အပိုင်း (၅၈၆)
Vol. 40 Ch. 586
“ဘာဖြစ်တာလဲ”
လူပေါင်းများစွာတို့က ကြောက်လန့်သွားခဲ့ကြ၏။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ကြက်သွေးရောင် အလင်းတန်း နှစ်ခုသည် ကောင်းကင်ယံဆီသို့ ထောက်တိုင်များကဲ့သို့ ထိုးတက်သွားခဲ့၏။ ၎င်းတို့သည် ကောင်းကင်၏အမြင့်ဆုံး တည်နေရာဆီသို့ ရောက်ရှိသွားခဲ့ပြီး မားမားမတ်မတ်ဖြင့် လောကကြီးထက် တွင် တည်ရှိနေခဲ့၏။ အိမ်မက် မက်နေသကဲ့သို့ပင်။
“ဒါ.. ဒါ မျက်လုံးတစ်စုံလား”
တစ်စုံတစ်ယောက်သည် ဟောခန်းထဲတွင် ရှိနေသည့် မြင်ကွင်းကို သတိပြုမိ၏။ ထို့ကြောင့် ထကာ အော်ဟစ်လိုက်၏။ “ထျန်းမင်တောင်ရဲ့ ရှေးနတ်ဆိုးသူတော်စင်က မသေဆုံးသေးဘူး။ သူ အသက်ရှင်နေသေးတယ်”
ဤလူသည် အင်ပါယာတစ်ယောက်ဖြစ်၏။ တခြားသော တည်နေရာများဆိုလျှင် သက်ရှိသတ္တဝါများ၏ အထက်၌ မားမားမတ်မတ် ရပ်တည်နိုင်သည့် လူမျိုးတစ်ယောက်ပင်။ သို့ပေမဲ့ ဤနေရာတွင်တော့ သူသည် ဂုဏ်သိက္ခာ ကင်းမဲ့စွာဖြင့် အော်ဟစ်နေမိသည်။
ပုံမှန်ထက်ပိုကာ ခြားနားလွန်းပြီး ကြီးမားပြင်းထန်သည့် အော်ရာများကို ခံစားမိသည့် အချိန်မှာတော့ သူသည် ကျိန်းသေပေါက် ကြောက်လန့်လို့ နေခဲ့၏။ အန္တိမ ကျင့်ကြံခြင်း၏ အဆင့်ထက်ပင် ပိုမိုကာ ကြောက်မက်စရာ ကောင်းလှသည့် လူတစ်ယောက် ပေါ်ပေါက်လာမည်ကို အာရုံခံစားမိသောကြောင့်ပင်။
သံသယရှိစရာပင် မလိုချေ။ ဟောခန်းထဲတွင် ရှိနေသောလူသည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်သာလျှင် ဖြစ်ပေလိမ့်မည်။
အင်မော်တယ်ဘုရင် - ထိုသူသည် ထာဝရ တည်ရှိမှုနီးပါး ဖြစ်တည်သည့် လူတစ်ယောက်ဖြစ်ပြီး ရှေးယခင် ကတည်းက ယခုအချိန်အထိ တည်ရှိနေထိုင်ခဲ့သူတစ်ယောက်ဖြစ်၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် သာလျှင် ပျက်စီးပြီး ပျောက်ကွယ်သွားနိုင်၏။ သို့ပေမဲ့ ဤလူကတော့ မသေဆုံးဘဲ ကျန်ရှိခဲ့မည့် လူမျိုးပင်။ ငရဲလောကကြီး၏ တိုက်ပွဲအတွင်း အသက်ရှင် ကျန်ရစ်ခဲ့သည့် လူတစ်ယောက်အနေနှင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်မည် ဆိုခြင်းမှာ ယုံမှားသံသယရှိစရာ မလိုချေ။
“ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်လား”
ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ လူပေါင်းများစွာတို့၏ အမူအရာများက ပြောင်းလဲသွား၏။ သူတို့သည် မယုံကြည်နိုင်သလို ခံစားနေမိ၏။ ချက်ချင်းဆိုသလိုပဲ လူပေါင်းများစွာတို့သည် အနောက်ဘက်သို့ မြန်မြန် ဆုတ်ခွာလိုက်ကြ၏။
ထိုအင်ပါယာ၏ စကားလုံးများသည် မှန်လား၊ မှားလား ဆိုသည်ကို သေသေချာချာ မသိချေ။ သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ သိသာထင်ရှားစွာ မြင်နေရ၏။ ထျန်းမင်တောင်ကြီးသည် တည်နေရာ ရွေ့လျားလာခဲ့ သောကြောင့်ပင်။ ဤကဲ့သို့သော ရွေ့လျားလာမှုသည် ကျိန်းသေပေါက် မကောင်းသည့် အငွေ့အသက်များ ပါဝင်နေသည်။
သို့ပေမဲ့ သူတို့ ထွက်ခွာသွားရန် ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ ......
