← Chapters

အပိုင်း (၆၀၆)

Vol. 41 Ch. 606

အပိုင်း (၆၀၆)

Vol. 41 Ch. 606

“တကယ်လို့ ခင်ဗျားသာ ထျန်းမင်တောင်နဲ့ ပူးပေါင်းမယ်ဆိုရင် ကျုပ်တို့အတူတူ လောကအသီးသီးကို လွှမ်းမိုးနိုင်လိမ့်မယ်” ထျန်းမင်တောင်သခင်သည် နတ်ဘုရားအလင်းတန်းများကို ထုတ်ဖော်ပြီးသည့်နောက် တကယ့်ကို ကြီးကျယ်မြင့်မြတ်လှသည့် ဟန်ပန်အမူအရာနှင့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။

“သက်ရှိသတ္တဝါအားလုံးက ကျုပ်တို့ ခြေထောက်အောက်ထဲကို ရောက်ရမယ်။ ကျုပ်တို့နှစ်ယောက်လုံးက ငရဲလောကရဲ့ အမွေအနှစ်တွေကို ဆက်ခံခဲ့ပြီ။ ပြီးတော့….”

ထျန်းမင်တောင်သခင်သည် မြေအင်မော်တယ်လောကကြီး၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်သည်။ “ဒီလောကကြီးရဲ့ ထောင့်တစ်နေရာမှာ ငရဲလောကကြီးရဲ့ အမွေအနှစ်တွေကို ကိုင်ဆောင်ထားတဲ့ နောက်ထပ်လူတွေ ရှိနေသေးတယ်။ ကျုပ်တို့သာ စွန့်စားမယ်ဆိုရင် လောကအသီးသီးကို ကျုပ်တို့ခြေထောက်အောက်ကို ရောက်အောင် ပြုလုပ်လို့ရတယ်”

အတိတ်တုန်းက သူ့အနေနှင့် နိရယအင်ပါယာ၏ တည်ရှိမှုကို သတိမပြုမိခဲ့ချေ။ သို့ပေမဲ့ ရောရုဝအရှင်ကို သတ်ဖြတ်ပြီးသည့်နောက် မှတ်ဉာဏ်များကို ပြန်လည်ကာ နုတ်ယူခဲ့၏။ ထို့ကြောင့်ပင်လျှင် နိရယအင်ပါယာ၏ တည်နေရာကို ကောင်းကောင်းနားလည်သွားခဲ့ပြီး သူမ မည်သည့်နေရာတွင် ရှိသည်ဆိုသည်ကိုပါ ရှာဖွေလာ နိုင်ခဲ့၏။ လက်ရှိ မလှုပ်ရှားရသေးသည့် အကြောင်းအရာသည် သူ၏ ရှေ့တွင် ရှိနေသည့် ပြန်လည်မွေးဖွားလာသော အင်မော်တယ်ဘုရင်တစ်ယောက်ကို သိမ်းသွင်းနေရသောကြောင့်ပင်။

“ခင်ဗျား အတွေးလွန်နေပြီ”

လျှိုချင်းယုသည် တစ်ချက်ကလေးမှ မညှာတာဘဲ လှောင်ပြောင်လိုသည့် ဟန်ပန်ဖြင့် ပြောလိုက်၏။ “ငရဲလောကရဲ့ အရှင်က ကောင်းကင်အသီးသီးကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်တဲ့။ ဒါပေမဲ သူက သေဆုံးသွားခဲ့ပြီလေ။ ခင်ဗျားလို အင်မော်တယ်ဘုရင်လေး တစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ အဲခေတ်မှာ ရှိနေတဲ့ ငရဲအရှင်နဲ့ နှိုင်းယှဉ်လို့ ရနိုင်မှာလဲ”

“ဟမ့်”

ထျန်းမင်တောင်၏ သခင်သည် မျက်နှာပျက်ယွင်း မသွားခဲ့ချေ။ သူသည် အသာရယ်မောကာ ပြောလိုက်၏။ “အင်း… ကျုပ်က ကံဆိုးပြီးတော့ ထူးခြားအင်မော်တယ်လောကရဲ့ အင်မော်တယ်အင်ပါယာ တစ်ယောက်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့လို့လေ။ အခု အဲဒီအင်မော်တယ်အင်ပါယာလည်း သေဆုံးသွားခဲ့ပြီ။ လောကအသီးသီးမှာ နောက်ထပ် အင်မော်တယ်အင်ပါယာတွေ ရှိတော့မှာ မဟုတ်ဘူး။ ကျိန်းသေပေါက် ငရဲလောကကြီးက လောက အသီးသီးကို လွှမ်းမိုးနိုင်တယ်”

“အင်း.. ပျောက်ကွယ်သွားခဲ့တယ်ဆိုတာ သေတာမဟုတ်ဘူးနော်” လျှိုချင်းယုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

