အပိုင်း (၆၁၃)
Vol. 41 Ch. 613
“အား...” ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ ရှောင်ကလန်၏ ပဉ္စမအကြီးအကဲသည် နတ်ဘုရား မီးတောက်များနှင့် တောက်ပလျက် ရှိနေပြီး ၎င်းသည် ကြမ်းတမ်းလွန်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် အခြေအနေ ဆိုးရွားလျက် ရှိနေပြီး ချက်ချင်းဆိုသလိုပဲ သေဆုံးတော့မည့် ပုံစံမျိုးပင်။ အားအင်အဆင့် ထိပ်ဆုံးအဆင့်ထိ တိုးတက်လာခဲ့သည်ဆိုသော်လည်း သူသည် ထျန်းမင်တောင်၏ သခင်နှင့် ယှဉ်ပြိုင်နိုင်လောက်သည့် လူတစ်ယောက် မဟုတ်ချေ။
“နောက်ဘဝကိုသာ သွားလိုက်တော့”
ထျန်းမင်တောင်၏ သခင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှိနေပြီး တည်တည်ငြိမ်ငြိမ် အမူအရာမျိုးဖြင့် တည်ရှိနေ၏။ ၎င်းသည် ကြမ်းတမ်းလွန်းလှသည့် ရှေးသားရိုင်းကြီး တစ်ကောင် အသက်ဝင်နိုးထလာသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာဖြင့် နက်နဲလျှို့ဝှက်လောက တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။
အဝေးတစ်နေရာ၏ အထက်တွင် များပြားလှသော လူများ၏ နှလုံးသားများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက် သွားခဲ့၏။ ထျန်းမင်တောင်၏ သခင်သည် ယခင်ကတည်းက ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။ ၎င်းသည် အားအင်အဆင့်ကို အပြည့်အဝ ထုတ်ဖော်မထားလျှင်တောင်မှ အားလုံးသော သူတို့ကို ဖိအားပေးထားနိုင်သည်။
ကျိန်းသေပေါက် လူပေါင်းများစွာတို့သည် ၎င်း၏ လက်ထဲတွင် သေဆုံးသွားနိုင်၏။ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေသည့် ဖိအားသီးသန့်နှင့်ပင် ရေတွက်လို့ မရအောင် များပြားလှသည့် ကျင့်ကြံသူများ၏ ဝိညာဉ်များကို အသက်ရှူပင် ကြပ်စေခဲ့၏။ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို ဆွဲထုတ်နေသကဲ့သို့ပင် ခံစားမိစေ၏။ အားလုံးသော သူတို့သည် နာကျင်နေကြရ၏။
အဝေးတစ်နေရာတွင် ရှိနေသည် ဆိုလျှင်တောင်မှ ထျန်းမင်တောင်၏ သခင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလို့နေ၏။ လက်ရှိတိုက်ခိုက်နေသည့် ပဉ္စမအကြီးအကဲသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမည့် ဖိအားဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း အားလုံးက ကိုယ်ချင်းစာမိသည်။
“အင်း.. ခင်ဗျားရဲ့ မျိုးနွယ်တွေက နောက်ဘဝသွားတဲ့လမ်းမှာ စောင့်နေကြပြီ။ စောင့်မနေနဲ့တော့” ထျန်းမင်တောင်၏ သခင်သည် လက်ကို အသာဖြန့်တန်းလိုက်၏။ လေဟာနယ် တည်နေရာ တစ်ခုလုံး ပြိုလဲသွားခဲ့ပြီးသည့်နောက် နက်ရွှေရောင်လှံကြီးတစ်စင်း ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အင်မော်တယ် နိယာမများနှင့် လွှမ်းခြုံလျက် ရှိနေသည့် လှံကြီးတစ်စင်းပင်။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ယံကို ဖြတ်သန်းကာဖြင့် တိုက်ခိုက်၏။
