← Chapters

အပိုင်း (၅၈၅)

Vol. 40 Ch. 585

အပိုင်း (၅၈၅)

Vol. 40 Ch. 585

“မဟုတ်ဘူး။ မွန်းစတားအင်ပါယာ...”

“မြန်မြန်.. သူ့ကိုတားစမ်း။ ထျန်းမင်တောင်ရဲ့ အမွေအနှစ်တွေကို သူရသွားလို့ မဖြစ်ဘူး”

ရေတွက်၍ မရအောင် များပြားသည့် လူများ၏ အသံက ထွက်ပေါ်လာခဲ့၏။ မွန်းစတား ကလန်များသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ ထျန်းမင်တောင်တွင် ရှိနေသည့် အမွေအနှစ်များကို ရရှိသည်ဆိုပါက မွန်းစတားများသည် ပြန်လည်ကာ အားကောင်းလာမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် လူသား မျိုးနွယ်များသည် ကြီးမားသည့် အန္တရာယ်အတွင်းသို့ သက်ဆင်းသွားနိုင်၏။

ပိုမို၍ အရေးကြီးမားသည်မှာ ထျန်းမင်တောင်၏ ရှေးအမွေအနှစ်အားလုံးသည် ငရဲလောကနှင့် ဆက်စပ်လျက် ရှိနေ၏။ လက်ရှိတည်နေရာကြီးသည် ငရဲလောကနှင့်ပတ်သက် ဆက်နွယ်နေသည့် တည်နေရာကြီးတစ်ခု ဖြစ်ခဲ့ကြောင်း သူတို့က‌ သိရှိကြသည်။ ထို့ကြောင့် အမွေအနှစ်များသည် ငရဲလောကဆီမှ အမွေအနှစ်များ သာလျှင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အရေးကြီးအရာများအား မွန်းစတားကလန်များ၏ လက်ထဲသို့ ထည့်ပေး၍ မဖြစ်ချေ။

ချက်ချင်းဆိုသလိုပဲ အလင်းတန်းပေါင်း များစွာတို့သည် ကောင်းကင်ယံဆီသို့ ထိုးတက်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ အော်ရာလှိုင်းများကို ထုတ်ဖော်ကာဖြင့် လိုက်ပါသွားကြ၏။ မီးတောက် မီးလျှံများ ပင်လျှင် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေ၏။ အားလုံးသော သူတို့သည် ၎င်းတို့နည်း၊ ၎င်းတို့ဟန်ဖြင့် အမွေအနှစ်များကို ရယူချင်စိတ် ရှိကြ၏။

ကျွီး ......။

ဟောခန်း၏ အပြင်ဘက်တွင်တော့ မည်သည့်တားဆီးချက်မှ မရှိချေ။ လူပေါင်းများစွာတို့သည် မည်သည့် အတားအဆီးကိုမှ ခံယူရခြင်း မရှိဘဲ အထဲသို့ ဝင်ရောက်ခဲ့သည်။

သို့ပေမဲ့ အထဲသို့ လှမ်းဝင်လိုက်ချင်းချင်းမှာပဲ ဆန်းကြယ်လှသည့် အော်ရာများထွက်ပေါ်နေသည့် ဟောခန်းကြီးတစ်ခုကို မြင်လိုက်ရ၏။ ဆန်းကြယ်လွန်းလှသည့် နတ်ဆိုးစွမ်းအင်များသည် ဖြည်းညှင်းစွာ စုဝေးလျက် ရှိနေ၏။ ဤကဲ့သို့သော အော်ရာအမျိုးအစားများသည် လက်နက်တစ်ခုခုတွင် ရှိသင့်သည့်‌ အော်ရာမျိုး မဟုတ်ချေ။ ကျိန်းသေပေါက် ပါရမီရှင် သက်ရှိလူသားတစ်ယောက်၏ အော်ရာမျိုးပင်ဖြစ်၏။

“...........”