“ဒါကို ငါ ကောင်းကောင်း နားလည်ပါတယ်”

ထျန်းမင်တောင်သခင်သည် အလုံးစုံ ထိန်းချုပ်ထားသည်ဆိုသော မျက်နှာပေးမျိုးနှင့် ပြောဆိုလိုက်၏။ “ဒါပေမဲ့ အရင်တုန်းက ငရဲလောကအရှင်ကလည်း အားနည်းလွန်းတာ မဟုတ်ဘူး။ သူကလည်း အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ခဲ့တယ်။ ဒီတော့ ထူးခြား အင်မော်တယ် လောကဆီက အင်မော်တယ်အင်ပါယာ တစ်ယောက်ကို အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့တယ် ဆိုရင်တောင်မှ ကြီးမားတဲ့ ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့ရမယ်”

အချိန်သည် အကြာကြီး ကုန်လွန်သွားခဲ့ပြီဖြစ်၏။ မှတ်တမ်းများသည် ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။ လူပေါင်း များစွာတို့သည် ထိုအင်မော်တယ်အင်ပါယာနှင့် ငရဲလောက အရှင်တို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအကြောင်းကို သိရှိကြသော်လည်း အင်မော်တယ်အင်ပါယာသည် ဒဏ်ရာကြီးကြီးနှင့် ပြန်သွားခဲ့၏။ ငရဲလောက၏ အရှင်မှာတော့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်ဟုသာ သိရှိကြသည်။

“ကျုပ်တို့ ဒီလောကကြီးကို အခြေခံအဖြစ် သဘောထားပြီးတော့ အားအင်အဆင့် ပိုတိုးတက်အောင် ကျင့်ကြံရမယ်” ထျန်းမင်တောင်၏ သခင်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုလိုက်၏။

“ဒီလောကကြီးက ခင်ဗျားလာခဲ့တဲ့ နတ်ဘုရားလောကကြီးနဲ့ သိပ်ပြီး မကွာခြားဘူးဆိုတာ သတိပြုမိမှာပေါ့။ အရင် နက်နဲမီးတောက် လောကထက်တောင် ပိုပြီး အားကောင်းနေသေးတယ်။ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တွေကို လုံလုံလောက်လောက်နဲ့ ထားရှိနိုင်စွမ်းရှိတယ်။ ကွာစီအင်မော်တယ် အင်ပါယာတွေတောင်မှ ဒီနေရာမှာ မွေးဖွား လာနိုင်စွမ်းရှိတယ်” ထျန်းမင်တောင်၏ သခင်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုလိုက်သည်။

“ပြီးတော့ မကြာခင်မှာ ကျုပ်က လက်ရှိအခြေအနေကနေပြီးတော့ အဆင့်ချိုးဖြတ်တော့မှာ။ ဒါဆိုရင် လောကသစ် တစ်ခုကို ကျိန်းသေပေါက် တက်လှမ်းနိုင်တော့မှာပဲ”

“ဟမ်”

လျှိုချင်းယု၏ မျက်လုံးများက လင်းလက်သွား၏။ သူသည် မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ “ခင်ဗျား ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်တော့မှာလား”

“အင်း… နည်းနည်းလောက်တော့ လိုသေးတယ်။ ဒါပေမဲ့ သိပ်မဝေးတော့ပါဘူး” ထျန်းမင်တောင်၏ သခင်သည် မငြင်းပယ်ခဲ့ချေ။ သူသည် တည့်တည့်ပင် ဝန်ခံလိုက်သည်။

နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်ပြီး ကျင့်ကြံလျက်ရှိနေသည့် ရှေးစွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်အနေ နှင့် သူ၏ အားအင်အဆင့်သည် ခန့်မှန်း၍မရနိုင်ဆိုသော စကားလုံးဖြင့် ဖော်ညွှန်း၍ရ၏။ လက်ရှိလောကကြီးတွင် သူသည် ပြိုင်ဘက်ကင်းဟုပင် သုံးသပ်၍ရ၏။

“……”

လျှိုချင်းယု၏ မျက်လုံးများသည် မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် အနည်းငယ်‌ တွေဝေနှောင့်နှေးနေမိ၏။ ငရဲလောက၏ အမွေအနှစ်များကို ရယူခဲ့ပြီးသည့်နောက် လျှိုကလန်ဆီ ပြန်ရခြင်းဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်‌ချေ။ သူ့အား ငရဲလောက၏ ကျင့်ကြံခြင်း နည်းစနစ်များကို သူ၏ ကလန်မှ ကျင့်ကြံခွင့်ပေးလိမ့်မည် မဟုတ်‌ချေ။ ထိုသို့ဆိုလျှင် ဤဘဝတွင်လည်း သူသည် အင်မော်တယ်ဘုရင် တစ်ယောက်သာလျှင် ဖြစ်ရန်ရှိသည်။

