါးခေါက်သံထွက်ပေါ်လာသည်။

ရှင်းကတံခါးထဖွင့်ပေးလိုက်သည်။ သူ့မိသားစုဝင်များသည် အခန်းထဲသို့ မဝင်မီ တံခါးခေါက်၍ ဝင်ခွင့်အရင်တောင်းရမည်ကို သိထားကြသည်။

ဝင်ခွင့်မပြုဘဲ ဝင်လာပါက ထိုသူသည် ထိုနေ့အတွက် ကံဆိုးသွားမည် ဖြစ်သည်။ ရှင်း၏မိသားစုဝင်များသည် နတ်ဆေးဆရာက ရှောက်ရွှမ်နှင့်အတူ ဝင်ခွင့်မတောင်းဘဲ ရှင်း၏အခန်းထဲသို့ဝင်သွားသည်

ကို တွေ့သွားသောအခါ အပြင်သို့ထွက်ခွာသွားကြသည်။ သူတို့သည် ရှင်းတို့ပြောဆိုနေသည်များကို နားမစွင့်ရဲပါ။ နတ်ဆေးဆရာနှင့် ရှောက်ရွှမ်ပြန်သွားမှ သူတို့ပြန်လာကြသည်။

“ဘိုးဘိုး…” တံခါးအပြင်ဘက်တွင် ရောက်နေသူမှာ လဲ့ဖြစ်သည်။

“ဝင်ခဲ့လေ” ရှင်းကပြန်ပြောလိုက်သည်။

လဲ့က အခန်းထဲသို့ ဝင်လာသည်။ သူသည် စကားပြောချင်သော်လည်း ရှင်း၏ အမူအရာကိုတွေ့သောအခါ နှုတ်ဆိတ်သွားသည်။ သူ့အဘိုး ဘာလို့ ထိုအမူအရာဖြစ်နေသလဲ မေးချင်သော်လည်းမမေးရဲသဖြင့် သိလိုစိတ်ကို မျိုသိပ်ထားလိုက်ရသည်။

“ဘိုးဘိုး…နတ်ဆေးဆရာလာတာ ရှောက်ရွှမ်ကို လူ၃၀ထဲပြန်ထည့်ဖို့လား”

ရှင်းက ဘာမှပြန်မပြောပါ။ သူ့အဖိုး ဘာဖြစ်နေသလဲ လဲ့မသိပါ၊ သူ့အဖိုးသည် မီးပုံကို ငေးစိုက်ကြည့်နေပြီး အတွေးရေယာဥ်တွင် နစ်မြောနေသည်။

ထူးတော့ထူးဆန်းသည်။

နောက်တစ်ကြိမ်ထပ်မေးလိုက်ရင်ကောင်းမလား။

လဲ့သည် သူ့အဖိုးက ရွေးချယ်ခံထားရသော လူ၃၀တွင် သူမြေးပါဝင်ရအောင် မီးလျှံသလင်းကျောက်ကို ပေးခဲ့သည့်အဖြစ်ကို ပြန်တွေးမိလိုက်သည်။ သူ့အဖိုးသည် မိသားစု၏ ဂုဏ်သိက္ခာမကျဆင်းအောင် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတ္တိတို့ကို မွေးမြူရင်း နောက်တခါထပ်မေးလိုက်သည်

“ ဘိုးဘိုး…နတ်ဆေးဆရာက ရှောက်ရွှမ်ကို နေရာတစ်နေရာပေးချင်လို့လား”။

လဲ့၏မေးသံကို ကြားမှ ရှင်းအသိပြန်ဝင်လာသည်။

“ရှောက်ရွှမ်ကို လူ၃၀ထဲပါခိုင်းဖို့လား၊ လုံးဝမဖြစ်စေရဘူး” ရှင်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“နေရာတစ်နေရာပေးရမယ်ဆိုရင်တောင် ကျွန်တော်တို့ မိသားစုထဲက လူအတွက်ပဲ ဖြစ်ရမယ်” လဲ့က သူ့အဖိုးကိုထောက်ခံလိုက်သည်။

