← Chapters

အပိုင်း (၅၉၂)

Vol. 40 Ch. 592

အပိုင်း (၅၉၂)

Vol. 40 Ch. 592

“ဒါ ငရဲလောကရဲ့ အမွေအနှစ်တွေလား” လျှိုချင်းယုက ပျော်ရွှင်သွားမိ၏။

အချိန်အတော်ကြာပြီးသည့်နောက် သူသည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ စိတ်အတွင်းပိုင်း တည်နေရာထဲတွင် အခြားသော အမွေအနှစ်များက ပေါ်ပေါက်လာခဲ့၏။ ဤအရာသည် ငရဲပြည်မှ ပိုင်ဆိုင်သည့်အရာများသာဖြစ်၏။ နတ်ဘုရားနည်းစနစ်များ၊ လျှို့ဝှက်အတက်များနှင့်အတူ များပြားလှသည့် ငရဲပြည်၏ မှတ်တမ်းမှတ်ရာများပင် ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် ငရဲလောကကြီးနှင့် ပြဿနာဖြစ်ခဲ့သည့် ဂိုဏ်းကဏ္ဍအသီးသီးတို့၏ အသေးစိတ် အချက်အလက်များလည်း ပါဝင်လျက်ရှိ၏။ သူသည်သာ ငရဲလောကနှင့် ပေါင်းစပ်နိုင်သည်ဆိုပါက ရှေ့သို့ တော်တော်ဝေးဝေး လှမ်းတက်နိုင်မှာဖြစ်ပြီး များပြားလွန်းလှသည့် နောက်လိုက်များကိုလည်း ရရှိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေ၌ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် နည်းစနစ်များ အားလုံးကို ကျင့်ကြံရန်အတွက် အချိန်တော့ လိုအပ်လျက်ရှိနေသေး၏။ လျှိုချင်းယုသည် ဤကဲ့သို့သော အချိန်မျိုးကို လတ်တလော မပေးနိုင်သေးချေ။

ဥပမာအားဖြင့် ငရဲလောက၏ သတ်မှတ်မှုအောက်တွင် သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် လျှို့ဝှက် အတတ်မျိုးပင်။ သူသည် ထိုနည်းစနစ်များကို ပိုင်ဆိုင်လာခဲ့၏။ သို့ပေမဲ့ ထိုအရာများကို လေ့ကျင့်ရန် အတွက်တော့ အချိန်ယူရပေဦးမည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” ရောရုဝအရှင်၏ မျက်နှာပြင်တစ်ခုလုံးသည် ရှက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ငရဲလောက၏ အမွေအနှစ်များ အားလုံးကို တစ်ဖက်လူက လွယ်လွယ်ကူကူနှင့် ယူဆောင်သွားခဲ့သည်။

“ဟမ့်”

လျှိုချင်းယုက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျား အခု နားမလည်သေးဘူးလား။ ငရဲလောကကြီးက ဂူပိုးကောင်ကို သန့်စင်တာနဲ့တူတယ်လေ။ ဘယ်သူက ဆက်ခံသူဆိုတာက အရေးမကြီးဘူး။ ငရဲလောကကြီးကို အရင်လို အောင်မြင်မှုတွေ ပြန်လည်ပြီး ရယူပေးနိုင်မယ်ဆိုရင် ဘယ်သူပဲဆက်ခံဆက်ခံ ငရဲလောကရဲ့ ပိုင်ရှင်ဖြစ်လိမ့်မယ်။ အခု ကျုပ်က ခင်ဗျားထက် ပိုပြီးတော့ ဆက်ခံသူဖြစ်ဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်တယ်ဆိုတာ ရှင်းလင်းနေပြီမလား”

ပြောပြီးသည့်နောက် လျှိုချင်းယုသည် ဖြည်းညှင်းစွာဖြင့် သူ၏လက်ကို မြှောက်လိုက်သည်။

များပြားလွန်းလှသည့် ရောင်စဉ်တန်းများသည် သူ၏လက်ဝါးထက်တွင် ဖြစ်တည်လျက် ရှိနေပြီး တလက်လက် တောက်ပသည့် သင်္ကေတများအဖြစ် ပုံရိပ်ယောင် ဖြစ်တည်လာခဲ့၏။ ဤအရာသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို တွန့်လိမ်သွားစေခဲ့ပြီး ကြီးမားလွန်းသည့် ဖိအားကို ဖြစ်စေခဲ့၏။ ဤသင်္ကေတများသာ ကျဆင်းလာသည်ဆိုပါက ရောရုဝ၏အရှင်သည် ကျိန်းသေပေါက် အသက်ရှင်လမ်း မရှိတော့ချေ။

“မုန်းစရာပဲ”

