ပြတင်းပေါက်ကို မထိနဲ့
Vol. 11 Ch. 159
ဖူရှစ်၏ အော်သံမှာ မျိုးနွယ်တစ်ခုလုံးအား သတ်ဖြတ်ခြင်း စတင်ပြီ ဖြစ်မှန်း သတိပေးလိုက်၏။
အခြား ကင်းစောင့်နေသူများမှာလည်း ကျူးကျော်လာသူများအား စတင်တိုက်ခိုက်နေပြီ ဖြစ်လေရာ ဟိန်းသံ တိုက်ခိုက်သံ အော်သံများ မှာ တိတ်ဆိတ်နေသော ညအား ဖြိုခွင်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ရေလတူးမြောင်းတွင် ရေလကျောက်တုံးကောက်နေသူများမှာလည်း သူတို့၏ ကောက်နေသော အရှိန်အား မြှင့်လိုက်ကြ၏။
အပြင်ဘက်တွင် တိုက်ပွဲမှာ စတင်နေကြလေပြီ။ မျိုးနွယ်စုစစ်သည်တော်များမှာ ထိုကျုးကျော်သူများအား တားဆီးထားလိမ့်မည် ဆိုသော်လည်း သူတို့
ခံစစ်ကျိုးပေါက်၍ ထိုကျူးကျော်သူများ ၀င်ရောက်လာနိုင် မလာနိုင်ကို မည်သူမှ အတိအကျမပြောနိုင်ပေ။ ထိုကျူးကျော်သူများမှာ သူတို့အသက်အား အလွယ်တကူ စွန့်လွတ်နိုင်ကြသူများ ဖြစ်ကြပြီး သွက်သွက်ခါအောင် ရူးနေကြသော အရူးများ ဖြစ်ကြသည်။
“သူတို့ ဒီကိုမရောက်ခင် အခွင့်အရေးယူပြီး ကျောက်တုံးတွေအကုန်လုံးကို ယူထားရမယ်”
ဖင်းထိုသို့ ပြောနေရင်း ချန်ကျားမှာ အလွန်နှေးနေသည်ဟု ခံစားနေရသည်။ သူ့အိမ်နီးချင်းအိမ်များကို ကြည့်လိုက်သည့် အခါမှာလည်း ထိုအိမ်များမှာ အိမ်ရှိလူကုန် ရေထဲသို့ ဆင်း၍ အမြန်ဆုံးနည်းဖြင့် ကောက်နေကြပြီ ဖြစ်သည်။ သို့သော် သူတို့အိမ်တွင်မူ ကောက်ရန်လူမှာ ချန်ကျားတစ်ယောက်တည်းသာ ရှိ၏။ ယခုနှစ်တွင် သူတို့ရရှိသည့် ကျောက်တုံးများမှာ အလွန်များသည် ဖြစ်ပါသော်လည်း အခုလိုဆက်ဖြစ်နေမည်ဆိုပါက ထိုကျောက်တုံးများအား အကုန်ကောက်ယူဖို့ရန်မှာ အလွန်အချိန်ပေးနေရပေ
လိမ့်မည်။
ထိုအရာမှာ ကောင်းသောအရာမဟုတ်ပေ။ သတ်မှတ်ထားသည့် အချိန်ကုန်သွားသောအခါ ရေလကျောက်တုံးများမှာ မှေးမှိန်သွားကြပြီး သာမန်ကျောက်တုံးများ ကဲ့သို့ပင် ဖြစ်သွားကြပေလိမ့်မည်။ ထိုသို့ဖြစ်မသွားခင် ကျောက်တုံးများအား အချိန်မီ ကောက်ယူထားကြရမည်သာ။
