တောင်သခင်(၂)ပါး၏အပြုအမူ
Vol. 15 Ch. 198
အခန်း (၁၉၈) တောင်သခင်(၂)ပါး၏အပြုအမူ
နေဝင်သွားပြီ ဖြစ်သည်။
နောက်ဆုံကျန်ရှိနေသည့် နေရောင်ခြည်အလင်းတန်းလေးက တောအုပ်ထက်သို့ သက်တံ့တစ်စင်းပမာ တောက်ပစွာ ကျဆင်းလျှက်ရှိသည်။
ကျန်းလန်ကတော့ တောအုပ်ထဲမှ သစ်ပင်များနောက်ကွယ်တွင် တိတ်ဆိတ်စွာဖြင့် ပုန်းအောင်းရင်း လူငယ်အလာကို စောင့်ဆိုင်းလျှက် ရှိသည်။
သစ်ပင်ရိပ်များဖုံးလွှမ်းနေသည့်အတွက် အခြားသူများ ကျန်းလန်ကို တွေ့မြင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုရော ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကိုပါ အသုံးပြုထားလေရာ သူ၏တည်ရှိမှုကို သတိပြုမိရန် အလွန်ခက်ခဲလှသည်။
ကျန်းလန်က လူငယ်ကို လေ့လာကြည့်ရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်ပြီး မူမမှန်ခြင်းများ တွေ့ရှိရခြင်း မရှိပါက ဒီအတိုင်းပြန်သွားရန် ဆုံးဖြတ်ထားသည်။
ထိုလူငယ်က သူ့ကို ပစ်မှတ်ထားသည့် သူလျှိုတစ်ယောက်ဆိုလျှင်တော့ တစ်ခါတည်း အပြတ်ရှင်းရမည် ဖြစ်၏။
နေဝန်းနီက အနောက်ဘက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားပြီး ကောင်းကင်တစ်ခုလုံး စတင်အမှောင်ဖုံးလွှမ်းလာသည်။
သို့သော် လူငယ်ကတော့ ရောက်မလာသေးပေ။ လမ်းတစ်ဝက်သို့ ရောက်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
ကျန်းလန်ကတော့ သစ်ပင်များနောက်တွင်သာ ပုန်းအောင်းနေပြီး မည်သည့်အသံမှ ပြုလုပ်ခြင်းမရှိသလို စိတ်လည်း ရှုတ်ထွေးနေခြင်း မရှိပေ။
သူက စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။ သို့ပေသိ အချိန်တန်လို့မှ ထိုလူငယ်ရောက်မလာလျှင်တော့ နဝမတောင်ထွတ်သို့ ပြန်ရမည် ဖြစ်သည်။
နောက်ပိုင်း အခွင့်အရေးရမှ ထိုလူငယ်အကြောင်း ထပ်မံစုံစမ်း၍လည်း အဆင်ပြေသည်။ အလျင်လိုစရာ အကြောင်း မရှိပေ။
ကျန်းလန် မျက်လုံးများကို မှိတ်ထားပြီး စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း သိမ်မွေ့သည့် စိတ်နယ်လွန်နယ်ပယ်သို့ ဝင်ရောက်သွားသည်။
စိတ်တည်ငြိမ်မှသာ တန်ခိုးစွမ်းအားမြင့်မားလာမည် ဖြစ်ပြီး လိုက်လျောညီထွေလည်း ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်သည်။
နှစ်ပေါင်း (၂၅၀)အတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်လာအောင် ကျန်းလန် ကျင့်ကြံရဦးမည် ဖြစ်သည်။ ဤသည်က လူတိုင်းအတွက် မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ခု ဖြစ်၏။
သို့သော် အောင်မြင်မှုများထဲတွင် ယစ်မူးသွား၍ မဖြစ်ပေ။ အောင်မြင်မှုကို သတိနှင့် လက်ခံနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။
အချိန်အတန်ကြာစောင့်နေပြီးနောက် ကောင်းကင်ထက်တွင် လူတစ်ယောက် ပျံသန်းလာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။ ထိုသူက အလွန်ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းလေသည်။
