အပိုင်း (၅၉၁)
Vol. 40 Ch. 591
“ကျုပ်”
လူငယ်၏ နှုတ်ခမ်းပါး၌ အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။ “ကျုပ်နာမည်ကတော့ လျှိုချင်းယုပဲ”
“လျှိုချင်းယု ဟုတ်လား” ရောရုဝ၏အရှင်သည် မြန်မြန်ဆန်ဆန်ပဲ စဉ်းစားလိုက်မိ၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် မည်သည့် သဲလွန်စကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ သူ၏မှတ်ဉာဏ်ထဲတွင် လျှိုချင်းယု ဟူသော နာမည်ဖြင့် အင်မော်တယ်ဘုရင် တစ်ယောက်မှမရှိချေ။
လျှိုကလန်ကိုတော့ သူကအနည်းနှင့်အများတော့ သိရှိ၏။ ထို့အပြင် လျှိုကလန်သည် အင်ပါရီယာ ကလန်တစ်ခုသာ ဖြစ်၏။ နက်နဲလျှို့ဝှက်လောကထဲတွင် တချို့သော ဂုဏ်သတင်းကို ပိုင်ဆိုင်သည် ဆိုသော်လည်း နက်နဲလျှို့ဝှက်လောကတစ်ခုလုံးကို လွှမ်းခြုံထားနိုင်စွမ်းရှိသည့် အင်အားစုမျိုး မဟုတ်ချေ။
(အစပိုင်းတုန်းက လျှိုကလန်အား အစစ်အမှန် သိုင်းလောကဆီမှ ဟူ၍ ရေးသားခဲ့ဖူးသည်။ နက်နဲလျှို့ဝှက် လောကမှ ဖြစ်သည်။ - မူရင်း စာရေးသူ)
ရောရုဝပြည်၏ အခြေစိုက်ရာ နက်နဲအလင်းလောကကြီးဆိုလျှင် ပိုမိုကာ ဝေးကွာလွန်းလှ၏။
“အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ အမွေအနှစ်တွေ ခင်ဗျားဆီမှာ ရှိနေတာလား” ရောရုဝအရှင်သည် လေးနက်သည့် အသံဖြင့် မေးမြန်းလိုက်သည်။
“ရှိတော့ရော ဘာဖြစ်လဲ”
လျှိုချင်းယုသည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ သူသည် ရောရုဝအရှင်၏ ဘေးတစ်ဖက်ဆီသို့ ရောက်ရှိလာ၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားရဲ့အချိန်က ကုန်ပြီ။ ခင်ဗျားအနေနဲ့ ငရဲလောကရဲ့ အမွေအနှစ်တွေကို ကမ်းပေးဖို့အတွက် စိတ်မရှိ သေးဘူးလား”
ဘုန်း ဘုန်း
ရောရုဝအရှင်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်၏။ သူ၏အသက်ရှူသံများက မြန်ဆန်လို့နေ၏။ သူ၏ အမူအရာသည် တကယ်ကို ပျက်ယွင်းလျက်ရှိနေ၏။ သူ၏ရှေ့တွင် ရှိနေသည့် လျှိုချင်းယုသည် နတ်ဆိုးမင်းကြီးတစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။
၎င်းသည် ဘုံကိုးပါးလုံးကို လွှမ်းခြုံထားနိုင်စွမ်းရှိသည့် ငရဲနတ်ဆိုးမင်းကြီး တစ်ပါးကဲ့သို့ပင်။ ၎င်း၏ အော်ရာများမှာ တောင်ကြီးတစ်ခုကဲ့သို့ပင် ကြီးမားပြင်းထန်လွန်းလှပြီး ရှိရှိနေသမျှ လူပေါင်းများစွာတို့ကို အသက်ရှူ ကြပ်စေခဲ့သည်။
ရောရုဝ၏အရှင်သည် အကောင်းမွန်ဆုံးသော အခြေအနေတွင် တည်ရှိသည်ဆိုပါက အနည်းငယ် သက်သာကောင်း ၊ သက်သာပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေ၌ အပြင်းအထန် ဒဏ်ရာ ရရှိထားသည် ဖြစ်သောကြောင့် လှုပ်ရှားတိုက်ခိုက်ရန်မဆိုနှင့် တစ်ဖက်လူ၏ အရှိန်အဟုန်ကို ခုခံရန်ပင် အလွန်အမင်း ခက်ခဲလို့ နေ၏။ သံသယရှိစရာ မလိုပင်။ သူသည်သာ လှုပ်ရှားတိုက်ခိုက်သည်ဆိုပါက မကြာခင်တွင် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
“လူတွေကို အဲ့လောက်ကြီး ဖိအားမပေးနဲ့။ ကျုပ်.. ကျုပ်အသက်ကို ဒီနေရာမှာ ဆုံးရှုံးခံဖို့ ရွေးချယ်လိုက်ပြီဆိုရင် ခင်ဗျား ဘာမှရမှာမဟုတ်ဘူး” ရောရုဝအရှင်သည် အေးစက်စက် ပြောလိုက်၏။
သူသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို သေချာကြည့်ရှုလိုက်၏။ အားလုံးသောသူတို့ သတိမပြုမိသည့် အချိန်မှာပဲ သူ၏လက်ထဲတွင် ရှိနေသည့်အမှတ်အသားကို သူက မသိမသာနှင့် ကြည့်လိုက်၏။ လက်ရှိအခြေအနေတွင် ထိုအမှတ်အသားသည် တောက်ပလျက် ရှိနေ၏။ ဆိုလိုသည်မှာ ရောရုဝအရှင်၏ အမိန့်ကို နာခံနိုင်သော ငရဲလောက၏ နောက်လိုက်များသည် တည်နေရာတွင် ရောက်ရှိနေပြီ ဆိုသည့် အဓိပ္ပာယ်ပင်။
သို့ပေမဲ့ အဘယ့်ကြောင့် အပြင်ဘက်သို့ ထွက်မလာရသနည်း။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူ၏ အားအင် အဆင့်သည် အင်မော်တယ်ဘုရင်တစ်ယောက်ကို ရင်ဆိုင်ယှဉ်ပြိုင်ရန်အတွက် မလုံလောက်သောကြောင့် အပြင်ဘက်သို့ ထွက်မလာခဲ့လေသည်လား။
ရောရုဝအရှင်သည် လက်ရှိအခြေအနေတွင် ရူးသွပ်မလိုပင် ဖြစ်လို့နေ၏။ တစ်ဖက်လူသည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သောကြောင့် သူ့အနေနှင့် ကိုင်တွယ်နိုင်စွမ်း မရှိလှချေ။ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်သည်ဆိုရင် ကျိန်းသေပေါက် အရာအားလုံးကို ပေးလိုက်ရမှာဖြစ်၏။
“ငါ့ကိုယ်ငါ အားကိုးရတော့မှာလား” ရောရုဝအရှင်သည် နှလုံးသားတစ်ခုလုံး လေးလံလျက်ရှိ၏။ လက်တစ်ဖက်ကို အနောက်သို့ပစ်လိုက်ချိန်မှာတော့ မဲနက်လျက်ရှိနေသည့် ပုဆိန်ကြီးတစ်ခုက သူ၏ လက်တွင်း၌ ဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့၏။ ဤပုဆိန်ကြီးဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ခြောက်ချားဖွယ်ရာ အော်ငြီးသံများ ထွက်ပေါ်လျက် ရှိနေသည်။
“အင်း ကိုယ့်သေတွင်းကို ကိုယ်တူးချင်တာလား”
လျှိုချင်းယုက အံ့အားမသင့်ချေ။ လက်ငါးချောင်းကို အသာဖွင့်ဟပြီးသည့်နောက် ရှေ့ဆီသို့ လှမ်းရိုက်လိုက်၏။ ကြီးမားလွန်းလှသော လက်ဝါးရိုက်ချက်ကြီးသည် လေဟာနယ်ထဲ၌ ဖြစ်တည်လာခဲ့ပြီး ရောရုဝအရှင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။
“ကျုပ်ရဲ့ အရင်အားအင်အဆင့်တွေကို အလုံးစုံပြန်ပြီး မရသေးဘူးဆိုရင်တောင်မှ ခင်ဗျားက ကျုပ်ရဲ့ တိုက်ခိုက်ချက်ကို ခုခံနိုင်တဲ့လူတစ်ယောက် မဟုတ်ဘူး” လျှိုချင်းယုသည် အေးစက်စက်နှင့် အော်ဟစ်လိုက်သည်။
“ကျုပ်က ရောရုဝအရှင်ပဲ။ ကျုပ်လက်ထဲမှာ ရှိနေတဲ့ အမွေအနှစ်တွေကို ခင်ဗျား ရနိုင်မယ်ထင်လို့လား” ရောရုဝအရှင်သည် ပြန်လည် အော်ဟစ်လိုက်၏။ သူသည် ကောင်းကင်ပေါ်သို့ခုန်တက်ပြီးနောက် လက်ထဲတွင် ရှိနေသည့် ပုဆိန်ကြီးကို မြှောက်ကာဖြင့် လက်ဝါးရိုက်ချက်ကြီးကို တည့်တည့်ပင် ထိပ်တိုက် ရင်ဆိုင်၏။ ပြီးနောက် သူက အော်ဟစ်လိုက်၏။ “ဒီနေ့ ကျုပ် မသေသွားဘူးဆိုရင် အနာဂတ်မှာ ခင်ဗျား ပြန်ပြီး ပေးဆပ်ရလိမ့်မယ်”
