← Chapters

အပိုင်း (၅၈၇)

Vol. 40 Ch. 587

အပိုင်း (၅၈၇)

Vol. 40 Ch. 587

“အဆုံးသတ်မှာတော့ သူက ဆောင်းအိမ်မက် မက်နေတာပဲ”

နတ်ဆိုးသူတော်စင်သည် ဖြည်းညှင်းစွာဖြင့် ထရပ်လိုက်၏။ သူ၏ မျက်လုံးများသည် တကယ့်ပင် နက်ရှိုင်းလို့နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေ၏။ သူ၏စကားသံသည် တည်နေရာတစ်ခုလုံးကို တုန်ခါစေပြီး ကောင်းကင်၏ အဝေးတည်နေရာတွင် ရှိနေသည့် ကြယ်စင်စု တချို့ပင်လျှင် လှုပ်ခါစေခဲ့၏။

ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၌ နိယာမများနှင့် ရှုပ်ထွေးလျက် ရှိနေ၏။ လောကကြီး တစ်ခုလုံး ပျက်စီးစေနိုင်လောက်သည့် အရှိန်အဝါမျိုးကို ထုတ်ဖော်နေသော တိုက်ပွဲကြီးတစ်ခုသည် ပုံရိပ်ယောက်အဖြစ် ကောင်းကင်ယံထက်တွင် အတိုင်းသား ပေါ်ပေါက်လာသည်။

စွမ်းအားမြင့်ကျင့်ကြံသူတချို့ဆိုလျှင် ထိုပုံရိပ်ယောင်တိုက်ပွဲ၏ အော်ရာဖိနှိပ်မှုကိုမခုခံနိုင်ဘဲ သွေးများ အန်ထွက်လာခဲ့ကြ၏။

“ဘာဖြစ်တာလဲ”

တချို့သည် ကောင်းကင်ယံဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ၎င်းတို့အားလုံးသည် ချောက်နက်ထဲသို့ ကျဆင်း သွားသကဲ့သို့ပင် ကြောက်လန့်နေမိ၏။ သူတို့မြင်နေရသည့် မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ အန္တိမကျင့်ကြံသူများသည် ဖိနှိပ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ အင်မော်တယ်ဘုရင်များပင် လျှင် ဦးခေါင်းခွံများဆွဲခွာခြင်းကို ခံနေရ၏။ ဤတိုက်ပွဲကြီးသည်‌ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှချေသည်။

“ကြောက်စရာ ကောင်းလိုက်တာ။ ရှေးတိုက်ပွဲကြီးက လောကအသီးသီးကိုတောင် သက်ရောက်စေတာပဲ။ တကယ့်ကို စွမ်းအားမြင့်ကျင့်ကြံသူတွေ အများကြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ။ တိုက်ခိုက်ရေး တည်နေရာကြီးက သွေးခင်းတဲ့ လမ်းလိုပဲ”

“အင်း.. ဒါတကယ့်ကို ကပ်ဘေးကြီးပဲလေ။ အန္တိမ ကျင့်ကြံသူတွေဆိုတာ ဘာမှမဟုတ်တဲ့ လူတွေလိုတောင် ဖြစ်ခဲ့တယ်”

ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် အားလုံးသောသူများသည် ဒူးများပင် ခွေယိုင်လျက် ရှိနေကြ၏။

“ဒါ ငရဲလောကကြီးရဲ့ ရှေးတိုက်ပွဲလား” အကြီးအကဲ တစ်ယောက်သည် တီးတိုးရေရွတ်လိုက်၏။ သူ၏ ဆံပင်များသည် ဖြူလျော်လျက် ရှိနေပြီး ခါးကုန်းကုန်း အသွင်သဏ္ဍာန်မျိုးနှင့်ပင်။ သူ၏ ဝတ်စုံသည် လေနှင့်အတူ တဝုန်းဝုန်းနှင့် လှုပ်ခါနေ၏။ လက်ရှိအခြေအနေတွင် ထိုအကြီးအကဲ၏ အမူအရာများသည် လေးနက်လျက် ရှိနေသည်။

လေဟာနယ်တွင် ပေါ်ပေါက်လာခဲ့သည့် အတိတ်မှ တိုက်ပွဲကြီး၏ မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် သူက နားလည်သွားခဲ့၏။ ထိုကဲ့သို့သော တိုက်ပွဲကြီးတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သော နတ်ဆိုးသူတော်စင်သည် လက်ရှိအချိန်၌ ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်၏။ လူများအားလုံးတို့သည် နတ်ဆိုးသူတော်စင် မြင်နေရသည့် မြင်ကွင်းအတိုင်း ပုံရိပ်ယောင်မြင်ကွင်းအဖြစ် ပြန်လည်မြင်နေရခြင်းပင်။