ဝုန်း
ကျယ်လောင်သော အသံကြီးတစ်ခုက ပဲ့တင်ထပ်သွား၏။ ဟောခန်းထဲတွင် တောက်ပသည့် ရောင်စဉ်များ ဖြစ်တည်လျက် ရှိနေ၏။ အကန့်အသတ်မဲ့ များပြားလွန်းသည့် တာအို၏ နိယာမ များသည် စတင်စုဝေးလာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်၏ အသွင်သဏ္ဍာန်သည် တဖြည်းဖြည်းနှင့် အသွင် ဖြစ်တည်လာခဲ့၏။
ထိုလူသည် ရှေးအော်ရာများလွှမ်းခြုံလျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်။ စကြဝဠာကြီး တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေသည့် ခွန်ဖန်ကြီး တစ်ကောင်ကဲ့သို့ပင် တောင်ပံများကို ဖြန့်ကျက်ကာဖြင့် အားလုံးသောသူတို့ကို အုပ်မိုးကာ ကြည့်ရှုနေသည်။
လက်ရှိအခြေအနေမှာတော့ ရေတွက်၍မရအောင် များပြားသည့် ရှေးဒဏ္ဍာရီလာသားရဲများသည် ရုတ်တရက် ပေါ်ပေါက်လာပြီး ဤနတ်ဆိုးသူတော်စင်နှင့်အတူ လောကကြီးထဲ၌ မားမားမတ်မတ် ရပ်တည်နေ၏။
“ဒါ.. ငါတည်ရှိခဲ့တဲ့ လောကကြီးလား”
ဤတီးတိုးပြောဆိုသံ တစ်ခုသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။ အသံသည် ရှေးဆန်ပြီး မည်သည့် ခံစားချက်မှ မပါဝင်သည့် အသံမျိုးပင်။
“နက်နဲမီးတောက်လောကကြီးက မူလအတိုင်း ပြန်ဖြစ်သွားတာလား” ဟောခန်း၏ အတွင်းဘက်တွင်တော့ လူတစ်ယောက်သည် တန်ခိုးကျင့်ကြံနေသကဲ့သို့ပင် တင်ပုလ္လင်ခွေ ထိုင်လျက် ရှိနေသည်။
အဝေးမှ ကြည့်ရှုမည်ဆိုလျှင် ၎င်း၏ ပုံပန်းသွင်ပြင်တစ်ခုလုံးသည် မြူကဲ့သို့ပင် ထင်မှတ်မှားရ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးအော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်း၏ အသွင်သဏ္ဍာန် ပေါ်ပေါက်လာသည်နှင့်အမျှ လောကကြီးအတွင်းတွင် ရှိနေသည့် အရာအားလုံးတို့သည် တုန်ခါလျက် ရှိနေလေ၏။
မြူများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးသည့်နောက် ၎င်း၏ ပုံပန်းသွင်ပြင်သည် အစစ်အမှန် ပေါ်ပေါက်လာခဲ့၏။ အမဲရောင်ဆံနွယ်များ တည်ရှိနေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ၎င်း၏ မျက်လုံးများသည် ငွေဖြူရောင်ဖြစ်လို့နေ၏။ တကယ့်ကို စူးရှလွန်းသည့် မျက်လုံးများပင်။
ဤလူသည် လူသားပုံစံမျိုး ရှိသည်ဆိုသော်လည်း လူသားမဟုတ်ဘဲ ရှေးနတ်ဆိုးသူတော်စင်ဖြစ်ကြောင်း လူပေါင်းများစွာ တို့က သိရှိ၏။ နက်နဲမီးတောက်လောကကြီးကို အုပ်စိုးခဲ့သည့်လူလည်း ဖြစ်သည်။
“ကျုပ် မှတ်မိတာသာ မှန်မယ်ဆိုရင် နက်နဲမီးတောက်လောကကြီးက တိုက်ပွဲပြီးတဲ့နောက်မှာ အစိတ်စိတ်၊ အပိုင်းပိုင်း ဖြစ်သွားတယ်လေ။ ဘယ်လိုဖြစ်ပြီး ထပ်ပြီး ပေါင်းစပ်သွားရတာလဲ။ ပြီးတော့ ပိုပြီးတောင် ကျယ်ပြန့်လာသလိုပဲ” ဟောခန်းထဲတွင် ထိုင်လျက်ရှိနေသည့် နတ်ဆိုးသူတော်စင်သည် တီးတိုးရေရွတ်လျက် ရှိ၏။