သူ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ ၎င်းသည် ရူးသွပ်သွားသော သရဲတစ္ဆေကြီး တစ်ကောင်ကဲ့သို့ပင်။ မြင်မြင်သမျှကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လို့ နေခဲ့၏။ အင်မော်တယ်ဘုရင် တစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုသည်မှာ တွေးကြည့်ရုံနှင့်ပင် ခက်ခဲလွန်းလှ၏။ တစ်ဖက်လူသည် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး ထုတ်ဖော်တိုက်ခိုက်နိုင်သည်။
ဘုန်း
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကြီးမားလွန်းလှသည့် လက်ဝါးရိုက်ချက်ကြီး နှင့် ပုဆိန်ကြီးတို့သည် ထိပ်တိုက်တွေ့ဆုံလေ၏။ လျှပ်စီးများသည် တည်နေရာတစ်ခုလုံးအနှံ့ကို ပျံ့နှံ့လျက် ရှိနေပြီး လှိုင်းအဟုန်များသည် ပတ်ဝန်းကျင် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။
လေဟာနယ် တည်နေရာတစ်ခုလုံးသည် ရှုပ်ရှက်ခတ်လျက် ရှိနေပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးတွင် မုန်တိုင်းကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ လူတစ်ယောက်သည် အနောက်ဘက်သို့ လွင့်စင်သွား၏။ ထိုသူသည် ရောရုဝအရှင်မှလွဲ၍ တခြားလူ မဟုတ်ချေ။
“အင်း မောက်မာလိုက်တဲ့ အရူးပဲ”
လျှိုချင်းယု၏ မျက်လုံးများက ထူးမခြားနားသကဲ့သို့ပင်။ သူသည် တောင်ကြီးတစ်ခုကဲ့သို့ မရွေ့မလျားဘဲ မတ်မတ်ရပ်လျက်ရှိ၏။ ရှေ့ဆီသို့ တစ်ချက်လှမ်းတက်ပြီးသည့်နောက် လျှပ်စီးကဲ့သို့ပင် မြန်ဆန်လွန်းစွာဖြင့် ရောရုဝအရှင်၏ ရှေ့သို့ ရောက်ရှိသွား၏။ ပြီးနောက် ရောရုဝအရှင်၏ ရင်ဘတ်သို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။
ဂျွတ်
ကြီးမားပြင်းထန်လွန်းလှသည့် တောင်ကြီးတစ်ခု အောက်သို့ ကျဆင်းလာသကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဟုန်မျိုးနှင့် အားအင်များသည် ရောရုဝပြည်အရှင်၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အရိုးများကို ကျိုးကြေသွားစေခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းတွင် ၎င်း၏ အော်ရာများသည် တဖြည်းဖြည်း လျော့ကျသွားခဲ့၏။
“ထွက်ပြေးပြီးတဲ့နောက်မှာ ပြန်ပြီးအားမွေးဖို့ စဉ်းစားနေတာလား။ ဒါကောင်းမွန်တဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ပြိုင်ဘက်ကို အထင်သေးနေပြီ” လျှိုချင်းယု၏ အမူအရာက တင်းမာခက်ထန်လျက်ရှိ၏။ သူသည် ရောရုဝအရှင်၏ ကျင့်ကြံခြင်းအဆင့်အားလုံးကို စည်းခတ်လိုက်၏။ နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ တစ်ဖက်လူ၏ စိတ်ထဲသို့ ဝင်ရောက် ရှာဖွေလိုက်သည်။
အထဲတွင်ရှိနေသည့် မှတ်ဉာဏ်များအားလုံးကို ဖတ်ရှုပြီးသည့်နောက် သူသည် တစ်ဖက်လူ ပေးအပ်ချင်စိတ် မရှိသည် ဆိုလျှင်တောင်မှ အထဲတွင် ရှိနေသည့် သတင်းအချက်အလက်များအားလုံးကို အသင့်ထုတ်ယူပြီး ဖြစ်၏။
ပြောရမည်ဆိုလျှင် သူသည် ရောရုဝအရှင်တစ်ယောက် ထောင်ချောက်ဆင်ထားမည်ကို ကြောက်ရွံ့ နေမိ၏။ သို့ပေမဲ့ သူ၏ပူပန်မှုများသည် အလဟဿ ဖြစ်ခဲ့ပုံပင်။ မည်သည့်လျှို့ဝှက်ထောင်ချောက်မှ မရှိခဲ့ချေ။ ရောရုဝအရှင်၏ စိတ်များသည် ခုခံမှုကင်းမဲ့ခဲ့၏။ လျှိုချင်းယုအနေနှင့် လွယ်လွယ်ကူကူဖြင့် ငရဲလောက၏ အမွေအနှစ်များ အားလုံးကို ရှာဖွေလို့ ရနေလေသည်။