ရောရုဝအရှင်၏ နှလုံးသားများသည် အသက်ဝိညာဉ်ကင်းမဲ့လျက် ရှိနေသလိုပင်။ သူ၏ လက်ဝါးထက်တွင် ရှိ နေသည့် သင်္ကေတသည် တဖြည်းဖြည်းနှင့် ပိုမိုကာတောက်ပလာခဲ့သည်။ သို့ပေမဲ့ သူဆင့်ခေါ်ထားခဲ့သည့် တပ်ကူသည် ကျိန်းသေပေါက် ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် စည်းခတ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် သူမသေဆုံးခင်တွင် တစ်စုံတစ်ခုကို ပြုလုပ်ရန်အချိန်နှင့် လုပ်နိုင်ခွင့်ဟူ၍ မရှိချေ။ သူသည် ကံဆိုးခဲ့လေ၏။

“ဟမ့် ... ဝှက်ဖဲတွေလား”

လျှိုချင်းယုသည် မျက်ခုံးကိုပင့်လိုက်၏။ သူသည် အထင်အမြင်သေးသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ “ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင့်ရဲ့တွက်ချက်မှုတွေက အမြဲတမ်း မှန်ကန်နေတာတော့ မဟုတ်ဘူး ထင်တယ်”

ဤစကားစုကို ပြောဆိုပြီးနောက် သူသည် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုလက်ဝါး ရိုက်ချက်ကြီး ကျဆင်းလာသည့်အချိန်တွင် ရောရုဝပြည်၏အရှင်သည် ကျိန်းသေပေါက် ပျောက်ကွယ်သွား ပေလိမ့်မည်။

ရောရုဝ၏အရှင်သည် နက်နဲအလင်းလောကကြီး၏ အနီးအနားတွင် ပုန်းအောင်းလျက် ရှိနေသည်ဟု ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ပြောခဲ့၏။ ထို့အပြင် အခြားသောအရာ တစ်ခုကိုလည်း ထပ်မံကာ ပြောဆိုလိုက်၏။ ရောရုဝအရှင်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဘဲ အခြားသောသူများက ဝင်ရောက် စွက်ဖက်လိမ့်မည် ဖြစ်ကြောင်းပင်။

သို့ပေမဲ့ လက်ရှိအချိန်တွင် အခြားသောသူများ၏ သင်္ကေတ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရချေ။ မည်သည့် အံ့အားသင့်မှုမှ ရှိနေစရာပင် မလိုပေ။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တွက်ချက်မှု မှားခဲ့ပုံပင်။ ထို့အပြင် လူသားတို့၏ သဘာဝဆိုသည်မှာ ရှုပ်ထွေးလွန်းလှ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အရာအားလုံးကို မည်ကဲ့သို့ ကြိုတင်ကာ တွက်ဆနိုင်မည်နည်း။

“ဘယ်သူမှ မလာဘူးဆိုတော့လည်း ပိုကောင်းတာပေါ့။ ငါ့အနေနဲ့ တချို့သောဝှက်ဖဲတွေကို ထုတ်ပြီး သုံးစရာ မလိုတော့ဘူး”

လျှိုချင်းယုက သက်ပြင်းချလိုက်၏။ သူသည် လက်ကို အမှတ်မထင် ယမ်းခါပြီးသည့်နောက် ပြောလိုက်၏။ “ပြန်ကြရအောင်”

“ဂုဏ်ယူပါတယ် သခင်လေး။ ငရဲလောကရဲ့အမွေအနှစ်တွေ အကုန်လုံးကို ရရှိခဲ့တဲ့အတွက် သခင်လေးအနေနဲ့ အင်မော်တယ်အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ဖို့ သိပ်ပြီးကြာမှာ မဟုတ်တော့ဘူး” တစ်စုံတစ်ယောက် သည် ချက်ချင်းဆိုသလိုပဲ ချဉ်းကပ်လာကာ ပြောဆိုလိုက်သည်။

“အင်း” လျှိုချင်းယုသည် ထူးမခြားနားသလို ခေါင်းညိတ်လိုက်၏။ ပြီးနောက် ရွက်သင်္ဘောကြီးဆီသို့ အသာ လှမ်းလျှောက်သွားခဲ့၏။ ရွက်သင်္ဘောပေါ်သို့ လှမ်းတက်လိုက်သည့်အချိန်မှာတော့ ရုတ်တရက် သူ၏ မျက်ခမ်းများက တုန်ယင်သွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် ကြီးမားလွန်းသည့် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်မိ၏။ ထိုအန္တရာယ်၏ အငွေ့အသက်သည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ချက်ချင်း ဆိုသလိုပဲ သူ့အား သေခြင်းတရား၏ အရိပ်အယောင်များက လွှမ်းမိုးလာခဲ့၏။

“မကောင်းတော့ဘူး။ နောက်ကိုဆုတ်တော့”