“အင်း... အရင်တုန်းက ငရဲလောကကြီးကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တိုက်ပွဲလား”

လူပေါင်းများစွာတို့သည် ထိုအကြီးအကဲကြီး၏ စကားကို ကြားရသည့်အချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်သွား၏။

သူတို့သည် အရူးများ မဟုတ်ကြချေ။ လက်ရှိမြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် နတ်ဆိုးသူတော်စင်သည် သေဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ ဤနှစ်ပိုင်း အတွင်း မိမိကိုယ်ကို ပြန်လည်အားကောင်းရန် ကုသနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် တစ်စုံတစ်ယောက် ပြန်လည်ပေါ်ပေါက်လာခြင်းနှင့်အတူ စကြဝဠာကြီးတစ်ခုလုံးသည် ထိုလူ၏ တည်ရှိမှုကို ခုခံနိုင်ပါ့မည်လား။ လက်ရှိလောကများကို မဆိုနှင့် နောက်ထပ်လောကအသီးသီးတို့ ပေါင်းစပ်လာမည်ဆိုလျှင်ပင် နတ်ဆိုးသူတော်စင်နှင့် ယှဉ်ပြိုင်နိုင်သည့်လူဟူ၍ ပေါ်လာမည် မထင်ချေ။

“မကြာခင်မှာ နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်က လောကကို ဖြတ်သန်းပြီး ထွက်ခွာသွားခဲ့တယ်။ အခု နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်က သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရတယ်ဆိုပေမဲ့ သူတို့ရဲ့ အားအင်အဆင့်တွေက ကျန်နေသေးတယ်လေ။ ဒီနေ့ နတ်ဆိုးသူတော်စင် ပြန်ပြီးထွက်ပေါ်လာခဲ့တာက ရောရုဝအရှင်နဲ့ သက်ဆိုင်နေမယ်နဲ့တူတယ်” လူတစ်ယောက်သည် ဇဝေဇဝါဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

အခြေအနေကို ပြောဆိုရမည်ဆိုလျှင် တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤနှစ်ခုကြားတွင် ပတ်သက် ဆက်နွယ်မှုမရှိဘူး ဆိုသည်ကို သူတို့ မယုံနိုင်ပေ။

လူပေါင်းများစွာတို့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းမှာပဲ ကောင်းကင်ယံထက်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး အားလုံးသောသူတို့၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာ၏။ လူပေါင်းများစွာတို့၏ ပခုံးများသည် အောက်သို့ ညွတ်ကနဲ ဖြစ်သွားကြသည်။

ဟောခန်းထဲတွင်တော့ နတ်ဆိုးသူတော်စင်သည် သူ၏အကြည့်များကို ပြန်လည်ရုတ်သိမ်းပြီး အရှေ့တည့်တည့် ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လူများကြားထဲတွင် ရှိနေသည့် လူတစ်ယောက်၏ အမူအရာကို သူက မြင်လိုက်၏။ ထူးမခြားနားသလို အပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းပါးတွင် ဖြစ်တည်လာခဲ့၏။ “လူသား မျိုးနွယ်လား”

သူက မေးမြန်းလိုက်သည်။ “နိမ့်ကျတဲ့ လူသားမျိုးနွယ်တွေက ဒီနေ့ ဒီနေရာကို လာရဲတာလား”

နက်နဲမီးတောက်လောကကြီး တည်ရှိနေသည့် အချိန်တွင် သူသည် ထိပ်ဆုံးအခြေအနေ၌ ရပ်တည်ခဲ့၏။ လူသားမျိုးနွယ်များသည် အလုံးစုံ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ အားကောင်းလှပါသည်ဆိုသော လူသားမျိုးနွယ်များသည် တခြားလောကဆီသို့ ထွက်ပြေးကြရ၏။ နက်နဲမီးတောက်လောကကြီးတွင် သူတို့ကို ခုခံနိုင်သည့် လူသားမျိုးနွယ် ဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။

လူသားမျိုးနွယ်များသည် သူတို့ကို မြင်သည်နှင့် လူသေအဖြစ် ပြောင်းလဲသွားကြသည်။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် အခြေအနေက ပြောင်းလဲသွားခဲ့၏။ လူများမျိုးနွယ်များ ဖိနှိပ်ခံထားရခြင်းမှသည် လက်ရှိ မွန်းစတားကလန်များ ဖိနှိပ်ခံရသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။