ထိုအခါ ရှောက်ရွှမ်အား လှည့်ကြည့်လိုက်ပြီး ဖင်းပြောလိုက်၏။
“ရှောက်ရွှမ် ငါလည်းချန်ကျားကို ကူပြီး ကောက်ဖို့ ရေထဲကို ဆင်းတော့မယ် မင်းကဒီမှာနေပြီး အောက်ကနေပစ်ပေးမယ့် ကျောက်တုံးတွေကို ဖမ်းထားပေး”
“ကောင်းပါပြီ ပြဿနာမရှိပါဘူး”
ဖင်းရေထဲသို့ ခုန်ချသွားကာ မြစ်ကြမ်းပြင်သို့ အမြန်ကူးခတ်သွားပြီး ချန်ကျားနှင့်အတူ ကျောက်တုံးကောက်လေတော့သည်။ မြစ်ကြမ်းပြင်တွင် ရှိနေသော ကျောက်တုံးများအား ချန်ကျားတို့ ပစ်ပေးနေကြပြီး ရှောက်ရွှမ်ဖမ်းနေလေရာ အကုန်ကုန်သလောက်ပင် ဖြစ်သွားရပြီး ကျန်နေသည်မှာ မြစ်ကြမ်းပြင်ရှိ ရွှံ့များဖုံးနေသော ကျောက်တုံးများသာ ရှိတော့၏။
ရှောက်ရွှမ် ချန်ကျားနှင့်ဖင်း ပစ်ပေးနေသော ကျောက်တုံးများအား ကြိမ်ခြင်းထဲသို့ ထည့်သိမ်းထားလေရာ ကြိမ်ခြင်းလေးမှာ အလင်းများဖြင့် တောက်ပနေလေသည်။ သို့သော် ကြိမ်ခြင်း၏ ကိုယ်ထည်အား သားရေဖြင့် ပတ်ထားသဖြင့် အလင်းမှာ ဘေးသို့ထွက်မနေဘဲ ခြင်းအပေါ်ဘက်တွင်သာ တောက်ပနေ၏။
ကျောက်တုံးများအား ဖမ်းကာ ခြင်းထဲသို့ထည့်နေရင်း ရှောက်ရွှမ် ပတ်၀န်းကျင်မှ တိုက်ခိုက်သံများကို
လည်း နားစွန့်ထားရေသးသည်။ ကျူးကျော်သူများမှာ အလွန်များပြားကြဟန် ပေါ်၏။ သို့သော် နှစ်တိုင်းဒီအချိန်တွင် ထိုသို့ ခိုးခြင်း လုခြင်းများ ဖြစ်တတ်လေရာ ကူမျိုးနွယ်စုမှာလည်း ပြန်တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပြီး ဖြစ်၏။ ကျူးကျော်သူများမှာ ထိုမျှကြီးသော ပြဿနာတော့ ဖြစ်ပုံမပေါ်ပေ။
ရေလကျောက်တုံးအားလုံးနီးပါးအား ကောက်ယူပြီးသည့်နောက် ရေလတူးမြောင်းမှ ထွက်ပေါ်နေသော အလင်းမှာ တဖြည်းဖြည်း မှိန်လာလေသည်။
နောက်နာရီ၀က်လောက် ကြာသောအခါ တူးမြောင်းမှ ထွက်ပေါ်နေသော အလင်းရောင်မှာ လုံး၀ပျောက်ကွယ်သွားပြီး ထိုအစား မြစ်ကမ်းပေါ်မှ ခြင်းတောင်းများဆီမှသာ အလင်းရောင်များ တောက်ပနေကြသည်။ သို့သော် မျိုးနွယ်စုဝင်များမှာ ကျောက်တုံးအများအပြားရရှိထားခြင်းအတွက် ပျော်နေကြပုံတော့ မပေါ်ကြပေ။ သူတို့ အလွန်စိုးရိမ် နေကြ၏။
