တိုက်ပွဲ
Vol. 11 Ch. 158
ဖင်းနှင့်ချန်ကျားမှာ မြစ်ကမ်းဘေးတွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်စောင့်နေကြလေသည်။
ထိုအခိုက်တွင် သူတို့ရရှိမည်ဖြစ်သော ရေလကျောက်တုံးများမှာ နောက်နေ့တွင် သူတို့မည်မျှ ချမ်းသာသွားမလဲ ဆိုသည်အား ဆုံးဖြတ်ပေးပေလိမ့်မည်။ သူတို့ရရှိမည့် ရေလကျောက်တုံးများမှာ ကြီးမားပြီး တောက်ပနေပါက နောက်နေ့တွင် သူတို့ရုတ်ချည်း ချမ်းသာသွားကြမည်ဖြစ်ပြီး အကယ်၍ ခပ်သေးသေးနှင့် မတောက်ပသော ကျောက်တုံးများသာ ရမည်ဆိုလျှင် ခက်ခဲသော နှစ်တစ်နှစ်အား ရင်ဆိုင်ရတော့မည်သာ။
သူတို့ ချမ်းသာသွားမည်လား ဆင်းရဲသွားမည်လား ဟူသော မျှော်လင့်ချက်မှာ သူတို့အိမ်ေနရာသို့ ဖြတ်စီးသွားသော တူးမြောင်းပေါ်တွင် မူတည်နေလေသည်။ ထိုခံစားချက်မှာ ရှောက်ရွှမ်အတွက်မူ
အတော်လေး ထူးဆန်းနေ၏။
ဖင်းမှာ စိတ်လှုပ်ရှားနေ၍ နတ်ဘုရားများထံ ဆုတောင်းနေပြီး ချန်ကျားမှာမူ သူ့လက်ချောင်းများအား ကိုက်နေလေသည်။ စိတ်လှုပ်ရှားသောအခါ လက်ချောင်းများအား ကိုက်နေရခြင်းကို သူကြိုက်၏။
ဆယ်မိနစ် မပြည့်ခင်မှာပင် တူးမြောင်းထဲရှိ ရေများမှာ ဖောက်ထွင်းမြင်ရလုမတတ် ကြည်လင်သွားကြပြီး မြစ်အောက်ဘက်မှ အလင်းများဖြာထွက်နေလေရာ ရေထဲတွင် လတစ်စင်းရှိနေခြင်းထက်ပင် ပို၍မျက်စိ ပသာဒဖြစ်စရာ ကောင်းနေ၏။
နောက်ကျိနေသောရေမှာ တဖြည်းဖြည်းကြည်လင်လာပြီး တူးမြောင်းအောက်ခြေမှ မျက်စိဖြင့် မြင်နိုင်ေသာ အလင်းများ ဖြာထွက်နေလေသည်။ ထို
အလင်းများမှာ ရေလကျောက်တုံးများဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
အဖြူရောင်အလင်းများမှာ တူးမြောင်းအားဖြတ်၍ ကမ်းပေါ်မှ လူအုပ်၏ မျက်လုံးများကိုပင် ရောင်ပြန်ဟပ်နေကြသည်။
“ဟားဟားဟား” လူတစ်ယောက်မှာ အော်ရယ်လိုက်၏။ သူ့အိမ်အား ဖြတ်စီးနေသော တူးမြောင်းတွင် အရောင်များအလွန်တောက်နေပြီး ဆိုလိုသည်မှာ ထိုနေရာတွင် ရေလကျောက်တုံးအများအပြားရှိသည်ဟု ဆိုနိုင်သည်။
