အပိုင်း (၅၈၈)
Vol. 40 Ch. 588
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်လား” အန္တိမအဆင့်ကျင့်ကြံသူတစ်ယောက်သည် အမူအရာများ ပြောင်းလဲသွားခဲ့၏။
နာမည်ကို ကြားလိုက်ရုံဖြင့် လောကကြီးများကို ပေါင်းစပ်ခဲ့သူဖြစ်ကြောင်း သိရှိပြီး ဖြစ်၏။ ထိုလူကို မသိရန်မှာ မဖြစ်နိုင်ချေ။ ထိုလူသည်သာ ဝင်ရောက်လှုပ်ရှားသည် ဆိုပါက အခြေအနေတစ်ခုလုံးသည် ပြောင်းပြန် ဖြစ်သွားနိုင်သည်။
သူသည် တစ်စုံတစ်ခုကို သေချာစဉ်းစားရင်း ထပ်မံ ပြောဆိုလိုက်၏။
"ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်က ရှေးတုန်းကတည်းက တည်ရှိခဲ့တဲ့ သူတော်စင်တစ်ယောက်လေ။ သူ့ရဲ့အားအင်ကို အထင်အမြင်သေးလို့ မဖြစ်ဘူး"
နတ်ဆိုးသူတော်စင်သည် ရှေးတိုက်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ အသက်ရှင်ခဲ့သူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ၏ အားအင်အဆင့်ကို သံသယရှိစရာ မလိုပေ။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်မှာတော့ ….. အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် ပတ်သက်၍ ယုံကြည်ချက်မရှိချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် သည် ရံဖန်ရံခါမှဆိုသလို ဝင်ရောက် လှုပ်ရှားတတ်သူ တစ်ယောက်ဖြစ်၏။ ထို့အပြင် ၎င်းရင်ဆိုင်ခဲ့ဖူးသူများသည် တော်ဝင်အင်ပါယာများပင်လျှင် ဖြစ်၏။ သူတို့ပင်လျှင် တော်ဝင်အင်ပါယာများကို လွယ်လွယ်ကူကူနှင့် ရင်ဆိုင်ဖြေရှင်းနိုင်သောကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ တိုက်ခိုက်နိုင်စွမ်းသည် ဘာမှန်း သေသေချာချာ မသိရှိခဲ့ချေ။ အားကောင်းသည်မှာ တခြားသောသူများ၏ ကံကြမ္မာကို တွက်ချက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
"အင်း ဘာပဲပြောပြော အခြေအနေကို ငြိမ်ငြိမ်သက်သက်နဲ့ စောင့်ကြည့်ရမှာပေါ့"
မိုချင်းဖန်သည် သက်ပြင်းကို ချလိုက်မိ၏။ သူသည် အကူအညီမဲ့သည့် ခံစားချက်များ ဖြစ်ပေါ်နေ၏။
အခြားတစ်ဖက် နက်နဲလျှို့ဝှက်နယ်မြေ၏ အပြင်ဖက်တွင် ရွက်သင်္ဘောတစ်စင်းက တည်ရှိနေပြီး များပြားလှသော စွမ်းအားမြင့်ကျင့်ကြံသူများသည် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိနေကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် လေးနက်သည့် အမူအရာများ ဖြစ်တည်နေခဲ့၏။ ဝမ်ချီသည် သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထား၏။ ခဏလောက် ကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။ "အင်း …. ထျန်းမင်တောင်မှာ တစ်စုံတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကျုပ်ရခဲ့တယ်"
"ထျန်းမင်တောင် ဟုတ်လား"
တခြားသော လူအနည်းငယ်တို့သည်လည်း ဇဝေဇဝါ ဖြစ်မိနေကြ၏။ "အင်း … ဒါက နတ်ဆိုးသူတော်စင် အရင်တုန်းကနေခဲ့တဲ့ နေရာမဟုတ်လား"
"ဟုတ်တယ်"
ဝမ်ချီက ခေါင်းညိတ်လိုက်သည်။ "ဒဏ္ဍာရီလာ နတ်ဆိုးသူတော်စင်က နှစ်ပေါင်းများစွာတုန်းတည်းက သေဆုံးခဲ့တာလေ။ ပြောရမယ်ဆိုရင် သူက အသက်ရှင်နေသင့်တဲ့လူ လုံးဝမဟုတ်ဘူး။”