လူသားအင်ပါယာ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သူက ရုတ်တရက် ထအော်လိုက်၏။ “လက်နက် စိတ်ဝိညာဉ် မဟုတ်ဘူး”

သူ၏ နောက်ဘက်တွင် ရှိနေသော အင်ပါယာအားလုံးတို့၏ အမူအရာများသည် ပြောင်းလဲသွားခဲ့၏။ သူတို့သည် အလွန်ကြမ်းတမ်းလွန်းလှသည့် နတ်ဆိုးစွမ်းအင်များ စုစည်းလာသည်ကို မြင်နေ၏။ ထိုနတ်ဆိုးစွမ်းအင်များသည် ဘုရင်တစ်ပါး၏ ရောင်စဉ်များကဲ့သို့ပင် ထွန်းတောက်လျက် ရှိနေသည်။

လက်ရှိအခြေအနေမှာတော့ ဟောခန်းထဲရှိနေသည့် လူများတင်မက အပြင်ဘက်၌ စောင့်ကြည့်လျက် ရှိနေသည့် လူများပင်လျှင် ဤကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုကို အာရုံခံမိကြ၏။

“မြန်မြန် နောက်ဆုတ်ကြတော့” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်သည်။

အချက်အလက်အားဖြင့် ပြောနေရန်ပင် မလိုချေ။ တချို့သောသူများသည် မြန်မြန်ဆန်ဆန်နှင့် နောက်သို့ စတင်ကာ ဆုတ်နှင့်ပြီးဖြစ်၏။

အထူးသဖြင့် ဟောခန်းထဲသို့ ဝင်ရောက်လာကာစ လူများသာလျှင်ဖြစ်၏။ ၎င်းတို့သည် အသာလှည့်ကာ ထွက်ခွာလိုက်သည် ဆိုသော်လည်း ထိုသူများ၏ အရှေ့တွင် ရှိနေသော လူများသည် ရုတ်တရက် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာဖြင့် သွေးမိုးများ ရွာချလာခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံးနှင့် နံရံ၊ ကြမ်းပြင် အရာအားလုံးတို့သည် သွေးစက်များနှင့် ပြည့်နှက်သွားသည်။

များပြားလှသည့် လူများသည် ဤကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရ၏။ ထို့အပြင် ဤလူများသည် အင်ပါယာများဖြစ်၏။ အင်ပါယာတစ်‌ယောက်၏ သွေးအဆီအနှစ် ဆိုသည်မှာ အလွန့်အလွန်ကို တန်ဖိုးကြီးမားလွန်း၏။ မည်သူသည် များပြားလှသည့် အင်ပါယာများ၏ သွေးများကို တစ်ခါတည်း စုပ်ယူရဲနေသနည်း။

အခြားတစ်ဖက်ကကြည့်ရှုရမည် ဆိုလျှင်တော့ ၎င်းတို့၏ ခြေထောက်အောက်တွင် ရှိနေသည့် နန်းတော်ကြီး သည် များပြားလှသည့် အင်ပါယာများ၏ သွေးအဆီအနှစ်များကို စုပ်ယူရုံသာမက ထိုမျှစုပ်ယူရသည်ကိုပင် သဘောမတွေ့ ဖြစ်နေပုံပင်။

“ဒီနေရာကြီးက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ” တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ ပြီးနောက် အလင်းတန်းအဖြစ် ပြောင်းလဲကာဖြင့် အပြင်ဘက်သို့ ပျံသန်းထွက်ခွာလိုက်၏။ သူ၏ ဘေးတစ်ဖက်တွင်တော့ တခြားသောသူများကလည်း လိုက်ပါလာခဲ့၏။ အားလုံး အနောက်သို့ ဆုတ်ခွာ ပြီးသည့်နောက် အဝင်ဝဆီသို့ ပြန်လည် ရောက်ရှိသွားကြသည်။

