အပိုင်း (၆၁၁)
Vol. 41 Ch. 611
“ဘယ်လိုဖြစ်နိုင်မှာလဲ” ရှောင်ဝူရှန်၏ မျက်နှာတစ်ခုလုံးသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။ သူတို့ဘိုးဘေးကြီး ချန်ခဲ့သော လက်နက်များသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်၏။ တစ်ဖက်လူသည် ငြိမ်ငြိမ်သက်သက်ဖြင့် မည်ကဲ့သို့ ထိန်းချုပ်သွားရသနည်း။
“ကျုပ်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ထျန်းမင်တောင်သခင်သည် လက်ငါးချောင်းကို အသာ ဆုပ်လိုက်၏။ လက်နက်များသည် ပျောက်ကွယ်သွားခဲ့၏။ ၎င်း၏ အနီးတစ်ဝိုက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မီးညွန့်များက ရစ်သိုင်းလျက် ရှိနေပြီး ပိုမိုကာ အခြေအနေကို တင်းမာစေခဲ့၏။
ရှောင်ကလန်၏ အကြီးအကဲအားလုံးသည် တုန်ယင်သွားခဲ့၏။ ၎င်းတို့၏ နှလုံးသားထဲတွင် အဆုံးစွန်ထိ ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ရန်သူတစ်ယောက်၏ လက်ထဲသို့ လက်နက်များ ရောက်ရှိသွားသောကြောင့် ၎င်းတို့တွင် အသက်ရှင်ရန် မျှော်လင့်ချက်ဟူ၍ မရှိတော့ချေ။
ပဉ္စမအကြီးအကဲ တစ်ယောက် အဆင့်ချိုးဖြတ်နိုင်ပြီ ဆိုမှသာလျှင် ၎င်းတို့အသက်ရှင်ရန် အခွင့်အလမ်း တည်ရှိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပဉ္စမအကြီးအကဲ၏ဘက်တွင် လှုပ်ရှားမှုဟူ၍ မမြင်ရချေ။ ကြည့်ရ သည်မှာ အရေးအကြောင်း အခြေအနေမျိုးတွင် အဆင့်ချိုးဖြတ်နိုင်ခြင်း မရှိသည့်ပုံပင်။
“အင်း”
ထျန်းမင်တောင်၏သခင်သည် လက်တစ်ဖက်ကို အသာဆန့်တန်းလိုက်၏။ ခရမ်းရောင်နေလုံးကြီး တစ်ခုသည် သူ၏ လက်ဝါးထက်တွင် ဖြစ်တည်လာခဲ့ပြီး တောက်ပသည့် ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်ကာဖြင့် နေရာအားလုံးကို လင်းလက်စေ၏။ အလင်းတန်းများသည် အလွန်ပင် စူးရှပြီး တည်နေရာ တစ်ခုလုံးကိုပင် တိုက်စားနေ၏။ ခရမ်းရောင်နေကြီးသည် တဖြည်းဖြည်းနှင့် လည်ပတ်လာခဲ့ပြီးသည့်နောက် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် အရာကြီးတစ်ခုကဲ့သို့ပင် ကောင်းကင်ယံ ထက်ဆီမှ ဖြည်းဖြည်းချင်း ကျဆင်းလာ၏။
လက်ရှိအချိန်တွင်တော့ အားလုံးသော သူတို့သည် အလွန်အမင်း စိတ်ပျက်ခြင်း ခံစားချက်များကို ခံစားမိနေကြသည်။ ခရမ်းရောင် အလင်းတန်းများသည် ပင်လယ်များ၊ တောင်များ အရာအားလုံးကို တိုက်စားနေသကဲ့သို့ပင်။
“မဟုတ်တော့ဘူး” ရှောင်ကလန်၏ အကြီးအကဲများစွာတို့သည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ် လိုက်ကြ၏။
အင်မော်တယ်ဘုရင်တစ်ယောက်၏ စွမ်းအင်များကို မည်ကဲ့သို့ ခုခံရမည်နည်း။ အစစ်အမှန် စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတို့သည် ချက်ချင်းဆိုသလို လက်နက်များကို ဆင့်ခေါ်ပြီးသည့်နောက် မိမိကိုယ်ကိုယ် ကာကွယ်လိုက်မိကြသည်။
သို့ပေမဲ့ အလကားသက်သက်ပင်။ လက်နက် များသည် ရှားပါးလှသည့် နတ်ဘုရားပစ္စည်းများနှင့် ဖန်တီးပြုလုပ်ထားသည့်အရာ ဖြစ်သည်ဆိုလျှင်တောင်မှ ထိုနေ၏ အလင်းတန်းများနှင့် ကြုံရသည့်အချိန်မှာတော့ အရည်ပျော်ကျသွားခဲ့သော ရေခဲများကဲ့သို့ပင်။
“ကျုပ်” တော်ဝင်အကြီးအကဲက အော်ဟစ်လိုက်၏။ သူသည် စကားကို ပြီးဆုံးအောင် မပြောလိုက်ရချေ။ ပြာကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့၏။
