← Chapters

အပိုင်း (၅၉၅)

Vol. 40 Ch. 595

အပိုင်း (၅၉၅)

Vol. 40 Ch. 595

ရှုပ်ထွေးလွန်းသည့် တည်နေရာလမ်းကြောင်းထဲတွင် မြူများ ရစ်သိုင်းလျက် ရှိနေ၏။ ဝမ်ချီနှင့် တခြားသော သူများသည် တည်နေရာတွင် မတ်မတ်ရပ်ကာဖြင့် တွေဝေငေးငိုင်နေ၏။ ဤကဲ့သို့ ဖြစ်ရသည့် အဆုံးသတ်သည် သူတို့ ခန့်မှန်းထားသည့် အရာမျိုး မဟုတ်ချေ။ ငရဲလောက၏ အမွေအနှစ်များကို ရရှိခဲ့သည် ဆိုသော်လည်း သူတို့၏ သခင်လေးသည် ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ ဆိုလိုသည်မှာ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် အဆုံးသတ်၌ အောင်မြင်သွားသူဟု သုံးသပ်ရမည်လား။

“ကျုပ်တို့ ဒီကိစ္စကို အစောကြီးကတည်းက တွေးထားသင့်တယ်” လူတစ်ယောက်သည် အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်၏။ သူတို့သည် ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင် ပေါ်ပေါက်လာမည်ကို အစောကြီး ကတည်းက သိရှိပြီးဖြစ်၏။ သူတို့သည်သာ သေသေချာချာ ဂရုစိုက်မည်ဆိုပါက ဤကဲ့သို့သော အခြေအနေမျိုး ကြုံရလိမ့်မည် မဟုတ်ချေ။ ကံဆိုးစွာဖြင့် သူတို့၏ သခင်လေးသည် တစ်ဖက်လူ၏ အားအင်အဆင့်ကို အထင်အမြင်သေးခဲ့၏။

လျှိုချင်းယု သည် ယုံကြည်ချက် ပြင်းထန်လွန်းလှ၏။ ၎င်း၌ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်နှင့် ရင်ဆိုင်ရလျှင်ပင် လွတ်မြောက်နိုင်စွမ်းရှိသည့် ဝှက်ဖဲများ တည်ရှိနေသည်ဟု တွေးတောခဲ့၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ထိုအရာအားလုံးကို တစ်ချက်ကလေးတောင် ထုတ်ဖော် အသုံးမပြုခဲ့ရချေ။

တစ်ဖက်လူသည် ငရဲလောက၏ တိုက်ပွဲများကို တွေ့ကြုံရင်ဆိုင်ခဲ့ဖူးသည့် အတွေ့အကြုံရင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်မို့ ကျိန်းသေပေါက် အားလုံးသောသူတို့ထက် ပိုမိုကာ သာလွန်လွန်း၏။ အားအင် အဆင့်သည် အလုံးစုံ ပြန်လည် မကောင်းမွန်သေးဘူး ဆိုလျှင်တောင်မှ သူတို့ကဲ့သို့သော ကျင့်ကြံသူများကို တိုက်ခိုက်ဖို့ ဆိုသည်မှာ ထမင်းစား၊ ရေသောက်ကဲ့သို့ပင် လွယ်ကူနေလေသည်။

“အစ်ကိုဝမ်... ကျုပ်တို့ ဘာလုပ်ကြမလဲ” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

သခင်လေး မရှိသည်ဆိုပါက သူတို့အနေနှင့် ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်ကို အဆင်ခြင်မဲ့ သွားရောက်ကာ ရန်ပြုစိန်ခေါ်၍ မဖြစ်နိုင်ချေ။ ဤအရာသည် သေလမ်းရှာခြင်းသာ ဖြစ်၏။ သူတို့ အတူ စုစည်းပြီး သွားရောက်ကာ တိုက်ခိုက်မည် ဆိုလျှင်ပင် အင်မော်တယ်ဘုရင် တစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် မလုံလောက်ချေ။

နတ်ဆိုးသူတော်စင်၏ အကြည့်တစ်ချက်နှင့်ပင် သူတို့ သေဆုံးသွားနိုင်၏။ အစောဏတုန်းက အသက်ရှင်လျက် ထားခဲ့ခြင်းကပင်လျှင် သူတို့အတွက် ကံကောင်းခြင်းတရား ဖြစ်၏။ အင်မော်တယ်ဘုရင် တစ်ယောက်၏ နီးနီးကပ်ကပ်သို့ ရွေ့လျားသွားမည် ဆိုလျှင်တောင်မှ သူတို့သည် သေဆုံးသွားနိုင်သည်။

“အင်း.. ကျုပ်တို့ ကောင်းကင်မူလလောကကြီးဆီကို သွားဖို့ပဲ ရှိတယ်” ဝမ်ချီသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“ခင်ဗျား ဆိုလိုတာက ကောင်းကင်လျှို့ဝှက်နန်းဆောင်လား” စောဏက ပြောဆိုခဲ့သည့်လူသည် မသေချာ၊ မရေရာသလို ပြန်လည်ကာ မေးမြန်းလိုက်သည်။

“ဟုတ်တယ်” ဝမ်ချီက ခေါင်းညိတ်လိုက်၏။

“..........”

