← Chapters

အပိုင်း (၅၉၈)

Vol. 40 Ch. 598

အပိုင်း (၅၉၈)

Vol. 40 Ch. 598

“အရင်ဘိုးဘေးရဲ့ အောင်မြင်မှုတွေကို ပြန်ပြီးရရှိဖို့လား။ “

အဘိုးအိုသည် မျက်လုံးပြူးသွားခဲ့၏။ သူသည် မယုံကြည်နိုင်လောက်သည့် အမူအရာမျိုး ဖြစ်တည်လို့နေခဲ့၏။ ထို့အပြင် သူ၏တစ်ဖက်တွင်ရှိနေသည့် ရှောင်ဝူရှန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ၎င်းတင်သာမက တခြားသော အကြီးအကဲများသည်လည်း ထိုကဲ့သို့ပင်။ သူတို့သည် ကြားခဲ့ရသော စကားလုံးများကို မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။

လက်ရှိအချိန်တွင်လည်း ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ စကားလုံးနောက်တွင် ရှိနေသော အဓိပ္ပာယ်သည် တကယ့်ကို ရှင်းလင်းလွန်းလှ၏။ ရှောင်ကလန်အနေနှင့် နက်နဲအလင်းလောက၏ အရှေ့တွင် မားမားမတ်မတ်ရပ်တည်ကာ ဖြင့် အတိတ်ကဲ့သို့ အောင်မြင်မှုများကို ပြုလုပ်နိုင်မည်မဟုတ်ချေ။

အင်မော်တယ်ဘုရင်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည့် အခြေအနေမျိုးသည် သူတို့၏ လုပ်ဆောင်နိုင်စွမ်းထက် အဆမတန် ကျော်လွန်လို့နေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောသည်သာ အမှန်ဆိုပါက သူတို့သည် ရှေးတုန်းက အောင်မြင်မှုမျိုး ကို ပြန်လည်ရရှိမည်ဖြစ်ပြီး တစ်ဖက်လူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ရန် အရည်အချင်းမျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ ဤအရာသည် ထိုက်တန်သည့် အရာဖြစ်၏။ အင်မော်တယ်ဘုရင်တစ်ယောက် တည်ရှိလာသည် ဆိုပါက ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် သူတို့ကို ဘာလုပ်နိုင်မည်နည်း။

တစ်ဖက်လူကို အနိုင်ရအောင် ပြန်လည် မတိုက်ခိုက်နိုင်ဘူး ဆိုလျှင်တောင်မှ မိမိ၏ တည်ရှိမှုကိုတော့ အလုံးစုံ အာမခံနိုင်သည့် အခြေနေမျိုးပင်။

“စီနီယာ … စီနီယာ ခုဏက ပြောလိုက်တာ အမှန်လား။ “

ရှောင်ဝူရှန်သည် မည်သို့မျှ မနေနိုင်တော့ချေ။ သူသည် အလောတကြီးပင် ဝင်ရောက်ကာ မေးမြန်းလိုက်၏။

သူတို့သိရှိခဲ့သည့် သတင်းအချက်အလက်များ အရဆိုလျှင် နန်းဆောင်သခင်သည် တချို့သော လူများအား အင်ပါယာ သို့မဟုတ် အစစ်အမှန်အင်မော်တယ်များဖြစ်အောင် လမ်းညွှန်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ အင်မော်တယ် ဘုရင်ဆိုသည်မှာတော့ တူညီသည့် အကြောင်းအရာ ဖြစ်လို့နေသည်။

သမိုင်းတစ်လျှောက်တွင် စကားလုံးတစ်ခု သတင်းအချက်အလက်တစ်ခုကို ညွှန်ကြားရုံနှင့် အင်မော်တယ်ဘုရင် ဖြစ်လာနိုင်ဖို့ဆိုသည်မှာ လက်ခံရန် ခက်ခဲသည့်အရာပင်ဖြစ်၏။

နက်နဲမီးတောက်လောကကြီး အကောင်းမွန်ဆုံးအခြေအနေတွင် တည်ရှိနေသည့် အချိန်ကပင်လျှင် အင်မော်တယ်ဘုရင် ဘယ်လောက်များများ တည်ရှိခဲ့သနည်း။ လမ်းညွှန်ချက် အနည်းငယ်လေးကို ရရှိသည်ဆိုသည်နှင့် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ဖို့ဆိုလျှင် နန်းဆောင်သခင်၏ စွမ်းဆောင်ရည်သည် ကြောက်မက်ဖွယ်ရာ အခြေအနေတွင် ရှိရပေလိမ့်မည်။

