← Chapters

လူသတ်သမား

Vol. 11 Ch. 156

လူသတ်သမား

Vol. 11 Ch. 156

ထိုညတွင် ဖင်းရော ချန်ကျားပါ ပြန်မလာခဲ့ချေ။ ဖူရှစ်မှာလည်း မျိုးနွယ်စုလုံခြုံရေးတာ၀န်အား ယူထားရလေသည်။

ချာချာမှာမူ ဘယ်ကမှန်းမသိ သမင်တစ်ကောင်အား ဖမ်းလာပြီး သစ်ပင်ပေါ်တွင် ထိုသမင်အားစားကာ အနားယူနေ၏။

အိမ်ထဲတွင် ရှောက်ရွှမ်တစ်ယောက်သာ ကျန်လေသည်။

လက်ရှိတွင် ကူမျိုးနွယ်စုအခြေအနေမှာ အလွန်တရာ တင်းမာနေသောကြောင့် ရှောက်ရွှမ် အဆင်အခြင်မဲ့ အပြင်သို့ လျှောက်မသွားရဲချေ။ အပြင်လူတစ်ယောက်အနေနှင့် ယခုလိုအချိန်တွင် အပြင်လျှောက်သွားနေပါက သံသယ၀င်ခံရမည်မှာ

သေချာလှသည်။ နောင်အနာဂတ်တွင် သူ့မျိုးနွယ်စုမှ လူများမှာ မြစ်သို့ဖြတ်ပြီး ကူမျိုးနွယ်စုနှင့် ဆက်ဆံရနိုင်ချေရှိလေရာ ယခုအခါ ကူမျိုးနွယ်စုမှလူများ သူ့အပေါ် အမြင်ကောင်းရှိရန် လိုပေသည်။

ရှောက်ရွှမ် သစ်သားပြားပေါ်တွင် လူးလှိမ့်နေရင်း တစ်ချက်လှုပ်လိုက်တိုင်းလည်း သစ်သားပြားဆီမှ အက်သံ မြည်နေ၏။

သစ်သားပြားပေါ်တွင် ဟိုတွေးဒီတွေး တွေးနေရင်း တစ်စုံတစ်ယောက်အား အသံမထွက်စေရန် နှာခေါင်းအားညှစ်၍ ပါးစပ်အားအတင်းပိတ်ထားသော အသံမျိုး အပြင်ဘက်မှ ထွက်လာသည်ကို ရှောက်ရွှမ် ကြားလိုက်မိသည်။ ထိုအသံမှာ လူဆီမှထွက်သောအသံ မဖြစ်နိုင်ဘဲ မိကျောင်းတစ်ကောင်ကောင်ဆီမှ ထွက်လာသော အသံမျိုး ဖြစ်နိုင်၏။ သေချာနားထောင်ကြည့်သောအခါ ထိုအသံမှာ အိမ်နှင့်ခပ်လှမ်းလှမ်းရှိ ရေအိုင်တစ်ခုထဲမှ ထွက်လာခြင်းဖြစ်သည်ကို ရှောက်ရွှမ် သိလိုက်သည်။

အချိန်ခဏလေးအတွင်းတွင် မိကျောင်းမှာ အော်ဟစ်ခဲ့သော်လည်း အသံမှာ ရုတ်တရက် ပိတ်ခံလိုက်ရပံုပေါ်၏။ ထို့နောက် နောက်အော်သံတစ်ခု ထပ်ထွက်လာလေသည်။ သို့သော် ယခုတစ်ခေါက်ထွက်လာသော အသံမှာ ကွဲပြားနေ၏။ ထိုအသံအား အာရုံစိုက်နားထောင်မိသောအခါ အသံသည် လူတိုင်းမအော်နိုင်ဘူးဟု ထင်ထားသော မျက်လုံးညိုမိကျောင်းထံမှ ထွက်လာခြင်း ဖြစ်သည်ကို ရှောက်ရွှမ် အံ့ဩတကြီး သိလိုက်ရသည်။