လူတချို့မှာ ထိုလူအား ဂုဏ်ပြုနေကြပြီး တချို့မှာမူ စိတ်ပူနေကြ၏။ တူးမြောင်း၏ အချို့သော အပိုင်းများမှာမူ ကျန်သည့်နေရာများထက် ပိုမှေးမိန်နေကာ ရေလကျောက်တုံး အနည်းငယ်သာ ထွက်မည့်ပုံပေါ်နေလေသည်။
“ဟားဟားဟားဟား” ချန်ကျားမှာလည်း မာနတကြီး အော်ရယ်လိုက်မိ၏။ သူတို့အိမ်ပိုင်နက် တူးမြောင်းမှာ သူတို့ဘေးအိမ်နှစ်ခုထက် ပိုတောက်ပနေသည်ဖြစ်ရာ ထိုအိမ်များမှ ကလေးများအားကြည့်၍ ခပ်ကြွားကြွားလေး ရယ်ပြလိုက်ခြင်း ဖြစ်သည်။
ဖင်းမှာမူ တူးမြောင်းကမ်းခြေတွင် ဒူးထောက်လိုက်ကာ တူးမြောင်းအောက်ခြေမှ တောက်ပနေမှုအား ကြည့်ပြီး စကားမပြောနိုင်လောက်အောင်ပင် ဖြစ်နေ၏။
သူတို့ဘေးအိမ်ရှိ အိမ်နီးချင်းများမှာတော့ ဖင်းနှင့်ချန်ကျားအား ကြည့်၍ မနာလိုဖြစ်နေရုံသာ တတ်နိုင်ပေသည်။ ကျောက်တုံးမည်မျှ ရမည်ဆိုသည်ကို ကံတရားကသာ ဆုံးဖြတ်ပေးခြင်းဖြစ်လေရာ မနာလိုဖြစ်နေရုံမှတပါး သူတို့ဘာများ တတ်နိုင်မည်နည်း။ သူတို့အားကျနေသည် ဆိုလျှင်တောင် သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။ သူတို့လုပ်နိုင်သည်မှာ နောက်နှစ်
သူတို့အိမ်နေရာတွင်လည်း ထိုသို့တောက်ပသော အဖြစ်မျိုး ရရှိစေရန် ဆုတောင်းခြင်းသာ ဖြစ်လိမ့်မည်။
ထိုအောက်ဘက်မှ မီးစွမ်းအင်တစ်မျိုး ထွက်နေသည်ကို ရှောက်ရွှမ်ခံစားလိုက်ရသည်။ ထိုအရာသည် ဗုံမျိုးနွယ်စု၏ နတ်မီးတောက် ဖြစ်နေမလားတော့ သူမသိခဲ့ပေ။
မြစ်နံဘေးတွင် တည်ထားသော မျိုးနွယ်စုတစ်ခုအနေနှင့် မည်သို့သော မီးတောက်မျိုး သူတို့၌ ရှိနေနိုင်မည်နည်း။
မီးတောက်ဦးချို မျိုးနွယ်စုတွင်မူ နတ်ဆေးဆရာမှာ တောင်ထိပ်ရှိ အိမ်အချို့နှင့် ချိတ်ဆက်ရန် မီးတောက်စွမ်းအား အားအသုံးပြုနိုင်လေသည်။ ထိုသည်မှာ ထိုတောင်ထိပ်ရှိ ကျောက်တုံးအိမ်များ ဆောင်းရာသီတွင်ပင် နွေးထွေးနေရခြင်း၏ အကြောင်းရင်း ဖြစ်၏။ ကြည့်ရသည်မှာ ဤရေလ
ကျောက်တုံးများမှာလည်း ကူမျိုးနွယ်စုနှင့် တစ်စုံတရာ ပတ်သက်နေကြပုံ ပေါ်သည်။
ရေလကျောက်တုံးများမှာ မျိုးနွယ်စု၏ ထူးခြားချက်တစ်ခု ဖြစ်မှန်း ဖူရှစ်ပြောခဲ့သည်မှာလည်း အံ့ဩစရာတော့ မဟုတ်တော့ပေ။ မျိုးနွယ်စုတစ်ခု၏ မီးတောက်စွမ်းအားမှာ အမှန်တကယ်ပင် ထူးခြားသော အရာသာ ဖြစ်၏။