အင်မော်တယ်ဘုရင် တစ်ယောက်သည် စွမ်းအားမြင့် ကျင့်ကြံသူများထဲတွင် အားကောင်းလွန်းသည့် လူများ ဖြစ်သော်လည်း လောကအသီးသီးတွင်တော့ အားကောင်းသည့် ကျင့်ကြံသူများဟု သတ်မှတ်၍ မရသေးချေ။ သူ့အနေနှင့် ရှေ့ကို ဆက်၍ လှမ်းချင်သည်လား။ ထိုသို့ဆိုလျှင် လျှိုကလန်အနေနှင့် သူဖြစ်ချင်သည့် အကြောင်းအရာများကို ပံ့ပိုးပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ငရဲလောကကတော့ ကောင်းကောင်း ပံ့ပိုး ပေးနိုင်၏။

ငရဲလောကနှင့် သူသည်သာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည်ဆိုပါက သူသည် ကျိန်းသေပေါက် အားလုံးသော သူတို့၏ အထက်တွင် ရပ်တည်နိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းများ၏။ လျှိုချင်းယုတစ်ယောက် သဘောတူရန် ပြင်ဆင်နေတုန်းမှာပဲ အစိမ်းရောင် ဝတ်စုံနှင့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် သူ၏စိတ်ထဲ၌ ရုတ်တရက် ပေါ်ပေါက်လာ၏။ သူသည် မျက်မှောင်ကို ကုတ်ကာဖြင့် ပြောဆိုလိုက်သည်။ “မမေ့နဲ့အုံး။ ဒီလောကကြီးထဲမှာ ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ရှိသေးတယ်”

“ဪ”

ထျန်းမင်တောင်၏ သခင်သည် မျက်ခုံးကို ပင့်လိုက်၏။ သူသည် ထူးမခြားနားသလို ပြောဆိုလိုက်၏။ “ခင်ဗျား.. ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ပြောနေတာလား”

“ခင်ဗျား သိတယ်ပေါ့” လျှိုချင်းယုက အံ့အားသင့်သွားသည်။

“သိတာပေါ့”

ထျန်းမင်တောင်၏ သခင်သည် အမှတ်မထင် ပြောဆိုလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်နှင့်ပတ်သက်၍ ရောရုဝအရှင်၏ မှတ်ဉာဏ်များထဲမှတဆင့် ကောင်းကောင်းသိရှိခဲ့ပြီးသားဖြစ်၏။ သတင်း အချက်အလက် တချို့အရ ရောရုဝအရှင်အနေနှင့် ကြီးမားလှသည့် ကပ်ဘေးကြီးကို ထိုသူ့ကြောင့် ရင်ဆိုင်ခဲ့ရသည် ဟုပင် ပြောဆိုရမည်။

တစ်ဖက်လူ အသုံးပြုခဲ့သည့် နည်းလမ်းများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထျန်းမင်တောင် အနေနှင့်ပင် ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အင်မော်တယ် ဘုရင်အနည်းငယ်တို့အား လမ်းညွှန်ပြသနိုင်စွမ်းရှိပြီး ထျန်းမင်တောင်သို့ စေလွှတ်လိုက်သည်ဆိုပါက သူ၏ ကံကြမ္မာသည် ရောရုဝအရှင်နှင့် ဘာမှ ထူးခြားတော့မည် မဟုတ်ချေ။

သို့ပေမဲ့ ရောရုဝအရှင် စိတ်ထဲတွင် ရှိနေသည့် သတင်းအချက်အလက်တချို့ကို သူက ရရှိခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ကြည့်ရှုရသည်မှာ ငရဲလောကနှင့် ပတ်သက်၍ သတ်ဖြတ်လိုခြင်းဆန္ဒ တည်ရှိသည့်ပုံ မပေါ်ချေ။ ငရဲလောကနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေခဲ့ခြင်းသာလျှင် ရှိ၏။

တစ်ဖက်လူသည် ဘာကိုရည်ရွယ်နေသနည်း။

ဆိုလိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တခြားသောသူများကို လွှမ်းမိုးနိုင်ရန် ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။ သူ့ကို သွားရောက်ကာ ပြဿနာ မရှာမချင်း ငရဲလောကနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ပြီး သတင်း အချက်အလက်များကို ဝယ်ယူခြင်းကိုသာလျှင် ပြုလုပ်နိုင်စွမ်းရှိ၏။ သူ၏ သူလျှိုများ ပေးသော သတင်းများ အရဆိုလျှင် နက်နဲလျှို့ဝှက်လောကမှ လူတစ်ယောက်သည် မကြာသေးခင်ကတင် ကောင်းကင် လျှို့ဝှက်နန်းဆောင်သို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

All Chapters