“ကြည့်ရတာ အဲ့တာက အကူအညီဖြစ်ပုံတော့ မပေါ်ဘူး”
ခပ်ပိန်ပိန်အဖိုးကြီးတစ်ယောက် ပြောလိုက်သည်။
“လာခိုးတဲ့လူတွေက အမြဲရှိနေကြတာပဲ”
“ကံကောင်းတာက ရေလကျောက်တုံးတွေကို ကောက်ပြီးတာပဲ မဟုတ်ရင် ဒီကောင်တွေ အခွင့်အရေးယူတာကို ခံလိုက်ရမှာ” မိန်းမကြီးတစ်ယောက်မှာလည်း ၀င်ပြောလိုက်၏။ ယခင်နှစ်များတုန်းကလည်း အခုလိုအချိန်တွင် လာခိုးသော ကျူးကျော်သူများမှာ အမြဲရှိနေကြစမြဲဖြစ်ပြီး အစောင့်များမှာလည်း ထိုသူတို့အား အကုန်မတားဆီးနိုင်ကြဘဲ လွတ်ထွက်လာသော ကျူးကျော်သူများမှာ ရေလတူးမြောင်းထဲ ၀င်၍ ကျောက်တုံးများအား ခိုးကောက်သွားတတ်ကြ၏။
စကားစပြောခဲ့သော လူပိန်အဖိုးကြီးမှာ သူ့နတ်ဆေး
မှင်ကြောင်များအား ဖော်ထုတ်လိုက်ကာ ရေထဲသို့ ခုန်ချ၍တူးမြောင်း၏ အခြားတစ်ဖက်ကမ်းသို့ ကူးသွားလိုက်ပြီး သူ့ခန္ဓာကိုယ်အား ၀ပ်ထားလိုက်လေသည်။
အချိန်ကောင်းအား စောင့်နေလိုက်ရင်း သူရှေ့သို့ ထွက်သွားသောအခါ သူ့ခြေထောက်မှ ပေါက်ကွဲအား တစ်ခုထွက်ပေါ်လာပြီး ရွှံ့မြေပေါ်တွင် နက်ရှိုင်းသော ခြေရာများသာ ကျန်နေခဲ့၏။ လျှပ်စီးလက်သလိုပင် ပြေးထွက်သွားလေရာ သူ၏ သားရေ၀တ်စုံမှာ လေအားထိုးခွဲသွားပြီး ဓားတစ်စင်းလေထုထဲ ဖြတ်သန်းသွားသလို အသံမျိုးပင် ထွက်ပေါ်နေသည်။
ထိုအချိန် သစ်တောထဲမှ အမြန်ပြေးထွက်လာသော ၀တ်စုံနက်တစ်ယောက်မှာ ပြန်တုံ့ပြန်ရန် အချိန်မရှိတော့ဘဲ လက်သီးတစ်လုံးနှင့် ရင်ဆိုင်လိုက်ရတော့၏။ လက်သီးမှာ ထိုသူ့ရင်ဘတ်အား ထိုးခွဲသွားပြီး ချပ် ချပ် ဟူသော ရင်ဘတ်ရိုး ကျိုးသံများပင် ထွက်ပေါ်လာလေသည်။
နောက်ဆုံးထွက်သက် မတိုင်ခင်ထိ ထိုလူမှာ ဝေခွဲမရ ဖြစ်နေ၏။ သို့သော် ထိုအခိုက်တွင် ရင်ဘတ်ပေါ်ရှိ လက်သီးမှာ လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ထိုလူ့ရင်ဘတ်ရှိ နှလုံးရှိသော နေရာအား နှိုက်ထုတ်လိုက်သည်။
ဖူးး!
