အပိုင်း (၆၀၇)
Vol. 41 Ch. 607
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ခင်ဗျား သိပြီးပြီ ဆိုမှတော့ သူက ဘယ်လောက်ခန့်မှန်းလို့ မရတဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တယ်ဆိုတာ သိပြီး ဖြစ်လိမ့်မယ်လေ။ တခြားသောသူတွေကို အခွင့်အရေးပေါင်း မြောက်များစွာ လမ်းညွှန်ပြသပေးနိုင်တဲ့ လူတစ်ယောက်၊ ပြီးတော့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အရာအားလုံးကို တွက်ချက်နိုင်စွမ်းရှိတယ်။ လက်ရှိ ကျုပ်တို့ စကားပြောတာတောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကြားရင် ကြားနေနိုင်တယ် မဟုတ်လား” လျှိုချင်းယုသည် ထူးမခြားနားသလို ပြောဆိုလိုက်၏။
လောကကြီး တစ်ခုလုံး၌ ယခုအချိန်အထိ မည်သူမှသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ထိန်းချုပ်မှု အောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။ အရာအားလုံးသည် သူ၏တွက်ချက်မှုအောက်၌ တည်ရှိလို့ နေ၏။ လက်ရှိအချိန်တွင် သူသည် နောင်တတရားများနှင့် ပြည့်နှက်လို့နေ၏။ သူသည် အရင်းအမြစ်များကို ပိုမိုကာ အသုံးပြုပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားသည်ဆိုပါက လက်ရှိ ဖြစ်ပေါ်နေသည့် အရာများကို ရှောင်ကျဉ်နိုင်စွမ်း ရှိပေလိမ့်မည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို များပြားတဲ့ မဟာဗျူဟာတွေကို ရေးဆွဲပြီး တွက်ချက် နိုင်တယ်။ ဒါပေမဲ့ တခြားသောသူတွေအတွက် ...”
ထျန်းမင်တောင်၏ သခင်က ပြုံးလိုက်၏။ သူ၏အကြည့်သည် လျှိုချင်းယုဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် အမှတ်မထင်နှင့် ပြောဆိုလိုက်၏။ “ဥပမာအားဖြင့် ခင်ဗျားလိုပေါ့”
“ဘာကိုဆိုလိုတာလဲ”
လျှိုချင်းယု၏ အမူအရာသည် သဘောမတွေ့သလို ဖြစ်သွား၏။ ဤအရာသည် လှောင်ပြောင် ခံရခြင်းနှင့် ဆင်တူ၏။ တစ်ဖက်လူသည် သူ့ကို လှောင်ပြောင်နေလေသည်လား။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ အကူအညီ တည်ရှိသည် ဆိုလျှင်တောင်မှ သူသည် ဘာတစ်ခုကိုမှ မပြုလုပ်နိုင်ဘူးလား။
“နားလည်မှု မလွဲနဲ့။ ကျုပ်ဆိုလိုတာ လူတော်တော်များများက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို မတွက်ချက်နိုင်ဘူး။ ဆိုလိုတာ တွက်ချက်နိုင်တဲ့လူတွေကလည်း အရာအားလုံးကို မထုတ်ဖော်နိုင်ဘူး။ ဒီတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရာအားလုံးကို စားပွဲပေါ် ထုတ်ဖော်ပြသထားလို့ မဖြစ်ဘူးမို့လား”
ထျန်းမင်တောင်၏ သခင်သည် အသာရယ်မောကာ ပြောလိုက်သည်။ “ကျုပ်တို့ဆီမှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်”
