အပိုင်း (၅၉၀)
Vol. 40 Ch. 590
“ခင်ဗျား… ခင်ဗျား ဘယ်သူလဲ” ရောရုဝအရှင်သည် လေးလေးနက်နက်ဖြင့် လှမ်းကာမေးမြန်းလိုက်၏။
တစ်ဖက်လူ၏ အားအင်အဆင့်သည် သာမန်သာဖြစ်သော်လည်း ၎င်း၏အရှိန်အဝါမှာ သာမန်ထက် ပိုလွန်းလှ၏။ ထို့အပြင် အနောက်ဘက်တွင် စွမ်းအားမြင့်ကျင့်ကြံသူသုံးဦးတို့က ရပ်လျက်ရှိ၏။ ၎င်းတို့ အားလုံးသည် အန္တိမကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများပင်။
များပြားလှသည့် လောကအသီးသီးတွင် အန္တိမကျင့်ကြံသူဆိုသည်မှာ ထိပ်ဆုံးတွင် ရပ်တည်နေသည့် စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ကြောင်း ယုံမှားသံသယ ရှိစရာမလိုပေ။ ဤလူ၏ နောက်ဘက်တွင် ရှိနေသည့် လူသုံးယောက်တို့သည် တကယ်ကို အားကောင်းလှသည့်လူများ ဖြစ်ပုံပေါ်၏။
ထို့အပြင် သာမန်လူတစ်ယောက်သည် အန္တိမအဆင့် ကျင့်ကြံသူသုံးယောက်အား မည်ကဲ့သို့ အမိန့်ပေးနိုင်မည် နည်း။
ပြောရမည်ဆိုလျှင် ရောရုဝအရှင်သည် လက်ရှိအခြေအနေမှာတော့ သတိအပြည့်နှင့် နေထိုင်နေရ၏။ သူသည် ယခင်တုန်းကနှင့် တူညီလှသည် မဟုတ်ချေ။ ဒဏ်ရာများ အလုံးစုံပြန်လည် မကောင်းမွန်သေးသည်သာမက သူ အမိန့်ပေးနိုင်စွမ်းရှိသည့် ရောရုဝပြည်ကြီး တစ်ခုလုံးကလည်း ဖျက်ဆီးခံလိုက်ရ၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးများသည် မည်သည့်နေရာတွင် ရှိမှန်းပင် မသိတော့ချေ။
တခြားသော စကားလုံးများနှင့် ပြောဆိုရမည်ဆိုလျှင် သူ၏ လက်ထဲတွင် ရှိနေသည့် ဝှက်ဖဲများသည် အကန့်အသတ်ဖြင့် တည်ရှိနေ၏။ တိုက်ပွဲတစ်ခုကို အလျင်စလိုနှင့် စတင်လိုက်သည်ဆိုပါက လူငယ်နှင့် အန္တိမကျင့်ကြံသူအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ သုံးယောက်တို့သည် ကျိန်းသေပေါက် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင်ပြုလုပ်ပြီး ဒုက္ခပေးပေလိမ့်မည်။ အမှားအယွင်းလေး တစ်ခုသည် ထာဝရ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေမျိုးသို့ ဦးတည်သွားနိုင်သည်။
"ကြည့်ရတာ ခင်ဗျား နားလည်နေပါပြီ” လူငယ်၏အပြုံးသည် ပိုမိုကာ တောက်ပလာခဲ့၏။ သူသည် တစ်ဖက်လူကို အလုံးစုံ ထိန်းချုပ်ထားနိုင်သည်ဆိုသော ခံစားချက်မျိုးကိုလည်း ရရှိနေ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုသည်မှာ အမှန်ပင်ဖြစ်၏။ ရောရုဝပြည်၏ အရှင်သည် ဤနေရာတွင် တကယ်ပင် ရှိလို့နေ၏။ ထို့ပြင် ဒဏ်ရာ ပြင်းပြင်းထန်ထန်လည်း ရလို့နေ၏။
