အပိုင်း (၅၈၉)
Vol. 40 Ch. 589
ခြေသံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်လာ၏။ အသစ် ဝင်ရောက်လာသူသည် တကယ်ကို ကြည့်ကောင်းလွန်းလှသည့် ပုံပန်းသွင်ပြင်မျိုးရှိပြီး မျက်နှာ တစ်ခုလုံးသည် ကျောက်စိမ်းနှင့် ထွင်းထုထားသကဲ့သို့ပင် ကြည့်ကောင်းလွန်းလှ၏။ ၎င်း၏ မျက်ခုံးများသည် ဓားများကဲ့သို့ပင် ထက်မြလွန်းလှ၏။
“သခင်လေးလား” ဝမ်ချီသည် ပျော်ရွှင်သွားမိ၏။ သူတို့သည် သေသေချာချာ ရွေးချယ်ကာ စေလွှတ်ခြင်းခံခဲ့ရသည့် လူများဖြစ်ပြီး သခင်လေးထက် ပိုမိုကာအားကောင်းသော်လည်း သခင်လေးသည် ယခင်ဘဝတုန်းက အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်ခဲ့ဖူးသူဖြစ်၏။ များပြားသည့် အတွေ့အကြုံများကို ပိုင်ဆိုင်ပြီး ရေတွက်၍ မရအောင် ပေါများသည့် ဝှက်ဖဲများလည်း ရှိထား၏။ ထို့ကြောင့် သူတို့အနေနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
အားလုံးသောသူတို့သည် အရှေ့ကိုထွက်ကာ ဦးညွတ်ရန် ပြင်လိုက်သည့်အချိန်မှာတော့ သခင်လေးသည် လက်ကို အသာဆန့်တန်းကာဖြင့် ၎င်းတို့ကို တားဆီးလိုက်သည်။ “အင်း... လောကဝတ်တွေ လုပ်နေစရာ မလိုဘူး”
သခင်လေးသည် အဓိကထိုင်ခုံတွင် အသာထိုင်ချလိုက်ပြီးသည့်နောက် အားလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ “အင်း.. ခင်ဗျားတို့ ဆွေးနွေးတာတွေ ကျုပ်ကြားပြီးပြီ”
“သခင်လေး.. အင်မော်တယ်ဘုရင်တစ်ယောက် ပေါ်ပေါက်လာတဲ့ကိစ္စဆိုတာ ကိစ္စသေးသေးလေး မဟုတ်ဘူး။ ပြီးတော့ ရှေးတုန်းက ရှိခဲ့တဲ့ စွမ်းအားမြင့် ကျင့်ကြံသူလေ။ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ” လျှိုရွှမ်သည် အသာ စဉ်းစားကာ မေးလိုက်သည်။
“စိတ်အေးအေးထားပါ။ အင်မော်တယ်ဘုရင်တစ်ယောက်သာသာပါပဲ။ ကျုပ် ကိုင်တွယ်နိုင်ပါတယ်” လူငယ်သည် ယုံကြည်ချက်ရှိရှိနှင့် ပြောဆိုလိုက်၏။
“သခင်လေး... အဲလောက်တောင်မှ ယုံကြည်ချက် ရှိနေတာလား”
လက်ရှိ ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ သူတို့သည် သခင်လေး၏ စကားကို ကြားရသည့်အချိန်မှာတော့ စိတ်အေးချမ်းသာ သွားမိကြသည်။
“အင်း... တစ်ရာ ရာခိုင်နှုန်း သေချာတယ်လို့ ကျုပ်မပြောရဲဘူး။ ဒါပေမဲ့ ကိုးဆယ်ရာခိုင်နှုန်းတော့ သေချာတယ်” လူငယ်သည် ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခုကို ပြုံးကာ ပြောလိုက်၏။
လူငယ်၏ အသွင်သဏ္ဍာန်ကို ကြည့်ရှုပြီးသည့်နောက် ၎င်းတို့အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုမိလိုက်၏။ ထပ်မံကာ မပြောဆိုတော့ချေ။ သူတို့၏ အမြင်အရဆိုလျှင် သခင်လေးသည် ဤတစ်ကြိမ်တွင် လူကိုယ်တိုင် လှုပ်ရှားရန် ပြင်ဆင်နေခြင်းဖြစ်၏။ အားအင်အဆင့်အရဆိုလျှင် ကျိန်းသေပေါက် အောင်မြင်ရန် အတွက် အာမခံချက် ရှိလို့နေသည်။