ဘုန်း

သို့ပေမဲ့ သူတို့ထွက်ခွာသွားပြီး မကြာခင်မှာပဲ ဟောခန်းတစ်ခုလုံးသည် တောက်ပသည့် အလင်းတန်းများနှင့် လင်းလက်လာခဲ့၏။ နတ်ဘုရားရောင်စဉ်များသည် ပြန်လည်အသက်ဝင်လာခဲ့သလိုပင် လေဟာနယ်ထဲတွင် တာအို၏ အရိပ်သင်္ကေတများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။

တည်နေရာအနှံ့ဆီသို့ ထွက်ပြေးသွားခဲ့ကြသော လူအားလုံးတို့သည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ သေဆုံးခဲ့၏။ မည်သူမှသည် ဤကပ်ဘေးကြီးဆီမှ မလွတ်မြောက်ခဲ့ချေ။ အထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သော အင်ပါယာများသည် အသက်ရှုရှိုက်စာ အနည်းငယ်အတွင်းမှာပဲ အားလုံး သေဆုံးသွားခဲ့သည်။

ဤမြင်ကွင်းသည် လူပေါင်းများစွာတို့၏ ကျောရိုးမကြီးများကို စိမ့်တက်သွားစေခဲ့၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော အင်ပါယာများပင်လျှင် သာမန်လူများကဲ့သို့ လွယ်လွယ်ကူကူနှင့် သေဆုံးခဲ့လေသည်လား။ နာကျင်ဖွယ် အော်ဟစ်လိုက်သံကိုပင် မကြားလိုက်ခဲ့ရချေ။ အားလုံးသောသူတို့သည် တစ်ခါတည်း သေဆုံးသွားခဲ့ကြ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘာတွေဖြစ်နေတာလဲ။ ထျန်းမင်တောင်က ဘာလို့ ရုတ်တရက်ကြီး အန္တရာယ်ပေးလာရတာလဲ”

အပြင်ဘက်တွင် ကျန်ရှိခဲ့သောကြောင့် အသက်ရှင်ကျန်ခဲ့သည့်လူများသည် အလုံးစုံ ဆွံ့အလျက်ရှိ၏။ လက်ရှိအခြေအနေသည် တကယ့်ကို ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း အရူးပင်လျှင် နားလည်နိုင်စွမ်း ရှိပေလိမ့်မည်။ အင်ပါယာတချို့ပင်လျှင် ခုခံနိုင်ခြင်းမရှိသည့် အခြေအနေသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

အင်ပါယာများကို ဤကဲ့သို့ သတ်ဖြတ်လိုက်သည့် အရာသည် မည်သည့်အရာကြီး ဖြစ်မည်နည်း။

“ဖြစ်နိုင်တာ.. ရှေးတုန်းကတည်းက နတ်ဆိုးသူတော်စင် ချန်ထားခဲ့တဲ့ အစီအရင် တစ်ခုခုလား။ သူ့ရဲ့ အမွေအနှစ်တွေ တခြားသူတွေ လက်ထဲကို ရောက်သွားမှာစိုးလို့ ကာကွယ်ထားတာဖြစ်မယ်” စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်က တွက်ချက်လိုက်၏။

သူ၏စကားကို အားလုံးသောသူတို့က သဘောတူညီကြ၏။ သို့ပေမဲ့ အားလုံးသောသူတို့သည် ဟောခန်းထဲတွင် ပေါ်ပေါက်လာခဲ့သည့် သက်တန့်ရောင်စဉ်တစ်ခုကို အာရုံခံပြီးသည့်နောက် ဆိုးရွားသည့် ခံစားချက်များကို ပိုမိုခံစားလာမိကြ၏။ ကြည့်ရသည်မှာ နောက်ခဏအတွင်း တစ်စုံတစ်ခုက အသက်ဝင် နိုးထလာတော့မည့်ပုံပင်။