“အခုဘယ်လိုဖြစ်ရတာလဲ။ သူ ကျန်ခဲ့တဲ့ အမွေအနှစ်တွေ ပြန်ပေါ်လာခဲ့တာလား"
နောက်လိုက်တစ်ယောက်သည် လှမ်းကာ မေးမြန်းလိုက်၏။ "ဒီလိုဆိုရင် တကယ့်ကို ကြီးကျယ်တဲ့ကိစ္စတစ်ခုပဲ။ နတ်ဆိုးသူတော်စင်ရဲ့ အမွေအနှစ်တွေက အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်။ ဒီအမွေအနှစ်တွေကို ရရှိမယ်ဆိုရင် အနာဂတ်မှာ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာလိမ့်မယ်"
"ခင်ဗျားတွေးသလို မဟုတ်ဘူး"
ဝမ်ချီက ခေါင်းကိုခါယမ်းလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။
"ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်က မသေဆုံးခဲ့ဘူး။ သူ ပြန်ပေါ်လာခဲ့တယ်။"
“ဘာ …”
ဝမ်ကျီ၏ စကားကို ကြားရသည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် မယုံကြည်နိုင်သလို မတ်တပ်ထရပ်လိုက်ကြ၏။
"ဆိုလိုတာ နတ်ဆိုးသူတော်စင် မသေဘူး ဟုတ်လား"
"အမှန်ပဲ"
ဝမ်ချီက အသာသက်ပြင်းချလိုက်၏။ သူသည် အကူအညီမဲ့မှုကို ထုတ်ဖော်ပြသနေ၏။ သူ့အနေဖြင့် မယုံကြည်သလို ဖြစ်နေလျှင်တောင်မှ သူ့ဆီသို့ သတင်းအချက်အလက်က ရောက်ရှိနေပြီဖြစ်၏။ ဤအရာသည် အမှန်ပင် ဖြစ်သည်။
"နတ်ဆိုးသူတော်စင်က နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့တာလေ။ ငရဲလောကရဲ့ အမိန့်ပေးမှု အောက်မှာရှိတဲ့ စွမ်းအားမြင့်အင်အားစုတွေအားလုံးက သုတ်သင်ခြင်းကို ခံခဲ့ရတယ်။ ဘယ်လိုဖြစ်ပြီးတော့ နတ်ဆိုးသူတော်စင် က အခုချိန်အထိ အသက်ရှင်နေရသေးတာလဲ"
ဝမ်ချီ၏ ဘေးဖက်တွင် ရှိနေသည့် လီရွှမ်ဟုခေါ်သော စီနီယာတစ်ယောက်သည် မယုံကြည်နိုင်သလို ပြောဆိုလိုက်၏။ သူသည် သခင်လေးနောက်သို့ လိုက်ပါခဲ့သည်မှာ အချိန်တချို့ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အတိတ်ဘဝတုန်းက သူတို့၏ သခင်လေးသည် ငရဲလောကကြီး ပျက်စီးပြီးနောက် မွေးဖွားလာခဲ့သူ တစ်ယောက် ဖြစ်၏။
ထို့ကြောင့် ငရဲလောက၏ မျိုးဆက်များကို သူတို့ ကောင်းကောင်းသိရှိလို့နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သခင်လေး ပြောဆိုခဲ့သည်ကို အကြိမ်ပေါင်းများစွာ ကြားထားခဲ့သောကြောင့်ပင်။ သူတို့သည် ငရဲလောက၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိ နားလည်နေကြပြီ ဖြစ်၏။ ငရဲလောကနှင့် ပတ်သက် ဆက်နွယ်ခဲ့သော ဂိုဏ်းကဏ္ဍအသီးသီးတို့သည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။
သုံးသပ်ရမည်ဆိုလျှင် ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် ငရဲလောက၏ ထောက်ပံ့သူ နောက်လိုက် တစ်ယောက် ဖြစ်၏။ လက်ရှိအချိန်ထိ အသက်ရှင်ကျန်စရာ အကြောင်းမရှိချေ။
"ခင်ဗျား ယုံချင်ယုံ ၊ မယုံချင်နေ"
ဝမ်ချီသည် အကူအညီမဲ့သလို ပြောလိုက်၏။ တွက်ချက်စဉ်းစားနေမည့်အစား သူတို့သည် နတ်ဆိုးသူတော်စင် ပေါ်ပေါက်လာသည်ကို သိရှိထားရန်သာ လိုအပ်သည်။
"အစ်ကိုဝမ် … ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အရင်တုန်းက ပြောဆိုခဲ့တာကို မှတ်မိလား။ ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုက ရောရုဝပြည်ကို ကူညီပေးလိမ့်မယ်တဲ့။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ရည်ညွှန်းတာက အဲဒီ နတ်ဆိုးသူတော်စင်များ ဖြစ်နေမလား။” နောက်ထပ်လူတစ်ယောက်သည် လေးလေနက်နက်ဖြင့် ပြောလိုက်၏။