လက်သည်းမှာ ရင်ဘတ်အားထိုးခွဲသွားပြီး ကျူးကျော်သူ၏ နှလုံးသားမှာလည်း ညှစ်ချေခံလိုက်ရ၏။
လူပိန်အဖိုးကြီး စလှုပ်ရှားသည့် အချိန်မှစ၍ ကျူးကျော်သူ သေဆုံးသွားချိန်အထိ အဖြစ်အပျက်မှာ အချိန်ခဏလေးအတွင်း ဖြစ်ပေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုမှာ ရိုးစင်းသည် ထင်ရသော်လည်း သတ်ဖြတ်သူတစ်ယောက်အနေနှင့်
ကြည့်မည်ဆိုလျှင် ထိုတိုက်ခိုက်မှုမှာ ထိုမျှ ရိုးစင်းမနေပေ။
ကျူးကျော်သူအား သတ်ဖြတ်ပြီးသည့်နောက် လူပိန်အဖိုးကြီး အလွန်မောနေလိမ့်မည်ဟု ရှောက်ရွှမ် ယုံ၏။ ကျူးကျော်သူအား သတ်ဖြတ်ရာတွင် တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်နိုင်ရန်လိုအပ်ပြီး နှောင့်နှေးနေပါက မလိုလားအပ်သော ပြဿနာများ ရှိလာနိုင်လေသည်။ ထို့အပြင် စတင်လှုပ်ရှားရာတွင် အဖိုးကြီးထံမှ ထွက်ပေါ်လာသော ပေါက်ကွဲအား အရှိန်မှာ အလွန်လျင်မြန်လှသော်လည်း အမှန်တကယ် ယှဉ်ပြေးလျှင်မူ ကျူးကျော်သူအား မမှီနိုင်ပေ။ ကျူးကျော်သူမှာ ရေလကျောက်တုံးများအား အောင်မြင်စွာ ခိုးယူသွားနိုင်မည်ဆိုလျှင် ထိုကျူးကျော်သူအား နောက်မှ လိုက်ဖမ်းရန်မှာ ဖြစ်နိုင်မည် မဟုတ်။ ထို့ကြောင့်သာ အားကုန်ထုတ်၍ အမြန်သတ်လိုက်ရပုံ ပေါ်၏။
“ဒီကို ရောက်နေတဲ့လူတွေ ရှိနေပြီလား” ဖင်း ထုတ်မေးလိုက်သည်။ အရင်နှစ်များတွင်လည်း ဤနေရာ
ထိ ထိုးဖောက်၀င်လာနိုင်ကြသူများ ရှိကြသော်လည်း ယခုနှစ်တွင်မူ မျိုးနွယ်စုသည် သေချာတွက်ချက် ပြင်ဆင်ထားကြခြင်း ဖြစ်၏။ အပြင်ရှိ အစောင့်အရေအတွက်မှာ နည်းပါးမနေချေ။
အစက သူတို့တွက်ထားသည်မှာ ကျူးကျော်သူများအား အပြင်တွင် အခုထက် ပိုကြာကြာ ထိန်းထားနိုင်ပြီး ရေလတူးမြောင်းတွင် ပြင်ဆင်ရန် အချိန်ပိုရလိမ့်မည်ဟု တွက်ထားခဲ့ခြင်းဖြစ်ပြီး အခုတွင်မူ အဖြစ်အပျက်များမှာ သူတို့တွက်ထားသည်ထက် ပိုဆိုးနေပုံ ပေါ်သည်။
“ကလေးတွေကို ရေလကျောက်တုံးတွေယူပြီး အမြန်ပြန်သွားခိုင်းကြ” လူပိန်အဖိုးကြီး အော်ပြောလိုက်၏။
အမှန်တကယ်တွင် သူထိုသို့ပြောစရာပင် လိုမနေဘဲ လူတိုင်းမှာ လက်ရှိသူတို့ အခြေအနေအား သိရှိနေကြပြီး ဖြစ်သည်။
