← Chapters

အပိုင်း (၅၉၇)

Vol. 40 Ch. 597

အပိုင်း (၅၉၇)

Vol. 40 Ch. 597

"ထိုင်ကြ"

လီယွင်သည် ရှေ့ဆီသို့ တစ်လှမ်းချင်း လျှောက်ထွက်လာခဲ့၏။ သူသည် ကြင်နာလှသည့် အပြုံးတစ်ခုကို ပြုံးထား၏။ လက်တစ်ဖက်ကို ဝေ့ယမ်းပြီးသည့်နောက် ထိုင်ခုံခုနှစ်လုံးက လေထဲ၌ ပေါ်ပေါက်လာခဲ့၏။

"ကျေးဇူးပါပဲ နန်းဆောင်သခင်"

ရှောင်ဝုရှန်သည် မျက်ခုံးများ တုန်ခါသွားခဲ့၏။ ဤကဲ့သို့ လေထုထဲတွင် အရာဝတ္တုပစ္စည်းများ ထုတ်ဖော်နိုင်ခြင်းသည် သူ့အား အံ့အားသင့်စေခဲ့၏။ ထို့ပြင် မည်သည့်စိတ်ဝိညာဉ် စွမ်းအင်မှ ထွက်ပေါ်လာသည်ကို အာရုံမခံမိခဲ့ချေ။ ဤကဲ့သို့ လေထုထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခြင်း ဆိုသည်မှာ အံ့အားသင့်စရာပင်။ သူသိသလောက်ဆိုလျှင် အင်မော်တယ် ဘုရင်တစ်ယောက်ပင်လျှင် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်ခြင်း မရှိချေ။

လေထုထဲတွင် အရာဝတ္တုများကို ပေါ်လာအောင် ပြုလုပ်ခြင်း ဆိုသည်မှာ နိယာမများကို ကျော်လွန်ကာ ပြုလုပ်ရသည့် အရာမျိုးဖြစ်၏။ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်ခြင်းနှင့် မတူညီချေ။

သာမန်လူများသည် ထိုကဲ့သို့သော ကိစ္စများကို ကျိန်းသေပေါက် နားလည်လိမ့်မည် မဟုတ်ချေ။ ကြည့်ရှုရမည်ဆိုလျှင် နန်းဆောင်သခင်၏ အားအင်အဆင့်သည် သူထင်ထားသည်ထက် အများကြီး သာလွန်ပေလိမ့်မည်။ နန်းဆောင်သခင်သည်သာ ဝင်ရောက် လှုပ်ရှားသည် ဆိုပါက ရှောင်ဝုရှန်သည် ကြီးမားသည့် အရာများကို ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလာခဲ့၏။ ထျန်းမင်တောင်သည် သူ့အတွက် ကြီးကြီးမားမား မဟုတ်တော့ချေ။

"စီနီယာ …."

ရှောင်ဝုရှန်သည် လေးလေးစားစား နှုတ်ဆက်လိုက်၏။ ပြော၍မပြီးသေးခင်မှာဘဲ လီယွင်သည် လက်ကိုမြောက်ကာဖြင့် တားဆီးလိုက်၏။ "ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျုပ်နားလည်တယ်။ ဒါပေမဲ့ ခင်ဗျားစိတ်ပျက်သွားလိမ့်မယ်လို့ ကျုပ်ထင်တယ်။ ကျုပ်က လောကတွေကြားထဲမှာဖြစ်တဲ့ ပဋိပက္ခတွေထဲ ဘယ်တော့မှ ဝင်ပြီးမရှုပ်ထွေးဘူး"

"..."

ခင်ဗျားအနေနဲ့ နက်နဲလျှို့ဝှက်နယ်မြေအတွက် ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်ကို သတ်ဖြတ်စေချင်တယ် ဆိုရင်တော့ မဖြစ်နိုင်ဘူး" လီယွင်က ပြောလိုက်သည်။

ရှောင်ဝူရှန်သည် ဆွံ့အလျက် ရှိနေ၏။ သူသည် တခြားသောအကြီးအကဲများနှင့် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် တခြားသောပဋိပက္ခများနှင့် တခြားသောသူများ၏ ကိစ္စရပ်များကို ဝင်ရောက်ရှုပ်ထွေးလေ့မရှိကြောင်း သတင်းစကား ကြားခဲ့ကြပြီးပြီ ဖြစ်၏။ လက်ရှိကြည့်ရှုရသည်မှာ အမှန်ပင် ဖြစ်၏။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သာ ကူညီခြင်းမရှိသည်ဆိုပါက နက်နဲလျှို့ဝှက် နယ်မြေအတွက် ပြဿနာပင်။ ထျန်းမင်တောင်၏ နက်ဆိုးသူတော်စင်သည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်၏။ ၎င်းပျောက်ကွယ်သွားသည့် အချိန်တွင် မည်မျှအားကောင်းသည့် အခြေအနေကို ဖန်တီးလာမည်နည်းကို မည်သူမှ မသိရှိချေ။ ပြန်ပေါ်လာသည်နှင့် တပြိုင်နက် ထျန်းမင်တောင်ကြီး တစ်ခုလုံးကို ပြန်လည်ကာ တည်ဆောက်နိုင်သည်။