လက်ရှိအခြေအနေတွင် မိသားစုမှ ကန်ထုတ်လိုက်သော လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ပင် ဖြစ်လို့နေ၏။ ထိုကဲ့သို့သောသူမျိုးကို ရင်ဆိုင်ဖို့ဆိုသည်မှာ သူ့အတွက် လွယ်ကူလွန်းလှ၏။ ထို့အပြင် သူသည် အနား ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် အခြားသော မည်သည့် တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရချေ။
ရောရုဝအရှင်၏ဘက်တွင် နောက်လိုက်အနည်းငယ်တို့ တည်ရှိနေသည်ဆိုလျှင်တောင်မှ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ထိုယင်ကောင်ကဲ့သို့ သတ္တဝါများကို ဂရုမစိုက်ချေ။ ရောရုဝအရှင်သည် စွမ်းအင်တချို့ တည်ရှိနေမည် ဆိုသော်လည်း သူသည် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည် ဖြစ်သောကြောင့် အလုံးစုံသော ယုံကြည်မှုကို ရရှိနေသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က သတင်းအချက်အလက်တွေက ကျုပ်ကို မလိမ်ညာတဲ့ပုံပဲ” လူငယ်သည် ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဟုတ်လား” ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ ရောရုဝအရှင်၏ မျက်လုံးများထဲတွင် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ရောရုဝပြည်တစ်ခုလုံး ဖျက်ဆီးခံရခြင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ချက်ကြောင့် ဖြစ်ကြောင်း မမေ့လျော့သေးပေ။ လက်ရှိအချိန်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ထပ်မံကာ လှုပ်ရှားခဲ့၏။ သူ့အား အဆုံးစွန်သော အခြေအနေဆီသို့ တကယ်ပင် တွန်းပို့နေလေသည်လား။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ခင်ဗျားကို ပို့လိုက်တာလား” ရောရုဝအရှင်သည် မေးခွန်းထုတ် လိုက်၏။ သူ၏အသံသည် တကယ်ကို အေးစက်လျက်ရှိနေပြီး စကြဝဠာတစ်ခုလုံးပင် အေးခဲလုမတတ်ပင်။
“မဟုတ်ပါဘူး” လူငယ်သည် အပြုံးတစ်ဝက်နှင့် ပြန်လည်ကာ ပြောဆို၏။
“ဟမ့်”
ရောရုဝအရှင်သည် နှာခေါင်းရှုံ့လိုက်၏။ သူသည် လူငယ်၏ စကားကို ကျိန်းသေပေါက် မယုံကြည်ချေ။ “ဒီနေ့ ခင်ဗျားတို့လာတာက ရောရုဝပြည်ကို ရန်ပြုချင်လို့လား”
“အမှန်ပဲ”
လူငယ်သည် ရွက်သင်္ဘောပေါ်မှ အသာပင် ဆင်းသက်လိုက်၏။ သူသည် ရောရုဝအရှင်နားကို ချဉ်းကပ်ရန် ပြင်လိုက်၏။ ပြီးနောက် တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။ “ခင်ဗျားလက်ထဲမှာရှိတဲ့ အမွေအနှစ်တွေကို လိုလိုချင်ချင်နဲ့ ပေးလိုက်မယ်ဆိုရင် ကျုပ် ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးမယ်”
ငရဲလောက၏ အမွေအနှစ်များသည် တကယ့်ကို များပြားလွန်းလှ၏။ ရောရုဝအရှင်သည်သာ သေချင်စိတ် မရှိပါက ကျိန်းသေပေါက် ၎င်းရရှိထားသော အမွေအနှစ်များကို ပေးအပ်ရမှာဖြစ်၏။ သေဆုံးသွားသည် ဆိုပါက ထိုပစ္စည်းများကို ယူဆောင်သွား၍ မဖြစ်နိုင်ချေ။ လက်ရှိအခြေအနေအရ ပြောရမည်ဆိုလျှင် အမွေအနှစ်များကို အခြားလူ၏လက်ထဲသို့ ပေးအပ်လိုက်ခြင်းကသာလျှင် ရောရုဝအရှင်အတွက် အကောင်းမွန်ဆုံးသော နည်းလမ်းဖြစ်သည်။
