အပိုင်း (၅၈၄)
Vol. 40 Ch. 584
ထျန်းမင်တောင်၏ အပြင်ဘက် ....
စစ်ရထားလုံး တစ်စီးသည် လေဟာနယ်တစ်ခုလုံးကို ထိုးခွင်းကာဖြင့် ရောက်ရှိလာခဲ့၏။ ၎င်းသည် ထျန်းမင်တောင်၏ အတွင်းပိုင်းဆီသို့ ဦးတည်ကာ မြန်မြန်ဆန်ဆန် ပျံသန်းသွားခဲ့၏။ ထိုရထားလုံး၏ အပေါ်၌ နတ်ဘုရားလိုလို နတ်ဆိုးလိုလို၊ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်သည် တည်ငြိမ်အေးချမ်းစွာဖြင့် ထိုင်လျက်ရှိနေပြီး ၎င်းသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ရှိနေသည့်အရာအားလုံးကို အော်ရာသီးသန့်ဖြင့် ဖိနှိပ်ထား၏။
၎င်း၏ နတ်ဘုရားစစ်ရထားလုံးကြီးသည် တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေ၏။ သံသယရှိစရာ မလိုပါဘဲ ၎င်းသည် အင်ပါယာအဆင့်ထက် ပိုမိုကာသာလွန်သည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
နတ်အရှင်အိုကြီး တည်ရှိသော နေရာရှိ လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။
“ဒါ ကျုပ်တို့နက်နဲလျှို့ဝှက်လောကရဲ့ အင်ပါယာတစ်ယောက် မဟုတ်လား”
နတ်အရှင်အိုကြီးသည် အလောတကြီးဖြင့် အမိန့်ပေးလိုက်၏။ “မြန်မြန်.. မင်းတို့အားလုံး လူစုပြီး ထျန်းမင်တောင်ကိုသွားကြတော့။ ဒီအချိန် ထျန်းမင်တောင် ပေါ်ပေါက်လာမှု ဆိုတာက ဖုံးကွယ်ထားလို့ ရတဲ့သတင်း မဟုတ်တော့ဘူး”
အချက်အလက်အားဖြင့် ဤအရာက မှန်ကန်တိကျလွန်းလှ၏။ ဤကဲ့သို့သော ထျန်းမင်တောင်ကြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းသည် နက်နဲလျှို့ဝှက်လောကတစ်ခုလုံးကို လှုပ်ခါ စေခဲ့သည့် အကြောင်းအရာပင် ဖြစ်ပေလိမ့်မည်။
လက်ရှိအခြေအနေမှာတော့ ရေတွက်၍မရအောင် များပြားသည့် ကျင့်ကြံသူများသည် ထိုနေရာဆီသို့ ရောက်ရှိရန် အလျင်စလိုနှင့် ပြေးလွှား လာခဲ့ကြ၏။ တစ်ရက်၊ နှစ်ရက်အတွင်းတွင် ဤတည်နေရာ တစ်ခုလုံးသည် ကျိန်းသေပေါက် လူပေါင်းများစွာတို့နှင့် ပြည့်ကြပ်နေမှာ သေချာ၏။
ရှေးအမွေအနှစ်များသည် အရေးကြီး အကြောင်းအရာတစ်ခုဖြစ်ပြီး ကျိန်းသေပေါက် အင်မော်တယ် ဘုရင်အဆင့်နှင့် သက်ဆိုင်နေသည့် အမွေအနှစ်များ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နက်နဲလျှို့ဝှက် လောကတစ်ခုလုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူအားလုံးတို့သည် မည်သို့မျှ ငြိမ်ငြိမ်သက်သက် မနေနိုင်ကြတော့ချေ။ အန္တိမအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင် အလျင်စလိုနှင့် ပြေးလွှား ရောက်ရှိ လာခဲ့ကြ၏။ ၎င်းတို့၏ ခပ်ဝေးဝေးတွင်တော့ အစစ်အမှန် သိုင်းလောကဆီမှ သိုင်းကျင့်ကြံသူများသည်လည်း ပုန်းလျှိုးကွယ်လျှိုးဖြင့် အခွင့်အရေးရလျှင် တစ်ခါတည်း တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြသည်။
