အပိုင်း (၆၀၈)
Vol. 41 Ch. 608
“လျှိုကလန်ကလူတွေ ရောက်လာပြီး သွေးကြွေးဆပ်မှာကို ကြောက်နေတာလား” ထျန်းမင်တောင် သခင်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့၏။
လျှိုချင်းယု၏ ပူပန်မှုကို သူက ကောင်းကောင်းမြင်ရ၏။ တစ်ဖက်လူသည် တကယ့်ကို ရည်မှန်းချက် ပြင်းထန်လွန်းသည့် လူတစ်ယောက်ဖြစ်ပြီး ငရဲလောက၏ အမွေအနှစ်များကို ရယူချင်စိတ်လည်း ရှိနေ၏။ သို့ပေမဲ့ လျှိုကလန်မှ လက်တုံ့ပြန် တိုက်ခိုက်မည်ကိုလည်း စိုးရိမ်လျက် ရှိနေသေး၏။ တစ်ယောက်တည်းသာ ဆိုပါက ကျိန်းသေပေါက် လျှိုကလန်၏ ဖိအားကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
လျှိုကလန်သည် နတ်ဘုရားလောကထဲတွင် တည်ရှိနေပြီး ရှေးလောကကြီး ဖြစ်သည်နှင့်အညီ ကျိန်းသေပေါက် အားကောင်းပေလိမ့်မည်။ သို့သော်ငြား ထိုလောကကြီးထဲတွင် လျှိုကလန် တစ်ခုတည်း တည်ရှိနေသည် မဟုတ်ချေ။ တခြား များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ၊ အင်အားကြီးမားလှသည့် ဂိုဏ်းများ၊ ကလန်များလည်း တည်ရှိနေ၏။
ထိုသူများသည်သာ လျှိုချင်းယုတစ်ယောက် ငရဲလောကသို့ ပူးပေါင်းသွားသည်ဆိုသော သတင်းကို ကြားသည် ဆိုပါက ကျိန်းသေပေါက် မသတ်ဖြတ်ဘဲနေမည်ဟု အာမ မခံနိုင်ချေ။
အရင်တုန်းက ထျန်းမင်တောင်၏ သခင်သည် အားအင်အဆင့်တွင် ပြိုင်ဘက်ကင်းသည် ဆိုသော်လည်း အင်မော်တယ်ဘုရင် တော်တော်များများကို မည်ကဲ့သို့ ခုခံရမည်နည်း။
“ကျုပ် စိုးရိမ်တာက နတ်ဘုရားလောကနဲ့ ထူးခြားအင်မော်တယ်လောကပဲ” လျှိုချင်းယုက လေးလေးနက်နက် ပြောလိုက်၏။ အင်မော်တယ်ဘုရင် နှစ်ယောက် ပူးပေါင်းမည်ဆိုပါက ကျိန်းသေပေါက် ငရဲလောက၏ အောင်မြင်မှုများကို ပြန်လည် တည်ထောင်နိုင်မည်ဖြစ်၏။ သို့ပေမဲ့ ယခင် ငရဲလောကအရှင်နှင့် နိရယ အင်ပါယာ တို့၏ကြား ရှိခဲ့သည့် ဆက်စပ်မှုများ အကြောင်းကို သူ ကောင်းကောင်း မသိရှိသေးချေ။
အင်မော်တယ်ဘုရင် တစ်ယောက်သည် များပြားသည့် လောကအသီးသီးကို လွှမ်းခြုံနိုင်စွမ်း ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သတိမပြုမိဘဲ လုပ်ချင်ရာကို လုပ်လိုက်မည် ဆိုပါက ကျိန်းသေပေါက် အမှောင်ထုအတွင်းသို့ သက်ဆင်းသွားပေလိမ့်မည်။
“စိတ်ချစမ်းပါ။ ကျုပ်တို့ရဲ့ နောက်ကွယ်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိသေးတယ် မဟုတ်လား။ အရင်းအမြစ်တွေကိုသာ လုံလုံလောက်လောက် စုစည်းထားနိုင်မယ်ဆိုရင် အချိန်မရွေး ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်” ထျန်းမင်တောင်၏ သခင်သည် ပြုံးကာ ပြောလိုက်၏။
ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကြားနေလူတစ်ယောက် ဖြစ်လို့နေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ငရဲလောကနှင့်ပတ်သက်၍ သဘောမတွေ့သည့် အမူအရာကို တစ်ချက်တလေမှ ထုတ်ဖော်မပြခဲ့ဘူးချေ။ ထိုကဲ့သို့သာ ပြသခဲ့သည်ဆိုပါက သူ့အနေနှင့် ဤကဲ့သို့ မောက်မာ နေလိမ့်မည် မဟုတ်ချေ။
“အင်း... ကွာစီအင်မော်တယ်အင်ပါယာ အဆင့်ကို ချိုးဖြတ်နိုင်ဖို့အတွက် လက်ထဲမှာ အရင်းအမြစ် ဘယ်လောက်များများ လိုအပ်နေလိမ့်မလဲ” လျှိုချင်းယုသည် မျက်လုံးကို ဖွင့်ကာဖြင့် မေးမြန်းလိုက်၏။
“လက်ရှိ အခြေအနေမှာ ကျုပ်က လက်ဗလာပဲ” ထျန်းမင်တောင်သခင်သည် ထူးမခြားနားသလို ပြန်ပြောလိုက်သည်။
“ခင်ဗျား”
လျှိုချင်းယု၏ မျက်နှာသွင်ပြင်တစ်ခုလုံးက ဖြူလျော်သွားခဲ့လေ၏။ သူ့အနေနှင့် လှည့်ပတ်ကစား ခံနေရသည်ဟုပင် ခံစားနေမိ၏။
“စိတ်မတိုနဲ့။ နက်နဲလျှို့ဝှက်လောက၊ အစစ်အမှန် သိုင်းလောကနဲ့ နက်နဲအလင်းလောကတွေမှာ ရှိနေတဲ့ လူတွေက အရူးတွေပဲ။ သူတို့ကို သတ်ပြစ်လိုက်မယ်ဆိုရင် ကျုပ်တို့ အရာအားလုံး ရနိုင်တယ်” ထျန်းမင်တောင်၏ သခင်က ပြောဆိုလိုက်သည်။
“ဘယ်အချိန်မှာ လှုပ်ရှားဖို့ အစီအစဉ်ရှိလဲ”
လျှိုချင်းယုသည် နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည့် ဒေါသတရားများကို ဖိနှိပ်ကာဖြင့် မေးလိုက်၏။ “အသက်ရှင်ကျန်ခဲ့တဲ့ နောက်လိုက်အနည်းငယ် ရှိနေတယ်။ သူတို့က လျှိုကလန်၊ ဒါမှမဟုတ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားကြမှာပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားမယ်ဆိုရင် တော်သေးတယ်။ လျှိုကလန်ကိုသာ သွားမယ်ဆိုရင် လျှိုကလန်က ကျိန်းသေပေါက် လောကကို ဖြတ်သန်းပြီး လာနေလောက်ပြီ။ သူတို့သာ ဒီနေရာကို ရောက်ရှိလာမယ်ဆိုရင် ခင်ဗျား ကွာစီအင်ပါယာ ဖြစ်ဖို့မပြောနဲ့၊ နှစ်ယောက်လုံးတောင် သေသွားလိမ့်မယ်”
လက်ရှိအချိန်မှာတော့ လျှိုချင်းယု၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ ဖြစ်တည်လာ၏။ သူ၏ နောက်လိုက်များ အသက်ရှင်လျက်ရှိနေသေးကြောင်း တွေးတောပြီးသည့်နောက် သူသည် စိတ်သက်သာရာ ရမိနေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ထိုလူအားလုံးကို ပြေးလွှားကာ သတ်ဖြတ်ချင်စိတ်များပင် ပေါက်မိနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏နောက်လိုက်များသည် အကြောင်းအရင်း တော်တော်များများကို သိရှိနေခဲ့ပြီးဖြစ်၏။ သတင်းအချက်အလက်များသာ ပေါက်ကြားသွားသည်ဆိုပါက သူ အသက်ရှင်နိုင်ရန် မသေချာတော့ချေ။