သို့ပေမဲ့ ဝမ်ချီသည် စိုးရိမ်ပူပန်လျက်တော့ ရှိနေသေး၏။ သူက ပြောဆိုလိုက်၏။ “သခင်လေး.. ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောခဲ့တာက ရောရုဝအရှင်ကို တစ်စုံတစ်ယောက်က ကူညီလိမ့်မယ်တဲ့။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကို ထပ်ပြီးတော့ သွားလည်သင့်တယ် ထင်တယ်”
နက်နဲလျှို့ဝှက်လောကဆီမှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရသည့် ခရီးလမ်းသည် ဝေးကွာလှသည် ဆိုလျှင်တောင်မှ အန္တိမအဆင့် ကျင့်ကြံသူများအတွက်တော့ အရမ်းကြီး ဝေးသည့်အရာမျိုး မဟုတ်ချေ။ ခရီးတစ်ခေါက် ထွက်ခွာခြင်းသည် အနည်းဆုံး တစ်လ၊ နှစ်လခန့်သာလျှင် ကြာမြင့်နိုင်၏။ သခင်လေးအနေနှင့် လက်ရှိအခြေအနေတွင် ဤကဲ့သို့ အချိန်မျိုးကို သုံးဖြုန်းမလား ဆိုသည်က မသေချာပေ။
ထို့အပြင် ထျန်းမင်တောင်မှ နတ်ဆိုးသူတော်စင်သည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ ရောရုဝအရှင်အား အချိန်မရွေး ခေါ်ဆောင်သွားနိုင်၏။ တစ်လ၊ နှစ်လကို မဆိုနှင့် တစ်ရက်၊ နှစ်ရက်လောက် နောက်ကျသွားမည်ဆိုလျှင် အခြေအနေက ပြောင်းလဲသွား နိုင်၏။ မထင်မှတ်ထားသည့် အကြောင်းအရာများ ဖြစ်တည်သွားနိုင်သည်ဆိုသည့် အကြောင်းအား မည်သူမှ အာမ မခံနိုင်ချေ။ သူတို့အနေနှင့် အလုံးစုံ ဆုံးရှုံးသွားရသည့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်၏။
“မလိုပါဘူး”
လူငယ်သည် ယုံကြည်ချက် အလွန်ရှိလို့ နေခဲ့၏။ သူသည် ဝမ်ချီအား လှမ်းကာပြောလိုက်သည်။ “အလုံးစုံသော အားအင်အဆင့်အောက်မှာ တခြားအရာတွေက စွမ်းအားကင်းမဲ့ပါတယ်။ နတ်ဆိုး သူတော်စင်က ရှေးတိုက်ပွဲတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့တယ်ဆိုပေမဲ့ လက်ရှိအခြေအနေမှာ ဘယ်လောက် အားအင် အဆင့်ကို ပိုင်ဆိုင်တယ်ဆိုတာ မရှင်းလင်းဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကို သွားတယ် ဆိုတာက ကျုပ်တို့ အရမ်းကြီး သတိပြုလွန်းရာကျတယ်”
ဘာပဲဖြစ်ဖြစ် ထျန်းမင်တောင်သည် ငရဲလောကဘက်တွင် ရပ်တည်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထျန်းမင်တောင်၏ သခင်သည် ကံကောင်း၍ အသက်ရှင်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရမည်ဖြစ်ကြောင်း သတိပြုထားသင့်၏။ ပြန်လည်မွေးဖွားလာခဲ့သည့် အင်မော်တယ်ဘုရင် တစ်ယောက် နှင့် ရင်ဆိုင်သည့်နေရာတွင် မည်သူက အသာရမည်ဖြစ်ကြောင်း မသေချာချေ။
“ကောင်းပြီ” လူငယ်သည် သူ၏လူများကို လှမ်းကာကြည့်ပြီးသည့်နောက် တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျားတို့ စိုးရိမ်ပူပန်နေတာကို ကျုပ်နားလည်ပါတယ်။ ကျုပ်ရှိနေတယ်ဆိုမှတော့ အရာအားလုံး စိတ်အေးအေးထားပါ။ အခု ကျုပ်တို့ တည်နေရာလမ်းကြောင်းထဲကို ဦးတည်ကြရအောင်။ ရောရုဝအရှင် ထွက်ပြေးမသွားအောင် ကျုပ်တို့ လုပ်ရတော့မယ်”