ထိုသူ မြေပြင်ထက်ဆင်းသက်လိုက်သည်နှင့် တောအုပ်တစ်ခုလုံး မုန်တိုင်းတစ်ခု မွှေနှောက်သွားသည့်ပမာ လေများ ပြင်းထန်စွာ တိုက်ခတ်လာသည်။
မုန်တိုင်းက ကျန်းလန်ဆီသို့ လာရောက်ရိုက်ခတ်လေရာ သစ်ရွက်အမြင်တန်ခိုးစွမ်းအားသာ အသုံးပြုထားခြင်း မရှိလျှင် သေချာပေါက် အဝေးသို့ လွင့်စင်ထွက်သွားနိုင်သည်။
"ဒီလူလည်း တစ်ယောက်ယောက်ကို လာရှာတာလား မသိဘူး…"
ကျန်းလန် တွေးလိုက်၏။
ရောက်ရှိလာသူက တန်ခိုးစွမ်းအား မြင့်မားလွန်းလှသည်။
ကျန်းလန်က ပိုးစုန်းကြူးလေးဆိုလျှင် ယခုရောက်ရှိလာသူက တောက်ပသည့်လမင်းပမာ ဖြစ်သည်။
ထိုသူ၏ တန်ခိုးစွမ်းအားကြီးမားမှုကို ခံစားလိုက်မိသည်နှင့် ကျန်းလန် ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ပိုမိုတိုးမြှင့်လိုက်ပြီး သူ့ကို တွေ့ရှိမသွားအောင် ကာကွယ်လိုက်သည်။
ထိုပုဂ္ဂိုလ် သူ့ကိုတွေ့ရှိသွားပါက သူ့အတွက် အသက်အန္တရယ်နှင့်ပတ်သက်ပြီး အာမခံချက် မရှိပေ။
သို့သော် ကျန်းလန်က တည်ငြိမ်နေဆဲဖြစ်ပြီး ကြောက်စိတ်လည်းမဖြစ်မိသလို ထွက်ပြေးရန်လည်း မကြိုးစားပေ။ သူက နေရာတွင်သာ ဆက်လက်ပုန်းအောင်းနေခဲ့သည်။
သို့ရာတွင် ထိုသူရှိရာနေရာကိုတော့ ကျန်းလန် လှမ်းမကြည့်ဝံ့သလို တုံ့ပြန်မှုများကိုလည်း အရမ်းကာရော မပြုလုပ်ဝံ့ပေ။
ထိုအချိန်မှာပင်…
နောက်ထပ်လေပြင်းမုန်တိုင်းတစ်ခု ထပ်မံတိုက်ခတ်လာပြီး လူတစ်ယောက် ထပ်မံရောက်ရှိလာပြန်သည်။
ဒုတိယရောက်ရှိလာသူကလည်း ပထမရောက်ရှိလာသူထက် တန်ခိုးစွမ်းအား နည်းပါးခြင်း မရှိပေ။
"နှစ်ယောက်တောင်လား..."
ကျန်းလန်တွေးလိုက်သည်။
သူ့မျက်နှာကတော့ အရုပ်ဆိုးစွာပင် ပျက်ယွင်းလျှက် ရှိ၏။
တန်ခိုးစွမ်းအားမြင့်မားသူ (၂) ယောက် ဤနေရာသို့ အဘယ့်ကြောင့် ရုတ်တရက် ရောက်လာရပါသနည်း။
"ဒီကောင် ဒီလမ်းအတိုင်းလာမှာလား..."
တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံမှာ ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်၏ အသံဖြစ်ကြောင်း ကျန်းလန် ချက်ချင်း မှတ်မိလိုက်၏။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖုန်းယီရှောက်က ကျန်းလန်ကို ပထမတောင်ထွတ်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည် မဟုတ်ပါလား။
သူက ပထမတောင်ထွတ်သို့ လာရောက်ရန် ငြင်းဆန်ခဲ့သော်လည်း ဆရာဦးလေးက သူ့ကို မည်သည့်ပြဿနာမှ မရှာခဲ့ပေ။
သို့သော် ဖုန်းယီရှောက်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားပြီး ခန့်မှန်းရခက်သူ ဖြစ်သည်။
ယခု အဘယ့်ကြောင့် ပထမတောင်ထွတ်၏တောင်သခင်က ဤနေရာသို့ ရောက်ရှိလာရပါသနည်း။ ကျန်းလန် ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ ဤကိစ္စက သွေးရိုးသားရိုးမဟုတ်နိုင်ဟု ခံစားမိသည်။
ထိုသို့ဆိုလျှင် ဒုတိယလူကရော ဘယ်သူများလဲ။
ကျန်းလန်တွေးနေစဉ်မှာပင် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။
"သူ ဒီလမ်းအတိုင်းလာတာပဲ... မကြာခင် ရောက်လာလိမ့်မယ်..."