“တော်ဝင်အကြီးအကဲ” ရှောင်ဝူရှန်သည် ရုတ်တရက် ထကာအော်ဟစ်လိုက်၏။ သူသည် တော်ဝင် အကြီးအကဲ၏ ဝိညာဉ်ကို ကယ်ဆယ်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ် ရှေ့ကို လှမ်းတက် လိုက်သည့်အချိန်မှာပဲ တစ်ဖက်ဝိညာဉ်သည် ပျောက်ကွယ်သွားခဲ့သည်။
သူသည် အကူအညီမဲ့စွာဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ သူ၏ရှေ့တွင် ရှိနေသော အကြီးအကဲ အားလုံးတို့သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေ၏။
“ထျန်းမင်တောင်သခင်... ခင်ဗျား သေသင့်နေပြီ” ရှောင်ဝူရှန်သည် အော်ဟစ်လိုက်၏။ သူ၏မျက်နှာတွင် သွေးများ၊ မျက်ရည်များနှင့် ပြည့်နှက်နေခဲ့၏။ အမုန်းတရားများသည် မီးတောင်တစ်ခုကဲ့သို့ပင် ခန္ဓာကိုယ် တစ်ခုလုံးဆီမှ ပေါက်ကွဲထွက်နေ၏။ အရှိန်အဟုန်သည် ရုတ်တရက် တိုးတက်လာခဲ့သည်။
ထျန်းမင်တောင်သခင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် ရှောင်ဝူရှန်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ထိုးနှက်လိုက်၏။ “ခင်ဗျားရဲ့ အခြေခံလေးနဲ့ ကျုပ်ကို ပုန်ကန်ချင်တာလား”
ထျန်းမင်တောင်သခင်၏ အမူအရာက တိတ်ဆိတ်ငြိမ်သက်နေ၏။ ရှောင်ဝူရှန်၏ ဝိညာဉ်ကို အသာ လှမ်းယူကာ ပြောလိုက်သည်။ “အင်း... ပုရွက်ဆိတ်တစ်ကောင်ရဲ့ ဒေါသတရား ဘယ်လောက်ကြီးကြီး နဂါးတစ်ကောင်ကို ဘာလုပ်နိုင်မှာလဲ”
“ဒါပေမဲ့ ခင်ဗျား အခုလုပ်လိုက်တဲ့ ကိစ္စအတွက် အနာဂတ်မှာ ရှောင်ကလန်က ဆယ်ဆပြန်ပြီး ပေးဆပ်ခိုင်းမယ်” ရှောင်ဝူရှန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဟုတ်လား”
ထျန်းမင်တောင်သခင်က နှာခေါင်းရှုံ့လိုက်သည်။ “အင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီက သတင်းအချက်အလက်တွေ ရရုံနဲ့ ဒီလောက်ထိ မောက်မာဖို့အတွက် ယုံကြည်ချက် ရှိနေပြီလား”
ရှောင်ဝူရှန်၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွား၏။ သူ၏အကြည့်များသည် အာရုံဝေဝါးသွားခဲ့၏။ သူ၏ လျှို့ဝှက်ချက်ပေါင်းများစွာကို တစ်ဖက်လူက မြင်တွေ့သွားသကဲ့ပင်။ သူသည် အံကိုကြိတ်ကာ ပြောလိုက်၏။ “တိရစ္ဆာန်ကောင်... သတ္တိရှိတယ်ဆိုရင် ငါ့ကိုသတ်လေ”
သားရဲ၊ တိရစ္ဆာန် ဤစကားစုသည် မွန်းစတားများ မကြားချင်ဆုံးသောအရာဖြစ်၏။ သာမန် မွန်းစတားများသည် ထိုအရာကို ကြားသည်ဆိုပါက ကျိန်းသေပေါက် အမူအရာ ပြောင်းလဲကာ ရှောင်ဝူရှန်ကို တစ်ခါတည်း သတ်ဖြတ်ပစ်မှာ သေချာ၏။ သို့ပေမဲ့ ထျန်းမင်တောင်၏သခင်သည် ကြားလိုက်ပုံပင် မရချေ။ ပေါ့ပေါ့ပါးပါးဖြင့် ပြုံးကာ ပြောလိုက်သည်။ ‘“သေချင်နေတာလား၊ ဒါပေမဲ့ သေဖို့ဆိုတာ အဲ့လောက် မလွယ်ဘူး”
ပြောပြီးသည့်နောက် ထျန်းမင်တောင် သခင်သည် သူ၏လက်ဝါးကို အသာမြှောက်ကာဖြင့် ရှောင်ဝူရှန်ဆီသို့ လှမ်းလိုက်၏။ ၎င်းသည် တစ်ဖက်လူ၏ ဝိညာဉ်ကို တစ်ခါတည်း ဖမ်းဆီးထားခြင်းပင်ဖြစ်၏။
“ဘာလုပ်တာလဲ။ ရပ်စမ်း” ရှောင်ဝူရှန်၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။ သူ၏ မှတ်ဉာဏ်များတွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ပဉ္စမအကြီးအကဲ အဆင့်ချိုးဖြတ်နိုင်မည့် သတင်းအချက်အလက်များ အားလုံးသည် တစ်ဖက်လူဆီသို့ ရောက်ရှိ သွားပေတော့မည်။ သူသည်သာ ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်ခံရမည်ဆိုပါက အားလုံး ပြီးဆုံးသွား ပေလိမ့်မည်။ သေဆုံးသွား ခဲ့သည်ဆိုလျှင်တောင် ရှောင်ကလန်၏ မျှော်လင့်ချက်များ အားလုံးကိုပါ တစ်ခါတည်း ယူဆောင်သွားခြင်းနှင့် ဆင်တူသည်။
