အပိုင်း (၅၉၃)
Vol. 40 Ch. 593
“သခင်လေး အဆင်ပြေရဲ့လား”
ဝမ်ချီနှင့် တခြားသောသူများသည် အလောတကြီးဖြင့် ရှေ့ဆီသို့ ချဉ်းကပ် လာခဲ့၏။ သူတို့သည် လျှိုချင်းယု၏ အနီးတစ်ဝိုက်တွင် အကာအကွယ် အစီအရင်များကို ဖန်တီးလိုက်၏။ တစ်ဖက်လူ ရုတ်တရက် တိုက်ခိုက်လာမည် ကို စိုးရွံ့သောကြောင့်ပင်။
“ဘာမှမဖြစ်ဘူး” လျှိုချင်းယုသည် အားပျော့စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ပျက်ယွင်းလျက် ရှိနေ၏။ ငရဲခန်းဆီမှ ကံကောင်း၍ လွတ်မြောက်လာခဲ့သူ တစ်ယောက်ကဲ့သို့ပင်။ စောနကလေးတင် သူသည် ယုံကြည်မှုအပြည့်ဖြင့် ဖြစ်တည်ခဲ့၏။ သို့ပေမဲ့ နောက်စက္ကန့်အတွင်း သေဆုံးလုနီးပါးပင် ဖြစ်ခဲ့၏။
ဘာမှမဖြစ်ဘူး ဟုပြောဆိုခဲ့သော်လည်း အစစ်အမှန်တရားမှာတော့ သူ၏ကိုယ်တွင်းကလီစာ တော်တော်များများ တို့သည် ပျက်ဆီးသွား၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် ၎င်း၏ အားအင်အဆင့်ကို ဖုံးကွယ်ထားခဲ့၏။ လျှိုချင်းယုအနေနှင့် အသက်ရှင်ခဲ့သည်ကပင် ကံကောင်းသောကြောင့်ဖြစ်သည်။
ထို့အပြင် သူသည် အင်မော်တယ်ဘုရင် အစစ်တစ်ယောက် မဟုတ်ချေ။ ပါရမီရှင် အင်မော်တယ်ဘုရင် ဖြစ်နိုင်ရန်အတွက် အကူအညီ အထောက်အပံ့များကို အသုံးပြုခြင်းသာဖြစ်၏။ လုံလောက်သည့်အခြေခံ မရှိသောကြောင့် စောဏတုန်းက တိုက်ခိုက်ချက်သည် သူ့ကို တစ်စစီ ဖြစ်သွားစေနိုင်၏။ ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည့် အခြေအနေမျိုးပင်။
ပြောဆိုရမည်ဆိုလျှင် သူ၏ အခြေအနေသည် ရောရုဝဘုရင်ထက်ပင် ပိုမိုကာ ဆိုးရွားလျက် ရှိ၏။ ဝမ်ချီနှင့် တခြားသောသူများ၏ ထောက်ပံ့မှုနှင့်အတူ လျှိုချင်းယုသည် မနည်းရုန်းကန်ကာ မတ်တပ် ထရပ်လိုက်၏။ သူသည် ဒဏ်ရာများကို အတင်းဖိနှိပ်ထားခဲ့၏။ လက်ကို ယမ်းခါလိုက်ပြီးသည့်နောက် လေဟာနယ်ထဲသို့ လှမ်းကြည့်ကာ ပြောလိုက်၏။
“တာအိုရောင်းရင်း... ဘယ်တာအိုရောင်းရင်း လာလည်တာလဲသိချင်တယ်။ ကျုပ်ကို ဟာသ လာလုပ်နေ တာလား”
သူသည် ထိုစကားစုကို ပြောဆိုသည်ဆိုသော်လည်း သူ၏ပုံပန်းသွင်ပြင်သည် အညံ့ခံရမည့် အခြေအနေမျိုး သို့ ရောက်ရှိနေ၏။ တစ်ဖက်လူသည် သူ့ကို ကျိန်းသေပေါက် ရှင်းရှင်းလင်းလင်း သတ်ဖြတ်ချင်စိတ်ရှိနေ၏။ လက်ရှိအခြေအနေ၌ ဘာတစ်ခုမှ မဖြစ်သလို သူ ဟန်ဆောင်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ချက်ချင်းပဲ တစ်ဖက်လူက အင်ပြည့်အားပြည့် တိုက်ခိုက်ပေလိမ့်မည်။
ဝမ်ချီနှင့် တခြားသောသူများသည် သူ့အတွက် လုံခြုံမှုကို ပေးစွမ်းနိုင်မည့်လူများ မဟုတ်ပေ။ အင်မော်တယ် ဘုရင်တစ်ယောက်နှင့် ရင်ဆိုင်သည့်နေရာတွင် အန္တိမကျင့်ကြံသူများသည် မည်ကဲ့သို့သော စွမ်းအင်အဆင့်နှင့် ခုခံရမည်နည်း။
လျှိုချင်းယု ထိုစကားကို ပြောဆိုလိုက်ပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးသည် တိတ်ဆိတ်လျက် ရှိနေတုန်းပင်။