“ဖြစ်နေနိုင်တယ်။"
ဝမ်ချီသည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ လောကကြီးထဲတွင် ရောရုဝပြည်ကို ထောက်ပံ့ကူညီခြင်းသည် အားလုံးသောသူတို့ကို ပုန်ကန်ရမည့် ကိစ္စဖြစ်၏။ ထို့ကြောင့် နှစ်ခါပြန် စဉ်းစားရန် လိုအပ်၏။ သို့ပေမဲ့ ထျန်းမင်တောင်သခင်ကဲ့သို့သော လူသည် ကျိန်းသေပေါက် စဉ်းစားနေမည့် လူမျိုး မဟုတ်ချေ။ တူညီသည့် မူလအရင်းအမြစ်ဆီမှ ဆင်းသက်လာသော လူများဖြစ်နေသောကြောင့်ပင်။
"ရှေးတုန်းတည်းက နတ်ဆိုးသူတော်စင် မသေဆုံးသွားခဲ့ဘူးဆိုရင် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ရောက်နေလောက်ပြီ" လီရွှမ်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။
ငရဲလေညကကြီး ပျက်စီးသွားခဲ့သည့်အချိန်ကို ကြည့်ရှုရမည်ဆိုလျှင် ဝေးကွာလွန်းလှ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် လက်ရှိအချိန်အထိ တည်ရှိနေထိုင်ခဲ့သူများသည် ယခင်တုန်းက အားအင်အဆင့်တွင် တည်ရှိနေကြလိမ့်မည် မဟုတ်ချေ။ တိုးတက်လာမှာ သေချာ၏။ နတ်ဆိုးသူတော်စင်၏ သန္ဓေပါရမီအရဆိုလျှင် ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်မြင့်မားနေနိုင်သည်။
"ကျုပ်လည်း သေသေချာချာ မသိဘူး"
ဝမ်ချီသည် နာနာကျင်ကျင် ပြုံးလိုက်မိ၏။ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင် ပေါ်ပေါက်လာခြင်းသည် သူ့အား တကယ်ပင် ဝေခွဲမရ ဖြစ်စေခဲ့၏။
"ကြည့်ရတာ ကျုပ်တို့ နည်းနည်းအရှိန်မြင့်ဖို့လိုနေပြီနဲ့ တူတယ်။ ဒီလို အရေးအကြောင်း အခြေအနေမျိုးမှာ ရောရုဝပြည်အရှင်ကို မြန်မြန်သုတ်သင်ပစ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ နတ်ဆိုးသူတော်စင် ရောက်ရှိလာတဲ့ အချိန်ကျရင် ကျိန်းသေပေါက် ကျုပ်တို့အားလုံး ဒုက္ခရောက်လိမ့်မယ်”
တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူတို့သည် ဤလောကကြီး၏ လောကသားများ မဟုတ်ချေ။ နက်နဲလျှို့ဝှက်လောကအတွင်းသို့ ရောက်ရှိလာခြင်းသည် သူတို့၏သခင်လေးကို ရှာဖွေရန် အတွက်သာဖြစ်၏။
သူတို့သခင်လေးသည်သာ ငရဲလောက၏ အမွေအနှစ်များကို ရရှိခဲ့ပါက ကျိန်းသေပေါက် စိုးရိမ်ပူပန်စရာ မလိုပဲ ထွက်ခွာနိုင်မှာ သေချာ၏။ အနာဂတ်တွင်ရှိနေမည့် နက်နဲလျှို့ဝှက်လောကအတွက် သူတို့သည် တစ်စက်ကလေးမှ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။
ရှေးနတ်ဆိုးသူတော်စင် ပေါ်ပေါက်လာခြင်းသည် တကယ်တမ်းဆိုပါက သူတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ် မဟုတ်ချေ။ ဖြစ်နိုင်မည် ဆိုပါက ငရဲလောကကြီး ပြန်လည်တည်ဆောင်မည် ဆိုလျှင်တောင်မှ သူတို့အတွက် ကိစ္စရှိလိမ့်မည် မဟုတ်ချေ။ အချက်အလက်အားဖြင့် နက်နဲလျှို့ဝှက်နယ်မြေ၏ နတ်ဆိုးသူတော်စင်သည် တုန်လှုပ်စရာကောင်းလှည့် အခြေအနေမျိုးကို ဖန်တီးပြူလုပ်တော့မှာ ဖြစ်၏။ ထိုကဲ့သို့ အခြေအနေမျိုး၌ ကြားဝင်ကာ ဆောင်ရွက်ခြင်းသည် ဦးနှောက်မဲ့သည့် ကိစ္စရပ်မျိုးသာ ဖြစ်ပေလိမ့်မည်။ သခင်လေးသည်လည်း ထိပ်ဆုံးအဆင့် အားအင်ကို ပြန်လည်မပိုင်ဆိုင်မချင်း မည်သည့်အရာကိုမှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