လဲ့ပြောသည်ကို ဆုံးအောင်မစောင့်ဘဲ ရှင်းက ပြောသည် “ လမ်းကြောင်းအသစ် ရှာရတယ်ဆိုတာ အရမ်းအန္တရာယ်များတယ်၊ ရှောက်ရွှမ်သာလိုက်သွားပြီး တစ်ခုခုဖြစ်သွားရင် ငါတို့ဘယ်လိုလုပ်ရမလဲ၊ အဲဒီတော့ ရှောက်ရွှမ် ဘာမှဖြစ်လို့မဖြစ်ဘူး၊ ရှောက်ရွှမ်သေလို့ မဖြစ်ဘူး”။

လဲ့တစ်ယောက်ဆွံ့အသွားသည်။ ဘိုးဘိုးရေ…ဘိုးဘိုးကိုယ်တိုင်ထောက်ခံပေးခဲ့တဲ့ ဘိုးဘိုးရဲ့မြေးအရင်းက ဒီမှာပါနော်။

ရှင်းကတော့ လဲ့၏မျက်နှာအမူအရာကို မကြည့်ပေ၊ ကြည့်မိလျှင်လည်း ဂရုစိုက်မည် မဟုတ်။ သူ့စိတ်ထဲတွင် ဘာလုပ်သင့်သည်ကို တွေးနေသည်။ နတ်ဆေးဆရာ၊ရှောက်ရွှမ်တို့နှင့် စကားပြောပြီးနောက်တွင် ရှင်းသည် ရှောက်ရွှမ်ကို အမဲလိုက်လမ်းကြောင်းတွင်မပါခိုင်းချင်သလို မျိုးနွယ်စုအပြင်ကိုပင် မထွက်ခိုင်းချင်တော့ပေ။ အမဲလိုက်

လမ်းကြောင်းအသစ်ကို ရှာဖွေမည့် လူ၃၀တွင် ရှောက်ရွှမ်ကို မထည့်သင့်တော့ဘူးဟု ရှင်းကထင်သည်။

သို့သော် ရှောက်ရွှမ်သည် အတွေ့အကြုံနည်းနေပါက သူတို့စီစဉ်ထားသော ခရီးကိုထွက်သည့်အခါ အမဲလိုက်ထွက်လျှင်ကြုံရမည့် အတားအဆီးများထက် ပိုခက်ခဲသော အတားအဆီးများကို ကြုံတွေ့ရမည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် အတွေ့အကြုံနည်းနေပါက ထိုအတားအဆီးများကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

ဒါပေမဲ့ အမဲလိုက်ထွက်ရင်း သားရဲ တစ်ကောင်ကောင်က သူ့ကို စားသွားရင်ကော…။ အတွေးရတော်တော်ခက်သည်။

ထိုကဲ့သို့ စဉ်းစားရကျပ်သည့်အခြေအနေမျိုးကို ရှင်းအခုမှ ကြုံတွေ့ဖူးခြင်းဖြစ်သည်။

လဲ့သည် သူ့အဘိုး စိတ်ပျက်လက်ပျက်ဖြင့် မုတ်ဆိတ်များကို ဆွဲနေသည်ကို ကြည့်နေရသည်။ ထို့နောက် နတ်ဆေးဆရာဘာကြောင့်ရှောက်ရွှမ်ကို ခေါ်လာသလဲ သိချင်လာသဖြင့် ထပ်မေးမိသည် “

နတ်ဆေးဆရာက ရှောက်ရွှမ်ကို ဘိုးဘိုးဆီဘာလို့ခေါ်လာတာလဲ” ။

ရှင်းသည် ထိုအခါမှ သူ့အတွေးများကိုရပ်လိုက်ပြီး လဲ့ပြောသည်ကို ကြားလိုက်သည်။ သို့သော် လဲ့ကို ရှင်းပြမနေတော့ပါ။ သူ့အဖေပြောခဲ့ဖူးသည့်စကားကို သာလဲ့ကိုပြောလိုက်သည် “ရေတိုကိုမကြည့်နဲ့…ရေရှည်ကိုကြည့်ပါ”။

လဲ့ကတော့ စိတ်ရှုပ်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူ့အနေဖြင့် ရေရှည်ကို ကြည့်လိုက်သည့်အခါတိုင်း အပြောင်းအလဲများကိုသာမြင်နေရသည်။