သူတို့၏ ဘေးတစ်ဖက်တွင် ရှိနေသည့်လူသည် တွန့်ဆုတ်လျက် ရှိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သံသယရှိစရာ မလိုစွာပင် အားကောင်းလွန်းလှသည့် လူဖြစ်၏။ ၎င်း၏ နည်းလမ်းများသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်တတ်သည် ဖြစ်သောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ သဘာဝပင် ဖြစ်သည်။

ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင် လက်ထဲတွင် ရှိနေသည့် သခင်လေး အကြောင်းကို သိချင်သည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။ လက်ရှိ အခြေအနေသည် လက်စားချေရမည့် အခြေအနေမျိုးထက် လူကို ကယ်တင်ရမည့် အခြေအနေမျိုး ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားကိုသွားမှ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဤခရီးစဉ်အတွက် လိုအပ်သည့် အရင်းအမြစ်များ မည်မျှရှိမည်ဆိုသည်က မသေချာလှချေ။

အင်မော်တယ်ဘုရင်နှစ်ယောက်၊ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်၊ သူတို့၏ သခင်လေး - ထိုအရာများ ပူးပေါင်းထားသည့် သတင်းအချက်အလက်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် ပမာဏမျိုး ဖြစ်လိမ့်မည်။

ထျန်းမင်တောင် နတ်ဆိုးသူတော်စင်၏ လျှို့ဝှက်ချက်များကို သိရှိရန် ကြိုးစားခြင်းဆိုသည်မှာ သူတို့၌ လက်ရှိ ရှိနေသည့် အရင်းအမြစ်များနှင့် မဖြစ်နိုင်သလောက် နီးပါးပင်။ တစ်ဖက်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဆိုသည်မှာ တွေးတောင် မတွေးသင့်ပေ။ အလုံးစုံသော အားအင်အဆင့်နှင့် ရင်ဆိုင်သည့်နေရာတွင် မည်မျှကောင်းမွန်သည့် အစီအစဉ်ကို ပိုင်ဆိုင်သည် ဆိုဆို ရှုံးနိမ့်ရပေလိမ့်မည်။

“သခင်လေးက ကျုပ်တို့အပေါ် အရမ်း ရက်ရောခဲ့တယ်” ဝမ်ချီ၏ အမူအရာက အေးစက်သွားခဲ့၏။ တခြားသော သူနှစ်ယောက်တို့ကို မမြင်ရသည့် အော်ရာများက ဖိနှိပ်လာခဲ့သည်။ ၎င်း၏ မျက်လုံးများသည် ခက်ထန်ကြမ်းတမ်း လာခဲ့၏။

“မမေ့နဲ့။ ဒီနေ့ ကျုပ်တို့ရခဲ့တဲ့ အရာအားလုံးက သခင်လေး ပေးခဲ့တဲ့ လက်ဆောင်တွေပဲ။ သခင်လေးရဲ့ နောက်ကွယ်မှာ ရှေးမိသားစုတစ်ခုရှိတယ်။ ကျုပ်တို့က ထောက်ပံ့သူတွေပဲ။ သခင်လေးသာ တစ်ခုခု ဖြစ်လာမယ်ဆိုရင် ခင်ဗျားတို့ရော၊ ကျုပ်ပါ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

လက်ရှိအချိန်မှာတော့ တခြားသောလူနှစ်ယောက်တို့၏ အမူအရာများကလည်း ပြောင်းလဲသွားခဲ့၏။ အစောပိုင်းတုန်းက သူတို့သည် ပုန်းအောင်းနေရန် စဉ်းစားခဲ့၏။ ရှုပ်ထွေးလှသော အခြေအနေမျိုးတွင် ၎င်းတို့၏ အားအင်အဆင့်သည် လောကငယ်လေးတစ်ခုကို အုပ်စိုးရန်ပင် တတ်နိုင်သည့်အရာ မဟုတ်ချေ။ သခင်လေး၏ မိသားစုမှ လာရောက်ဖမ်းဆီးနိုင်သည်ဆိုသော အချက်ကို ပြန်လည်တွေးတောမိပြီးနောက် သူတို့သည် အသက်ပင် ရဲရဲ မရှူရဲတော့ချေ။