ဖင်းမှာ နတ်ဘုရားများထံကျေးဇူးတင်ကြောင်းဆုတောင်းမှုများ ပြုအပြီး ချန်ကျားဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ရေထဲကို ဆင်းတော့”
“ဟုတ်အမေ”
ချန်ကျား သူ့ကိုယ်ပေါ်ရှိ တိရစ္ဆာန်သားရေ၀တ်စုံအား ချွတ်လိုက်ရာ ကိုယ်ပေါ်တွင် နတ်ရုပ်ဆေးမှင်ကြောင် ပေါ်လာပြီးနောက် ရေထဲသို့ ခုန်ဆင်းသွား၏။
တခြားအိမ်များရှိ ကလေးအများစုမှာလည်း ရေလကျောက်တုံးများ ကောက်ရန် ချန်ကျားကဲ့သို့ ရေထဲသို့ ခုန်ဆင်းသွားကြလေသည်။
ထိုကလေးများနှင့် ပတ်သက်၍ ရှောက်ရွှမ် တစ်ခုခုသတိထားမိသွားသည်။ သူတို့ရေထဲတွင် ကူးခတ်နေပုံမှာ ခြေထောက်များဖြင့် ရေအားဖြိုခွဲ၍ ကူးခတ်နေကြခြင်း မဟုတ်ဘဲ ခြေထောက်များအား ဘယ်ညာယမ်း၍ ကူးခတ်နေကြခြင်း ဖြစ်၏။ သူတို့အရိုးများမှာ သာမန်ထက် ပိုပျော့ပျောင်းကြပုံပေါ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ နတ်ရုပ်ဆေးမှင်ကြောင်များမှာလည်း ကြေးခွံများကဲ့သို့ ဖြစ်နေလေရာ မိကျောင်းကြီးတစ်ကောင် အမြီးကြီးအား ယမ်း၍ ရေထဲတွင် ကူးခတ်နေသလိုပင် ထင်နေရသည်။
ကူမျိုးနွယ်စု၀င်များမှာ ရေအလွန် ကျွမ်းကြ၏။ ရေအနက်ကြီးထဲသို့ ဦးတည်သွားနေရခြင်း ဖြစ်လျှင်တောင် ထိုရေအနက်ထဲတွင် အချိန်အတော်ကြာ နေနိုင်ကြသည်။ ထို့ကြောင့်ပင် မြစ်ကြမ်းပြင်မှ ရေလကျောက်တုံးများ ကောက်ရန်မှာ သူတို့အတွက် အလွန် လွယ်ကူလှသည်။
မျိုးနွယ်စုတွင် နှစ်တစ်နှစ်၏ ပထမဆုံးရရှိသော ကျောက်တုံးကို အတန်သင့်ကြီးသော ကျောက်တုံးကိုသာ ရွေးချယ်ရ၏။ အစကောင်းလျှင် အဆုံးလည်း မညံ့နိုင်ဟု ကူမျိုးနွယ်စုဝင်များ ယုံကြည်ကြသည်။ အစကျောက်တုံးမှာ ကြီးနေလျှင် နောက်ရမည့် ကျောက်တုံးများမှာလည်း အကြီးကြီးပဲ ဖြစ်နေနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ပထမဆုံးကျောက်တုံးအား ညဏ်ရှိရှိ ရွေးချယ်ကြရသည်။
ချန်ကျား မြစ်ကြမ်းပြင်တွင် ကူးခတ်နေရင်း ရေလကျောက်တုံးကြီးအား တွေ့ရှိလိုက်ရ၏။ သူရေပေါ်သို့ ပြန်တက်မနေတော့ဘဲ ရေအောက်မှတိုက်ရိုက်သာ ကျောက်တုံးကြီးအား ရေပေါ်သို့ ပစ်ပေးလိုက်