“ရှောင်ကလန်ရဲ့ ဘိုးဘေးရတနာပဲ။ ဒါက”
အသိပညာ၊ ဗဟုသုတနှင့် ပြည့်စုံသော တစ်စုံတစ်ယောက်သည် လှံ၏ မူလအရင်းအမြစ်ကို ကောင်းကောင်း မှတ်မိ၏။ ထျန်းမင်တောင်သခင်၏ လက်ထဲတွင် ဤလှံကြီး ပေါ်ပေါက်လာသည် ဖြစ်သောကြောင့် ရှောင်ကလန် တစ်ခုလုံး ပျောက်ကွယ်သွားသည့် သင်္ကေတပင်ဖြစ်ပေမည်။
“ဘာတွေလုပ်ခဲ့တာလဲ”
ရှောင်ကလန်၏ ပဉ္စမအကြီးအကဲသည် လှံကို မြင်ရသည့် အချိန်မှာတော့ မျက်လုံး ပြူးသွားမိ၏။ သူသည် ဒေါသတရားများနှင့် တဟုန်းဟုန်း တောက်လောင်လာခဲ့၏။ ဤလှံကို မြင်ရခြင်းသည် အကြီးအကဲ အားလုံး ခြွင်းချက်မရှိ သေဆုံးသွားသည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်၏။
“ဘယ်လိုထင်လို့လဲ”
ထျန်းမင်တောင်သခင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် လှံကို အသာထုတ်ဖော်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်ချက်များနှင့် တိုက်ခိုက်တော့သည်။
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် များပြားလွန်းလှသည့် နတ်ဘုရားသားရဲများ ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်ယောင် အဖြစ်နှင့် အားလုံးသောသူများကို ဖိအားပေး၏။ လှံကြီးသည် လေဟာနယ်ကို ထိုးခွင်းလာခဲ့ပြီးနောက် ပဉ္စမအကြီးအကဲဆီသို့ တည့်တည့် တိုးဝင်၏။
“ဒီနေ့ကစပြီး ရှောင်ကလန်ဆိုတာ မရှိတော့ဘူး” လေဟာနယ်ထဲတွင် ရပ်တန့်လျက် ရှိနေသည့် အဘိုးအို တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ သူ၏ နောက်ဘက်တွင် ကြီးမားလှသည့် ကလန်ကြီးတစ်ခု ရှိနေပြီး ရှောင်ကလန်ကဲ့သို့ အင်အားစုကြီးကို ပိုင်ဆိုင်သည့် ကလန်မျိုးပင်။
သမိုင်းမှတ်တမ်းထဲတွင် ရှိခဲ့သည့် ကလန်ကြီးတစ်ခုသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ သတ်ဖြတ်မှုကို ခံခဲ့ရ၏။ ပြောရမည်ဆိုလျှင် တစ်ဖက်လူများသည် အင်မော်တယ်ဘုရင်အဆင့် လက်နက်များကိုလည်း ဆုံးရှုံး သွားခဲ့၏။ ဂုဏ်သိက္ခာ၊ အမွေအနှစ် အရာအားလုံးတို့သည် ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုရမည်။
“လာ... လူတွေကို ဆင့်ခေါ်တော့” အဘိုးအိုသည် အမိန့်ပေးလိုက်၏။
“ဘိုးဘေးကြီး ဘာလုပ်ချင်တာလဲ”
သက်လတ်ပိုင်း လူတစ်ယောက်သည် လေဟာနယ်ထဲသို့ လှမ်းတက်လာခဲ့ ပြီးသည့်နောက် အဘိုးအိုနားသို့ ချဉ်းကပ်ကာ မေးမြန်းလိုက်၏။
“ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီး တုရန်ကလန်က နက်နဲလျှို့ဝှက်လောက ကနေ ထွက်ခွာသွားပြီး ကောင်းကင်မူလလောကကြီးမှာ နေရာအသစ်တစ်ခုရှာပြီး အခြေချမယ်။ နေရာအနှံ့ကို ထွက်ခွာသွားပြီဖြစ်တဲ့ ကလန်သားတွေ နေမဝင်ခင်မှာ လာရောက် စုစည်းရမယ်”