“ထျန်းမင်တောင်ကြီးက ဒီနှစ်ပိုင်းအတွင်းမှာ ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘူးလို့ ကျုပ်က အလိုလို သိနေတယ်။ ဒီခေတ်အထိ တစ်စုံတစ်ယောက်က အသက်ရှင်လျက် ရှိနေသေးတယ်။ သူ့က လောကကြီးကို လွှမ်းမိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပဲ”

“ဒီလိုကိစ္စဆိုရင် အစစ်အမှန် အင်မော်တယ်၊ ဒါမှမဟုတ် အန္တိမကျင့်ကြံသူ စီနီယာတွေ လှုပ်ရှားဆောင်ရွက် ရမယ့်ကိစ္စ ဖြစ်လာပြီ။ ဒီဟောခန်းကြီးကို လုံးဝဖျက်ဆီးဖို့က သူတို့ရဲ့တာဝန် ဖြစ်လာပြီ” တစ်စုံတစ်ယောက်သည် အောက်တွင်ရှိနေသည့် ဟောခန်းကြီးကို ကြည့်ရှုကာ လေးလေးနက်နက် ပြောလိုက်သည်။

သူသည် အကြံပြုချက်ကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လူပေါင်းများစွာတို့သည် သဘောမတူသလို ခေါင်းကို ခါယမ်းနေကြ၏။ မွန်းစတားကလန်ကို မဆိုနှင့်။ လူသားကလန်များပင်လျှင် ဤဟောခန်းကြီးကို ဖျက်ဆီးရန် အလိုဆန္ဒ မရှိခဲ့ကြချေ။ ထို့ပြင် အထဲတွင် ရှိနေသည့် ရတနာများသည် ကျိန်းသေပေါက် အားလုံး လိုချင်တပ်မက်ကြသည့် အရာမျိုးဖြစ်၏။ အထဲတွင် ရှိနေသည့် အန္တရာယ်သည် ပိုမိုကာကြီးမားလေ ရရှိနိုင်သည့် အကျိုးအမြတ်က ပိုမိုကြီးမားလေဖြစ်ကြောင်းကို သိုင်းကျင့်ကြံသူအားလုံးက နားလည်ထား ကြ၏။

“ထျန်းမင်တောင်မှာ အသက်ရှင် ကျန်ရှိခဲ့သူ ရှိနေတာလား ဒါမှမဟုတ် လက်နက်တစ်ခု အသက် ပြန်ဝင်လာတာလား။ ဒီလိုမျိုး တွက်ချက်နေမဲ့အစား ကျုပ်တို့အရင်ဆုံး ဘုရားကျောင်းရဲ့အပြင်ဘက်မှာရှိတဲ့ အစီအရင်ကို အရင် ချိုးဖြတ်လိုက်ကြတာ ပိုကောင်းမယ်” ထိုသူသည် ရုတ်တရက် အကြံပြုလိုက်သည်။

သူ၏စကားစု ထွက်ပေါ်လာချင်းမှာပဲ သူ၏အနောက်ဘက်တွင် ရှည်လျားလှသည့် လှံကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး ထိုလှံကြီးသည် တောက်ပလှသည့်အလင်းတန်းများနှင့် ထွန်းတောက်လျက် ရှိနေ၏။ ထိုလှံကြီးသည် ဟောခန်းကြီးဆီသို့ တည့်တည့်ပင် ဝင်ရောက်သွား၏။

နောက်တစ်စက္ကန့်အတွင်း ဟောခန်းကြီးအတွင်းမှာတော့ ကြက်သွေးရောင်ကဲ့သို့သော အလင်းတန်းနှစ်ခု သည် အချိန်နှင့် တည်နေရာကို ဖြတ်သန်းပြီး ထွက်လာသလို ရုတ်တရက် ပေါ်လာပြီး လှံကြီးအား ထိပ်တိုက်ရင်ဆိုင်ခဲ့လေသည်။

All Chapters