မျိုးနွယ်စုထဲရှိ မိကျောင်းများမှာ အားအားနေ အော်နေကြခြင်း မရှိဘဲ သူတို့အန္တရာယ်တွင်းသို့ ကျရောက်နေပြီဟု ထင်သောအခါတွင်မှသာ အော်ဟစ်လေ့ ရှိကြသည်။ ဥပမာအားဖြင့် ချာချာရေအိုင်အနီးသို့ ဆင်းလာသောအခါ ထိုမိကျောင်းများမှာ အော်ဟစ်ရင်း ရေအိုင်ထဲသို့ ပြန်ဆင်းပြေးသွားကြ သလိုပင် ဖြစ်၏။

မျိုးနွယ်စုဝင်များ ပြောကြသည်မှာ ဤမိကျောင်း

များသည် လူများ၏ သဘောသဘာ၀ကို အလွန်သိကြသည်ဟု ဆိုကြသည်။ အကယ်၍ တစ်စုံတစ်ယောက်မှာ သူတို့နားသို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် အန္တရာယ်မရှိသည့်ပုံနှင့် ချဉ်းကပ်သွားမည်ဆိုလျှင်တောင် ထိုသူတွင် အန္တရာယ်ပြုချင်စိတ် ရှိနေပါက မိကျောင်းများမှာ ထွက်ပြေးလျှင်ပြေး မပြေးလျှင် ပြန်လည် တိုက်ခိုက်ကြမည်သာ။

အခုလို ညကြီးအချိန်မတော်တွင် ထိုမိကျောင်းများ ဘာကြောင့် အော်ဟစ်နေကြပါသနည်း။ မိကျောင်းများအား ဘယ်အရာက အော်ဟစ်နေစေပါသနည်း။

အော်သံမှာ ဆက်လက်ထွက်ပေါ်နေသေးရာ ရှောက်ရွှမ် ပြတင်းပေါက်ဖွင့်လိုက်ပြီး အပြင်အား ကြည့်လိုက်၏။ အပြင်ဘက်တွင် ထူးဆန်းတာ ဘာတစ်ခုမှ မတွေ့ရပါသော်လည်း အိုင်ထဲရှိ မိကျောင်းမှာမူ အော်နေဆဲသာ ဖြစ်သည်။

မျိုးနွယ်စုထဲရှိ အခြားသူများမှာမူ မိကျောင်းများ၏ အော်သံအား မကြားနိုင်ကြချေ။ အကယ်၍ သူတို့ကြားသည်ဆိုပါက ဘာဖြစ်နေသည်အား စစ်ဆေးရန် ထွက်လာကြမည်သာ။

ရှောက်ရွှမ် သူ့အခန်းထဲမှ ထွက်လာလိုက်ပြီး အသံထွက်ပေါ်လာရာ နေရာသို့ လျှောက်သွားလိုက်သည်။

ချန်ကျားအိမ်ဘေးခပ်လှမ်းလှမ်းရှိ ရေအိုင်ထဲတွင်မူ လှုပ်ရှားမှု ကင်းမဲ့နေသော မိကျောင်းနှစ်ကောင်အား တွေ့လိုက်ရ၏။

သူတို့ ပတ်ပတ်လည်တွင်မူ သွေးနံ့များပြင်းရှနေလေသည်။

ထိုင်ချလိုက်ပြီး ရှောက်ရွှမ် မိကျောင်းများအား စစ်ဆေးကြည့်လိုက်၏။ မိကျောင်းကိုယ်များအား

လှန်ကြည့်လိုက်သောအခါတွင်မူ သူတို့၏ အရောင်ဖျော့ဖျော့ ၀မ်းဗိုက်များပေါ်တွင် ချွန်ထက်သော ကျောက်တုံးလက်နက်ဖြင့် ထိုးခွဲခံထားရသော ဒဏ်ရာများအား တွေ့လိုက်ရသည်။

အစတွင် အော်ဟစ်လိုက်ကြသည်မှာ ဤမိကျောင်းနှစ်ကောင် ဖြစ်နိုင်ပြီး အော်သံရပ်သွားသည်မှာတော့ သေသွားသောကြောင့် ဖြစ်လောက်၏။