လေသည်။
ပစ်လိုက်သော ရေလကျောက်တုံးကြီးမှာ မြစ်ကမ်းမှ ဖင်းထံသို့ ကွက်တိပင် ရောက်ရှိသွား၏။
ရေလကျောက်တုံးကြီးအား ပွတ်သက်နေရင်း ဖင်းတစ်ယောက် စိတ်လှုပ်ရှားကာ ပျော်ရွှင်လွန်း၍ ပါးစပ်မစိနိုင်အောင်ပင် ဖြစ်နေမိသည်။
ကျောက်တုံးအား ခဏကြာကြည့်ပြီးသည့်နောက် ဖင်းကျောက်တုံးကို အိတ်ထဲတန်းမထည့်ဘဲ ရှောက်ရွှမ်အား ပေးလိုက်သည်။ “ရှောက်ရွှမ် ဒါကဒီနှစ် ငါတို့အိမ်ကရတဲ့ ကျောက်တုံးပဲ ကြီးတယ်မလား တောက်လည်းတောက်ပနေတာပဲမလား ကုန်ပစ္စည်းတွေအများကြီးနဲ့ လဲလှယ်လို့ ရမှာလည်း သေချာတယ်”
ရှောက်ရွှမ်ကျောက်တုံးအား ယူလိုက်ပြီး ကြည့်နေလိုက်သည်။ ထိုကျောက်တုံးမှာ ဖူရှစ်သူ့အား အရင်
ညက ပြသော ကျောက်တုံးထက် ကြီးရုံသာမက ပို၍လည်း တောက်ပနေ၏။ ဤသည်မှာ ကျောက်တုံးအသစ် ဖြစ်သောကြောင့် ဖြစ်နိုင်သည်။
သို့သော် ရှောက်ရွှမ်ထိုကျောက်တုံးတွင်းမှ စွမ်းအင်အား ထိုမျှစိတ်မ၀င်စားဘဲ ကျောက်တုံး မျိုးနွယ်စု မီးတောက်နှင့် နတ်ရုပ် အားလုံးမှာ ချိတ်ဆက်နေရမည် ဟူ၍သာ ခံစားနေရသည်။
မျိုးနွယ်စု မီးတောက်နှင့် နတ်ရုပ်သာမကဘဲ မြစ်ကြမ်းပြင်တွင် စီးဆင်းနေသော ကျောက်တုံးများမှာလည်း တစ်စုံတစ်ရာ ဆက်စပ်မှု ရှ်ိနေပေလိမ့်မည်။
ကူမျိုးနွယ်စု၀င်များ ပြောစကားအရ ထွက်ခွာသွားသော မိကျောင်းများ ပြန်ရောက်လာသောအခါ သူတို့သည် တူးမြောင်းထဲသို့ ကျောက်တုံးအချို့ ထွေးထုတ်ကြသည်ဟု ပြောကြ၏။ ထိုကျောက်တုံးများမှာပင် တဖြည်းဖြည်းနှင့် ရေလကျောက်တုံးအဖြစ် အသွင်ပြောင်းသွားသည်ဟု ဆိုကြသည်။
နှစ်တိုင်း ရေလကျောက်တုံးများအား ကောက်ပြီးသည့်အခါတွင်ပင် နောက်နှစ်တွင်လည်း ရေလကျောက်တုံးများမှာ တူးမြောင်းထဲတွင် ရှိနေဆဲဖြစ်ပြီး နောက်နှစ်တွင်ဆက်ပြီး ကောက်၍ရနေမည်သာ။ သို့သော် မိကျောင်းများမရှိတော့လျှင်မူ ကျောက်တုံးများမှာလည်း ရှိလာတော့မည် မဟုတ်ပေ။