လျှိုချင်းယု၏ မျက်နှာက ပြောင်းလဲသွား၏။ သူသည် ဤအချက်ကို ကောင်းကောင်းနားလည်ပြီးဖြစ်၏။ ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်အနေနှင့် ရောရုဝအရှင်ကို လာရောက် ကူညီမည် ဖြစ်ကြောင်း သူသိရှိပြီးဖြစ်၏။ သို့ပေမဲ့ မပြည့်စုံသည့် သတင်းအချက်များ ဖြစ်သည့်အပြင် ထိုသူ့အား ထျန်းမင်တောင်၏ သခင်က လာရောက် ကာကွယ်ထားလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဤကဲ့သို့ အခြေအနေသို့ ကြုံဆုံသွားခဲ့ခြင်းဖြစ်၏။ အခြေအနေ တစ်ခုလုံးသည် ရုတ်တရက် ပြောင်းပြန်လည်သွား သကဲ့သို့ပင်။ တခြားသော တစ်စုံတစ်ယောက်သာ ဖြစ်မည်ဆိုပါက အခြေအနေသည် တမျိုးတဖုံ ပြောင်းလဲသွားပေလိမ့်မည်။
“ကြည့်ရတာ ကျုပ် ရုတ်တရက် ပေါ်ပေါက်လာတဲ့နောက်မှာ နက်နဲလျှို့ဝှက်လောက၊ အစစ်အမှန် သိုင်းလောက၊ နက်နဲအလင်းလောကက သက်ရှိသတ္တဝါတွေ အားလုံးက သဘောမတွေ့ ဖြစ်နေတော့မှာပဲ။ သူတို့က ကျုပ်နဲ့ ရင်ဆိုင်ဖို့ နည်းလမ်းပေါင်းများစွာကို ရှာဖွေနေလောက်တယ်”
ထျန်းမင်တောင်၏ သခင်သည် ယုံကြည်ချက် ပြင်းထန်စွာဖြင့် ပြောဆိုလိုက်၏။ သူ၏ အကြည့်များသည် ရေတွက်လို့ မရအောင် များပြားသည့် လူများ၏ အတွေးများကို ဖြတ်ကာ မြင်နေရသလိုပင်။
သူက ပြောဆိုလိုက်၏။ “သူတို့က ကျုပ်နဲ့ ရင်ဆိုင်ချင်တယ်ဆိုမှတော့ သူတို့ရဲ့ အားအင်အဆင့်ကို တိုးတက်စေဖို့ ကျိန်းသေပေါက် နည်းလမ်းပေါင်းများစွာကို ရှာဖွေတော့မှာပေါ့။ ဒီအတိုင်းအတာအတောအတွင်း အားအင်အဆင့် တိုးတက်စေဖို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီ ချဉ်းကပ်ရမယ်လေ” ထျန်းမင်တောင် သခင်က ရှင်းပြလိုက်၏။
“အင်း... သူတို့ဆီမှာရှိတဲ့ အခွင့်အရေးတွေကို လုယက်ဖို့ ခင်ဗျား အကြံပြုနေတာလား” လျှိုချင်းယုသည် လေးလေးနက်နက် မေးမြန်းလိုက်၏။ ဤနည်းလမ်းသည် တကယ့်ကို တည့်တိုးကျလွန်းသည့် အရာပင်ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေါ်ပေါက်လာစဉ်က လူပေါင်းများစွာတို့သည် တခြားသောသူများဆီမှ အခွင့်အရေးများကို ရယူရန် ကြိုးစားခဲ့ဖူး၏။ တော်တော်များများသည် အောင်မြင်ခဲ့၏။ သို့ပေမဲ့ သတင်းအချက်အလက်များကို ရရှိခဲ့သည် ဆိုလျှင်တောင်မှ ထိုအခွင့်အရေးကို ရယူရန်အတွက် မည်သို့မှ မဖြစ်နိုင်ခဲ့ချေ။
ရယူနိုင်သည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမည်နည်း။
ပြောရမည်ဆိုလျှင် လူပေါင်းများစွာတို့သည် အစီအရင်များကို မည်ကဲ့သို့ ဖြတ်သန်းရမည် ဖြစ်ကြောင်းကို သေသေချာချာ စီရင်ထားသော ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာဖြင့် အခွင့်အရေးများကို ရယူခဲ့ခြင်းသာလျှင် ဖြစ်၏။ ထိုအခွင့်အရေးများသည် လူတစ်ယောက်ချင်းစီနှင့် သီးသန့် သက်ဆိုင်နေသည့် အခွင့်အရေးများသာလျှင် ဖြစ်၏။ ထို့ကြောင့် တခြားသောသူများအနေနှင့် အစီအရင်များထဲတွင် ပိတ်မိခြင်း၊ သတ်ဖြတ်ခြင်း အစီအရင်များ အောက်သို့ ရောက်ရှိခြင်း၊ အသက်ဆုံးရှုံးခြင်းများ ဖြစ်စေခဲ့သည်။