“ဒီတော့ ဒါတွေက ငရဲလောကအတွက်လား” ရောရုဝအရှင်သည် ရုတ်တရက် နားလည်သွားမိ၏။
ပြောရမည်ဆိုလျှင် ငရဲလောက၏ အမွေအနှစ်များသည် တခြားသော လူပေါင်းများစွာတို့ကို ဆွဲဆောင်ပြီးသား ဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သောနေ့မျိုးသို့ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
“အင်း.. ခင်ဗျားက ဘာကိုထင်လို့လဲ”
“ဒီတော့ ခင်ဗျားတို့က ဒီကိစ္စအတွက် လာခဲ့ကြတာလား” ရောရုဝအရှင်၏အသံများသည် အေးစက်လျက်ရှိ၏။ သူ၏မျက်လုံးဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန်ကြီးကြီးနှင့် ထွက်ပေါ်လျက် ရှိနေ၏။ ငရဲလောက၏ အမွေအနှစ်များသည် သူ၏တည်ရှိမှုအတွက် အခြေခံတရားပင် ဖြစ်၏။ ထိုအရာများကိုသာ ဆုံးရှုံးသွားသည်ဆိုပါက သူသည် အခြားသူများနှင့် ဘာကွာခြားတော့မည်နည်း။
လူငယ်သည် ငရဲလောက၏ အမွေအနှစ်အားလုံးကို ရရှိပါက သူ၏အသက်ကို ချမ်းသာပေးမည်ဟု ပြောဆိုခဲ့သော်လည်း ဤအရာသည် စကားသက်သက်သာ ဖြစ်ပေလိမ့်မည်။ အရူးမှသာ ယုံကြည်ပေလိမ့်မည်။
“မောက်မာလိုက်တာ” လူငယ်က ရယ်မောလိုက်၏။ သူသည် မည်သည့်လှုပ်ရှားမှုကိုမှ ထူးထူးခြားခြား မပြုလုပ်ဘဲ လက်ကိုသာလျှင် အသာမြှောက်လိုက်၏။
လက်ချောင်းတစ်ချောင်းသည် လေဟာနယ်ထဲသို့ လှမ်းညွှန်လိုက်ချိန်မှာတော့ မဲနက်လျက်ရှိနေသည့် လှံတစ်ချောင်းက ရုတ်တရက်ဖြစ်တည်လာ၏။ ထိုလှံကြီးသည် လေထဲတွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် နားကွဲလောက်စရာ စူးရှသည့် အသံကြီးကို ထုတ်ဖော်ကာ လေဟာနယ်ကို ဖြတ်သန်းကာ ထိုးခွင်းသွား၏။ အားလုံးသော သူတို့သည် အသက်ရှူနှုန်းများ ကိုပင်လျှင် ထိန်းချုပ်ထားလိုက်မိသည်။
ဇွိ
အသံတစ်ခု ထွက်ပေါ်လာ၏။ ရောရုဝအရှင်၏ ဘေးနားတွင်တော့ သွေးပန်းများ ဖြစ်တည်လာခဲ့၏။ လူတစ်ယောက်သည် လှံနှင့်ထိုးစိုက်ခံလိုက်ရသလိုဖြစ်ပြီး အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။
အားလုံးတို့သည် တုန်လှုပ်သွားခဲ့၏။ သူတို့၏ နှလုံးသားထဲတွင် အလွန်အမင်း အံ့အားသင့်သည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်။ မြန်ဆန်လွန်းလှ၏။ လူငယ်သည် အလွန်လျှင်မြန်စွာ လှုပ်ရှား တိုက်ခိုက်ခဲ့သည် ဆိုသော်လည်း အားအင်စိုက်ထုတ်ခဲ့ပုံပင် မပေါ်ချေ။ အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်တည်သွားခဲ့၏။ သူတို့သည် အလစ်အငိုက် ခံလိုက်ရသည် ဖြစ်သောကြောင့် ဤလှံကြီး၏ တိုက်ခိုက်ချက်ကို မတားဆီးနိုင်ခဲ့ချေ။