"နောက်ကျသွားခဲ့ပြီ"
ဝမ်ကျီသည် လျှိုရွှမ်ကို လှမ်းကာကြည့်ရှုရင်း မှတ်ချက်ပြုလိုက်၏။ "သတင်းအချက်အလက်တွေ အရဆိုရင် နတ်ဆိုးသူတော်စင်က ထျန်းမင်တောင်ကနေ ထွက်ခွာသွားခဲ့တာ မကြာသေးဘူး။ သူဘယ်ကိုသွားလဲ မသိဘူး"
ဟမ်
ထိုစကားကို ကြားရသည့်အချိန်မှာတော့ လျှိုရွှမ်သည် မျက်ခုံးပင့်လိုက်မိ၏။ သူသည် မကောင်းသည့် ခံစားချက် များကို ရရှိနေ၏။ ထို့ကြောင့် တုန့်နှေးတုန့်နှေးဖြင့် မေးမြန်းလိုက်သည်။ "ဖြစ်နိုင်တာ နတ်ဆိုးသူတော်စင်က"
သို့ပေမဲ့ သူသည် နတ်ဆိုးသူတော်စင်နှင့် ပတ်သက်၍ ထပ်မံကာ မမေးမြန်းတော့ချေ။ အဓိပ္ပာယ်က သိသာထင်ရှားနေပြီ မဟုတ်ပါလား။
"မဖြစ်နိုင်ဘူး"
ဝမ်ချီသည် အသာသက်ပြင်းချလိုက်၏။
"အရင်တုန်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပြောခဲ့တာအတိုင်းပဲ ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့အနေနဲ့ ရောရုဝပြည်ရဲ့ အရှင်ကို ဖိနှိပ်ချင်တယ် ဆိုရင် အရင်ဆုံး နတ်ဆိုးသူတော်စင်ကို ကျော်ဖြတ်မှ ဖြစ်တော့မယ်။”
“နတ်ဆိုးသူတော်စင်က ဘယ်နေရာသွားလဲ မသိဘူးလေ။ ဒီတော့ ရောရုဝပြည်ရဲ့ အရှင်ကို ကူညီလား၊ မကူညီဘူးလား ဆိုတာက မရှင်းလင်းသေးဘူး"
"ကျုပ်တို့ အရင်ဆုံး လှုပ်ရှားလိုက်ရင်ကော ဘယ်လိုလဲ"
လျှိုရွှမ်သည် စောင့်မနေနိုင်တော့ချေ။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများက ဖြစ်တည်လာခဲ့၏။ သူသည် စိတ်ဆန္ဒအပြည့်ဖြင့် နက်နဲအလင်းလောကကြီး၏ ဝင်ပေါက်တည်နေရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤနေရာတွင် စောင့်စားခြင်း ဆိုသည်မှာ အင်မော်တယ်ဘုရင်တစ်ယောက် ရောက်ရှိလာမည်ကို စောင့်စားခြင်းနှင့် ဆင်တူနေသည်။
"ဒါပေမဲ့ သခင်လေးက မရောက်သေးဘူးလေ။ ရောရုဝပြည်အရှင်ဆီမှ ဝှက်ဖဲတွေရှိမလား ဆိုတာက ကျုပ်တ ို့မသိနိုင်ဘူး။ အလျှင်စလိုဆောင်ရွက်ရင် ရန်သူက သတိပြုမိသွားလိမ့်မယ်" အနီးအနားတွင် ရှိနေသည့် တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက်၏။
"ဒါဆို ကျုပ်တို့အချိန်ဖြုန်းသလို ဖြစ်နေတာပေါ့။ " လျှိုရွှမ်က သဘောမတွေ့သလို ပြောလိုက်၏။ အင်မော်တယ် ဘုရင်တစ်ယောက်၏ အားအင်အဆင့်သည် တွက်ချက်ရန် ခက်ခဲလွန်းလှ၏။ နက်နဲအလင်းလောကဆီသို့ ရောက်ရှိလာရန် အချိန်ကြာမြင့်လိမ့်မည် မဟုတ်ချေ။ လက်ရှိအချိန်တွင် စက္ကန့်တိုင်းက အရေးကြီးလို့နေ၏။ အင်မော်တယ်ဘုရင်တစ်ယောက် တိုက်ခိုက်ခြင်းကို မမြင်ချင်ပါက သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားရပေလိမ့်မည်။
"ဖြစ်နိုင်တာ သခင်လေးက "
ဝမ်ချီသည် ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ စကားဆုံးအောင်မပြောဆိုလိုက်ရချေ။ သိသာ ရှင်းလင်းလှသည့် ခြေသံတစ်ခုသည် ရွက်သင်္ဘော၏ အပြင်ဘက်မှ ပေါ်ပေါက်လာခဲ့သောကြောင့်ပင်။