ထျန်းမင်တောင်မှ နတ်ဆိုးသူတော်စင်ကို ရင်ဆိုင်ခြင်းအတွက် သူ့တွင် စိုးရိမ်ပူပန်ခြင်း မရှိချေ။ သို့ပေမဲ့ နတ်ဆိုး သူတော်စင်သည် ရောရုဝအရှင်အား လွတ်မြောက်အောင် စီမံဆောင်ရွက်နိုင်သည်ဆိုပါက အနည်းငယ် အလှည့်အပြောင်း များပေလိမ့်မည်။ ထို့အပြင် ရန်သူသည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သောကြောင့် သူ့ကဲ့သို့ တူညီသည့် ဝှက်ဖဲများ ရှိနေမှာ သေချာသည်။
“နားလည်ပါပြီ”
အောက်တွင်ရှိနေသော ဝမ်ချီက ခေါင်းညိတ်လိုက်၏။ သူသည် လက်တစ်ဖက်ကို အသာမြှောက်ပြီးသည့်နောက် ရွှေရောင်သင်္ကေတများသည် ကောင်းကင်ယံထက်ဆီသို့ ပျံတက်သွားခဲ့၏။ ထိုရွှေရောင်သင်္ကေတများသည် ရွက်သင်္ဘောကြီးအား အသက်ဝင် နိုးထပြီး အရှေ့ဆီသို့ လှမ်းတက်စေခဲ့၏။
တစ်ချိန်တည်းမှာပဲ နက်နဲအလင်းလောက၏ အခြားတစ်ဖက် -
ရောရုဝအရှင်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ သူသည် မတ်တပ်ထရပ်ပြီးသည့်နောက် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းကို လှမ်းကြည့် လိုက်၏။ မျက်မှောင်ကုတ်ပြီးသည့်နောက် သူ၏ ရင်ထဲတွင် မကောင်းသည့် ခံစားချက်များက ဖြစ်တည်လာခဲ့သည်။
“ဘာဖြစ်တာလဲအရှင်”
ရောရုဝအရှင်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် နောက်လိုက်သည် သေသေချာချာ မေးမြန်းလိုက်၏။ သူ ခန့်မှန်းသည်မှာ မှန်မည်ဆိုလျှင် အရှင် ဤကဲ့သို့ အသွင်သဏ္ဍာန်မျိုး ဖြစ်တည်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်၏။ ပထမတစ်ကြိမ်သည် ဆိုးရွားသည့် ခံစားချက်များကို ရရှိခဲ့သည်ဆိုသော အချိန်ပင်ဖြစ်၏။ လက်ရှိအချိန်ကကော..
“ကြည့်ရတာ ခန့်မှန်းလို့မရတဲ့ ရန်သူတစ်ယောက်က ချဉ်းကပ်လာခဲ့ပုံပဲ” ရောရုဝအရှင်က တီးတိုးရေရွတ်လိုက်၏။
“ဟမ်”
အနီးအနားတွင် ရှိနေသည့် တခြားသောသူသည် မျက်ခုံးကို အသာပင့်လိုက်မိ၏။ သို့ပေမဲ့ သူသည် စိတ်သက်သာရာ ရနေမိသည်။ “အရှင်.. စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ တပ်ကူတွေက မကြာခင် ရောက်တော့မှာပဲ”
ဤကဲ့သို့ ပြောဆိုလိုက်သည် ဆိုသော်လည်း စိုးရိမ်ပူပန်မှုတော့ ရှိနေသေး၏။ အရှင် ခေါ်ယူထားသည့် တပ်ကူ၏ အားအင်အဆင့်သည့် ဘာမှန်းသေသေချာချာ မသိရှိချေ။ အင်ပါယာအဖွဲ့လိုက်ကြီး ရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာ များပေလိမ့်မည်။
အင်ပါယာများသည် အားကောင်းလှသည် ဆိုသော်လည်း လက်ရှိအချိန်တွင် သူတို့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ချေ။ မည်မျှများပြားလှသည့် အရေအတွက်ဖြင့် အင်ပါယာများ ရောက်ရှိလာသည်ဆိုဆို နောက်ဆုံးအချိန်တွင် သေဆုံးသွားမည့် လူမျိုး ဖြစ်ပေလိမ့်မည်။