သို့ပေမဲ့ ထျန်းမင်တောင်၏ သခင်သည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်၏။ ၎င်းသည် အင်မော်တယ် ဘုရင်အဆင့် အားအင်ကို အသုံးပြုသည်ဆိုပါက ကျိန်းသေပေါက် အောင်မြင်နိုင်မှုနှုန်းသည် တိုးတက်မှာ ဖြစ်၏။ ၎င်းအား မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“ဟား ဟား ဟား”
ထျန်းမင်တောင်၏ သခင်က ပြောဆိုလိုက်၏။ “ကျုပ်ရဲ့ ထျန်းမင်တောင်က လောကကြီးထဲမှာ ပြန်ပြီး ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ အခြေခံ အရင်းအမြစ်တချို့တော့ လိုအပ်နေသေးတယ်။ အဲလူတွေက ကျုပ်ကို ဒီလိုမျိုး ဆက်သဖို့ ကြိုးစားနေပြီဆိုမှတော့ ဘယ်လိုဖြစ်ပြီး လက်သင့်မခံလို့ ရမှာလဲ”
အကြောင်းအရာအားဖြင့် ထျန်းမင်တောင် ပေါ်ပေါက်လာခဲ့ခြင်းသည် ယနေ့ လောကကြီးတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်အားစုများကို ထိတ်လန့်တကြား ဖြစ်စေခဲ့၏။ ထို့အပြင် ၎င်းတို့အားလုံးသည် အရာအားလုံးကို ကိုင်တွယ်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့်ပင်လျှင် တချို့သော မွန်းစတားကလန်များသည် ပူးပေါင်းပြီးသည့်နောက် အမွေအနှစ်များကို ရယူရန် ကြိုးစားလာခဲ့ကြ၏။ ဤအရာသည် ငါးကြီး၊ ငါးသေး အရာအားလုံး ရောပြွန်းလျက် ရှိနေသည့် ရေအိုင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်လို့နေသည်။
စွမ်းအားမြင့် ကျင့်ကြံသူများကို ခေါ်ယူရန်အတွက် ထျန်းမင်တောင်သည် လောကအသီးသီးတွင် ရှိနေသည့် ရတနာပေါင်းများစွာကို လိုအပ်လျက် ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် ရှိနေသည့် သတင်းအချက် အလက်များကို ဝယ်ယူရန် ကြိုးစားနေသည့် လူများ၏ လက်ထဲတွင် ရေတွက်၍ မရအောင် များပြားလှသည့် အရင်းအမြစ်များက ကျိန်းသေပေါက် ရှိမှာဖြစ်၏။
သူသည် ထိုအရာများ အားလုံးကို လုယူခြင်း သို့မဟုတ် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ ရရှိသည့် သတင်းအချက်အလက်များကို လုယူခြင်းအားဖြင့် ကျိန်းသေပေါက် အရာအားလုံးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အခွင့်အရေးများကို ဝယ်ယူခဲ့သည့် လူများထဲတွင် အင်မော်တယ်ဘုရင် ဖြစ်လာမည့်လူများပင် ပါဝင်လျက် ရှိနေမှာ သေချာသည်။
ဤအခြေအနေကို အကောင်းဆုံး အသုံးပြုနိုင်မည်ဆိုလျှင် ကျိန်းသေပေါက် မရေမတွက်နိုင်အောင် များပြားသည့် စွမ်းအားမြင့် ကျင့်ကြံသူများကို နောက်လိုက်အဖြစ် ရရှိမှာဖြစ်၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီမှ သတင်း အချက်အလက်များသည် ကျိန်းသေပေါက် စမ်းသပ်ခံပြီးသားဖြစ်၏။ အင်မော်တယ်ဘုရင် ဖြစ်လာခဲ့မည်ဟု ပြောဆိုခဲ့သော် ထိုသူသည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။