၎င်း၏ နတ်ဘုရားသိစိတ်သည် တည်နေရာအနှံ့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လောက၏ နေရာအသီးသီး ချောင်ကြိုချောင်ကြား နေရာများတွင် မွန်းစတားကလန် အဖွဲ့ဝင်များ တည်ရှိနေသေးကြောင်း သူ မြင်လိုက်ရ၏။ မွန်းစတား အဖွဲ့ဝင်များသည် အန္တိမအဆင့် ကျင့်ကြံသူဟူ၍ပင် မရှိချေ။ အစစ်အမှန် အင်မော်တယ်နှင့် တော်ဝင်အင်ပါယာသာလျှင် အနည်းငယ် ရှိနေ၏။ ကြည့်ရသည်မှာ ၎င်းမရှိသည့် အတောအတွင်း မွန်းစတားကလန် များ၏ အခြေအနေသည် ကြီးကြီးမားမား ဆုတ်ယုတ်သွားခဲ့ပုံပေါ်သည်။

“အခု ငါ ပြန်လာပြီဆိုတော့ မွန်းစတားကလန်တွေက ပြန်ပြီး တိုးတက်လာရမယ်” နတ်ဆိုးသူတော်စင်က တီးတိုး ရေရွတ်လိုက်၏။ လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီးသည့်နောက် သူသည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် တည်နေရာ တစ်ခုလုံးကို ဝေ့ကြည့်နေ၏။

“အရင်တုန်းက တချို့ကိစ္စတွေက ဖြေရှင်းဖို့ လိုအပ်ခဲ့တယ်။ တချို့ ပုရွက်ဆိတ်လေးတွေကတော့ စွမ်းအင်မြင့် ကျင့်ကြံသူတစ်ယောက် ဘာလို့ နိုးထလာတယ်ဆိုတာ နားလည်တဲ့ပုံ မပေါ်ဘူး။ အန္တိမ ကျင့်ကြံသူ တစ်ယောက်က အင်မော်တယ်ဘုရင် တစ်ယောက်ကို အမိန့်ပေးနိုင်မယ်လို့ လူတစ်ချို့က ယုံကြည်နေတာလား။ ဆိုးလိုက်တာ”

နောက်ဆုံးစကား ပြောဆိုပြီးပြီးချင်းမှာပဲ နတ်ဆိုးသူတော်စင်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ ပုံပန်းသွင်ပြင်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ မည်သည့်အခါကမှ မပေါ်ပေါက်သကဲ့သို့ပင်။ အမဲရောင် နန်းတော်ကြီး တစ်ခုတည်းကသာလျှင် တည်နေရာတွင် မားမားမတ်မတ် ကျန်ရှိနေခဲ့၏။ လူပေါင်းများစွာတို့သည် မြင်နေရသည့် မြင်ကွင်းကို ကြည့်ရှုရင်း ပုံရိပ်ယောင်ကဲ့သို့ပင် ခံစားနေမိကြသည်။

နတ်ဆိုးသူတော်စင် ထွက်ခွာပြီး အချိန်ခဏ ကြာပြီးနောက် အန္တိမအဆင့် ကျင့်ကြံသူတစ်ယောက်သည် တံတွေးကို မနည်းမျိုချလိုက်ရ၏။ သူက တီးတိုးရေရွတ်လိုက်၏။

"ဒါက ပြန်ပြီးနိုးထလာခဲ့တာပဲ။ မထင်မှတ်ထားတဲ့ လူတစ်ယောက် ပေါပေါက်လာတဲ့ အချိန်မှာ စကြာဝဠာ တစ်ခုလုံးက ပိုပြီးဒုက္ခရောက်လာဖို့ပဲ ရှိတယ် "

"တာအိုရောင်းရင်း သူဘယ်ကိုသွားတာလဲ သိလား" တစ်စုံတစ်ယောက်သည် လှမ်းကာ မေးမြန်းလိုက်သည်။

နှင်းကဲ့သို့ ဖြူဖွေးလှသည့် ဆံနွယ်များကို ပိုင်ဆိုင်သော မိုချင်းဖန်သည် သူ၏ခြေထောက်အောက်တွင် ရှိနေသော ဘုရားကျောင်းကြီးကို ကြည့်ရှုရင်း ခေါင်းကိုခါယမ်းလိုက်၏။ သူသည် ခန့်မှန်း၍မရအောင် အားကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီး အန္တိမအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည် ဆိုသော်လည်း နတ်ဆိုးသူတော်စင် မည်သည့်နေရာသို့ ထွက်ခွာသွားကြောင်းကိုတော့ မသိရှိချေ။

မိုချင်းဖန်သည် ခဏလောက် စဉ်းစားပြီးနောက် အသာ ပြောလိုက်၏။ “ဒါက နက်နဲအလင်းလောကကြီးနဲ့ ပတ်သက်နေတာပဲ ဖြစ်မယ်”