နောက်ဆုံးတွင်တော့ လဲ့တစ်ယောက်သူလိုချင်သည့် အဖြေကို မရဘဲ အိမ်ထဲမှ မောင်းထုတ်ခြင်းခံလိုက်ရသည်။

ညရောက်သောအခါ ညည့်ပျံလွှားများ ပျံသန်းနေသည်ကို မြင်တွေ့ရသည်။ ညည့်နက်လာသောအခါ အရာအားလုံးတိတ်ဆိတ်သွားပြီး အပူချိန်မှာ တဖြည်းဖြည်း ကျဆင်းလာသည်။ ကြောက်မက်

ဖွယ်ကောင်းသော လေပြင်းသည် တောင်တန်းများကို ဖြတ်ကျော်တိုက်ခတ်လျက်ရှိသည်။

ယခုနှစ်ဆောင်းတွင်းသည် သာမန်ဆောင်းရာသီတစ်ခုမဟုတ်ပေ။

အခုနှစ် ဆောင်းတွင်းတွင် နတ်ဆေးဆရာသည် တခြားဘာမှ မလုပ်တော့ဘဲ သူပြုနေကျတာဝန်များကို လက်ထောက်များနှင့်လွှဲထားသည်။ ကွေ့ဇယ်သည်ပင် နတ်ဆေးဆရာ၏ တချို့တာဝန်များကို ယူထားရသည်။

ရှောက်ရွှမ်တောင်ပေါ်တက်လာတိုင်း ရှင်းသည် လေပြင်းနှင့်နှင်းတို့ကို ဖြတ်ကျော်ရင်း ရှောက်ရွှမ်ကို လာတွေ့သည်။ တိုးတက်မှု ရှိမရှိသိလိုသောကြောင့် ဖြစ်သည်။

အစပိုင်းတွင်တော့ မြစ်ကြီးကိုဖြတ်ကျော်မည့်ကိစ္စကို နတ်ဆေးဆရာနှင့် ရှင်းသာ သိသော်လည်း နောက်ပိုင်းတွင်တော့ အကြီးအကဲအော့ပါသိသွားသည်။ မျိုးနွယ်စု အကြီးအကဲတစ်ယောက်အနေနှင့် သူလည်း ဒီကိစ္စကို သိခွင့်ရှိပါသည်။ ထို့နောက်တွင်

တော့ မျိုးနွယ်စုထဲမှ ပြောရေးဆိုခွင့်ရှိသူလူကြီးများကို အသိပေးလိုက်သည်။ ထို့ကြောင့် ရှောက်ရွှမ်တောင်ပေါ်တက်လာတိုင်း မျိုးနွယ်စုအကြီးအကဲနှင့် လူကြီးများသည် နတ်ဆေးဆရာ၏ အိမ်သို့ အပြေးလာလေ့ ရှိသည်။

သို့သော် သူတို့သည် ထိုကိစ္စကို အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်တို့ကို အသိမပေးချင်သေးပါ။ သူတို့သည် အမဲလိုက်လမ်းကြောင်းအသစ်ကို စတင်ရန် တာဝန်ရှိသေးသည် မဟုတ်ပါလား။ ယခုကိစ္စကိုသိသွားပါက သူတို့၂ယောက်သည် အမဲလိုက်လမ်းကြောင်းအသစ်စတင်ရန် ကိစ္စတွင် အာရုံမစိုက်နိုင်ဘဲ ဖြစ်သွားလိမ့်မည်။ ခေါင်းဆောင်၂ယောက်ကတော့ ထိုကိစ္စကို မသိရသဖြင့် စိတ်ပျက်သွားကြသည်။

အရင်တုန်းကရှောက်ရွှမ်နှင့် ဘယ်လိုအဖုအထစ်မျိုးရှိခဲ့ ရှိခဲ့၊ မြစ်ကြီးကို ဖြတ်ကျော်မည့် အကြံအစည်ကို သိပြီးနောက်တွင်တော့ အားလုံးသည် ထိုအဖုအထစ်များကို ဘေးချိတ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။