မိကျောင်းများ သူတို့မိသားစု၏ ပိုင်နက်တူးမြောင်းထဲသို့ ကျောက်တုံးမည်မျှ ထွေးထုတ်သည်ဆိုသည်မှာ သူတို့ရရှိမည်ဖြစ်သော ရေလကျောက်တုံး ပမာဏသာဖြစ်သည်။ သို့သော် မည်မျှထွေးထုတ်လိမ့်မည်ဆိုသည်ကို မည်သူမှ မသိကြချေ။ အကယ်၍ သိအောင်ကြိုးစားမည်ဆိုလျှင်လည်း မျှော်လင့်ထားသလို ရလာမည်မဟုတ်ပေ။ သူတို့တတ်နိုင်သည်မှာ မိကျောင်းများ များများထွေးထုတ်စေရန် မျိုးနွယ်စုနတ်ရုပ်များထံ ဆုတောင်းရုံသာ။
ထိုသည်မှာ ကူမျိုးနွယ်စု၀င်များ မိကျောင်းများအား ရတနာငါး ဟုခေါ်ဆိုကြသည့် အကြောင်းအရင်း
လည်း ဖြစ်ပေသည်။
ရှောက်ရွှမ် အရင်ဘ၀တုန်းက သူ့တွင် မိကျောင်းမွေးသော သူငယ်ချင်းတစ်ယောက် ရှိ၏။ ထိုသူငယ်ချင်းပြောသည်မှာ သူ့မိကျောင်းသည် ကျောက်တုံးများအား စားသည်ဟု ဆိုသည်။ ပြီးလျှင် ထိုကျောက်တုံးများအား အစာအိမ်ထဲတွင် ထားပြီး သူတို့မချေဖျက်နိုင်သော အစာများကို ကျောက်တုံးအကူအညီဖြင့် ချေဖျက်ကြသည် ဟုပြောဖူးသည်။ ထိုကျောက်တုံးများအား အစာအိမ်ကျောက်တုံး (Gastroliths) ဟု ခေါ်၏။
သိပ်မသေချာသော်လည်း ဗုံမျိုးနွယ်စုမှ မိကျောင်းများ တူးမြောင်းထဲသို့ ထွေးထုတ်သည့် ကျောက်တုံးမှာ Gastroliths ဟုခေါ်သည့် အစာအိမ်ကျောက်တုံးများ ဖြစ်နိုင်ပေသည်။
မျိုးနွယ်စုထဲတွင် ဖြတ်စီးသော မြစ်ကျဉ်းလေးမှာ အလွန်ရွှံ့ထူပြီး နောက်ကျိနေသော တူးမြောင်းလေး
သာ ဖြစ်သော်လည်း ထိုမျှ တောက်ပသော ကျောက်တုံးများအား ထုတ်လုပ်နိုင်ပေရာ ဤနေရာသည် အလွန်ဆန်းကြယ်သော နေရာသာ ဖြစ်လေသည်။
ကျောက်တုံးအား ကြည့်ရှုပြီးသည့်နောက် ရှောက်ရွှမ်ထိုကျောက်တုံးအား မြစ်ကမ်းပေါ်ရှိ ခြင်းလေးထဲသို့ ထည့်ထားေပးလိုက်၏။
ရှောက်ရွှမ် အပြုအမူအား ကြည့်ရင်း ဖင်းမှာ ရှောက်ရွှမ်အပေါ် အမြင်ကောင်းများ ပိုတိုးလာလေသည်။ ဖင်း ကျောက်တုံးအား ခြင်းထဲမှ ပြန်ထုတ်ယူလိုက်ပြီး ရှောက်ရွှမ်လက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။ ထို့နောက် ပြောလိုက်သည်။
“ယူထားလိုက် ကုန်သွယ်မသွားသေးခင်အထိစောင့်ဦး ကုန်သွယ်ထွက်ရင် ဒီကျောက်တုံးကို ပစ္စည်းတွေ အများကြီးနဲ့ လဲလို့ရတယ် အဲ့အခါမှ မင်းကျောက်တုံးရဲ့ တန်ဖိုးကို သိသွားလိမ့်မယ်”