ထိုအသံက နူးညံ့သိမ်မွေ့သော်လည်း ယောကျ်ားလေးအသံ ဖြစ်၏။
ထိုအသံကို ကြားဖူးနေသည်ဟု ကျန်းလန် ထင်မှတ်လိုက်သည်။
ဒုတိယတောင်ထွတ်၏ တောင်သခင် လျိုကျင်းများလား။ သူနှင့် လုန်ယွိ စေ့စပ်ပွဲတုန်းက ဆရာဦးလေးလျိုကျင်း၏အသံကို ကျန်းလန် ကြားဖူးထားသည်။
အဘယ့်ကြောင့် ပထမတောင်ထွတ်နှင့် ဒုတိယတောင်ထွတ်၏ တောင်သခင်များ ဤနေရာသို့ ရောက်ရှိလာရပါသနည်း။ ကျန်းလန်လည်း အဖြေကို မသိရှိပေ။
ဖုန်းယီရှောက်က တောအုပ်ထဲတွင် မတ်တတ်ရပ်နေပြီး အရှေ့ဆီသို့ မျှော်ကြည့်နေ၏။ သို့သော် စကားတစ်ခွန်းမှ မပြောပေ။
လျိုကျင်းကလည်း စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။
ထိုစဉ်…
"ရှပ်… ရှပ်…"
ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ဖုန်းယီရှောက်က...
"ကြည့်ရတာ ဒီကောင်က ဓားစီးပြီး ပျံသန်းမလာဘူးပဲ..."
လျိုကျင်းက တည်ငြိမ်သည့်လေသံဖြင့်...
"လူတစ်ယောက် ဓားစီးပြီး ပျံသန်းမယ်ဆိုရင် ကောင်းကင်မှာပျံသန်းတဲ့ စည်းကမ်းတွေကို လိုက်နာရတယ်လေ… ၊ သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတဲ့အနေနဲ့ လမ်းလျှောက်လာတာ ဖြစ်မှာပေါ့ ၊ ဒါက ပြဿနာ မရှိပါဘူး..."
ထို့နောက် စကားသံများ တိတ်ဆိတ်သွားပြီး တောင်သခင် (၂)ပါးက မတ်တတ်ရပ်ကာ ဆက်လက်စောင့်ဆိုင်းနေကြသည်။
မတ်တတ်ရပ်နေရင်းမှ ဖုန်းယီရှောက်က တစ်ချက်ပြုံးလိုက်၏။
သူက စကားများများပြောသူ မဟုတ်သည့်တိုင် သူ့ခန္ဓာကိုယ်မှ သြဇာအာဏာနှင့် အရှိန်အဝါများထွက်ပေါ်နေပြီး ပတ်ဝန်းကျင်လေထုထဲအထိ ပျံ့နှံ့နေသည်။
လျိုကျင်းကတော့ အနည်းငယ်ပိန်ပိန်သွယ်သွယ်နှင့်ဖြစ်ပြီး ချောမောခန့်ငြားသူတစ်ယောက် ဖြစ်သည်။ သူက ဖုန်းယီရှောက်နှင့်မတူဘဲ ဖော်ရွေသဘောကောင်းဟန် ရှိ၏။
တောင်သခင် (၂) ပါး ပြောနေသည့်စကားများကို ကျန်းလန် နားလည်ခြင်း မရှိပေ။ သို့တိုင် နားလည်ရန်လည်း သူ မကြိုးစားမိပေ။
ရောက်လာမည့်သူကိုသာ ကျန်းလန်က စိတ်ရှည်ရှည်ဖြင့် ဆက်စောင့်နေ၏။ တောင်သခင် (၂)ပါး ရှိနေသည့်အတွက် မည်သည့်လှုပ်ရှားမှုကိုမှလည်း ပြုလုပ်ရဲခြင်း မရှိပေ။
မကြာမီ အနီးပတ်ဝန်းကျင်သို့ လူတစ်ယောက် ရောက်ရျိလာ၏။