ရောရုဝအရှင်သည် တည်နေရာလမ်းကြောင်းဆီသို့ ကြည့်ကာ ပြောလိုက်၏။ “တပ်ကူတွေ မကြာခင် ရောက်တော့မယ်”
သူသည် လက်ဝါးထက်တွင် ရှိနေသည့် အမှတ်အသားကို ကြည့်ရှုလိုက်၏။ ငရဲလောက၏ လျှို့ဝှက်နည်းစနစ်သည် နောက်လိုက်များကို ထိန်းချုပ်ရန်အတွက် အကောင်းဆုံးနည်းစနစ်ပင် ဖြစ်၏။ အမှတ်အသား ပိုမိုကာ တောက်ပလာလေ ထိုလူသည် အနီးကပ်လာလေ ဖြစ်သည်။
လက်ရှိအခြေအနေ၌ အမှတ်အသားသည် ပိုမိုကာ ကြည်လင်ရှင်းလင်းလာပြီး မြင်သာသည့် အခြေအနေမျိုးပင် ဖြစ်လာခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့ကို လာရောက်ကယ်တင်မည့် အခြေအနေ မမြင်ရသေးချေ။
ဘယ်ရောက်နေသနည်း။ ဆိုလိုသည်မှာ တစ်ဖက်လူသည် အနီးအနားတွင် လှည့်ကာ ကြည့်ရှုနေခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော အခြေအနေသည် သူ၏ ခံစားချက်များကို ပိုမိုကာ ဆိုးရွားစေခဲ့၏။ တစ်ဖက်လူသည် သူ့ကို အထင်အမြင်သေးခြင်းလား သို့မဟုတ် ရန်သူကို အထင်အမြင်သေးခြင်းလား မသိချေ။
ငရဲလောကကြီးသည် သုတ်သင်ရှင်းလင်းခြင်းကို ခံရသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် တစ်ဖက်လူ အနေနှင့် ပုံမှန်မဟုတ်သည့် အတွေးမျိုး တွေးခေါ်နိုင်ကြောင်း သူက သေချာနားလည်ထား၏။ ထို့အပြင် ငရဲလောက ခေတ်တုန်းက အသက်ရှင်ကျန်ရစ်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ၎င်း၏ မျိုးဆက် များလည်း ဖြစ်နိုင်၏။
“အဆိုးဆုံး အခြေအနေမျိုး မဖြစ်လာဖို့မျှော်လင့်ရမှာပဲ” ရောရုဝအရှင်က တီးတိုးရေရွတ်လိုက်၏။
သူ ထိုစကားကို ရွတ်ဆိုလိုက်ချိန်မှာပဲ မနီးမဝေး တည်နေရာတွင် တည်နေရာအက်ကွဲကြောင်းကြီး တစ်ခု ဖြစ်တည်လာ၏။ ရောင်စဉ်အလင်းတန်းများသည် ထိုနေရာမှ ပေါ်ပေါက်လာသည်။ ထိုအလင်းတန်းများသည် စကြဝဠာကြီး တစ်ခုလုံးကို ထွင်းဖောက်လာသကဲ့သို့ပင်။
ထိုအလင်းတန်းကြီး၏နောက်တွင် ရှေးဆန်လွန်းသည့် ရွက်သင်္ဘောကြီးတစ်စင်း ပေါ်ပေါက်လာခဲ့၏။ ထိုရွက်သင်္ဘောကြီးသည် တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးသလို ဒဏ်ရာဒဏ်ချက်များနှင့်ပင်။ ကြမ်းတမ်းလွန်းသည့် အော်ရာလှိုင်းများကို ထုတ်ဖော်လျက်ရှိနေပြီး ရှေးယခင်တုန်းက တည်ရှိခဲ့သည့် ရှေးသားရဲကြီးတစ်ကောင် ဆင်းသက်လာသကဲ့သို့ပင်။
ရွက်သင်္ဘောကြီးထိပ်တွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်လျက်ရှိ၏။ ၎င်း၏ မျက်လုံးများသည် နက်ရှိုင်းလျက် ရှိနေပြီး ဝတ်စုံသည် လေနှင့်အတူ လွင့်မျောနေ၏။ ၎င်း၏ခြေထောက်အောက်ခြေတွင် ဆန်းကြယ်လွန်းလှသည့် တာအို၏ နိယာမများက တည်ရှိလို့နေခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ၎င်းနှင့်တသားတည်း ဖြစ်တည်နေသည်။