“ဟမ့်”
ထျန်းမင်တောင်သခင်၏ လက်ဝါးထဲတွင် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ရှောင်ဝူရှန်၏ မျက်လုံးများမှာတော့ ချက်ချင်းဆိုသလိုပဲ မှေးမှိန်သွား၏။ ရှောင်ဝူရှန်၏ မှတ်ဉာဏ်အားလုံးတို့သည် ထျန်းမင်တောင်သခင်၏ ဦးနှောက်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လျက် ရှိနေ၏။
ရှောင်ကလန်ဆီမှ ထွက်ခွာပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်သွားသည့် ခရီးစဉ်များ၊ ကောင်းကင် လျှို့ဝှက်နန်းဆောင်တွင် ရှောင်ဝူရှန်၏အမြင် အရာအားလုံးတို့သည် ထျန်းမင်တောင်သခင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်နေ၏။
ထျန်းမင်တောင်၏ သခင်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို မြင်လိုက်၏။ ထိုလူသည် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လျက် ရှိနေပြီး ပတ်ဝန်းကျင်တည်နေရာ တစ်ခုလုံးတွင် သီးခြားခွဲထွက်လျက် ရှိနေသည့် မိုးကောင်းကင်နတ်သားတစ်ပါးကဲ့သို့ပင် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်လျက် ရှိနေသည်။
ထျန်းမင်တောင်သခင်သည် ထိုသူကို မြင်ရသည့်အချိန်မှာတော့ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ သူ၏ နတ်ဘုရားသိစိတ်များသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ လှမ်းကာ ကြည့်ရှုရင်း တစ်ဖက်လူ၏ ပုံပန်းသွင်ပြင်ကို သေသေချာချာ မြင်ရအောင် အာရုံစိုက်လိုက်၏။
သို့ပေမဲ့ ခဏလောက်ကြာပြီးသည့်နောက် အစိမ်းရောင်ဝတ်စုံနှင့်လူသည် ခေါင်းကို အသာမော့ကာဖြင့် မျက်လုံးချင်း ဆုံအောင် စိုက်ကြည့်လာသည်။ ပြီးနောက် ထိုကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ပြောလိုက်သည်။ “ဒီလောက်ဆို လုံလောက်ပါပြီ”
ဤစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ထျန်းမင်တောင်သခင်၏ နတ်ဘုရားအသိစိတ်များသည် ပြင်းပြင်းထန်ထန် ကန်ကြောက်ခြင်းကို ခံလိုက်ရသကဲ့ပင် အပြင်ဘက်သို့ ရောက်ရှိသွား၏။ သူ၏ နတ်ဘုရား ဝိညာဉ်တစ်ခုလုံးသည် ပျောက်ကွယ်သွားလုမတတ်ပင်။ သူ၏အမူအရာ တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။
“အင်း.. ရှောင်ဝူရှန်ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ ငါ့ရဲ့ တည်ရှိမှုကိုတောင် သူက ရှာဖွေတွေ့ရှိနိုင်တာလား။ အနာဂတ်ကို ကြိုပြီးတော့ ခန့်မှန်းနိုင်တာလား။ ဒါမှမဟုတ် ရှောင်ဝူရှန်ရဲ့ မှတ်ဉာဏ်ထဲမှာ လျှို့ဝှက်နည်းလမ်း တစ်ခုခုကို ထည့်သွင်းခဲ့တာလား” ထျန်းမင်တောင်သခင်၏ စိတ်နှလုံးတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သူ အထင်အမြင် သေးခဲ့မိကြောင်း သတိပြုလိုက်မိသည်။ ကြည့်ရသည်မှာ တစ်ဖက်လူကို သူ လျော့တွက်ခဲ့ပုံပင်။ တခြားသောသူ၏ မှတ်ဉာဏ်ထဲတွင် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် သူ့ကို သတ်ဖြတ်လုနီးပါး ပြုလုပ်ခဲ့၏။ မယုံကြည်နိုင်စရာပင်”