မည်သူမည်ဝါရောက်ရှိလာခြင်းဖြစ်ကြောင်း ကျန်းလန် သိချင်လှသော်လည်း တောင်သခင် (၂)ပါး ရိပ်မိသွားမည်စိုးသောကြောင့် မညသည့်လှုပ်ရှားမှုမှ မပြုရဲခဲ့ပေ။
ဖုန်းယီရှောက်နှင့် လျိုကျင်းက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်လေရာ သူသာ အနားကပ်သွားလျှင် ချက်ချင်း သတိထားမိသွားကြမည် ဖြစ်သည်။
ထိုသူ (၂)ယောက်သာ သူ့ကို ရှာတွေ့သွားလျှင် သေချာပေါက် အကြောင်းဆိုးမည် ဖြစ်၏။ ကျန်းလန်၏ လက်ရှိတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် ဖုန်းယီရှောက်နှင့် လျိုကျင်း၏လက်မှ လွတ်အောင်ပြေးရန် မဖြစ်နိုင်ပေ။
ထို့ပြင် သူက တောင်သခင်များ၏ လျှို့ဝှက်ချက်ကို ချောင်းမြောင်းကြည့်ရှုနေမိသည်ဖြစ်လေရာ သူ့ကိုသာ ဖမ်းမိသွားပါက ဆရာဖြစ်သူပင်လျှင် ကာကွယ်ပေးနိုင်ပါမည်လား မသေချာလှပေ။
တောင်သခင်များ၏လျှို့ဝှက်ချက်ကို ချောင်းမြောင်းနေခြင်းက တောင်သခင်များကို ခြိမ်းခြောက်ခြင်းပင် မဟုတ်ပါလား။
မကြာမီ ခြေသံက ရပ်တန့်သွား၏။
ရောက်လာသူနှင့် တောင်သခင် (၂)ပါး တွေ့ဆုံကြပြီ ထင်သည်။
"တပည့်ရွှီဖုန်း... တောင်သခင်နှစ်ပါးကို ဂါရဝပြုပါတယ်..."
ရိုသေလေးစားစွာ ပြောဆိုလိုက်သည့် စကားသံတစ်သံ ထွက်ပေါ်လာသည်။
အသံက တိုးလျသော်လည်း ယောကျ်ားလေးတစ်ယောက်၏ အသံဖြစ်၏။
ထိုအသံကိုကြားသည်နှင့် ရောက်လာသူမှာ သူစောင့်မျှော်နေသည့်လူငယ်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။
တောင်သခင်များကလည်း သူစောင့်နေသည့်လူငယ်ကိုပင် စောင့်ဆိုင်းနေကြခြင်းလား။ ကျန်းလန် အနည်းငယ်အံ့အားသင့်သွားသည်။
ထိုလူငယ်က တပည့်ရင်းတစ်ယောက်မဟုတ်သလို တောင်သခင်များ မျက်စိကျရလောက်အောင် အံ့သြစရာ ပါရမီရှင်တစ်ယောက် မဟုတ်ပေ။
သို့ဆိုလျှင် အဘယ့်ကြောင့် စောင့်နေရပါနည်း။
ထိုလူငယ်က သူလျှိုတစ်ယောက်လား။
သူလျှိုဆိုလျှင်လည်း ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ ၊ သူလျှိုလေးတစ်ယောက်ကို ကိုင်တွယ်ရန် တောင်သခင် (၂)ပါး ရောက်လာဖို့ လိုအပ်ပါသလား။
တကယ်တမ်းတွင် ထိုသို့ဖြစ်စရာ အကြောင်းမရှိပေ။
သူတို့ကို လေးလေးစားစားဖြင့် ဂါရဝပြုနေသည့် ရွှီဖုန်းကို ဖုန်းယီရှောက်က တစ်ချက်အကဲခတ်လိုက်၏။
ပြီးမှ ညင်သာသည့်လေသံဖြင့်...
"မင်း ခွန်လွန်တောင်ကိုရောက်တာ ဘယ်လောက်ကြာပြီလဲ..."