အဘိုးအိုသည် တစ်ချက်ကလေးမှ မေးမြန်းခွင့်မပေးဘဲ အမိန့်ပေးလိုက်သည်။
နက်နဲလျှို့ဝှက်လောကကြီးသည် နက်နဲမီးတောက်လောကကြီးဆီမှ ကွဲထွက်လျက် ရှိနေသည့် တည်နေရာ တစ်ခုသာလျှင်ဖြစ်၏။ သို့ပေမဲ့ ကျယ်ပြောလွန်းလှချေ၏။ တည်နေရာအနှံ့ဆီသို့ ရောက်ရှိနေသည့် ကလန်သားများ အားလုံးကို တစ်ရက်အတွင်း စုစည်းဖို့ ဆိုသည်မှာ ယုတ္တိတန်လှသည့် ကိစ္စမျိုး မဟုတ်ချေ။ ထို့အပြင် ကလန်သားများ အားလုံးတို့သည် တည်နေရာဖြတ်သန်းကာ ရောက်ရှိလာနိုင်သည့် လူများ မဟုတ်ပေ။
“ဘိုးဘေးကြီး... ဒါ အလျင်မလိုလွန်းဘူးလား” ကလန်ခေါင်းဆောင်က အသာမေးလိုက်၏။
“ထျန်းမင်တောင်သခင်က ပေါ်ပေါက်လာခဲ့ပြီ။ ဒီနေ့ သူက ရှောင်ကလန်နဲ့ ပြဿနာ ရှာခဲ့တယ်။ မနက်ဖြန်ကျရင် သူက တုရန်ကလန်ကို လာပြီးတော့ ပြဿာနာရှာလိမ့်မယ်။ ငါတို့ ဒီအချိန်မှ ထွက်ခွာမသွားဘူး ဆိုရင် တုရန်ကလန်က နက်နဲလျှို့ဝှက်လောကထဲမှာ တစ်ခါတည်း မြေမြှုပ်ခံရလိမ့်မယ်” အဘိုးအိုသည် လေးနက်စွာ ပြောဆိုလိုက်သည်။
သူသည် ကလန်ခေါင်းဆောင်ကို လှမ်းကြည့်ကာ ဆက်ပြောလိုက်၏။ “သွား.. ငါပြောသလိုပဲလုပ်။ ဒီအချိန်က နှောင့်နှေးနေရမယ့် အချိန်မျိုး မဟုတ်ဘူး။ ဒီမှာဆက်နေမယ်ဆိုရင် တုရန်ကလန် တစ်ခုလုံးက နက်နဲလျှို့ဝှက် လောကမှာ မြှုပ်နှံခံရလိမ့်မယ်”
ကလန်ခေါင်းဆောင်သည် ကလန်ဆီသို့ တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် ပြန်သွားခဲ့၏။ သူ ထွက်ခွာသွားရန် ပြင်လိုက်သည့် အချိန်မှာပဲ ရုတ်တရက် ကျယ်လောင်လှသည့် အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်က လွင့်စင်သွားခဲ့၏။ မမြင်ရသည့် နံရံကြီးတစ်ခုကို သွားရောက်ထိမှန်သကဲ့သို့ပင် အောက်သို့ ပြုတ်ကျ သွားခဲ့၏။ ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ သွေးမြူအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
“ဟမ်” အဘိုးအိုသည် ရုတ်တရက် ခေါင်းကိုလှည့်လိုက်၏။ သူ၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။
တုရန်ကလန်သည် ရှောင်ကလန်ကဲ့သို့ အားကောင်းချင်မှ အားကောင်းပေလိမ့်မည်။ သို့ပေမဲ့ ၎င်းတို့၏ ကလန်ခေါင်းဆောင်သည် အန္တိမ ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော လူတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်ဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် အမှောင်ထဲမှ ချောင်းမြောင်းကာဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့လေသည်လား။ ထို့အပြင် နက်နဲလျှို့ဝှက်လောက ထဲတွင် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်နိုင်သူသည် ထျန်းမင်တောင်သခင် မှလွဲ၍ တခြားသူ မရှိချေ။
“အင်း... မြန်မြန်ဆန်ဆန် ရောက်လာတာပဲ” အဘိုးအိုက တွေးလိုက်မိသည်။