“ကောင်းပြီ” သက်လတ်ပိုင်းလူက မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် ရုတ်တရက် လှည့်ကာ ထွက်ခွာသွားခဲ့၏။
မကြာခင်မှာပဲ သူသည် ဂိုဏ်းထဲတွင် ရှိနေသည့် လက်ရွေးစင်ကျင့်ကြံသူ နှစ်ဆယ်တို့ကို ခေါ်ဆောင်ကာဖြင့် ကောင်းကင်ယံသို့ ထိုးတက်ကာ ထျန်းမင်တောင်ရှိရာဆီသို့ ဦးတည်သွားလေသည်။
သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာသည် အနှိုင်းမဲ့ မြင့်မားသည့် အခြေအနေတစ်ခုတွင် မရှိသော်လည်း သူတို့၏ အားအင်အဆင့်ကိုတော့ အထင်သေး၍ မရချေ။ အခွင့်အရေးကောင်းသာ ရရှိသည်ဆိုပါက ကျိန်းသေပေါက် သူတို့သည် ထျန်းမင်တောင်၏ အနီးအနားသို့ တိုးကပ်သွားနိုင်၏။ သူတို့အနေနှင့် သေးငယ်သည့် အခွင့်အရေးတစ်ခုကို ရရှိသည်ဆိုလျှင်တောင်မှ စိတ်ကျေနပ်မှုကို အလုံးစုံရရှိမှာ သေချာ၏။
ဘုန်း ...။
နက်နဲလျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အလောတကြီးဖြင့် ထျန်းမင်တောင်ရှိရာသို့ သွားခဲ့ကြ၏။ တည်နေရာတစ်ခုလုံး၌ ကျယ်လောင်သည့် အသံကြီးများ ထွက်ပေါ်လျက်ရှိနေပြီး ကောင်းကင်ယံတွင်လည်း ကြမ်းတမ်းသည့်အော်ရာများနှင့် ရစ်သိုင်းနေခဲ့၏။ ကောင်းကင်ယံအထက် ခပ်ဝေးဝေးတွင် တည်ရှိနေသည့် ကြယ်စင်စုများပင်လျှင် အောက်သို့ထိုးကာ ကျဆင်းကုန်သည်။
ဘုရင်တစ်ယောက်၏ ဟန်ပန်အမူအရာနှင့် အသွင်သဏ္ဍာန်များသည် မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို လှုပ်ခါစေခဲ့၏။ များပြားလှသည့် သက်ရှိသတ္တဝါများ အားလုံးသည် ထိုအော်ရာနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ မည်သူမှမခံနိုင်ဘဲ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားခဲ့ကြ၏။ တချို့သော ကျင့်ကြံသူများသည် ထိုဖိနှိပ်မှုအားအင်ကို ခုခံနိုင်ရန်အတွက် မနည်း ရုန်းကန်နေခဲ့ရ၏။
“နတ်ဆိုးစွမ်းအင်တွေပဲ”
ရှေးရွက်သင်္ဘောကြီး တစ်ခုဆီမှာတော့ အင်ပါယာတစ်ယောက်သည် မျက်လုံးကို ဖွင့်လိုက်၏။ ၎င်း၏ အကြည့်သည် နတ်ဘုရားဓားကဲ့သို့ပင် စူးရှလျက်ရှိနေပြီး လေဟာနယ်ကို ဖြတ်သန်း ရောက်ရှိသွား၏။ ထျန်းမင်တောင်၏ အတွင်းတည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ ရှေးဘုရားကျောင်း တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်ရသည်။