ယခုနန်းဆောင်သခင်သည် ထိုကဲ့သို့သောစကားကို ပြောဆိုလိုက်သောကြောင့် သူတို့၏ မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသည် ပြန်လည်ကာ ရှင်သန်လာခဲ့၏။ သူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ထွန်းတောက်လာခဲ့၏။ နန်းဆောင်သခင်သည် တကယ်ပင် ထိုကဲ့သို့သော စွမ်းရည်များကို ပိုင်ဆိုင်နေလေသည်လား။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ကျုပ်ဘယ်တော့မှ ဟာသမလုပ်ဘူး။” လီယွင်သည် ထူးမခြားနားသလို ပြောဆိုလိုက်သည်။

“ကောင်းပါပြီ စီနီယာ။ ဒီလိုဆိုရင် ကျုပ်တို့အရင်က ရှောင်ကလန်ရဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိစေဖို့ ဘယ်လိုမျိုး ပြုလုပ်ရမလဲ။ တစ်စုံတစ်ယောက်ကို အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်အောင် ပြုလုပ် ပေးနိုင်မှာလား။” ရှောင်ဝူရှန်သည် သတိအပြည့်နှင့် မေးမြန်းလိုက်၏။

“တခြားဘာရှိလို့လဲ။”

လီယွင်က ပြန်လည်ပြောဆိုလိုက်၏။ ထိုတုံ့ပြန်မှုကို ကြားရသည့်အချိန်မှာတော့ ရှောင်ဝူရှန်သည် ရုတ်တရက် အေးစက်သွားပြီး အနောက်ဘက်တွင်ရှိနေသည့် အကြီးအကဲများနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ နှစ်ဖက်လုံးသည် တစ်ယောက်၏ တာဝန်ကို တစ်ယောက်နားလည်ကြပုံပေါ်သည်။

“စီနီယာ …. ဒါဆိုရင်”

ရှောင်ဝူရှန်သည် သူ၏လက်များကို ပွတ်သပ်လိုက်၏။ နောက်ဘက်တွင် ရှိနေသည့် အကြီးအကဲတစ်ယောက်ချင်း စီတိုင်းကို ကြည့်ရှုပြီးသည့်နောက်သူသည် သူ၏ အကြည့်ကိုခဏလောက်ရပ်တန့်လိုက်၏။ သူ၏ အကြည့်များသည် ကျိန်းသေပေါက် စိတ်လှုပ်ရှားလျက် ရှိနေခြင်းပင်။

တည်ရှိနေသည့်လူအားလုံးတို့သည် ရှောင်ကလန်၏ နက်နဲသည့် သမိုင်းအမွေအနှစ်များကို ကိုယ်စားပြုသည့် လူများပင် ဖြစ်၏။ ၄င်းတို့၏ အားအင်အဆင့်သည် ကွာခြားချက်များ ရှိနေသည်ဆိုလျှင်တောင်မှ အန္တိမကျင့်ကြံခြင်း၏ ထိပ်ဆုံးတွင် ရှိနေသည့် လူများပင်ဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် ကျင့်ကြံသူများ ဖြစ်ကြ၏။

တခြားစကားအား ပြောရမည်ဆိုလျှင် အားလုံးသော သူတို့သည် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းရန်အတွက် တူညီသည့် အခွင့်အရေးများကို ပိုင်ဆိုင်ကြသည်။

ဤကဲ့သို့သောအရေးအကြောင်း အခြေအနေမျိုးတွင် ကလန်ခေါင်းဆောင်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုင်ဆိုင်သည့် မည်သူမဆိုသည် နောက်ဆုံးခြေလှမ်းကို လှမ်းတက်နိုင်မှာ ဖြစ်၏။

ရှောင်ကလန်၏ ဂုဏ်ထူးဆောင်လူအဖြစ် ဖြစ်တည်လာမည့်အကြောင်းကို စဉ်းစားမိသည့် အချိန်မှာတော့ မပျော်ရွှင်သည့်လူဟူ၍ မည်သူမျှမရှိချေ။

ကလန် ခေါင်းဆောင်သည် ဤအခွင့်ရေးကို သိမ်းပိုက်ရယူသွားလိမ့်မည်ဟု သူတို့ မထင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကလန်ခေါင်းဆောင်၏ အားအင်အဆင့်သည် အနည်းငယ် လိုအပ်ချက်ရှိနေ၏။

လက်ရှိအချိန်၌ ၎င်းသည် အန္တိမကျင့်ကြံခြင်း၏ အလယ်အလတ်အဆင့်တွင်သာ ရှိ၏။ ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့်သို့ရောက်ရန် အဝေးကြီးလိုသေး၏။ လက်ရှိအခြေအနေ၌ ကလန်ခေါင်းဆောင်သည် အင်မော်တယ်ဘုရင်ဖြစ်ရန် အခွင့်အရေး မရှိသေးချေ။

“စီနီယာ …တတိယအကြီးကဲကို အင်မော်တယ်ဘုရင်ဖြစ်အောင် လုပ်ပေးနိုင်မလား။ “ ရှောင်ဝူရှန်သည် သတိအပြည့်နှင့် မေးမြန်းလိုက်၏။