နက်နဲလျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် လူသားအားလုံးတို့သည် ကြီးမားသည့် ကပ်ဘေးကြီးကို ခံရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နတ်ဆိုးသူတော်စင်နှင့် ရင်းရင်းနှီးနှီးရှိလှသည် မဟုတ်သောကြောင့်ပင်။ အကုန်လုံး သုတ်သင်ရှင်းခံရမည့် အခြေအနေမျိုးသို့ပင် ရောက်ရှိသွားနိုင်၏။

"စီနီယာ အလျင်စလိုနဲ့။ မငြင်းပါနဲ့အုံး"

ရှောင်ဝူရှန်၏ ဘေးတွင်ရှိနေသော အကြီးအကဲတစ်ယောက်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူသည် ဆံပင်အဖြူရောင်များနှင့် အဘိုးအိုဖြစ်ပြီး တောင့်တင်းခိုင်မာလှသည့် ခန္ဓာကိုယ်နှင့် ရင့်ကျက်သည့် အတွေ့အကြုံကို ပိုင်ဆိုင်၏။ ကျိုင်းတုတ်ကြီးကို ကိုင်ဆောင်ထားပြီး ၎င်း၏ အမူအရာသည် ကျိန်းသေပေါက် အရှိန်အဝါ ကြီးမားလှသည့် ပုံစံမျိုးပင်။

ထိုအကြီးအကဲသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "စီနီယာ … ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်း ရှိတယ်ဆိုမှတော့ ရှောင်ကလန်က သာမန်မိသားစု မဟုတ်ဘူးဆိုတာ နားလည်မှာပါ"

“အင်း …”

လီယွင်သည် နောက်နှေးခြင်းတစ်ချက်မရှိဘဲ ခေါင်းညိတ်လိုက်၏။ သို့ပေမဲ့ ထိုအရာသည် သဘောတူခြင်းလား၊ မဘောမတူခြင်းလား ဝေခွဲ၍ မရချေ။

"ရှောင်ကလန်က တကယ့်ကို သာမန်ထက် ပိုတာပဲ။ ဘိုးဘေးအဆက်ဆက်မှာ အားကောင်းခဲ့တယ်။ ပြီးတော့ တစ်ယောက်တည်းတောင် မဟုတ်ဘူးလေ။ ပြီးတော့ ငရဲလောကရဲ့ တိုက်ပွဲကြားမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နက်နဲမီးတောက်လောကကြီး တစ်ခုလုံးအတွက် ကျိန်းသေပေါက် အလုပ်အကြွေး ပြုခဲ့တာပေါ့"

“အင်း ….”

အဘိုးအိုသည် သူ၏လက်ကိုမြောက်ကာ သူ၏မျက်နှာကို ပွတ်သပ်ပြီး ရှက်ရွံ့မှုအား ဖုံးကွယ်လိုက်၏။ သူတို့၏ ဘိုးဘေးကြီးသည် အလွန်အားကောင်းခဲ့၏။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ရှောင်ကလန်သည် အင်မော်တယ်ဘုရင်တစ်ယောက်ကိုတောင် ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။ ဤအရာသည် တဖြည်းဖြည်း ယုတ်လျော့လာသည့် သဘောတရားပင် ဖြစ်လေ၏။ နက်နဲမီးတောက် လောကကြီးသည် တစ်စိတ်တစ်ပိုင်းစီ ဖြစ်သွားပြီးနောက် နက်နဲလျှို့ဝှက်နယ်မြေသည် အင်မော်တယ်ဘုရင်တစ်ယောက်ကို မွေးဖွားနိုင်ရန်အတွက် လုံလောက်သည့် အရာမဟုတ်တော့ချေ။

ယခုသူတို့၏ ဘိုးဘေးတည်နေရာထဲတွင် အင်မော်တယ်ဘုရင်အဆင့် လက်နက်တစ်ခုက တည်ရှိလို့နေ၏။ နက်နဲလျှို့ဝှက်နယ်မြေထဲတွင် ခန့်မှန်း၍မရအောင် အားကောင်းလှသော အရာများ တည်ရှိသည် ဆိုသော်လည်း ၎င်းတို့၏ လက်နက်နှင့် ယှဉ်ပြိုင်နိုင်သည့် အရာဆိုသည်မှာ ရှားရှားပါးပါးပင် ဖြစ်လေ၏။ ထိုအရာသည် နောက်ခံပင်။