မိကျောင်းနှစ်ကောင်လုံး၏ သေဆုံးပုံမှာ တူညီနေကြပြီး အလွန်လျင်မြန်ပြီး တိကျသော အကွက်ဖြင့် တစ်ချက်တည်း သတ်ခံလိုက်ရသည့်ပုံပေါ်သည်။ ထို့အပြင် ထိုသတ်ဖြတ်ခြင်းမှာ အသံလည်း လုံး၀ မထွက်ခဲ့ပေ။

မိကျောင်းများ၏ ဒဏ်ရာအား ကြည့်ရှုနေရင်း ရှောက်ရွှမ် သူ့အနားသို့ ချဉ်းကပ်လာသော ခြေသံအား ကြားလိုက်ရသည်။ တဆက်တည်းမှာပင် ဒေါသထွက်နေသော အသံအား ကြားလိုက်ရ၏။

“ရှင် သူတို့ကို ဘာလုပ်လိုက်တာလဲ”

စကားသံမှာ ၁၅ နှစ် ၁၆ နှစ်အရွယ် ဝါညိုရောင်မျက်လုံးများနှင့် ကောင်မလေး တစ်ယောက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မျိုးနွယ်စုမှ သူ့အား အထင်မလွဲစေရန် ရှောက်ရွှမ် ရှင်းပြဖို့ ကြိုးစားလိုက်၏။ သို့သော် မြေပေါ်တွင် လဲနေသော မိကျောင်းနှစ်ကောင်အား မြင်လိုက်သောအခါ ကောင်မလေးမှာ ရုတ်တရက်ဒေါသထွက်သွားပြီး အော်ပြောလိုက်လေသည်။

“ရှင် သေချင်နေတာပဲ”

တဖက်လူ ဒေါသထွက်မသွားခင် ရှောက်ရွှမ် ဘာမှရှင်းပြခွင့် မရလိုက်ချေ။ မိကျောင်းသေများအား မြင်ပြီးသည့်နောက် အကယ်၍ သူရှင်းပြနေလျှင်လည်း

ကောင်မလေးမှာ နားထောင်တော့မည် မဟုတ်ပေ။ ကောင်မလေး၏ ခြေထောက်တွင် နတ်အမှတ်အသားများ ပေါ်လာပြီး သူ့အား ပိုမြန်လာစေကာ ရှောက်ရွှမ် ဆီသို့ ပြေး၀င်လာတော့သည်။

ရှောက်ရွှမ်ဆီသို့ ပြေး၀င်လာစဉ်အတွင်း သူ့လက်ဖဝါးမှ စွမ်းအားများမှာ ပေါက်ကွဲထွက်‌ေပါ်လာ၏။ လက်ဖဝါးပေါ်မှ နတ်အမှတ်အသားများမှာ ကြေးခွံအကာအကွယ်များကဲ့သို့ သူ့လက်ဖဝါးအား ဖုံးအုပ်ထားပြီး လက်ချောင်းများမှာလည်း မိကျောင်း လက်သည်းများကဲ့သို့ ပြောင်းလဲသွားကြလေသည်။ သူ့လက်ချောင်းများအား လှုပ်ရှားလိုက်သောအခါ ရွှတ်ကနဲ နေသော အသံများကိုပင် ကြားလိုက်ရပြီး ထိုလက်ချောင်းများဖြင့် ရှောက်ရွှမ်ဆီသို့ ကုတ်ဆွဲလိုက်၏။

အကယ်၍ ရှောက်ရွှမ်သာ အချိန်မှီမရှောင်နိုင်ခဲ့လျှင် ထိုလက်ချောင်းများမှာ သူ့အသားထဲ စိုက်၀င်သွားပေလိမ့်မည်။ ထို့နောက်တွင်သော သားကောင်အား မိထားသော မိကျောင်းများကဲ့သို့ သူ့လက်မောင်းများ