“ဒါ အင်မော်တယ်ဘုရင်လား” ရောရုဝအရှင်၏ နှလုံးခုန်သံများက မြန်ဆန်သွားခဲ့၏။ သူသည် သူ၏ အခြေအနေကို ပြန်လည်ကာ မထိန်းချုပ်နိုင်သေးချေ။ အင်မော်တယ်ဘုရင်တစ်ယောက်သည် တာအို၏ နိယာမများကို အမိန့်ပေး နိုင်စွမ်းရှိနေ၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ၎င်းနှင့် တစ်သားတည်း ဖြစ်တည်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ထို့ကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူကို သူ မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။
ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် အန္တရာယ်သည် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ကြောင်း သိရှိရသည့် အချိန်မှာတော့ နှလုံးသားထဲ၌ ဆိုးရွားသည့် ခံစားချက်များကို ရရှိခဲ့၏။ ဤလူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်များ ဖြစ်နေသည်လား။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးချေ။
သို့ပေမဲ့ နီးကပ်လာသည့် အချိန်မှာတော့ သူ၏ ပျက်ယွင်းလျက် ရှိနေသည့် စိတ်အခြေအနေ တစ်ခုလုံးသည် ပြန်လည်ကာ ငြိမ်သက်သွားခဲ့၏။
သင်္ဘော၏ ပဲ့ပိုင်းတွင် မတ်မတ်ရပ်လျက် ရှိနေသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်၏ ကျင့်ကြံခြင်းအဆင့်အား သူ သေချာမြင်ခဲ့ပြီ ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည် ဆိုလျှင်တောင်မှ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျပုံပေါ်၏။ ထိုကဲ့သို့သော ကျင့်ကြံသူတစ်ယောက် အနေနှင့် သူ့ကိုလာရောက် တိုက်ခိုက်ခြင်းဆိုသည်မှာ တကယ့်ကို ဟာသပင်။
“ခင်ဗျားက ရောရုဝအရှင်လား”
ရွက်သင်္ဘောကြီးသည် လေထဲသို့ ထိုးခွင်းကာ ရောက်ရှိလာခဲ့၏။ ရောရုဝအရှင်၏ အရှေ့သို့ ရောက်ရှိသည့်အချိန်မှာတော့ ၎င်းသည် ရောရုဝအရှင်နှင့် နောက်လိုက်နောက်ပါများကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ မေးလိုက်၏။
“အမ်”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ ရောရုဝအရှင်က ပြန်လည်က မဖြေဆိုသေးချေ။ သို့ပေမဲ့ သူ၏ နောက်လိုက်များ အားလုံးမှာတော့ သဘောမတွေ့သလို ဖြစ်သွားခဲ့ကြ၏။ အဘယ်ကြောင့် ဤကဲ့သို့သော လူတစ်ယောက်သည် မောက်မောက်မာမာ လာရောက်မေးမြန်းရဲနေသနည်း။
သို့ပေမဲ့ ထိုလူ၏ ပုံပန်းသွင်ပြင်နှင့် ဟန်ပန်အမူအရာသည် သီးခြားဆန်လွန်းနေခဲ့၏။ အလုံးစုံသော လွှမ်းမိုးနိုင်စွမ်း ကို ထုတ်ဖော် ပြသနေ၏။
မားမားမတ်မတ် ရပ်တန့်နေသည် ဆိုလျှင်တောင်မှ အော်ရာသီးသန့်နှင့်ပင် အားလုံးကို ဖိနှိပ်ထားနိုင်၏။ ကြည့်ရှုရသည်မှာ လူငယ်၏ အားအင်အဆင့်သည် သူတို့မြင်နေရသလောက် ရိုးရှင်းလှသည့်ပုံမပေါ်ချေ။