လျှိုချင်းယုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ပုံပန်းသွင်ပြင်ကလည်း လျှပ်စီးကဲ့သို့ မြန်ဆန်စွာ အနောက်သို့ ဆုတ်ခွာ၏။ သူက မြန်ဆန်လွန်း၏။ သို့ပေမဲ့ အမဲရောင်အလံတစ်ခုသည် သူ့ထက် ပိုမိုကာ မြန်ဆန်လျက်ရှိသည်။

ဝုန်း

နက်မှောင်လျက်ရှိနေသည့် အလံတစ်ခုသည် ရုတ်တရက် ရောက်ရှိလာခဲ့၏။ ထိုအရာဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် မွန်းစတားအော်ရာများ ထွက်ပေါ်နေ၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ထိုအလံကြီးတစ်ခုလုံးက ဖုံးလွှမ်းလျက် ရှိနေ၏။ ကြယ်စင်စုများ အားလုံးပင်လျှင် ထိုအလံကြီး၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မွန်းစတား ကလန်များ၏ နတ်အတတ်ပညာပင် ဖြစ်၏။

ဤအလံကြီးကို ပြုလုပ်ထားသည့် ပစ္စည်းပစ္စယများသည် အင်မော်တယ်ဘုရင် တစ်ယောက်ပင်လျှင် သေသေချာချာ ရှာဖွေရမည့် အရာမျိုးဖြစ်၏။ လုံလောက်သည့် ပစ္စည်းများကို ဖန်တီးရှာဖွေနိုင်မှသာလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့်လက်နက်မျိုးကို သန့်စင်နိုင်မှာဖြစ်၏။ ဤကဲ့သို့သော အလံတစ်ခုကို ဖန်တီးပြုလုပ်ရန်အတွက် ဥက္ကာကြယ်ပေါင်းများစွာတို့ကို အသုံးပြုခဲ့ရသည်။

ယနေ့အချိန်မှာတော့ ဒဏ္ဍာရီလာ လက်နက်တစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။

အမဲရောင် ရှေးအလံကြီးသည် လေထဲတွင် တဝှီးဝှီးနှင့်လွင့်မျောလျက်ရှိနေပြီး စကြဝဠာကြီးတစ်ခုလုံးရှိ စွမ်းအင်များကို စုပ်ယူလျက် ရှိနေ၏။ အောက်တွင်ရှိနေသည့် အရာအားလုံးတို့သည် အရောင်အဆင်း ကင်းမဲ့လျက် ရှိနေ၏။ ရွက်သင်္ဘောကြီး တစ်ခုလုံးသည်လည်း ထိုစွမ်းအင်များ၏ အောက်၌ အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။

ဝုန်း ....။

နားကွဲလောက်စရာအသံကြီး ထွက်ပေါ်လာခဲ့ပြီး တည်နေရာတစ်ခုလုံးသည် ရှုပ်ထွေးသည့် အခြေအနေတစ်ခု ဖြစ်တည်လာခဲ့၏။ လျှိုချင်းယုသည် အနောက်ဘက်သို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာလိုက်၏။ ထိုသို့ ဆိုလျှင်တောင်မှ သူသည် အရိုးများပေါ်လုမတတ် ဒဏ်ရာဒဏ်ချက်များ ဖြစ်တည်လာခဲ့၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည်‌ သွေးများဖြင့် နီရဲသွားခဲ့၏။ သူသည် အစောကြီးကတည်းက ကြိုတင်ကာ ရှောင်ရှားနိုင်ခဲ့သည် ဆိုသော်လည်း မထင်မှတ်ထားလောက်အောင် ဒဏ်ရာများ ရရှိခဲ့၏။ သူ၏ တိုက်ခိုက်ရေး စွမ်းအင်ကို အလုံးစုံ မဆုံးရှုံးဘူးဆိုလျှင်တောင်မှ ဆုံးရှုံးလုနီးပါးပင်။

“သခင်လေး”

ဘေးတစ်ဖက်တွင် ရှိနေသည့် ဝမ်ချီနှင့် တခြားသောသူများ အားလုံးသည်လည်း တုန်လှုပ် သွားခဲ့ကြ၏။ သူတို့ ဘယ်လိုမှ မထင်မှတ်ခဲ့ကြချေ။ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး သူတို့၏ သခင်လေးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောခဲ့သည့် တခြားသော ဂိုဏ်းကဏ္ဍဆိုသည်မှာ ဤအရာပေလား။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတို့၏ သခင်လေးသည် ဝှက်ဖဲများကို စတင်ကာ အသုံးပြုခဲ့ပြီးဖြစ်၏။ ၎င်းသည် အင်မော်တယ်ဘုရင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသေးသည်။ နတ်ဆိုးသူတော်စင် ရောက်ရှိလာခဲ့လေသည်လား။

တွေးကြည့်ပြီးသည့်နောက် အားလုံးသောသူတို့သည် ချက်ချင်းဆိုသလိုပဲ အမူအရာများ ပျက်ယွင်း သွားခဲ့ကြ၏။

All Chapters