မည်သို့ပင်ဖြစ်ဖြစ် သူ့အနေနှင့် လက်ရှိအခြေအနေများကို သုံးသပ်ရမည်ဆိုလျှင် တိတ်တဆိတ်နှင့် ရန်သူ ဖြစ်လာနိုင်သည့် လူပေါင်းများစွာတို့ကို သုတ်သင်ရှင်းလင်းနိုင်သည် ဆိုသလို သူ့အတွက် လုံခြုံမှုအပြည့်နှင့် အရင်းအမြစ်များများ ရရှိနိုင်မည့် နည်းလမ်းပင်ဖြစ်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဒေါသထွက်မှာကို ခင်ဗျား မကြောက်ဘူးလား” လျှိုချင်းယုသည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်သည်။
“ကျုပ်... ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီး ပြဿနာ မရှာမချင်း ဘာစိုးရွံစရာရှိလဲ” ထျန်းမင်တောင် သခင်သည် လေးနက်စွာ ပြောဆိုလိုက်၏။
လက်ရှိအချိန်မှာတော့ လျှိုချင်းယုသည် တိတ်ဆိတ် ငြိမ်သက်သွားသည်။ “တကယ်လို့ ကျုပ်သာ ထျန်းမင်တောင်ကို ဝင်ရောက်မယ်ဆိုရင် ခင်ဗျား ကျုပ်ကို ထျန်းမင်တောင်ရဲ့ ဒုတိယတောင်သခင်ရာထူး ပေးမှာလား။ အနာဂတ်မှာ လျှိုကလန်က အင်မော်တယ်အိုကြီးတွေ ရောက်ရှိလာမယ်ဆိုရင်တောင် ခင်ဗျား ကျုပ်ကို ကူညီပြီးတော့ သူတို့ကို တိုက်ထုတ်ပေးမှာလား”
ထျန်းမင်တောင်၏ သခင်သည် အသာမေးမြန်းလိုက်၏။ “အင်း... အခွင့်အရေးသာ ရရှိမယ်ဆိုရင် ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားမယ်။ ပြီးရင် ပိုပြီး ကြီးမားတဲ့ အခွင့်အရေးတွေ ရဖို့ ကြိုးစားမယ်။ ဒါဆိုရင် ကျုပ်က အင်မော်တယ်အင်ပါယာအောက်မှာရှိတဲ့ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် ခင်ဗျားတို့ လျှိုကလန်ထဲမှာ ကွာစီအင်မော်တယ်အင်ပါယာ မရှိဘူးမို့လား”
“မရှိဘူး”
လျှိုချင်းယုသည် ခေါင်းကို ခါယမ်းလိုက်၏။ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာဖို့ ဆိုသည်မှာ အလွန် ခက်ခဲလွန်းလှ၏။ လျှိုကလန်သည် နှစ်သန်းထောင်နှင့်ချီသည့် အမွေအနှစ်များကို ပိုင်ဆိုင်သည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်ခြင်း မရှိချေ။
“မရှိဘူးဆိုရင် ဘာတွေ စဉ်းစားနေသေးတာလဲ” ထျန်းမင်တောင် သခင်၏ အသံသည် တည်နေရာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
လျှိုချင်းယုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အချိန်အတော်ကြာပြီးသည့်နောက် သူသည် ခေါင်းကို အသာမော့လိုက်၏။ ပြီးသည့်နောက် ထျန်းမင်တောင်သခင်ကို လှမ်းကာ ကြည့်ရှုရင်း လေးလေးနက်နက် မေးမြန်းလိုက်၏။ “ကျုပ် ခင်ဗျားကို ကူညီနိုင်တယ်။ ဒါပေမဲ့ ကျုပ် အချိန်အတိုင်းအတာတိုအတွင်း ကွာစီ အင်မော်တယ်အင်ပါယာ ဖြစ်လာဖို့အတွက် လိုအပ်နေတယ်”