လက်ရှိ အခြေအနေ၌ အကောင်းဆုံးသော အခြေအနေသည် ထျန်းမင်တောင်မှ နတ်ဆိုးသူတော်စင်တစ်ယောက် သခင်လေးကို ထိခိုက်ဒဏ်ရာရအောင် မပြုလုပ်ရန်ပင် ဖြစ်၏။ မဟုတ်ပါက သခင်လေး၏ နောက်ကွယ်တွင် ရှိနေသည့် ကလန်ကြီးသည် ခန့်မှန်း၍မရအောင် အားကောင်းလှသည့် ကျင့်ကြံသူများကို စေလွှတ်ပေလိမ့်မည်။

သခင်လေးသည် ငရဲလောက၏ တိုက်ပွဲများကြားတွင် ပါဝင်မတိုက်ခိုက်ခဲ့ဘူး ဆိုသော်လည်း ၎င်းတို့၏ မိသားစုမှာတော့ ထိုတိုက်ပွဲကြား၌ အသက်ရှင် ကျန်ရစ်ခဲ့သည့်လူများဖြစ်၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ထိုမိသားစုသည် မျိုးဆက်သစ်များနှင့်အတူ မည်မျှကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်ကို ပိုင်ဆိုင်နေမည်နည်း ဆိုသည်မှာ တွက်ဆရန် ခက်ခဲသည်။

သို့ပေမဲ့ သေချာသည့် အရာတစ်ခုမှာတော့ ထျန်းမင်တောင် နတ်ဆိုးသူတော်စင်ကို သူတို့ ကလန်လဆန် ပြုလုပ်၍ ရသည် ဆိုလျှင်တောင်မှ သခင်လေး၏ နောက်တွင်ရှိနေသည့် အင်အားစုကို သွားရောက်၍ ကလန်ကဆန် ပြုလုပ်၍ မဖြစ်နိုင်ချေ။

ထို့အပြင် ထျန်းမင်တောင်သည် အားကောင်းလှသည့် အခြေအနေတွင် တည်ရှိခြင်း မဟုတ်သေးပေ။ သခင်လေး နောက်ကွယ်တွင် ရှိနေသည့် အင်အားစုမှာတော့ ရေတွက်လို့ မရအောင် များပြားလှသည့် အရင်းအမြစ်များကို ပိုင်ဆိုင်သည့် အင်အားစုကြီးပင် ဖြစ်၏။ လောကအသီးသီး၏ အထက်တွင် ရပ်တည်နိုင်စွမ်း ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုပင်ဖြစ်၏။

“ဒါဆိုရင် ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဘယ်အချိန် သွားကြမလဲ” စောဏတုန်းက ပြောဆိုခဲ့သည့် လူသည် ခဏလောက် စဉ်းစားပြီးသည့်နောက် လေးနက်သည့် သွင်ပြင်မူရာဖြင့် မေးမြန်းလိုက်သည်။

“အင်း... မကြာခင်ပေါ့”

ဝမ်ချီသည် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းကို လှမ်းကြည့်ရှုကာဖြင့် အသာ သက်ပြင်းချလိုက်၏။ “အရာအားလုံးက ကျုပ်တို့ မှီနိုင်လောက်တဲ့ အခြေအနေမျိုးရှိဖို့ မျှော်လင့်မိတယ်လေ။ သခင်လေးသာ လုံခြုံတယ်ဆိုရင် အရာကိစ္စအားလုံးက ကိစ္စမရှိဘူး။ တစ်စုံတစ်ခု ဖြစ်ခဲ့ပြီဆိုရင်တော့ ကျုပ်တို့ အားလုံးက နာပြီပဲ။ သွားကြရအောင်”

ထိုစကားစုကို ပြောဆိုပြီးသည့်နောက် ဝမ်ချီသည် ချက်ချင်းဆိုသလို လှမ်းတက်ပြီးသည့်နောက် သူ၏ ပုံပန်းသွင်ပြင်သည် တည်နေရာမှ ပျောက်ကွယ်သွားခဲ့၏။ သူ၏ အနောက်တွင် ရှိနေသည့် လူနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးသည့်နောက် ဝမ်ချီ၏ နောက်ဆီသို့ လိုက်ပါသွားခဲ့ကြသည်။

All Chapters