ဖင်းဘာမှ ထပ်မပြောတော့ဘဲ ကျောက်တုံးအား ရှောက်ရွှမ်ဘက်သို့ တိုးပေးလိုက်ပြီး ချန်ကျားမြစ်အောက်မှ ပစ်ပေးသော ကျောက်တုံးများအား ယူရန် မြစ်ကမ်းသို့ ပြန်သွားလေသည်။
“ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ် ကျောက်တုံးအား တိရစ္ဆာန်သားရေအိတ်ထဲသို့ ထည့်လိုက်ကာ ဖင်းအား ကမ်းပေါ်မှ ခြင်းကို ကူကြည့်ပေးထားလိုက်၏။
ယနေ့ညသည် အေးချမ်းသောညမဟုတ်ဘဲ အန္တရာယ်မှာ အချိန်မရွေး ကျရောက်လာနိုင်သည်။ ရှောက်ရွှမ်သာမက အခြားမျိုးနွယ်စု၀င်များမှာလည်း အန္တရာယ်နှင့်ရင်ဆိုင်ရန် အသင့်ပြင်ထားကြ၏။ နှစ်တိုင်း ဤအချိန်မျိုးတွင် မျှော်လင့်မထားသော ပြဿနာများအား ကြုံတွေ့ရစမြဲပင်။ ထို့ကြောင့်ပင် သူတို့အားလုံးမှာ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထား ကြခြင်း ဖြစ်သည်။ ရေလကျောက်တုံးများအား ကလေးများကိုသာ ကောက်ခိုင်းရခြင်းမှာလည်း ထိုအကြောင်းကြောင့်သာ ဖြစ်၏။ ထိုမှသာ မူ
မမှန်တာတစ်ခုခု ဖြစ်သောအခါ ကမ်းပေါ်မှ လူကြီးများမှာ အသင့်အနေအထားဖြင့် ပြန်လည်တိုက်ခိုက်နိုင်ပေလိမ့်မည်။
ရေလတူးမြောင်းနှင့် မဝေးသော နေရာတွင် ဖူရှစ်နှင့် မျိုးနွယ်စုဝင်များမှာ ကင်းစောင့်နေကြ၏။ သို့သော် သူတို့၏ စိတ်မှာမူ ရေလတူးမြောင်းဆီသို့သာ ရောက်နေကြပြီး ယခုနှစ် သူတို့မိသားစု ကျောက်တုံးမည်မျှ ရမည်ကို ရင်ခုန်နေကြသည်။
“ငါကတော့ ဒီနှစ်ငါတို့မိသားစုရမယ့် ကျောက်တုံးကမနည်းဘူး လို့ပဲထင်တယ်” ဖူရှစ်ပြောလိုက်သည်။
“ငါ့မိသားစုကလည်း မင်းတို့ထက်တော့ နည်းမှာမဟုတ်ဘူးကွ” သူ့ဘေးမှ လူကြီးပြန်ပြောလိုက်သည်။
“ငါကတော့ အများကြီးရဖို့ မမျှော်လင့်ပါဘူး
အနည်းဆုံးဟုတ်မနေရင်ဘဲ အဆင်ပြေနေပါပြီ” အခြားလူတစ်ယောက်မှာလည်း ထပ်ပြောပြန်သည်။
“ဘာမှမရတာထက် စာရင်တော့ ကောင်းတာပါပဲ”
“အီးးး ငါစိတ်ပူနေရင်လည်း ပြောင်းလဲလို့ရမယ့် ကိစ္စတွေမှ မဟုတ်ဘဲ မျှော်လင့်ချက်အများကြီး မထားတာပဲ ကောင်းပါတယ်ကွာ”
သူတို့မှာ ရေလတူးမြောင်းဆီမှ လူတစ်ယောက်ရောက်မလာခင်အထိ ထိုအကြောင်းအား ဆက်လက်ပြောဆိုနေကြ၏။