အား ဆွဲဖြဲပစ်လိုက်ကြလိမ့်မည်သာ။

ထိုကဲ့သို့ ရက်စက်လှသော တိုက်ကွက်နှင့် ရင်ဆိုင်ရသောအခါ ရှောက်ရွှမ် တန်ပြန်တိုက်ကွက်သုံး၍ သူ့လက်ကောက်၀တ်အား ဖမ်းချုပ်လိုက်၏။ ထို့နောက်တွင်လည်း ရပ်မနေဘဲ ကောင်မလေးအား သူ့ဘေးရှိ ရေအိုင်ထဲသို့ ပစ်ချလိုက်လေသည်။

ဝုန်းးး!

ကောင်မလေးမှာ ရေအိုင်ထဲသို့ ကျသွားခဲ့၏။

လူများမှာလည်း ဆူဆူညံညံအသံကြားကြ၍ သူတို့အနားသို့ ရောက်လာခဲ့ကြလေသည်။ ထိုကဲ့သို့သော တင်းမာနေသောအခြေအနေတွင် ထူးဆန်းသော အသံများ ကြားရသောအခါ မည်သူက ရောက်မလာဘဲ နေလေမည်နည်း။

ပတ်၀န်းကျင်ရှိ မိသားစုများထဲမှ ယောင်္ကျား မိန်းမ များမှာ ကျောက်တုံးလက်နက်များ ကိုင်လာကြပြီး ရှောက်ရွှမ်အား ဝိုင်းထားလိုက်ကြ၏။ ကလေးငယ်လေးများမှာမူ အိမ်ထဲတွင်နေ၍ ထူးဆန်းသောအဖြစ်အပျက်အား ချောင်းကြည့်နေကြသည်။

သေဆုံးနေသော မိကျောင်းနှစ်ကောင်မှာလည်း မြက်ခင်းပေါ်တွင် အထင်အရှား လဲလျောင်းနေလေ၏။ မျိုးနွယ်စု၏ ထိုသတ္တဝါများအပေါ် အလေးထားမှုကြောင့် မိကျောင်းများ၏ အလောင်းများမှာ သူတို့အား ချက်ချင်းဆွဲဆောင်သွားပေသည်။

သူတို့ထင်ထားသည်မှာ အဖွဲ့နှစ်ဖွဲ့ကြား အချင်းများ၍ တိုက်ခိုက်ကြခြင်းဟုသာ ထင်ထားကြသော်လည်း အမှန်တကယ်တွင် မိကျောင်းသေများအား မြင်လိုက်ရသောအခါ အလွန်ဒေါသထွက်ကုန်ကြတော့သည်။

လူစိမ်းဖြစ်သော ရှောက်ရွှမ်အား မျိုးနွယ်စု၀င်များသည် နဂိုကတည်းက မယုံကြည်သောအခံရှိကြ၏။ ပုံမှန်အားဖြင့် မျိုးနွယ်ထဲရှိ ကလေးများမှာ ချာချာအား စိတ်၀င်စား၍ အနားသွားကပ်ချင်ကြသည်ဖြစ်လေရာ လူကြီးများမှာ ငှက်ပုံပြင်များပြော၍ ကလေးများအား ခြောက်လန့်လေ့ ရှိကြသည်။ ယခုလို အဖြစ်အပျက်မျိုးအား မြင်လိုက်ရသောအခါတွင်မူ သူတို့မှာ ရှောက်ရွှမ်တို့အား ပို၍ အမြင်မကြည် ဖြစ်လာကြသည်။

“သူတို့ကို ကျွန်တော်သတ်တာ မဟုတ်ဘူး” ရှောက်ရွှမ် ရှင်းပြလိုက်၏။

“မင်းသတ်တာ မဟုတ်ရင် ဘယ်သူသတ်တာလဲ”

“မင်းသတ်တယ်ဆိုတာ ထင်ရှားနေတာပဲ ပန်လင်းက အခုပဲမြင်ခဲ့တာလေ”