တကယ့်ကို ပြိုင်စံရှားလှသည့်လှံကြီးသည် အန္တိမအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့၏။ လူငယ်သည် လက်သီးကို ဆုပ်ပြီးသည့်နောက် လှံကြီးကို ထပ်မံကာ ဆင့်ခေါ်လိုက်သည်။
တုန်ခါလျက် ရှိနေသည့် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ကို ပျံ့နှံ့လျက်ရှိနေလေ၏။ ချက်ချင်း ဆိုသလိုပဲ နောက်ထပ် အန္တိမအဆင့် ကျင့်ကြံသူတစ်ယောက်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွား၏။
သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ အမဲရောင် လှံကြီး၏ထိပ်ကလည်း တဆတ်ဆတ်နှင့် တုန်ခါလျက်ရှိနေသည်။
လူပေါင်းများစွာတို့သည် ထိုလှံကြီးကို ကြည့်ရှုပြီး ကြက်သီးများပင် ထမိကြ၏။ တစ်ယောက်မှ မလှုပ်ရှား ရဲကြချေ။ အခြေအနေတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ အားလုံးသော သူတို့၏ ခြေထောက်များပင်လျှင် ခွေယိုင်လဲလျက် ရှိနေ၏။
ရောရုဝအရှင်သည် လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်သွားခဲ့၏။ လူငယ်၏ အားအင်အဆင့် သည် ကျိန်းသေပေါက် သူခန့်မှန်းထားသည်ထက် ပိုမိုကာသာလွန်လျက်ရှိ၏။ မျက်နှာပြင်တွင် အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်၏ ဟန်ပန်မျိုးရှိပုံ ပေါ်သော်လည်း တကယ်တမ်း အားအင်အဆင့်မှာတော့ အန္တိမကျင့်ကြံသူအဆင့်ထက်ပင် သာလွန်လျက်ရှိ၏။ သူ ထိပ်ဆုံး အခြေအနေ၌ ရှိသည်ဆိုလျှင်တောင်မှ တစ်ဖက်လူကို ကောင်းကောင်း ရင်ဆိုင်တိုက်ခိုက်နိုင်ရန် မလွယ်ကူချေ။ အင်မော်တယ်ဘုရင်သည်သာလျှင် အန္တိမ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို ဤကဲ့သို့ တစ်ချက်တည်း တိုက်ခိုက်ကာ သတ်ဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
“ခင်ဗျား ဘယ်သူလဲ” ရောရုဝအရှင်၏အသံက ခြောက်ကပ်လာခဲ့၏။ သူ၏ရှေ့တွင် ရှိနေသော လူသည် ဘာအကြောင်းအရာမှ မရှိဘဲနဲ့ ဤမျှအားကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေလိမ့်မည်ဟု မယုံကြည်ချေ။ တစ်ဖက်လူ၏ တိုက်ခိုက်ခြင်းအပေါ် နားလည်မှုအရဆိုလျှင် လောကကြီးတစ်ခုကို ထိန်းချုပ် ထားနိုင်စွမ်းရှိသည့်လူပင် ဖြစ်ပေလိမ့်မည်။
နက်နဲအလင်းလောကကြီးထဲတွင် အင်မော်တယ်ဘုရင် မရှိချေ။ အစစ်အမှန် သိုင်းလောကနှင့် နက်နဲလျှို့ဝှက် လောကတို့တွင်လည်း အစစ်အမှန် အင်မော်တယ်ဟူ၍ မရှိချေ။ အမှောင်ထဲတွင် ပုန်းအောင်းလျက် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာလျှင် ဤကဲ့သို့သော အားအင်မျိုးကို ပိုင်ဆိုင်၏။
ဖြစ်နိုင်သည်မှာ ဤလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်များလား။