အပိုင်း (၆၁၂)
Vol. 41 Ch. 612
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်လွန်းပါတယ်” ထျန်းမင်တောင်သခင် သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် သူခန့်မှန်း၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ယနေ့ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် တစ်ဖက်လူသည် ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာ (သို့မဟုတ်) အင်မော်တယ်အင်ပါယာ ဖြစ်နေသည်မှာ ကြာမြင့်သည့် လူတစ်ယောက်ပင် ဖြစ်ပေမည်။ ဤကဲ့သို့သော လူမျိုးကို သွားရောက်ကာ ပြဿနာရှာ၍ မရပေ။ မိတ်ဖွဲ့ကာ နေထိုင်ခြင်း ကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ ထိုအရာကို ကြိုးစားရပေလိမ့်မည်။
“အင်း ... သူငါ့ကို ရန်သူအဖြစ် မသတ်မှတ်ဖို့ပဲ မျှော်လင့်မိတယ်” ထျန်းမင်တောင်၏သခင်သည် လေးနက်စွာဖြင့် ခံစားလာမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လှမ်းကာကြည့်ရှုပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖိအားဒဏ်ကို သူ ခံစားနေမိ၏။ သူသည် အမှန်တကယ် တုန်လှုပ် နေမိ၏။
ဟူး
သူသည် သက်ပြင်းကို ချလိုက်မိ၏။ ခေါင်းကိုငုံ့ပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် ရှောင်ဝူရှန်ကို လှမ်းကာကြည့်ရှုလိုက်သည်။ ပြီးနောက် လက်များကို တင်းကြပ်အောင် ဖိညှစ်ပြီး တစ်ဖက်လူ၏ နတ်ဘုရား ဝိညာဉ်များကို ဖျက်ဆီးလိုက်၏။ ပြီးသည့်နောက် သူ၏လက်ဝါးကို လေထဲသို့ ဝှေ့ယမ်းပြီး ရှောင်ကလန်တွင် ရှိနေသည့် အမွေအနှစ်များ အားလုံးကို သိမ်းဆည်းလိုက်သည်။
“နောက်ထပ် ငါသွားရမှာကတော့ အင်မော်တယ်ဘုရင် ဖြစ်လာမဲ့နည်း ရှိတဲ့လူကို ရှာဖို့ပဲ”
ရှောင်ဝူရှန်၏ မှတ်ဉာဏ်ထဲတွင်တော့ ရှောင်ကလန်၏ ပဉ္မမအကြီးအကဲ မည်သည့်နေရာတွင် ရှိသည်ကို သူက သိရှိပြီးဖြစ်၏။ တစ်ဖက်လူ၏ မျှော်လင့်ချက်ကို သူ ဖြတ်တောက်နိုင်သည်ဆိုပါက ကျိန်းသေပေါက် နက်နဲလျှို့ဝှက်လောကထဲတွင် အင်မော်တယ်ဘုရင် ဖြစ်လာမည့်လူဟူ၍ မည်သူမှ ရှိတော့မည် မဟုတ်ချေ။ အစစ်အမှန် သိုင်းလောကနှင့် နက်နဲအလင်းလောကကိုတော့ သူဂရုစိုက်မည် မဟုတ်ချေ။
နက်နဲအလင်းလောကဆိုလျှင် ပြောနေစရာပင် မလိုချေ။ ရောရုဝအရှင်၏ ယခင် တိုက်ခိုက်ချက်ကြောင့် အားလုံးနီးပါးတို့သည် ဆုံးစမြှုပ်စ မြှုပ်လျက်ရှိ၏။ လက်ရှိအချိန်တွင်လျှင် ဂိုဏ်းကဏ္ဍ အနည်းငယ်သာလျှင် ကျန်ရှိတော့၏။ သူ့အနေနှင့် ထည့်သွင်းစဉ်းစားရန်ပင် မလိုချေ။
အစစ်အမှန်သိုင်းလောကသည် နက်နဲမီးတောက်လောကကြီး၏ သုံးပုံတစ်ပုံသော လောက တစ်ခုဖြစ်၏။ လက်ရှိအခြေအနေတွင် ပြောင်းလဲနေသည့်အခြေအနေကိုပင် တစ်ဖက်လူများက ခံစားမိပုံပင် မပေါ်ချေ။ လောကကြီး ပေါင်းစပ်ပြီးသည့်နောက် ပျော်ရွှင်စွာဖြင့် အောင်ပွဲခံလျက်ပင် ရှိနေသည်။
အစစ်အမှန် သိုင်းလောက၊ နက်နဲလျှို့ဝှက်လောကနှင့် နက်နဲအလင်းလောကတို့သည် လက်ရှိအခြေအနေတွင် ပေါင်းစပ်နေခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကကြီးနှင့်တောင်မှ အလှမ်းဝေးကွာလျက် ရှိနေသေး၏။ ကျယ်ပြောသည့် လောကကြီးအသီးသီးတွင် ခရီးဖြတ်သန်းကာဖြင့် ကောင်းကင်မူလ လောကကြီးဆီသို့ သွားဖို့ဆိုသည်မှာ လွယ်ကူသည် မဟုတ်ချေ။ ၎င်းတို့အနေနှင့် ရောရုဝအရှင်ကိုသာ ဂရုစိုက်နေကြ၏။ ရောရုဝအရှင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းကိုပင် တစ်ဖက်လူများက မသိရှိခဲ့ကြချေ။