နတ်ဆေးဆရာနှင့် ရှောက်ရွှမ်တို့၏ အစီအစဉ်အတွက် သူတို့သည် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်သည်။

လူအိုကြီးများအတွက် သူတို့နေရမည့်အချိန်သိပ်မကျန်တော့ပါ၊ သန်တုန်းမြန်တုန်းရှိသေးသည့်လူများနှင့်နှိုင်းယှဉ်လျှင် သူတို့မကွယ်လွန်မီ ထိုအစီအစဉ်အောင်မြင်သွားသည်ကို မြင်ရရန်မှာ သိပ်မဖြစ်နိုင်ပါ။ သူတို့သည် လောဘမကြီးရဲကြ။ လောဘကြီးသော ကြောက်မက်ဖွယ်သားရဲသည် အနိုင်ရနေရာမှ ရှုံးနိမ့်သွားတတ်သည် မဟုတ်ပါလား။

သို့သော် မျှော်လင့်ချက်မကုန်ဆုံးသေးသော လူများလည်း ရှိနေသေးသည်။ ဘိုးဘေးများပုံပြင်အနေနှင့် ပြောြပခဲ့သော နေရာများကို သူတို့မြင်တွေ့နိုင်သော နေ့တစ်နေ့ရောက်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သူတို့မျိုးနွယ်စုမှ မဟုတ်သော အခြားမျိုးနွယ်စုမှ လူများကို မြင်တွေ့ရမည်ဟုလည်း ထင်ထားကြသည်။

ဆောင်းရာသီကုန်ဆုံးသောအခါ ရာသီဥတုက ပြန်လည်နွေးထွေးလာသည်။ မျိုးနွယ်စုထဲမှ လူ

များသည် လုပ်နေကျ လုပ်ငန်းဆောင်တာများကို ပြန်လုပ်ကိုင်ကြသည်။ မကြာခင် ကျင်းပတော့မည့် ရိုးရာအခမ်းအနားအတွက် ရှောက်ရွှမ်သည် ကပြဖျော်ဖြေရန် ရွေးချယ်ခံရပြန်သည်။

ရှောက်ရွှမ်ထပ်မံအရွေးချယ်ခံရသောကြောင့် လူငယ်စစ်သည်တော်များက မကျေနပ်ကြပါ။ ပြီးခဲ့သောတစ်ခေါက်က ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်များ ရှာတွေ့ထားသဖြင့် သူတို့သည် ဘာမှ အထွန့်မတက်ခဲ့ပါ။ အခုတော့ ရှောက်ရွှမ်သည် မျိုးနွယ်စုထဲမှ တစ်နှစ်လောက်ပျောက်ကွယ်သွားသည် မဟုတ်ပါလား။ သူသည် မျိုးနွယ်စုအတွက် အကျိုးရှိသော ကိစ္စတစ်ခုခုကို ဆောင်ရွက်ခဲ့ပါသလား။

သို့သော် သူတို့မည်မျှ စောဒကတက်တက်၊မည်မျှမကျေနပ်ဖြစ်ဖြစ်၊ လူကြီးများကတော့ ရှောက်ရွှမ်သည် ထိုအခွင့်အရေးနှင့်ထိုက်တန်သည်ဟုသာ ပြောကြသည်။ ထိုဖြစ်ရပ်ကြောင့် အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်တို့သည် ခေါင်းကိုက်ရသည်။ မကြာခင်တွင် အဖွဲ့ထဲမှ လူများက ရှောက်ရွှမ်ကိစ္စနှင့်ပတ်သက်၍ သူတို့ကိုလာမေးတော့မည် ဖြစ်သည်။ သူတို့လည်း ရှောက်ရွှမ်ဘာကြောင့်ရွေးချယ်ခံရ သလဲ သေချာမသိကြပါ။ နတ်

ဆေးဆရာနှင့် တခြားလူကြီးများကို သွားမေးသောအခါတွင်လည်း “ မင်းတို့တခြားဘာမှ တွေးမနေနဲ့…အမဲလိုက်လမ်းကြောင်းအသစ် စဖို့သာ အာရုံစိုက်ထား” ဟု ပြောလွှတ်ကြသည်။

All Chapters