ရွှီဖုန်းက ကြောက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်ပြီး...
"လွန်ခဲ့တဲ့အနှစ် (၃၀) က တပည့် ခွန်လွန်တောင်ကို ရောက်ခဲ့ပါတယ်… ၊ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးရခဲ့ပြီး ဂိုဏ်းတူမောင်နှမတွေထက် သာလွန်အောင် ကျင့်ကြံနိုင်ခဲ့ပါတယ်..."
ထိုအချိန် လျိုကျင်း၏အသံက ထွက်ပေါ်လာသည်။
"မင်းကို နတ်ဆိုးတွေစေလွှတ်လိုက်တာလား... ၊ ဒါမှမဟုတ် နတ်လူသားမျိုးနွယ်တွေစေလွှတ်လိုက်တာလား..."
ပြောရင်း လျိုကျင်းက ရွှီဖုန်းကို အကဲခတ်လိုက်၏။
"ဒါမှမဟုတ်... နတ်ဆိုးတွေဆီရောက်နေတဲ့ နတ်လူသားမျိုးနွယ်သူလျိုကို နတ်ဆိုးတွေက ခွန်လွန်တောင်ကို တစ်ဆင့်ပြန်ပြီး စေလွှတ်လိုက်တာလား…"
ထိုစကားကိုကြားသည်နှင့် ရွှီဖုန်း ကြက်သေသေသွား၏။
ထို့နောက် ချက်ချင်းပင်ထိတ်လန့်စွာဖြင့် မြေပြင်ထက် ဒူးထောက်ချလိုက်ပြီး...
"တောင်သခင်တွေ ပြောနေတဲ့စကားတွေကို တပည့် နားမလည်ပါဘူး..."
လျိုကျင်းက...
"မင်းက နားမလည်ဘူး... ဟုတ်လား..."
ပြောပြီးသည်နှင့် သူက မှတ်တမ်းတင်မှော်ဝင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုမှော်ဝင်ပစ္စည်းထဲမှ ရွှီဖုန်း၏ အသံ ထွက်ပေါ်လာ၏။
"နဝမတောင်ထွတ်က ကျန်းလန်က ကောလာဟလတွေအရဆိုရင် ဘာမှ ထူးခြားတဲ့သူ မဟုတ်ဘူး… ၊ စိတ်စွမ်းအားကတော့ ပြောစမှတ်တွင်လောက်အောင် ကောင်းတယ်ဆိုပေမယ့် သူက ကြောက်ရွံ့တတ်ပြီး ပြဿနာကို ရင်မဆိုင်ရဲတဲ့သူပါ..."
"သူက နဝမတောင်ထွတ်က တော်ရုံထွက်မလာတတ်ဘူး ၊ ဒါပေမဲ့ ခွန်လွန်တောင်က ခိုင်းတာလုပ်ရတဲ့ ရုပ်သေးရုပ်ဖြစ်လို့ သူရရှိထားတဲ့ အခွင့်အရေးတွေကတော့ မြင့်မားတယ်… ၊ အဲဒါတွေက ကျုပ်အတွက် အသုံးဝင်နိုင်လောက်ပါတယ်…"
မှော်ဝင်ပစ္စည်းထဲတွင် သွင်းထားသည့်အသံကိုကြားသည်နှင့် ရွှီဖုန်းတုန်တုန်ယင်ယင် ဖြစ်သွားသည်။
သူက လျိုကျင်းနှင့် ဖုန်းယီရှောက်ကို မော့ကြည့်လိုက်ရင်း...
"နတ်... နတ်ဆိုးတွေအကြောင်း ကျွန်တော် အများကြီး သတိထားပါတယ်… ၊ သိသမျှ တောင်သခင်တွေကို ပြောပြပါ့မယ်… ၊ ပြီးတော့ ကျွန်တော် ခွန်လွန်တောင်ကို ရောက်ပြီးကတည်းက ဘယ်သူ့ကိုမှ ထိခိုက်အောင်လည်း မလုပ်ရသေးပါဘူး…"
ဖုန်းယီရှောက်က ရွှီဖုန်းကို ကြည့်လိုက်ပြီး...