ရှောက်ရွှမ်ပတ်ပတ်လည်ရှိ လူများသည် ဆူညံပွက်လောရိုက်ကုန်ကြကာ သူတို့ဒေါသများမှာ ရှောက်ရွှမ်ဆီသို့ ဦးတည်နေကြလေသည်။ ရှောက်ရွှမ်အား အရေးယူရန် စီစဉ်နေကြရင်း သူတို့နောက်မှ အသံတစ်ခု ကြားလိုက်ရ၏။

“ရပ်လိုက်ကြစမ်း”

အသံကြားလိုက်သောအခါ လူတိုင်းမှာ နောက်လှည့်ကြည့်၍ မည်သူပြောလိုက်ခြင်းဖြစ်မှန်း လှည့်ကြည့်လိုက်ကြသည်။

သူတို့နောက်မှ လမ်းလျှောက်လာကြသူများမှာ နှစ်ယောက်ဖြစ်ကြပြီး တစ်ယောက်အား ရှောက်ရွှမ် သိပေသည်။ ထိုသူမှာ ခေါင်းဆောင်ဖန်းမု၏ ဇနီးဖြစ်သူ ချွင်း ဖြစ်၏။ သူ့ဘေးရှိတစ်ယောက်မှာ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ထိုသူအား ရှောက်ရွှမ် မသိချေ။ သို့သော် ထိုလူငယ်လေး၏ အညိုရောင်

မျက်လုံးများမှာ တစ်ဖက်လူအား စိတ်သက်သာသွားစေမည့် ခံစားချက်အား ပေးနေလေသည်။ ထိုလူငယ်လေးသည် အန္တရာယ်မရှိသည့်ပုံပေါ်သော်လည်း ရှောက်ရွှမ်၏ မသိစိတ်မှာ ထိုလူငယ်လေးအား ရှောင်သင့်မှန်း သတိပေးနေ၏။

“ဘာဖြစ်နေကြတာလဲ” လျှောက်လာရင်း ချွင်းမေးလိုက်သည်။

“သူက မိကျောင်းနှစ်ကောင်ကို သတ်ခဲ့တာ”

“ဟုတ်တယ် သူကပန်လင်းကိုလည်း တိုက်ခိုက်ခဲ့တယ်”

“အပြင်လူတွေက ဘယ်တော့မှ စိတ်ကောင်းရှိလာကြမှာ မဟုတ်ဘူးလို့ ငါအမြဲတန်းပြောခဲ့ပါတယ် ဒီကောင့်ကို အရင်ကတည်းက နှင်ထုတ်ခဲ့ရမှာ”

လူတိုင်းမှာ သူတို့အတွေးအမြင်များအား တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ ချွင်း သူတို့အားလုံးပြောသည်များကို ကြားပြီးသည့်နောက် ရှောက်ရွှမ်အား ဆက်မမေးတော့ဘဲ မိကျောင်းသေနှစ်ကောင်အား စစ်ဆေးကြည့်လိုက်၏။

ချွင်း မိကျောင်းသေများအား ကိုင်တွယ်ရာတွင် သူ့ခံစားချက်များအား ထိန်းချုပ်လိုက်သောကြောင့် သူ့လက်များ အနည်းငယ်တုန်ခါသွားသည်ကို ရှောက်ရွှမ် သတိထားမိလိုက်သည်။ ထိုအမျိုးသမီးတွင် ဝါညိုရောင်မျက်လုံးများ ရှိသော်လည်း အခြား ဝါညိုရောင်မျက်လုံးပိုင်ရှင်များကဲ့သို့ အဆင်အခြင်မဲ့ ပြုမူတတ်သူ မဟုတ်မှန်း ရှောက်ရွှမ် သိလိုက်၏။

ဒဏ်ရာများအား ကြည့်ပြီးသောအခါ ချွင်း ရှောက်ရွှမ်အား မေးလိုက်သည်။

“မင်းမှာ ဘာပြောစရာရှိလဲ”