လျှိုချင်းယု၊ ဝမ်ချီနှင့် တခြားသောသူများ အားလုံးတို့သည် သတိအပြည့်နှင့် တည်ရှိနေခဲ့ကြ၏။ သူတို့သည် ရှုပ်ထွေးလျက် ရှိနေသည့် တည်နေရာလမ်းကြောင်းကြီးများကို လှမ်းကာကြည့်ရှုနေ၏။ ကောင်းကင်ယံ ထက်တွင် အမဲရောင်အလံကြီး တစ်ခုမှလွဲ၍ တခြားဘာတစ်ခုမှ မရှိချေ။ ထိုအလံကြီးသည် ဆန်းကြယ်သော သင်္ကေတများကို ထုတ်လွှင့်လျက် ရှိနေ၏။ ထိုအလံကြီး၏ ပိုင်ရှင်သည် အပြင်ဘက်သို့ ထွက်လာရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။
“တာအိုရောင်းရင်းက ရောက်လာပြီဆိုမှတော့ ဘာလို့ ထွက်မလာရတာလဲ။ ကျုပ်လက်ထဲက အရာကိစ္စ တစ်ခုခုကို စိတ်ဝင်စားလို့လား။ ဒါဆိုရင် ကျုပ်တို့ တိုက်ခိုက်ဖို့ မလိုပါဘူး။ ဆွေးနွေးလိုက်လို့ ရတယ်” လျှိုချင်းယုသည် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။
လက်ရှိ အခြေအနေမှာတော့ သူသည် ခန့်မှန်းချက်တချို့ကို ပြုလုပ်ထား၏။ ယခု လာရောက် လည်ပတ်သူ သည် ထျန်းမင်တောင်မှ နတ်ဆိုးသူတော်စင်မှလွဲ၍ တခြားမည်သူမျှ မဖြစ်နိုင်ချေ။ အင်မော်တယ်ဘုရင် အဆင့် အားအင်အဆင့်ကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်သောကြောင့် လျှိုချင်းယုအား တစ်ချက်တည်း တိုက်ခိုက်လိုက်ရုံနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့ခြင်းပင်။
လက်ရှိ ရောရုဝ၏အရှင်သည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်း၏အမွေအနှစ်အားလုံးသည် လျှိုချင်းယု၏ လက်ထဲသို့ ကျရောက်လာခဲ့၏။ ထို့ကြောင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုသည် ထိုအမွေအနှစ်များနှင့် သက်ဆိုင်နေပေလိမ့်မည်။
လျှိုချင်းယုသည် ရောရုဝအရှင်၏ အမွေအနှစ် အားလုံးကို ထုတ်ယူခဲ့သည် ဆိုသော်လည်း လက်ရှိ အခြေအနေအရဆိုလျှင် ထိုအရာများကို ပြန်လည် ထုတ်ပေးရမည်ဆိုလျှင်တောင် ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် အသက်ရှင်လျက် ထွက်ခွာသွားနိုင်ရန် မျှော်လင့်ချက်သည် ထိုအရာပေါ်တွင် မူတည်လျက် ရှိနေသောကြောင့်ပင်။
ခဏလောက်ကြာချိန်ထိ လေဟာနယ်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ အားလုံးသောသူတို့၏ စိတ်ဓာတ်များကလည်း ကျဆင်းလို့နေခဲ့၏။
အဝေးတစ်နေရာရှိ လေဟာနယ်ထဲတွင် မားမားမတ်မတ် တည်ရှိနေသည့် အလံကြီးသည် ရုတ်တရက် လှုပ်ရှားသွားခဲ့ပြန်၏။ စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ သည် လေထုတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အင်မော်တယ်အလင်းတန်းများ ပျံသန်း ရောက်ရှိလာသကဲ့သို့ပင်။
“လေဟာနယ်ချုပ်နှောင်ခြင်း”
အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ အသံသည် ရှေးဆန်လွန်းလှပြီး လက်ရှိ ခေတ်၏အသံမျိုးနှင့် မသက်ဆိုင်သည့် အရာမျိုးကဲ့သို့ပင်။ သို့ပေမဲ့ စကားစု၏ အဓိပ္ပါယ်ကို အားလုံးသောသူတို့က နားလည်လိုက်၏။ ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ လူပေါင်းများစွာတို့၏ ကျောရိုးမကြီးများသည် စိမ့်တက်သွားခဲ့ကြ၏။ တစ်ဖက်လူသည် သူတို့ကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်ရန် ရည်ရွယ်ခြင်းဖြစ်၏။ သနားညှာတာစိတ်ရှိပုံ မပေါ်ချေ။