“ဘယ်ကိုသွားမယ်လို့ ထင်နိုင်လဲ” အေးစက်သည့် အသံတစ်ခုက ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့၏။ ငွေဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ဇိမ်ကျပန်ကျဖြင့် လှမ်းလျှောက်လာခဲ့၏။ ၎င်းကို ကြည့်ရှုရသည်မှာ စိတ်အေးသက်သာ ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာများမှာ ကြောက်မက်ဖွယ်ရာပင်။
“ထျန်းမင်တောင်သခင်လား” အဘိုးအိုသည် တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလိုက်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူက နားလည်ထားပြီးဖြစ်၏။ သို့ပေမဲ့ မြန်မြန်ဆန်ဆန် ရင်ဆိုင်ရမည်ဟု မထင်မှတ်ထားခဲ့ချေ။ မတ်တပ်ရပ်နေရုံနှင့်ပင် အသက်ရှုရ ခက်ခဲလောက်သည့် ဖိအားဒဏ်ကို ဖြစ်စေခဲ့၏။
“ဟုတ်တယ်” ထျန်မင်တောင်သခင်က အသာခေါင်းညိတ်လိုက်သည်။
“စီနီယာ.. ဘာလို့ ဒီနေရာကို လာတာလဲဆိုတာ ကျုပ်မေးချင်ပါတယ်” အဘိုးအိုသည် သတိအပြည့်နှင့် မေးမြန်းလိုက်၏။ သူသည် သူ၏ ဟန်ပန်အမူအရာကို မနည်းပင် တည်ငြိမ်အောင် ကြိုးစားနေရ၏။ သူ၏ ဘေးတစ်ဖက်တွင် သေဆုံးသွားခဲ့သည့် တုရန်ကလန်ခေါင်းဆောင်ကိုပင် လှမ်းကာ မကြည့်ရဲချေ။ တစ်စုံတစ်ခု အငြှိုးအတေးများ ဖြစ်လာပြီး ထျန်းမင်တောင်သခင်အား အခွင့်အရေးပေးသလို ဖြစ်မှာ စိုးရိမ်ရ၏။
“ကလန်တစ်ခုလုံး သုတ်သင်ရှင်းလင်းဖို့ပေါ့” ထျန်းမင်တောင်သခင်က ထိုစကားလုံးကို ရေရွတ်လိုက်သည်။
ဤစကားစုကို ပြောဆိုပြီးသည့်နောက် လေဟာနယ် တစ်ခုလုံးတွင် ရှိနေသည့် အပူချိန်က လျော့ကျလာခဲ့၏။ အေးစက်သည့် လေပြင်းများ တိုက်ခတ်လာပြီး လေဟာနယ် တစ်ခုလုံး၌ ကြမ်းတမ်းသည့် လေမုန်တိုင်းများ ဖြစ်တည်လာခဲ့၏။
ငရဲ၏ အတွင်းဘက်ဆီမှ နတ်ဆိုးကြီးတစ်ပါးသည် အချုပ်အနှောင်မှ လွတ်မြောက်ပြီး ရောက်ရှိလာသကဲ့သို့ပင်။ အရာအားလုံးကို ဖျက်ဆီးရန် အဆင်သင့်ဖြစ်လို့နေခဲ့၏။ မနီးမဝေး တည်နေရာကြီး တစ်ခုလုံးအတွင်းမှာတော့ သေမင်း၏ လက်တွင်းသို့ သက်ဆင်းသွားသကဲ့သို့ပင်။ အရာအားလုံးတို့သည် ပျက်စီးယိုယွင်းလျက်ရှိသည်။
“ခင်ဗျား”
အဘိုးအိုသည် အလန့်တကြား ဖြစ်သွား၏။ နောက်သို့ အသာလှမ်းဆုတ်လိုက်မိ၏။ လက်ရှိ အခြေအနေ မှာတော့ သူသည် တကယ်ပင် အံ့အားသင့်လို့ နေခဲ့၏။ သူသည် သနားညှာတာပေးဖို့ တောင်းဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ ထျန်းမင်တောင်သခင် ကဲ့သို့သောလူအား သနားညှာတာပေးရန် တောင်းဆိုခြင်းက အလုပ်ဖြစ်ပါမည်လား။
ခေတ်အဆက်ဆက်တွင် အားကောင်းသည့် လူတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည့် အင်မော်တယ်ဘုရင် တစ်ယောက်သည် တခြားသောလူများ၏ စိတ်နေစိတ်ထား၊ အတွေးများ ..... အားလုံးကို ခေါင်းထဲတွင် ထည့်သွင်း စဉ်းစားနေလိမ့်မည် မဟုတ်ချေ။ သူသည် ပြောဆိုမည့် စကားလုံးများကို အသာပင် မျိုသိပ်လိုက်၏။