“ကျွန်တော်သတ်တာမဟုတ်ဘူး ကျွန်တော်က ဒီကိုလမ်းလျှောက်ထွက်လာရင်း သူတို့ လှုပ်ရှားမှုရှိမနေတာကို တွေ့လို့ သူတို့ သေနေတာဟုတ်မဟုတ် စမ်းသပ်ကြည့်ခဲ့ရုံပဲ ဒဏ်ရာတွေကို ကြည့်နေတဲ့အချိန် ဒီကောင်မလေးက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့တာ” ရှောက်ရွှမ် ရေအိုင်ထဲမှ တက်လာသော ကောင်မလေးအား လက်ညှိုးထိုးပြလိုက်ရင်း ရှင်းပြလိုက်၏။

“ပန်လင်း သူမိကျောင်းတွေကို သတ်နေတာကို နင်မြင်ခဲ့တာလား” ချွင်း သူ့အားစိုက်ကြည့်လိုက်ရင်း မေးလိုက်သည်။

ပန်လင်းမှာ ရေအိုင်ထဲသို့ ပစ်ချခံလိုက်ရသည့်အတွက် အလွန်စိတ်ဆိုးနေလေပြီ။ ထိုသို့ မေးခံ

ရသောအခါ ဘာမှစဉ်းစားမနေတော့ဘဲ အမြန်ပြန်ဖြေလိုက်၏။ “သူမိကျောင်းတွေကို ကိုင်နေတာကို ကျွန်မမြင်ခဲ့တယ်”

“ဆိုတော့ သူသတ်နေတာကိုတော့ နင်မမြင်ခဲ့ဘူးပေါ့”

ထိုနေရာရှိ လူများမှာ ချွင်း စိတ်မကြည်မလင်ဖြစ်နေသည်ကို ခံစားမိနေသည်။ ဆိုရသော် ချွင်း မိကျောင်းများရှိ ဒဏ်ရာအား ကြည့်ရှုနေသောအခါ ထိုဒဏ်ရာများသည် ချွန်ထက်သော ကျောက်လက်နက်ဖြင့် ထိုးခွဲခံထားရခြင်း ဖြစ်မှန်း လူတိုင်းမြင်ခဲ့ရ၏။ ရှောက်ရွှမ်၏ ကိုယ်ပေါ်တွင်မူ မည်သည့် ချွန်ထက်သည့် လက်နက်မှ ရှိမနေချေ။ သူတို့ ရှောက်ရွှမ်အား မှားယွင်းစွပ်စွဲမိခဲ့ခြင်း ဖြစ်နေသလော။

သူတို့ ရှောက်ရွှမ်အား မည်သို့ ပြောဆိုခဲ့ကြသည်အား ပြန်စဉ်းစားမိကြသောအခါ လူတိုင်းမှာ ရှက်ရွံ့သွားကြပြီး နောက်သို့ပင် ခြေလှမ်းအနည်းငယ်စီ

ဆုတ်သွားခဲ့ကြသည်။ ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့ကြသူများမှာမူ ရှက်လွန်း၍ သူတို့ခေါင်းအား သူတို့ဘောင်းဘီထဲတွင်ပင် ထည့်ထားချင်မိကြတော့သည်။

သို့သော် သူတို့စွပ်စွဲချက်အား မပယ်ချချင်သေး သူများလည်း ရှိနေကြသေး၏။ ရှောက်ရွှမ်ကိုယ်တွင် လက်နက်မရှိတိုင်း ရှောက်ရွှမ်မသတ်ဘူး ဟူ၍တော့ မဆိုလိုနိုင်ချေ။ ရှောက်ရွှမ်လက်နက်အား ဝှက်ထားသည်လည်း ဖြစ်နေနိုင်သည် မဟုတ်ပါလား။ လူကြီးတစ်ယောက်မှာ တစ်ခုခုပြောဖို့ ရှေ့တက်လာသော်လည်း ရှောက်ရွှမ်ရေအိုင်ဆီသို့ ဦးတည်သွားနေသည်ကို တွေ့သောအခါ ရပ်တန့်လိုက်၏။