နောက်ဆုံးရေလကျောက်တုံးအား ခြင်းထဲထည့်လိုက်ပြီး ဖင်း ခြင်းအား သားရေချပ်ဖြင့် အုပ်ကာ အပေါ်မှ ကြိုးနှင့်ထပ်စည်းလိုက်၏။ ထိုအခါ ခြင်းပေါ်မှ ထွက်ပေါ်နေသော အလင်းရောင်မှာ ပျောက်ကွယ်သွားလေသည်။
ကြိမ်ခြင်းအား ချန်ကျားကို ပေးလိုက်ပြီး ဖင်းပြောလိုက်၏။ “ရေလကျောက်တုံးတွေကို အမြန်ပြန်ယူသွားတော့”
“ဟုတ်ကဲ့” ချန်ကျား ဘာစကားမှ ထပ်မေးမနေတော့ပေ။ ဤသို့သော အခြေအနေမျိုးကို သူငယ်ငယ်လေးကတည်းကပင် ကြုံနေကြ မဟုတ်ပါလား။
“အမေ….” ခြင်းကိုပိုက်ပြီး နောက်သို့ ပြန်ပြေးနေရင်း တချက်နောက်ပြန်လှည့်ကြည့်လိုက်ကာ သူ့အမေအား အော်ခေါ်လိုက်၏။
“ပြန်သွားတော့ လိမ်လိမ်မာမာနေပြီး ကောင်းကောင်းပုန်းနေ” ဖင်း ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
အိမ်တိုင်းတွင် ထိုသို့ အခြေအနေများ ဖြစ်နေကြခြင်း ဖြစ်သည်။ ကလေးများအား အိမ်သို့ ပြန်ခိုင်းလိုက်ကာ လူကြီးများမှာ ကျားမမရွေး ဤနေရာတွင်ပင် စောင့်နေကြ၏။ တူးမြောင်းအား စည်းအဖြစ်ဖြင့်ထားကာ ခုခံကြမည်ဖြစ်ပြီး ဤနေရာမှာ သူတို့၏ ဒုတိယ ခံစစ်စည်း ဖြစ်လေသည်။ ဤနေရာအား ကျော်သွားမည် ဆိုလျှင်မူ မျိုးနွယ်စု၏ နေအိမ်များ ရှိသည့်နေရာသို့ ရောက်သွားကြမည်သာ။
“ကျွန်တော်နောက်မှာနေခဲ့ပြီး ကူတိုက်မယ်” ရှောက်ရွှမ် ပြောလိုက်၏။
“မဖြစ်ဘူး ရှောက်ရွှမ် ချန်ကျားနဲ့တခြားကလေးတွေနဲ့သာ လိုက်သွားလိုက်ပါ မင်းတို့ပုန်းရမယ့် နေရာကို သေချာဂရုစိုက်ဖို့ လိုတယ် အခုတစ်ခေါက်လာတဲ့ထဲမှာ အာဇာနည်မျိုးနွယ်စုက စစ်သည်တွေ မနည်းဘူး သူတို့က ငါတို့ကို ဘာအခွင့်အရေးမှ ပေးမှာ မဟုတ်ဘူး တကယ်လို့ မျိုးနွယ်စုအတွင်းပိုင်းထဲထိ ထိုးဖောက်ခံရမယ်ဆိုရင် ရေလကျောက်တုံးတွေတင် မဟုတ်ဘူး ကလေးတွေလည်း တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး အဲ့တာကြောင့် သူတို့ရေလကျောက်တုံးတွေကို ယူသွားမယ်ဆိုရင်တောင် ပြန်မတိုက်ခိုက်နဲ့ မျိုးနွယ်စုက ကူညီပေးမယ့်လူ တစ်ယောက်ယောက်လာလိမ့်မယ် မင်းတို့လုပ်ရမှာက ကောင်းကောင်းပုန်းနေပြီး အကူအညီကို စောင့်ဖို့ပဲ”
ရှောက်ရွှမ်သာ ကလေးများနှင့် ရှိနေလျှင် သူပို၍ စိတ်ချရပေလိမ့်မည်။ ချန်ကျားနှင့် ထိုကလေးများမှာ အလွန်စကားနားမထောင်ချင်ကြသူများ ဖြစ်ကြ၏။ အကယ်၍ တစ်ယောက်ယောက်သာ သူတို့အား ကြည့်ထားမနေပါက သူစိတ်အေးနိုင်မည် မဟုတ်ပေ။ ဤကိစ္စများ ပြီးဆုံးသွားပြီဆိုပါက