“ကိစ္စသေးသေးလေးပါပဲ”
ထျန်းမင်တောင်၏ သခင်သည် လက်ကိုဝှေ့ယမ်းလိုက်၏။ နတ်ဘုရား အလင်းတန်းများ သည် သူ၏ လက်ထဲတွင် ထွန်းတောက်လာခဲ့ပြီးသည့်နောက် လျှိုချင်းယု၏ အရှေ့ဆီသို့ ကျဆင်းလာခဲ့၏။ “ဒီ ဆေးပုလင်းကို အသုံးပြုပြီးတော့ ဆေးကုလိုက်တော့။ ပြီးရင် ကွာစီအင်မော်တယ်အင်ပါယာ တစ်ယောက်ဖြစ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေကို ကျုပ်ရှာဖွေတော့မယ်။ ခင်ဗျားလည်း ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်ပြီး ကောင်းမွန်အောင် လုပ်ဖို့လိုလာပြီ”
လျှိုချင်းယုသည် ဆေးလုံးကို နဝေတိမ်တောင်နှင့် ကြည့်လို့နေ၏။ သူသည် အကျဉ်းထောင်ထဲကို ဝေ့ကာ ကြည့်ရှု ပြီးသည့်နောက် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် ကျင့်ကြံခြင်းအဆင့်တွေ ပြန်ပြီးကောင်းသွားတဲ့ အချိန်မှာ ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးလား”
“အင်း... ခင်ဗျားအခု ဘယ်ကိုသွားမှာလဲ။ ခင်ဗျားရဲ့စိတ်ထဲမှာ ငရဲလောကရဲ့ အမွေအနှစ်တွေ ရှိနေပြီလေ။ ခင်ဗျားရဲ့ ဘဝတစ်ခုလုံးက ငရဲလောကရဲ့ အသိအမှတ်ပြု သင်္ကေတတွေနဲ့ ပြည့်နှက်နေတာပဲ။ ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးလိုက်မှပဲ ဖြစ်လိမ့်မယ်။ ဒီလိုလုပ်ချင်လား” ထျန်းမင်တောင်သခင်က ပြုံးလိုက်၏။
အခြေအနေသည် လျှိုချင်းယုကို တကယ်ပင် တိတ်ဆိတ်ငြိမ်သက်သွားစေ၏။ သူသည် တကယ်ပဲ တွန့်ဆုတ်လို့ နေခဲ့၏။ ငရဲလောက၏ အမွေများသည် သူ့အနေနှင့် အဆင့်တက်နိုင်ရန် နီးကပ်သည့် အခြေအနေဆီ ပေးပို့လျက် ရှိ၏။ သူသည်သာ မှတ်ဉာဏ်များကို ပယ်ဖျက်လိုက်မည်ဆိုပါက အရာအားလုံး ဆုံးရှုံးတော့မည် မဟုတ်ပါလား။
ထျန်းမင်တောင်သခင်သည် သူ ငရဲလောက၏ အမွေအနှစ်များကို ရရှိထားခဲ့သည်ဟူသော သတင်းအား ဖြန့်လိုက်ပါက သူ၏အရာအားလုံးက ပြီးဆုံးသွားပေလိမ့်မည်။ သူသည် ဘာတစ်ခုကိုမှ မရရှိဘဲ အသက်ပင် သေဆုံးသွားနိုင်၏။ ထို့ကြောင့် သူ့အနေနှင့် မည်သည့် အကျိုးအမြတ်ကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။
“ကျုပ် အခု ထွက်သွားတော့မယ်။ မြန်မြန် ပြန်လာခဲ့မယ်” ထျန်းမင်တောင်၏ သခင်သည် ပြောပြောပြီးချင်းမှာပဲ တစ်ခါတည်း ပျောက်ကွယ်သွားခဲ့သည်။
……….