သူ ထိုကဲ့သို့ ပြောလိုက်သည့်အချိန်မှာတော့ အဖြူရောင်မုတ်ဆိတ်မွှေးများ နှင့် အကြီးအကဲတစ်ယောက်သည် မည်သို့မှ မနေနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် မျက်ရည်ဝိုင်းလုမတတ် ဖြစ်လို့နေသည်။

သူသည် ကလန်ခေါင်းဆောင်အား မည်ကဲ့သို့ ကျင့်ကြံရမည်ဖြစ်ကြောင်း လမ်းညွှန်ပြသခဲ့သည့် အချိန်ကာလများကို ပြန်လည်ကာ စဉ်းစားမိ၏။ နောက်ဆုံးအချိန်မှာတော့ သူသည် အတိတ်တုန်းက ကြိုးစားခဲ့သည့် အသီးအပွင့်များကို ခံစားနေရပြီဖြစ်၏။

ကလန်ခေါင်းဆောင်သည် အရာအားလုံး ကိုစတေးပြီး သူ့အား အင်မော်တယ်ဘုရင်ဖြစ်အောင် ဖန်တီး ပေးချင်နေ၏။ တခြားသော အကြီးအကဲများသည် အနည်းငယ်တော့ စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။ သူတို့၏ မျက်လုံးများသည် မနာလိုကြီးစွာဖြင့် တတိယအကြီးအကဲကို လှမ်းကာ ကြည့်ရှုလိုက်ကြသည်။ သို့ပေမဲ့ သူတို့သည် တူညီသည့် ကလန်အတွင်းမှ လူများဖြစ်သောကြောင့် ဒေါသထွက်ရမည့်အစား ချီးကျူးသမှုပင် ပြုလုပ်မိကြသည်။

“သေချာတာပေါ့” လီယွင်က ခေါင်းညိတ်လိုက်၏။

“စီနီယာ …. ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး။ ရှောင်ကလန် ထိပ်ဆုံး အခြေအနေ ပြန်ရောက်အောင် ကူညီပေးနိုင်မယ်ဆိုရင် ကျုပ်အနေနဲ့ ဘယ်လောက်ဖြစ်ဖြစ် အကုန်အကျ ခံနိုင်ပါတယ်။“ ရှောင်ဝူရှန်သည် ပျော်ရွှင်စွာဖြင့် လှမ်းကာ ပြောလိုက်သည်။

“အင်မော်တယ်ဘုရင်အဆင့်ပစ္စည်းငါးခု”

လီယွင်သည် လက်ငါးချောင်းကိုထောင်ကာ ယမ်းခါ ပြလိုက်သည်။

“ဟမ်”

ရှောင်ဝူရှန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။

အင်မော်တယ်ဘုရင်အဆင့်ပစ္စည်းငါးခု။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရှောင်ကလန်သည် အနှိုင်းမဲ့ ချမ်းသာကြွယ်ဝသည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော စျေးနှုန်းမျိုးကို မတတ်နိုင်ချေ။ ရှောင်ကလန်တစ်ခုလုံးကို ရောင်းချမယ်ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းငါးမျိုး ရရှိလိမ့်မည် မဟုတ်ပေ။

“စီနီယာ ဘာလို့စျေးက အဲလောက်ကြီးရတာလဲ” ရှောင်ဝူရှန်သည် နာနာကျင်ကျင် အမူအရာဖြင့် မေးမြန်းလိုက်၏။

“ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးက လိုအပ်ချက် ရှိနေလို့ပဲ။ သူ့ရဲ့ကံကလည်း မကောင်းဘူးလေ။ ခင်ဗျားအနေနဲ့ သူ့ကို အင်မော်တယ်ဘုရင်ဖြစ်အောင် ပြုလုပ်ချင်တယ်ဆိုရင် ပိုပြီး ကုန်ကျစရိတ် ကြီးမားလိမ့်မယ်။ “ လီယွင်သည် သာမန်ကာလျှံကာ ဆိုသလိုပင် ပြန်လည်ကာ ရှင်းပြလိုက်သည်။

တတိယအကြီးအကဲသည် အန္တိမကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့်တွင် ရောက်ရှိနေသည် ဖြစ်သောကြောင့် ကျိန်းသေပေါက် ကြီးမားသည့် ပါရမီကို ပိုင်ဆိုင်သူဖြစ်ကြောင်း ညွှန်းဆိုပြလျက်ရှိသည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ ၄င်း၏ ပင်ကိုယ်ပါရမီသည် ဘာတစ်ခုမှ အသုံးမဝင်လှချေ။

လောကကြီးတစ်ခုလုံး၌ ဤကဲ့သို့သော အခြေနေမျိုးကို ထုတ်ဖော်ပြောဆိုရဲသူမှာ လီယွင်တစ်ယောက်သာ ရှိပေလိမ့်မည်။ ရှောင်ကလန်အနေနှင့် ခွန်းတုံ့ပြန်ရန် အခြေအနေပင်မရှိ ဖြစ်လို့နေ၏။

All Chapters