“ဖူရှစ် မင်းမိသားစု ဒီနှစ်ချမ်းသာပြီကွ မင်းတို့ အိမ်ပိုင်နက်က ဒီနှစ်အတွက်တော့ အတောက်ပဆုံးပဲ”
ရေလတူးမြောင်းဘက်မှ လာသောသူမှာ
အမောတကောဖြင့် ပြောပြလ်ုက်သည်။
“အာဟားး!” ဖူရှစ်မှာ စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်နေလေ၏။ “ကောင်းလိုက်တာကွာ ဒါနဲ့ ကုန်သွယ်မယ့်အချိန်က ဘယ်တော့လဲမသိဘူး အဲ့အချိန်ရောက်ရင်တော့ အစားကောင်းတွေ အ၀တ်အစားကောင်းတွေကို ဖင်းအတွက် လဲပေးရမယ် ချန်ကျားအတွက်တော့ ကျောက်လက်နက် ကောင်းကောင်းတွေ လဲလာရမယ်”
အခြားသူများမှာ ဖူရှစ်တို့အိမ်လောက် မရခဲ့ပါသော်လည်း သူတို့အိမ်များ ရသည်မှာလည်း ထိုမျှတော့ နည်းမနေချေ။ ထိုကျောက်များအား ကုန်သွယ်သောအခါ မည်သည့်အရာများနှင့် လဲလှယ်လိုက်ရပါမည်နည်း။
စဉ်းစားနေတုန်း ဖူရှစ်မျက်နှာ ရုတ်တရက် တင်းမာလာ၏။ သူ့အရေပြားအောက်တွင် ရှိသော ကြွက်သားများမှာလည်း ဖောင်းကားလာကြပြီး ရှိရင်းစွဲသန်မာသော ခန္ဓာကိုယ်ကို ပို၍ တောင့်တင်း
သွားစေသည်။ ကြေးခွံများနှင့်တူသော အနက်ရောင်ဆေးမှင်ကြောင်မျဉ်းကြောင်းများမှာလည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် ပေါ်ပေါက်လာကြ၏။ ထို့ေနာက် သူ့ခြေထောက်နှစ်ဖက်လုံးတွင် အားများပေါက်ကွဲထွက်ပေါ်လာပြီး သူရပ်နေသော နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားကာ အနက်ရောင်အရိပ်အဝေးသို့ ရောက်မသွားခင် ဖူရှစ်နောက်မှ လိုက်တော့သည်။
ဖူရှစ်၏ ရုတ်ချည်းပိုမို တောင့်တင်းလာသော လက်မောင်းများပေါ်တွင် နတ်ဆေးအမှတ်အသားများ ပေါ်ပေါက်လာကာ အရေပြားများ ကြွက်သားများတွင် ခွန်အားများ ပြည့်လာပြီး ပိုမိုမာကျစ်လာလေသည်။ ထို့နောက် ဖူရှစ် လက်သီးဆုပ်လိုက်ကာ အနက်ရောင်အရိပ်အား ထိုးချလိုက်၏။ လက်သီးမှာ ကျည်ဆန်တစ်တောင့်ကဲ့သို့ အနက်ရောင်အရိပ်ကိုယ်ပေါ်သို့ ကျရောက်သွားလေတော့သည်။
ဘုန်းး!
ထွက်ပြေးနေသော အနက်ရောင်အရိပ်မှာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပစ်ကျသွား၏။
ဖူရှစ် ပထမလက်သီးချက်ပြီးသောအခါ နောက်လက်သီးတစ်ချက် ထပ်ထိုးလိုက်သည်။
ကျားး!