ကူမျိုးနွယ်စုဝင်များမှာ ရှောက်ရွှမ်၏ လုပ်ရပ်အား အလွန်စိတ်၀င်စားနေကြလေသည်။ သူဘာလုပ်ဖို့ ကြိုးစားနေသနည်း။

ရှောက်ရွှမ်ရေဆီသို့ ဦးတည်သွားလိုက်သည်။

သို့သော် အိုင်ထဲသို့ ခုန်မချဘဲ ရေအိုင်ထဲသို့သာ လက်နှိုက်လိုက်လေသည်။

ရေထဲမှ အနက်ရောင်အရိပ်‌လေး ပေါ်ထွက်လာသောကြောင့် ရေပြင်မှာ လှုပ်ရှားသွား၏။ ပုံမှန်အားဖြင့် ရေထဲတွင် မိကျောင်းများနေထိုင်ကြသော လျှို့ဝှက် ဂူပေါက်လေးများ ရှိတတ်ကြပေသည်။

မိကျောင်းလေးမှာ ရေထဲမှ တွားသွားထွက်လာပြီး ရှောက်ရွှမ်လက်ပေါ်သို့ တက်လာနေကြ၏။ အမှန်တကယ်တွင် ထိုကောင်လေးမှာ အော်ဟစ်နေခြင်းဖြစ်ပြီး မည်သူမှ မကြားနိုင်ကြခြင်းသာ။ အကြီးတန်းစစ်သည်တော်များပင် ထိုကောင်လေး၏ အော်သံအား မကြားနိုင်ခဲ့ကြပေ။

ရှောက်ရွှမ်လက်ထဲမှ မိကျောင်းလေးအား မြင်သောအခါ ရှေ့တက်၍ တစ်ခုခုပြောရန် ပြင်နေသောလူမှာ နောက်ပြန်ဆုတ်လိုက်လေသည်။

အကယ်၍ ရှောက်ရွှမ်သာ လူသတ်သမား ဖြစ်နေပါက မိကျောင်းလေးသည် ထိုသို့ပြုမူနေပေလိမ့်မည် မဟုတ်ပေ။ ကူမျိုးနွယ်စု၀င်များမှာ ရှောက်ရွှမ်အား မယုံကြည်သော်လည်း သူတို့၏ ရတနာငါးများကိုတော့ ယုံကြည်ကြပေသည်။

“ပန်လင်း!” ချွင်း ဒေါသတကြီးဖြင့် ပန်လင်းအား စိုက်ကြည့်ရင်း အော်ပြောလိုက်၏။

ပန်လင်း၏ လုပ်ရပ်အား စဉ်းစားမိသောအခါ ချွင်းအလွန် ဒေါသထွက်လာ၏။ သူတို့မျိုးနွယ်၏ ဂုဏ်သတင်းမှာ လုံလောက်အောင် ဆိုးရွားနေခဲ့ပြီးသား ဖြစ်သည်။ သို့သော် ယမန်နေ့က ချန်ကျားသည် ရှောက်ရွှမ်အား တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ပန်လင်းက အလျင်စလို ပြုမူခဲ့ပြန်လေသည်။

မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆေးဆရာမှာ သူတို့မျိုးနွယ်စု နာမည်တက်စေရန် ကြိုးပမ်းခဲ့ကြ၏။

တခြားမျိုးနွယ်စုအားလုံးမှာ သူတို့မျိုးနွယ်၏ အကျင့်အား သိရှိနေကြပြီး ဖြစ်ပြီး ယခုကဲ့သို့ သူတို့အကြောင်းဘာမှ မသိသေးသော လူစိမ်းအား ရှာတွေ့ရန်မှာ မလွယ်ကူလှချေ။ ထို့ကြောင့် ခေါင်းဆောင်နှင့် နတ်ဆေးဆရာမှာ ရှောက်ရွှမ်အား သူတို့မျိုးနွယ်တွင် နေခိုင်းပြီး သူတို့မျိုးနွယ်စုမှာ ထင်သလောက်မဆိုးမှန်း သိစေချင်ခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ သူတို့၏ ကြိုးပမ်းမှုရလဒ် ဖြစ်နေပါသလော။

ချွင်းမှာ သေလုမတတ် ဒေါသထွက်နေလေပြီ။

ရှောက်ရွှမ်မှာ အနည်းငယ် သန်မာနေ၍သာ တော်တော့သည်။ မဟုတ်လျှင်တော့ ….