တစ်ချိန်တည်းမှာပဲ နက်နဲလျှို့ဝှက်နယ်မြေ၏ ရှောင်ကလန်ထဲမှာတော့ များပြားလှသည့် အကြီးအကဲများက စုစည်းလျက် ရှိနေလေ၏။ ၎င်းတို့သည် အလွန်လေးနက်သည့် အမူအရာများနှင့် တည်ရှိလျက် ရှိနေကြ၏။
“ပြန်လာတာ ရက်အနည်းငယ် ကြာနေပြီ။ ပဉ္စမအကြီးအကဲ ဘာလုပ်နေလဲ ကျုပ်တို့ မသိဘူး။ သူ အဆင့် ချိုးဖြတ်တော့မှာလား” စတုတ္ထအကြီးအကဲက တီးတိုးရေရွတ်လိုက်သည်။
“စိတ်မပူနဲ့။ အင်မော်တယ်ဘုရင်အဆင့်ကို အဆင့်ချိုးဖြတ်ဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ ကိစ္စပဲလေ။ ညတွင်းချင်း ဖြစ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ကျုပ်တို့ နှစ်ပေါင်းများစွာ စောင့်ပြီးသွားပြီပဲ။ ဒီလောက် အချိန် အတိုင်းအတာတိုလေးကို ဘာလို့ ဆက်ပြီး မစောင့်နိုင်ရမှာလဲ” တော်ဝင်အကြီးအကဲက နှစ်သိမ့်လိုက်၏။
“ဒါကို ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ထျန်းမင်တောင်ဘက်က တစ်စုံတစ်ခု မှားယွင်းနေတဲ့ပုံပဲ” စတုတ္ထ အကြီးအကဲသည် တွေးတွေးဆဆဖြင့် ပြောလိုက်၏။ ဘာမှန်းမသိဘဲ သူသည် မကောင်းသည့် ခံစားချက်များကို ရရှိနေသည်။
ထျန်းမင်တောင်သည် ပေါ်ပေါက်လာပြီးသည့်နောက် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေလေ၏။ ဘာတစ်ခုမှ မဖြစ်ခဲ့ သကဲ့သို့ပင်။ ဤအရာမှာ ပုံမှန် မဟုတ်လှချေ။ ထျန်းမင်တောင်သခင်၏ ပြုမူဆောင်ရွက်မှုများကို ကြည့်ရှုရမည်ဆိုလျှင် ဤအရာသည် အလုံးစုံ ခြားနားလို့ နေ၏။ သေချင်ယောင် ဆောင်နေခြင်းသာ မဟုတ်ပါက ကျိန်းသေပေါက် ကြီးမားသည့် ကိစ္စရပ်များကို ပြုလုပ်ရမှာဖြစ်၏။
လက်ရှိအခြေအနေတွင် သူတို့ဘက်၌ အင်မော်တယ်ဘုရင်တစ်ယောက် မရှိသောကြောင့် လုံခြုံသည့် ခံစားချက်များကို မရရှိခြင်းသည် ဆိုသည်မှာ သဘာဝပင်။
“ထျန်းမင်တောင်သခင်က ရှောင်ကလန်ကို အချိန်အတိုင်းအတာတိုအတွင်း ပစ်မှတ်တော့ မထားဘူးမို့လား”
“စိတ်ချပါ” တော်ဝင်အကြီးအကဲက တီးတိုးရေရွတ်လိုက်မိသည်။