ဖူရှစ်၏ ဒုတိယလက်သီးချက်မှာမူ ၀တ်စုံနက်လူ၏ ခေါင်းသို့ တည့်တည့် ကျရောက်သွားသည်။
မြေပြင်ပေါ်ရှိ လူတွင် ကူမျိုးနွယ်စု၀င်များနှင့် မတူသော နတ်အမှတ်အသားများ ရှိနေပြီး သူသေသွားသောအခါ ထိုအမှတ်အသားများမှာ ပျောက်ကွယ်သွားလေသည်။
ဖူရှစ်၏ အသက်ရှူသံမှာ ပုံမှန်ဟုတ်မနေဘဲ အလွန်ကြမ်းတမ်းနေ၏။ သူ့မျက်လုံးထဲတွင်လည်း အနက်ရောင်အမှတ်အသားတစ်ခုပေါ်ပေါက်နေပြီး ထိုအရာမှာ သူ့မျက်ဆံတစ်၀ိုက်တွင် ပိုကျယ်ပြန့်လာနေသည်။
လူတစ်ယောက်အား မျက်တောင်မခတ်သတ်လိုက်ပြီးသော်လည်း ဖူရှစ်မှာ မရပ်တန့်သေးပေ။ သူ့ခြေထောက်ကြွက်သားများမှာ ရုတ်ချည်း ဖောင်းကားလာပြီး နဂိုက မြေပြင်ပေါ်တွင် ရပ်နေရင်းမှ လက်နှစ်ဖက်ခြေနှစ်ဖက်လုံးဖြင့် လေးဘက်ထောက်လိုက်လေသည်။ ထို့နောက် လက်ဖဝါး နှင့် ခြေဖဝါးနှစ်ဖက်လုံးအား သုံးကာ မြေပြင်ပေါ်တွင် ပွတ်တိုက်သွားပြီး နောက်ထပ် ၀တ်ရုံနက်တစ်ယောက်ဆီသို့ ဦးတည်သွားလိုက်၏။ ရွှံ့ပျော့မြေပြင်မှာ သူ့လှုပ်ရှားမှုကြောင့် လှိုင်းတွန့်များပင် ထသွားရသည်။
မိကျောင်းတစ်ကောင်နှင့် ပြိုင်ပြေးရခြင်းသည် ထိုမျှ မခက်နိုင်ပါသော်လည်း မိကျောင်းတစ်ကောင်နှင့် ပေါက်ကွဲအားချင်း ယှဉ်ရန်မှာမူ အလွန်ခက်ခဲလှပေလိမ့်မည်။
မိကျောင်းများ၏ အားသာချက်မှာ သူတို့၏ အမြန်နှုန်းမဟုတ်ဘဲ သူတို့၏ တုန့်ပြန်နိုင်စွမ်းနှင့် ပေါက်ကွဲအားသာ ဖြစ်၏။
ထိုသတ္တဝါများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အား နောက်တွင်ထားခဲ့၍ ပြေးနိုင်မည် ဖြစ်ပါသော်လည်း သူတို့စလှုပ်ရှားသော အခါတွင်မူ သင့်အား ကိုက်မိပြီးသား ဖြစ်နေပေလိမ့်မည်။
ကူမျိုးနွယ်စု၀င်များမှာ မိကျောင်းများနှင့် အလွန်တူလှသည်။ သူတို့ခွန်အားနှင့် အမြန်နှုန်းသည် ထိုမျှ မဟုတ်ပါသော်လည်း သူတို့၏ ပေါက်ကွဲအားထွက်ပေါ်လာသောအခါတွင်မူ တစ်ဖက်လူထက် အမြဲသာနေတတ်ကြ၏။
၀တ်စုံနက်လူနှင့် ဖူရှစ်နှစ်ယောက်စလုံးမှာ ယခုအခါတွင် အလွန်မြန်ဆန်နေကြသောကြောင့် ဖူရှစ်သည် အခြားမျိုးနွယ်စု၀င်များအား ပြန်အကြောင်းကြားရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူ့လည်ချောင်းမှ ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ ဟိန်းသံတစ်သံအား ထုတ်လွှင့်လိုက်တော့သည်။
ဟိန်းသံမှာ လေလှိုင်းဓားများကဲ့သို့ပင် နေရာတစ်ခုလုံးသို့ ပြန့် နှံ့သွားကာ ငြိမ်သက်နေသော ညအား လှုပ်ခတ်သွား၏။
လမှာလည်း ယခုနှစ်၏ အတောက်ပဆုံးအချိန် အဖြစ် ကောင်းကင်ပေါ်တွင် ထွန်းလင်းနေလေသည်။ သို့သော်လည်း ထိုလရောင်အောက်တွင်ပင် တိုက်ပွဲတစ်ခုမှာ စတင်ခဲ့လေပြီ။