နေ့ဝက်ခန့် ကြာမြင့်ပြီးသည့်နောက် နက်နဲလျှို့ဝှက်လောက၏ နာမည်မရှိသော တောင်တစ်ခု၏ အတွင်းဘက်တွင်တော့ ......။
ဘုန်း
ကြီးမားကျယ်ပြန့်လှသော အသံတစ်ခုသည် ပဲ့တင်ထွက်ပေါ်လာခဲ့၏။ နတ်ဘုရားအလင်းတန်းများ စုဝေးလာ ခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများက ဖြစ်တည်လာခဲ့၏။ များပြားလှသည့် တောင်များသည် ချက်ချင်းပဲ အမှုန့်အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်တာရာများပင်လျှင် တုန်ယင်လျက်ရှိနေ၏။ အချိန်မရွေး အောက်သို့ ပြုတ်ကျလာမည့်ပုံပင်။
အန္တိမလမ်းစဉ် ကျင့်ကြံခြင်းထက် ပိုမိုကာ သာလွန်းလှသည့် အော်ရာများသည် ဒီရေလှိုင်းများကဲ့သို့ပင် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။
“ဒါက အင်မော်တယ်ဘုရင်ပဲ”
မနီးမဝေးရှိ စွမ်းအားမြင့်ကျင့်ကြံသူများ တည်ရှိနေသည့် ကလန်တစ်ခုသည် ရုတ်တရက် အသက်ဝင် နိုးထလာခဲ့၏။ ၎င်းတို့သည် ဘာမှန်းမသိသည့် တောင်ဆီသို့ လှမ်းကာ လေးလေးနက်နက် ကြည့်ရှုလိုက်ကြသည်။
“တစ်စုံတစ်ယောက်က အဆင့်ချိုးဖြတ်သွားခဲ့တာပဲ။ ဒီအော်ရာတွေကို ငါရင်းနှီးနေတယ်၊ ရှောင်ကလန်ကပဲ ဖြစ်မယ်” ခန္ဓာကိုယ် တောင့်တင်းခိုင်မာလှသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် အမည်နာမ မရှိသော တောင်ထွဋ်ကြီးဆီသို့ လှမ်းကာကြည့်ရှုလိုက်သည်။ အော်ရာများကို အာရုံခံမိပြီးသည့်နောက် သူ၏မျက်ခုံးများက ကုပ်ဝင်သွားခဲ့လေ၏။
“ဒီအော်ရာတွေက ပုံမှန်မဟုတ်ဘူး။ အင်မော်တယ်ဘုရင်အဆင့်နဲ့ နီးကပ်နေတယ်ဆိုပေမဲ့ အဲ့လောက် မဟုတ်သေးဘူး။ ကြည့်ရတာ ဘာမှန်းမသိဘဲ အဆင့်ချိုးဖြတ်မှုကို တားဆီးခံလိုက်ရတဲ့ပုံပဲ”
တစ်စုံတစ်ယောက်၏ အဆင့်ချိုးဖြတ်မှုကို တားဆီးမှုဆိုသည်မှာ ကျင့်ကြံခြင်းလောကထဲတွင် တားမြစ်ထားသည့် ကိစ္စရပ်တစ်ခုဖြစ်၏။ ကျင့်ကြံသူအချင်းချင်း ဖြစ်တည်ခဲ့သည့် အမုန်းတရားများ ကြီးမားလွန်းမှသာလျှင် ပြုလုပ်တတ်သည့် ကိစ္စမျိုး ဖြစ်၏။ သာမန်အခြေအနေမျိုးတွင် ထိုကဲ့သို့သော အရာများကို ပြုလုပ်သည့်လူဟူ၍ မရှိချေ။
လက်ရှိ ရှောင်ကလန်၏ အဖွဲ့ဝင်တစ်ယောက်သည် အဆင့်ချိုးဖြတ်မည့် အခြေအနေကို တားဆီးခြင်း ခံလိုက်ရ၏။ ရှောင်ကလန် တစ်ခုလုံးသည် ကျိန်းသေပေါက် ရူးသွပ်သွားနိုင်၏။ သူသည် ရှောင်ကလန် တည်ရှိရာနေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ သို့ပေမဲ့ ထူးဆန်းစွာဖြင့် ရှောင်ကလန်သည် လက်ရှိ အခြေအနေတွင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး အုတ်အော်သောင်းနင်း အခြေအနေမျိုး ဖြစ်ပေါ် မလာခဲ့ချေ။ ရှောင်ကလန်၏ အကြီးအကဲတစ်ယောက် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ချိုးဖြတ်နေသည့် အခြေအနေကို စဉ်းစားသုံးသပ်ရမည်ဆိုလျှင် တစ်စုံတစ်ခု လွဲမှားနေသည်။
“တစ်စုံတစ်ခုတော့ မှားနေပြီ။ အရမ်းကို လွဲနေပြီ။ ကြည့်ရတာ......”