လီယွင်သည် စကားလမ်းကြောင်းကို ချက်ချင်းပဲ ပြောင်းလဲလိုက်သည်။ "ခင်ဗျားတို့ ဘိုးဘေးကြီးက ကောင်းကင်လျှို့ဝှက် နန်းဆောင်နဲ့ ဆက်နွယ်မှုေတွ ရှိနေတယ်လို့ ထင်ထနေတာလား။”

ထိုအဘိုးအို၏ နှလုံးသားက တုန်ယင်သွားခဲ့၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်လိုက်၏။ "ဂျူနီယာ ဒီလိုမပြောရဲပါဘူး"

အစောတုန်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်မှာ ငရဲလောကနှင့် လောကအသီးသီးတို့၏ တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဟု သူ ထင်မှတ်ခဲ့၏။ ယခု ကြည့်ရှုရသည်မှာ ထိုသို့ဟုတ်ပုံ မပေါ်ချေ။

"ကျုပ် စီနီယာဆီကနေ ဖုံးကွယ် မထားနိုင်ပါဘူး။ ရှောင်ကလန်က အရင်တုန်းကလို အောင်မြင်မှုတွေ မရရှိခဲ့ဘူး ဆိုပေမဲ့ ကျုပ်တို့ရဲ့ အားအင်အဆင့်တွေက ကျန်ပါသေးတယ်။ စီနီယာ ကျုပ်တို့ကို ကူညီပြီး ထျန်းမင်တောင်ကို ဖိနှိပ်ပေးမယ်ဆိုရင် အရာအားလုံးကို ညှိနှိုင်းလို့ ရပါတယ်" အဘိုးအိုသည် သတိအပြည့်ဖြင့် ပြောဆိုလိုက်သည်။

သူ၏ ဖော်ပြချက်သည် ညှိနှိုင်းဆွေးနွေးစရာများ ရှိနေသည်ဟူသော သဘောတရားပင် ဖြစ်၏။ လီယွင်သည်သာ လှုပ်ရှားတိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပါက ပေးရမည့် ပမာဏအား ညှိနှိုင်း၍ ရနိုင်၏။

ဘိုးဘေးကြီးသည် တစ်ချိန်က ထျန်းမင်တောင်ထိပ်တွင် မတ်မတ်ရပ်ကာဖြင့် ရန်သူများကို တိုက်ခိုက်ခဲ့၏။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် သူတို့၏ ဘိုးဘေးကြီး မရှိတော့ချေ။ သို့ပေမဲ့ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင် အသက်ရှင်လျက် ရှိနေသေး၏။ နတ်ဆိုးသူတော်စင်သည် သူတို့၏ ရှောင်ကလန်ဆီသို့ လာရောက်ကာ သွေးကြွေးဆပ်မလားကို မည်သူမှ မသိချေ။ နတ်ဆိုးသူတော်စင်သည်သာ သူတို့ကို သတိရခဲ့သည် ဆိုပါက သူတို့လက်ထဲတွင် ရှိနေသည့် အင်မော်တယ် လက်နက်နှစ်ခုကို မဆိုနှင့် သူတို့၏ ကလန်တစ်ခုလုံးသည် အကုန်လုံး ပျောက်ကွယ်သွားရမှာ ဖြစ်၏။ အင်မော်တယ်ဘုရင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့် အရာသည် သူတို့လက်လှမ်းမှီ နိုင်သည့် အရာမျိုး မဟုတ်ချေ။

"ကျုပ်က ခင်ဗျားတို့ နက်နဲနယ်မြေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဝင်ပြီးရှုပ်မှာမဟုတ်ဘူး။ " လီယွင်က ခေါင်းကိုခါယမ်းလိုက်၏။

ထိုစကားစု ထွက်ပေါ်လာချင်းမှာပဲ ရှောင်ကလန်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ရေခဲချောက်ထဲသို့ ကျဆင်းသွားသကဲ့သို့ပင် အေးစက်သွားခဲ့ကြ၏။ သို့ပေမဲ့ ထပ်မံထွက်ပေါ်လာသည့် စကားလုံးသည် အားလုံးသောသူတို့၏ မျက်လုံးများကို တောက်ပသွားစေခဲ့သည်။

လီယွင်သည် ခဏလောက် နားပြီးနောက် ဆက်ပြောလိုက်၏။ "ခင်ဗျားတို့ ရှောင်ကလန်ရဲ့ အောင်မြင်မှုတွေကို ပြန်ရနိုင်မဲ့ နည်းလမ်းတစ်ခု ကျုပ်မှာရှိတယ်။ ခင်ဗျားတို့ ဒါကို စဉ်းစားထား"

All Chapters