ဆွစ်
အလံသည် အရာအားလုံးကို လွှမ်းခြုံခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို ဖျက်ဆီး၍ မရနိုင်သည့် အကျဉ်းထောင်တစ်ခုကဲ့သို့ ဖန်တီးကာ သူတို့ကို ချုပ်နှောင်လေ၏။
“ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်... ခင်ဗျား ကျုပ်တို့နဲ့ ပြဿနာ တက်ချင်တာလား” လျှိုချင်းယုက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် လုံးဝ သည်းမခံနို်ငတော့ချေ။ ကြင်နာတတ်သည့် စကားလုံးများနှင့် အေးအေးဆေးဆေး ဆွေးနွေးရမည့်အစား တစ်ဖက်လူသည် ကျိန်းသေပေါက် သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့၏။ ထို့ကြောင့် သူသည် မည်သို့မှ မယဉ်ကျေးနိုင်တော့ချေ။
ထို့အပြင် ဤကဲ့သို့ အရှက်ခွဲမှုများကိုလည်း တစ်ခါမှမကြုံခဲ့ဖူးချေ။ ပြန်လည်မွေးဖွားလာခဲ့ပြီးသည့်နောက် နိမ့်ပါးသည့် ကျင့်ကြံခြင်းအဆင့်တွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ သူသည် တကယ့်ကို ပါရမီရှင် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ဒေါသတကြီး အော်ဟစ်ပြီးသည့်နောက် လျှိုချင်းယုသည် သူ၏ လက်တစ်ဖက်ကို ဆန့်တန်းကာဖြင့် အလံကြီးဆီသို့ လှမ်းလိုက်၏။ သူသည် ကြယ်မြစ်ကြီးကဲ့သို့ ဖြစ်တည်လျက်ရှိနေသည့် စွမ်းအင်လှိုင်းများကို လုံးဝ မကြောက်ရွံ့ချေ။ သူ၏အော်ရာများက တိုးတက်လာခဲ့၏။ အင်ပါယာအဆင့်၊ အစစ်အမှန် အင်မော်တယ်အဆင့်၊ အန္တိမအဆင့်၊ အင်မော်တယ်ဘုရင်အဆင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် ယခင်တုန်းက ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းများကို ပြန်လည် ပိုင်ဆိုင်ခဲ့၏။
သူသည် လောကအသီးသီးကို ငုံ့မိုးကာ ကြည့်ရှုရသည့် ထူးခြားလွန်းလှသော အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာခဲ့၏။ ထာဝရ နတ်ဘုရားတစ်ပါးကဲ့သို့ပင် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ လက်တစ်ဖက်ကို ယမ်းခါလိုက်ပြီးနောက် များပြားလွန်းလှသည့် နည်းစနစ်များ၊ နတ်ဘုရား အတတ်ပညာအားလုံးသည် လေထုထဲတွင် ပြည့်နှက်သွားခဲ့၏။ ၎င်းတို့အား ချုပ်နှောင်ထားခဲ့သည့် တည်နေရာကြီး တစ်ခုလုံးသည်လည်း ပျက်ဆီးသွားခဲ့သည်။
အလံကြီးပေါ်တွင် ဖြစ်တည်နေခဲ့သည့် သင်္ကေတအားလုံးသည်လည်း ပျောက်ကွယ်သွားလုနီးပါးပင်။ အလံမှ ဖန်တီးထားသည့် တည်နေရာချုပ်နှောင်မှုအတွင်းမှာတော့ လျှိုချင်းယုသည် ကြမ်းတမ်းလွန်းလှသည့် နဂါးတစ်ကောင်ကဲ့သို့ပင် လေဟာနယ်တစ်ခုလုံးကို ချိုးဖြတ် တိုက်ခိုက်လျက် ရှိနေ၏။
အလံကြီးသည် ကြီးမားလွန်းလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရသကဲ့သို့ပင်။ တည်နေရာတစ်ခုလုံး သည်လည်း ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ အရာအားလုံးသည် ပျောက်ကွယ်လုမတတ်ပင်။ အင်မော်တယ်ဘုရင်တစ်ယောက်၏ အော်ရာအောက်တွင် မည်သည့်အရာမဆို ပျောက်ကွယ်သွားရမည်မှာ သဘာဝပင်ဖြစ်သည်။