ထိုသူက စဉ်းစားလိုက်မိ၏။ ပုံမှန်ထက် ပိုမိုကာထူးခြားသည့် ခံစားချက်များသည် သူ၏ နှလုံးသားထဲသို့ ဝင်ရောက်လာ၏။ ထိုအချိန်မှာပဲ လေဟာနယ်ထဲ၌ ကျယ်လောင်သည့် အသံကြီး ပေါ်ပေါက်လာ၏။
“ထျန်းမင်တောင်သခင်... ခင်ဗျား သေသင့်တယ်”
ဝုန်း
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ပွင့်ထွက်သွားခဲ့ပြီး ထိုအော်သံကြီးသည် တည်နေရာတစ်ခုလုံး၌ ပဲ့တင်သွား ခဲ့၏။ အဖြူရောင် မုတ်ဆိတ်မွှေး၊ အဖြူရောင်ဆံနွယ်များနှင့် လူတစ်ယောက်သည် ကောင်းကင်ယံထက်ဆီသို့ တက်လာခဲ့၏။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် အင်မော်တယ်ဘုရင်နှင့် နီးကပ်လျက် ရှိနေ၏။ ၎င်းသည် တခြားသော ဂုဏ်သိက္ခာကြီးမားလှသည့် ခန္ဓာကိုယ်သွင်ပြင် ကို ပိုင်ဆိုင်သော လူတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်လျက် ရှိသည်။
သွေးများသည် လေဟာနယ်တစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီး တည်နေရာတစ်ခုလုံးပင် ပြိုလဲစေခဲ့၏။ ၎င်းတို့နှစ်ယောက်သည် ကြီးမားပြင်းထန်လွန်းလှသည့် တိုက်ပွဲကြီးတစ်ခုကို ဖန်တီး တိုက်ခိုက်လျက် ရှိနေ၏။
စွပ်
သွေးများ ပျံ့နှံ့လျက်ရှိနေပြီး ကောင်းကင်ယံတစ်ခုဆီမှ လက်ပြတ်တစ်ခုက ကျဆင်းလာခဲ့၏။ သွေးများသည် တည်နေရာအနှံ့ဆီသို့ ပြန့်ကျဲလျက် ရှိနေ၏။ တောင်ပေါင်းများစွာတို့သည် အမှုန့်အဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ ထိုသွေးများသည် တည်နေရာတစ်ခုလုံးအား တားမြစ်တည်နေရာကြီးအဖြစ် ဖြစ်တည်စေခဲ့လေ၏။ ဤတည်နေရာကြီးတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ခြောက်ခြားမှုအော်ရာများ ထွက်ပေါ်နေသည်။
“ရှောင်ကလန်အကြီးအကဲနဲ့ တိုက်ခိုက်နေတဲ့လူက ထျန်းမင်တောင်သခင်ပဲ” ထိုအချိန်မှာတော့ နက်နဲ လျှို့ဝှက်လောကထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် မတည်ငြိမ်နိုင်ခဲ့တော့ချေ။ ထျန်းမင်တောင်၏ သခင်သည် အသွင်အပြင်တစ်ခုတည်းနှင့်ပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလို့နေ၏။ ကြည့်ရှုရသည်မှာ တစ်ဖက်လူသည် သေသေချာချာ ခုခံထားနိုင်စွမ်း ရှိတော့မည်ပုံ မပေါ်ချေ။
ရှောင်ကလန်ဆီသို့ ရောက်ရှိလာခဲ့ပြီး တိုက်ခိုက်နေသည်ဆိုခြင်းမှာ ရှောင်ကလန်တစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ပြုလုပ်သည်ဆိုပါက နောက်ထပ် ပစ်မှတ်သည် မည်သည့် အရာများ ဖြစ်မည်နည်း။ မည်သူ့ကို ပစ်မှတ်ထားမည်နည်း။
အားလုံးသောသူတို့၏ နှလုံးသားများက လေးလံသွားခဲ့၏။
ရှောင်ကလန်၏ အကြီးအကဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျိန်းသေပေါက် သေဆုံးရန် အချိန်ကြာတော့မည် မဟုတ်ကြောင်း အားလုံးက သိရှိလိုက်ကြ၏။ ရှောင်ကလန်၏ အကြီးအကဲကို ဆုံးရှုံးရခြင်း ဆိုသည်မှာ နက်နဲလျှို့ဝှက်နယ်မြေတွင် ရှိနေသည့် အလုံးစုံသော အားအင်အဆင့် လျော့ကျသွားခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။