"နောက်ဆုံးတော့ ဝန်ခံပြီပေါ့…"
သူက ရွှီဖုန်းပြောနေသည့်စကားများကို အရေးမစိုက်ပေ။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က နတ်ဆိုးများ၏လျှို့ဝှက်ချက်ကို ဘယ်လောက်သိရှိနိုင်မှာမို့လို့လဲ။
ရွှီဖုန်းက ပြာပြာသလဲဖြင့် အော်ဟစ်လိုက်၏။
"ကျွန်… ကျွန်တော့်ကို နောက်တစ်ကြိမ်အခွင့်အရေးပေးပါ… ၊ ကျွန်တော် ပြုပြင်ပြောင်းလဲပါ့မယ်…"
ထိုစဉ်မှာပင် ဖုန်းယီရှောက်၏ လက်ဝါးရိုက်ချက်က ရွှီဖုန်းထံသို့ ဝင်ရောက်လာသည်။
"မလုပ်နဲ့... မလုပ်ပါနဲ့... "
ရွှီဖုန်းက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
လက်ဝါးရိုက်ချက်ထိမှန်လိုက်သည်နှင့် ရွှီဖုန်း၏ ခန္ဓာကိုယ်အသွေးအသားများ တစ်စစီကွဲပျက်သွားပြီး သွေးမှုံများအဖြစ်ပြောင်းလဲသွား၏။
ဖုန်းယီရှောက် ရွှီဖုန်းကို သတ်ဖြတ်လိုက်သည့်ပုံစံကိုကြည့်ရင်း လျိုကျင်းက မေးခွန်းထုတ်လိုက်သည်။
"လူတွေကို သွေးမှုံအဖြစ်ပြောင်းပစ်တဲ့ ဟိုလူထူးလူဆန်းက မင်းရဲ့တပည့်လား…"
ဖုန်းယီရှောက်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့်…
"မဟုတ်ဘူး... ကျုပ် သူ့အကြောင်း သိတောင်မသိဘူး…"
"အင်း… အဲဒီလူထူးလူဆန်းအကြောင်း ဘာမှစုံစမ်းလို့မရပေမယ့် အခုချိန်ထိတော့ မကောင်းတဲ့ရည်ရွယ်ချက် ရှိဟန်မတူသေးဘူး… ၊ ကျုပ်ထင်တာတော့ ဂိုဏ်းထဲက ရွက်ပုန်းသီးတစ်ယောက် ဖြစ်မယ်ထင်တယ်… ၊ ပထမတောင်ထွတ်ကနေ အဋ္ဌမတောင်ထွတ်အထိကလည်း တပည့်တွေက အများကြီးရှိတာမဟုတ်လား…"
လျိုကျင်းက ရိုးရှင်းစွာပင် သုံးသပ်လိုက်သည်။
ဖုန်းယီရှောက်က...
"မင်း အဋ္ဌမတောင်ထွတ်ကို မေးမကြည့်ဘူးလား…"
လျိုကျင်းက ဘာမှမတတ်နိုင်ဟန်ဖြင့်…
"ကျိုးကျုန်းထျန်းကလည်း အဲဒီလူကို မသိဘူးတဲ့..."
ဖုန်းယီရှောက်က…
"သူ အဲဒီလိုပြောမယ်လို့ ကျုပ် ထင်သားပဲ..."
ထို့နောက် သူတို့ (၂) ယောက် မည်သည့်စကားမှ မပြောတော့ဘဲ နေရာမှာပင် ပျောက်ကွယ်သွားကြလေသည်။
သူတို့ မည်သည့်နေရာသို့ ထွက်ခွာသွားသည်လဲ မည်သူမှ မသိရှိနိုင်သလို ကျန်းလန်လည်း မသိနိုင်ရှိပေ။
တောင်သခင်များ ထွက်ခွာသွားကြသည့်တိုင် ကျန်းလန်ကတော့ အချိန်ခဏတာမျှ ဆက်လက်ပုန်းအောင်းနေဆဲ ဖြစ်လေသည်။
ဖုန်းယီရှောက်နှင့် လျိုကျင်း တကယ်ထွက်ခွာသွားသည်မှာ သေချာတော့မှ သူလည်း ပုန်းအောင်းနေရာမှ ထွက်ခွာရဲမည် ဖြစ်တော့၏။