ထိုဘုရားကျောင်းကြီးသည် မဲနက်လျက်ရှိနေပြီး စိမ်းနက်ရောင် သင်္ကေတများနှင့် ထွန်းတောက်လျက် ရှိနေ၏။ ခြောက်ချားဖွယ်ရာ တည်နေရာကြီးတစ်ခုအဖြစ် ဖြစ်တည်စေခဲ့ပြီး ငရဲဆီမှ နန်းတော်ကြီး တစ်ခုကဲ့သို့ပင်။ ထိုအရာကို မြင်သည့် လူများအားလုံးတို့သည် ကျောရိုးမကြီးများပင်လျှင် စိမ့်တက်လျက် ရှိနေ၏။
“အမှန်ပဲ။ ဒါ နတ်ဆိုးသူတော်စင်တစ်ယောက် ချန်ခဲ့တဲ့ အဆောက်အဦ ဖြစ်ရမယ်” အင်ပါယာက တီးတိုးရေရွတ်လိုက်၏။ သူ၏မျက်လုံးများသည် ပိုမိုကာ တောက်ပလာခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မည်သူမှသည် ထျန်းမင်တောင်ထဲတွင် ရှိနေသည့် နတ်ဆိုးသူတော်စင် ချန်ခဲ့သည့် အမွေအနှစ်များကို ရှာဖွေမတွေ့ရှိခဲ့ချေ။
မူလအားဖြင့် ဤအဆောက်အဦကြီးသည် သေသေသပ်သပ်နှင့် တည်ရှိနေခဲ့၏။ ထိုအရာကြီးသာ ပေါ်ပေါက်လာသည် မဟုတ်ပါက မည်သူမှသည် ဤနေရာတွင် အမွေအနှစ်များ တည်ရှိနေကြောင်း သတိပင် ပြုမိလိမ့်မည် မဟုတ်ချေ။ ယခု ပေါ်ပေါက်လာခဲ့သည် ဖြစ်သောကြောင့် ကျိန်းသေပေါက် အကျိုးအမြတ်များကို ရရှိရန်အတွက် ကြိုးစားရပေလိမ့်မည်။
ဘုန်း ဘုန်း ....။
ဆန်းကြယ်လွန်းလှသည့် ပစ္စည်းများနှင့် ဖန်တီးပြုလုပ်ထားသည့် ဤဘုရားကျောင်းကြီးသည် ရုတ်တရက် တုန်ခါလာခဲ့၏။ များပြားလွန်းလှသည့် ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံးကို အလင်းပေးထားသည်။ ကြည့်ရှုရသည်မှာ ထိုအထဲတွင် ရှိနေသည့် အော်ရာများသည် အားလုံးသောသူတို့ကို ရူးသွပ်သွားစေနိုင်အောင် ပြင်းထန်လွန်း၏။ အချိန်တိုအတွင်း ထိုအော်ရာများ၏ အားအင်အဆင့်သည် အန္တိမကျင့်ကြံခြင်းအဆင့်ဆီသို့ ရောက်ရှိလာခဲ့၏။ ဆက်လက်ကာ ပိုမိုတိုးတက် သွားသည်ဆိုပါက ကျိန်းသေပေါက် အားလုံးသောသူတို့ မျှော်မှန်းထားသည့် အခြေအနေထက်ပင် တိုးလာမှာ သေချာ၏။
“ဒါ နတ်ဆိုးသူတော်စင် ချန်ခဲ့တဲ့ လက်နက်တစ်ခုများလား”
“ဖြစ်နိုင်တာက ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်က ဘယ်တုန်းကမှ မသေဆုံးခဲ့ဘဲ ဒီနေ့ အချိန်မှာ ပြန်ပြီး ပေါ်လာတာလား”