“နက်နဲအလင်းလောကကြီးဟုတ်လား” တခြားသော အန္တိမအဆင့် ကျင့်ကြံသူသည် မျက်မှောင်ကုတ်ကာဖြင့် တီးတိုးပြောလိုက်သည် “ရောရုဝပြည် လား”

"အမှန်ပဲ" မိုချင်းဖန်သည် ခေါင်းကိုညိတ်ကာ အတည်ပြုလိုက်၏။ သူ၏အမူအရာသည် လေးနက်လျက် ရှိ၏။

"ဒါပေမဲ့ နက်နဲအလင်းလောကကြီးရဲ့ ရောရုဝပြည်က သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရပြီလေ။ ဒီတော့ နတ်ဆိုးသူတော်စင်က ဘာလုပ်ချင်တာလဲ"

ထိုစကားကို ကြားရသည့် အချိန်မှာတော့ မိုချင်းဖန်သည် အံ့အားမသင့်ချေ။ ထို့အပြင် ရောရုဝပြည် ဖျက်ဆီးခံခဲ့ရခြင်းသည် ဟာရီကိန်းမုန့်တိုင်းကဲ့သို့ပင် တည်နေရာအနှံ့ကို ပြန့်နှံ့ခဲ့ပြီးပြီ ဖြစ်၏။ သူတို့နေထိုင်ရာ လောကဆီသို့ပင် ရောက်ရှိနေခဲ့၏။

"အင်း …. ရောရုဝပြည် သုတ်သင်ရှင်းလင်းခံရတာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကြောင့်လို့လည်း ကောလဟာလ သတင်းတွေ ကြားခဲ့တယ်" မိုချင်းဖန်က တီးတိုးရေရွတ်လိုက်သည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် အနည်းငယ်သော ပျော်ရွှင်မှုကို ခံစားနေရ၏။ အဘယ့်ကြောင့်ဆိုသော် သူစုစည်းရယူခဲ့သည့် သတင်းအချက်အလက်များကို အခြေခံကြည့်မည် ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်၏။ ၎င်း၏ လုပ်ပိုင်ခွင့်နှင့် လုပ်နိုင်စွမ်းအားသည် တကယ်ပင် ကြီးမားလွန်းလှ၏။

နန်းဆောင်သခင်သည် လူတစ်ယောက်တည်းသာ ဖြစ်သည်ဆိုသော်လည်း ပြိုင်ဖက်ကင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်၏။ အင်မော်တယ် ဘုရင်အဆင့်ထက်ပင် ပိုမိုကာ အားကောင်းသည့် လူတစ်ယောက် ဖြစ်နေနိုင်၏။ လက်ရှိ နက်နဲလောက၏ စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် သွားရောက်ကာ ရန်ပြုနိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်၌ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် ပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်။ ဤအရာသည် တကယ့်ကို ခန့်မှန်း၍မရသည့် အားအင်အဆင့်ပင် ဖြစ်၏။ နန်းဆောင်သခင်သည်လည်း အင်မော်တယ်ဘုရင် ဖြစ်နိုင်သည်။ အားအင်ကြီးမားလွန်းသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် ထိပ်တိုက်တွေ့ဆုံမည် ဆိုပါက ကျိန်းသေပေါက် ရင်ဆိုင်တိုက်ခိုက်ရန် ကြိုးစားကြပေလိမ့်မည်။ တစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင် မအောင်းချေ။

အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့သည် ဘေးနှစ်ဖက်ဆီမှ ပွဲကြီးပွဲကောင်း ကြည့်ရှုရန်သာ လို၏။ ထိုကဲ့သို့သော တိုက်ပွဲမျိုးတွင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် အနိုင်ရန် သူတို့က မျှော်လင့်နေမိ၏။

အခြားတစ်ဖက်မှ ကြည့်ရှုရမည်ဆိုလျှင် ထျန်းမင်သူတော်စင်သည် မတူညီသည့် အတွေးအခေါ်များလည်း တည်ရှိနေ၏။ ငရဲလောကကြီးကို အလုပ်အကျွေး ပြုခဲ့သူတစ်ယောက် ဖြစ်ပြီး နက်နဲမီးတောက်လောက၏ အုပ်စိုးသူလည်း ဖြစ်ခဲ့ဖူး၏။ ၎င်း၏ ရည်မှန်းချက်သည် တကယ့်ကို ကြီးမားလွန်းခဲ့၏။ နတ်ဆိုးသူတော်စင်သည်သာ အနိုင်ရရှိခဲ့ပါက နက်နဲမီးတောက်လောကကြီးတစ်ခုလုံးသည် အမှောင်ဖုံးသွားပေ လိမ့်မည်။

All Chapters