လူပေါင်းများစွာတို့သည် အသက်ကိုပင် ပြင်းပြင်း မရှူရဲခဲ့ကြချေ။ သူ၏ မေးခွန်းသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့ သွားခဲ့၏။ ထိုသူသည် တဖြည်းဖြည်း ကြည့်ရှုရင်း မျက်မှောင်ကုတ်လာခဲ့၏။ လက်ရှိ နက်နဲမီးတောက်လောကကြီး သည် ခန့်မှန်းထားသည်ထက် ပိုမိုကာ အားနည်းလို့နေ၏။ အင်မော်တယ်ဘုရင် တစ်ဦးတစ်လေပင် မရှိချေ။
မူလအားဖြင့် နက်နဲမီးတောက်လောကကြီး ပြန်လည်ပေါင်းစပ်မှုအောက်တွင် အနည်းဆုံး အင်မော်တယ်ဘုရင် အနည်းငယ်တော့ တည်ရှိနေသင့်၏။ အစောတုန်းက သူ ထွက်ပေါ်လာချင်းချင်း ထိုအရာကို စိုးရိမ်နေမိ၏။ အဘယ်ကြောင့်ဆိုသော် များပြားလှသည့် အင်မော်တယ်ဘုရင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရလိမ့်မည်ဟု ထင်မှတ် ထားခဲ့သောကြောင့်ပင်။ သို့ပေမဲ့ လက်ရှိအခြေအနေကို ကြည့်ရှုရသည်မှာ သူအတွေးလွန်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
လက်ရှိ နက်နဲမီးတောက်လောကကြီးသည် အလွန်အမင်း အားနည်းလျက် ရှိနေပြီး အားအကောင်းဆုံးသော ကျင့်ကြံသူအနေနှင့် အန္တိမအဆင့်များသာလျှင်ရှိ၏။ အင်မော်တယ်ဘုရင်ဆိုလျှင် တစ်ဦးတစ်လေမှပင် မရှိချေ။ လောကကြီးများ ပေါင်းစပ်လျက်ရှိနေပြီး လောက၏အဆင့်အတန်း တိုးတက်သွားခဲ့သည်ဆိုသော်လည်း လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ၏ အားအင်အဆင့်သည် လုံလောက်ခြင်း မရှိချေ။
“ထူးဆန်းလိုက်တာ” နတ်ဆိုးသူတော်စင်သည် ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်မိ၏။ သူသည် ဘာဖြစ်နေသည်မှန်းကို အဖြေ မရှာနိုင်ပေ။ ထို့ကြောင့် တွေးတောခြင်းကိုသာလျှင် ရပ်တန့်လိုက်မိ၏။
လက်ရှိ တည်ရှိနေသည့် အရာအားလုံးကို ဝှေ့ကာ ကြည့်ရှုလိုက်ပြီးသည့်နောက် ရောရုဝအရှင် နေထိုင်ရာဆီသို့ သူ၏အကြည့်က ရောက်ရှိသွား၏။ သူနိုးထလာရသည့် အဓိကအကြောင်းအရင်းသည် ရောရုဝအရှင်၏ ပြန်လည် ခေါ်ဆောင်ခြင်းကြောင့်သာလျှင် ဖြစ်၏။
“နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ငရဲလောကကြီးက တိုးတက်လာတော့မှာလား။ ဒါပေမဲ့ ....”
နတ်ဆိုး သူတော်စင်က တီးတိုးရေရွတ်လိုက်လေ၏။ “ငရဲလောကအရှင်ရဲ့ အားအင်အဆင့်က ကျိန်းသေပေါက် အားမနည်းသင့်ဘူးလို့ ထင်တယ်”
အစတုန်းက ၎င်းသည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ဆီသို့ ရောက်ရှိလုနီးပါးပင် ဖြစ်ခဲ့၏။ သူ့အနေနှင့် ငရဲလောက၏ အမိန့်ပေးမှုအောက်သို့ လိုက်ပါ လာခဲ့ခြင်းဆိုသည်မှာ သူ၏ စွမ်းအင်အဆင့်ကို တိုးတက်စေနိုင်ရန်ဖြစ်ပြီး ကြီးမားလွန်းသည့် အကျိုးအမြတ်ကို ရရှိရန်ပင် ဖြစ်သည်။
လက်ရှိ ပေါ်ပေါက်လာခဲ့သည်ဖြစ်သော ငရဲလောက၏အရှင်သည် အင်မော်တယ်ဘုရင် အဆင့်သို့ပင် မရောက်ရှိသေးချေ။ သူ့အနေနှင့် ထိုကဲ့သို့သောလူမျိုး၏ အောက်သို့ ဝင်ကာဖြင့် ဒူးထောက်ခစားရမည်လား။ ဤအရာမှာ မသင့်တော်လှချေ။