“မဖြစ်နိုင်ဘူး။ နတ်ဆိုးသူတော်စင်က အရမ်းအားကောင်းခဲ့တယ် ဆိုပေမဲ့ အသင်္ချေ များပြားတဲ့ လောကအသီးသီးရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ လုံးဝကို မလွတ်မြောက်ခဲ့ဘူး။ လက်ရှိ အခြေအနေကို ကြည့်ရှုရမယ်ဆိုရင် သူ့ရဲ့လက်နက်တစ်ခုခုက သိစိတ်ရရှိခဲ့တာပဲ ဖြစ်မယ်။ ကြည့်.. နတ်ဆိုးသင်္ကေတတွေက နန်းတော်ထက်မှာ ပေါ်လာတယ်လေ။ ဒါ ကျိန်းသေပေါက် အသက်ဝင် ထွက်ပေါ်လာမယ့် ပုံစံမျိုးပေါ့”
ထျန်းမင်တောင်၏ ခပ်ဝေးဝေး ကောင်းကင်ယံထက်တွင်တော့ လူပေါင်းများစွာတို့က ရောက်ရှိ နေကြပြီးဖြစ်၏။ ၎င်းတို့သည် အဝေးဆီမှနေ၍ အခြေအနေကို သုံးသပ်ကာ ပြောဆိုဆွေးနွေးနေခဲ့ကြ၏။ လူပေါင်းများစွာ၏ မျက်လုံးများသည် အမဲရောင် နန်းတော်ကြီးဆီသို့ ကျဆင်းလျက် ရှိနေ၏။
နန်းတော်ကြီး၏ အသွင်သဏ္ဍာန်က ရုတ်တရက် ပြောင်းလဲလာခဲ့၏။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များသည် အမဲရောင် နေလုံးကြီး တစ်ခုကဲ့သို့ပင်။ ထိုအရာများ၏ နောက်ဘက်တွင် နတ်ဘုရားဖီးနစ်များ၊ အစစ်အမှန် နဂါးများ၏ ပုံရိပ်ယောင်များက ပုံပေါ်လျက် ရှိနေပြီး ထိုသတ္တဝါများသည် ၎င်းတို့၏ ပုံမှန်အသွင်အပြင်များအတိုင်း အော်ဟစ်ကြွေးကြော်လျက် ရှိနေသည်။
နတ်ဆိုးသင်္ကေတများသည် ရှေးသတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်နောက် မတ်မတ်ရပ်ကာ တည်ရှိနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် မြူများနှင့် ရစ်သိုင်းနေ၏။ ဤအရာ အားလုံးသည် နတ်ဆိုးသူတော်စင် ချန်ထားခဲ့သည့်အရာများဖြစ်ကြောင်း အားလုံးက သိရှိ၏။
လူသားမျိုးနွယ်များအနေနှင့် ထိုအရာကို မကျင့်ကြံနိုင်သော်လည်း ထိုအရာများကို ရရှိသည် ဆိုပါက ကျိန်းသေပေါက် အကျိုးအမြတ် ကြီးကြီးမားမားကို ရရှိမှာဖြစ်၏။ အထူးသဖြင့် အန္တိမအဆင့် ကျင့်ကြံသူများ အနေနှင့် ထိုအရာကို ရရှိရန်အတွက် စိတ်ပါဝင်စားမှု ရှိလာခဲ့ကြ၏။ ကြည့်ရှုရသည်မှာ ၎င်းတို့သည် ထိုအရာများကို ရရှိသည်ဆိုပါက အင်မော်တယ်ဘုရင်အဆင့်နှင့် ပတ်သက်သော ဉာဏ်အလင်းများကိုပင် ရရှိနိုင်စွမ်းရှိသည်။
“ဒါ.. ကျုပ်တို့မွန်းစတားကလန်တွေအတွက် ကောင်းချီးပဲ။ လူသားကလန်တွေက ဝင်ပြီးရှုပ်ချင်တာလား”
မွန်းစတား အင်ပါယာတစ်ယောက်က ရှေ့သို့လှမ်းတက်လိုက်၏။ သူသည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် နန်းတော်တည်ရှိရာဆီသို့ ပြေးသွားခဲ့၏။ ပြီးနောက် အေးစက်စက် ပြောဆိုလိုက်၏။ “နတ်ဆိုးသူတော်စင်ရဲ့ ကောင်းချီးတွေကို ကျုပ်ရရှိတဲ့အချိန်မှာ ကျိန်းသေပေါက် နက်နဲလျှို့ဝှက်လောက တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”