ရှောက်ရွှမ်အား အားကုန်သုံး၍ တိုက်ခိုက်ခဲ့သော ပန်လင်းမှာမူ ချွင်း၏ အော်သံကြောင့် တကိုယ်လုံး တုန်ခါနေလေသည်။ သူ့ခြေလှမ်းများမှာ တဖြည်းဖြည်း နောက်ဆုတ်နေပြီး သူ၏ စိတ်တိုနေသောအမူအရာ

မှာလည်း ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကွယ်သွားချေပြီ။

“တောင်း တောင်း တောင်းပန်ပါတယ်” ပန်လင်း ရှောက်ရွှမ်အား တောင်းပန်လိုက်ပြီး သူ့အသံမှာလည်း ငိုတော့မလိုပင် ဖြစ်နေ၏။

“နာမည်က ရှောက်ရွှမ်မလား ခုနက ငါပြောခဲ့မိတာတွေ အားလုံးအတွက် တကယ်ကို အလေးအနက်တောင်းပန်ပါတယ် ကျေးဇူးပြုပြီးပြောခဲ့မိတာတွေကို ဘွေမယူပါနဲ့” ရှောက်ရွှမ်အား ရှေ့ထွက်၍ စွပ်စွဲခဲ့သူ လူကြီးမှာ တောင်းပန်လိုက်သည်။ ထို့နောက် သူ့အိမ်သို့ အမြန်ပြန်သွားပြီး သွေးစက်လက်ကျနေသော အမဲသားခြေထောက်တစ်ချောင်းကို ဆွဲလာကာ ရှောက်ရွှမ်အား ပေးလိုက်၏။ ထိုခြေထောက်အား တောင်းပန်သည့်အနေဖြင့် ပေးလိုက်ခြင်း ဖြစ်သည်။

ဤသည်အား မြင်သောအခါ အခြားသူများမှာလည်း

ထိုလူကြီး ကဲ့သို့ပင် လိုက်လုပ်ကြလေသည်။

ထိုအခိုက်တွင် ချွင်းဘေး၌ ရပ်နေသော လူငယ်လေး ၀င်ပြောလိုက်၏။ “အမေ အခုအခြေအနေမှာ အရေးအကြီးဆုံးက မိကျောင်းတွေကိုသတ်သွားတဲ့ လူသတ်သမားကို ရှာဖို့လေ” ပြောလိုက်ပြီးသည့်နောက် လူငယ်လေးမှာ သူ့မျက်လုံးညိုများဖြင့် အနားရှိလူများအား လှည့်ပတ်ကြည့်လိုက်သည်။

“ရှောက်ရွှမ်က ငါတို့မျိုးနွယ်စုရဲ့ ဧည့်သည်ပဲ နောက်တစ်ခါသူ့ကို အဆင်အခြင်မဲ့တိုက်ခိုက်ရဲတဲ့လူရှိရင် အဲ့ဒီလူက ငါ့ကိုအဖြေ‌ကောင်း‌ကောင်းတစ်ခုတော့ ပေးရလိမ့်မယ်”

လူငယ်လေး ပြောလိုက်သောအခါ လူတိုင်းမှာ ကြောက်ရွံ့သွားကြပြီး ကြက်သီးများပင် ထသွားကြသည်ကို ရှောက်ရွှမ် သတိထားမိလိုက်၏။ သူတို့သည် ချွင်းသူတို့အား ဆူခဲ့သည့်အချိန်ကထက်ပင် ပိုကြောက်ရွံ့နေကြသည့်ပုံ ပေါ်လေသည်။

All Chapters