ကျေးဇူးတင်သည့်အနေဖြင့် ရှောက်ရွှမ်အား ကျောက်တုံးအနည်းငယ် ပေးလိုက်မည် ဟူ၍လည်း သူစဉ်းစားထား၏။ လွန်ခဲ့သော ရက်များအတွင်း ရှောက်ရွှမ်မှာ ယုံကြည်ရသူတစ်ယောက်ဟု ဖင်း ခံစားနေရလေသည်။
ရှောက်ရွှမ် စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်၏။
“ကောင်းပါပြီ ကျွန်တော် ချန်ကျားနဲ့လိုက်သွားလိုက်ပါမယ်”
ချန်ကျားနှင့် အိမ်နီးချင်းအိမ်များမှ ကလေးများအားလုံးမှာ ရှောက်ရွှမ်နှင့်အတူ ပြန်သွားကြလေတော့သည်။
ရေလကျောက်တုံးခြင်းများအား ပိုက်ထားရသော်လည်း ကလေးများအားလုံးမှာ နှေးမေနကြချေ။ ထိုသည်မှာ ဤသို့သော အခြေအနေအား
အတွေ့အကြုံရှိပြီးသားဖြစ်ခြင်းကြောင့် ဖြစ်နိုင်ပြီး အချိန်ဖြုန်းနေ၍ မရမှန်း သူတို့သိကြဧ။။် လူနေသော ဒေသသို့ ရောက်သောအခါတွင်မူ ကလေးများမှာ ကိုယ့်အိမ်ကိုယ် ပြန်သွားကြလေသည်။
အမှန်တကယ်တွင် ရေလကျောက်တုံးများအား ဖွက်ထားမည့် နေရာမှာ ရေထဲတွင် ဖြစ်၏။
ဖူရှစ်နှင့် ဖင်း၏ အိပ်ခန်းအောက်ရှိ သစ်သားပြားအနည်းငယ်အား ခွာချလိုက်ပြီး ချန်ကျား ခြင်းအား အောက်ဘက်သို့ ဖြည်းဖြည်းချင်း ချလိုက်သည်။
အခန်း၏ အောက်တည့်တည့်တွင် ရေအိုင်တစ်ခုရှိနေပြီး သာမန်ရေများမှာ ခြင်းအား ကွယ်ထားနိုင်မည် မဟုတ်သော်လည်း ရွှံ့များမှာမူ ခြင်းအားကောင်းကောင်း ကာကွယ်ပေးနိုင်သော အကာအကွယ်များ ဖြစ်ကြ၏။
ကြိမ်ခြင်းအား အောက်သို့ ချနေရင်း ချန်ကျားသူတို့အိမ်ထဲရှိ အပြင်လူအား သတိရသွားသည်။ ခေါင်းအား ဖြည်းဖြည်းချင်းမော့လိုက်ပြီး ထိုလူအား ကြည့်လိုက်ရာ ရှောက်ရွှမ်မှာ သူ့ကိုဂရုပင်မစိုက်ဘဲ ပြတင်းပေါက်တွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရ၏။
“ခင်ဗျား ဘာလုပ်နေတာလဲ” ချန်ကျား မေးလိုက်သည်။
“ပိုလုံခြုံအောင် အကာအကွယ်နောက်တစ်ခု လုပ်နေတာ” ရှောက်ရွှမ် ပြန်ပြောလိုက်သည်။
ချန်ကျား ဖွက်ပြီး၍ ထလာသောအခါ ရှောက်ရွှမ်မှာလည်း ပြီးနေလေပြီ။
ကူမျိုးနွယ်စုရှိ ပြတင်းပေါက်များမှာ အလွန်ကြီးကြသည်။ အိပ်ခန်းတိုင်းတွင် ပြတင်းပေါက်ကြီးများ ရှိ
ကြ၏။ သူတို့သည် ကြိမ်ဖန်များစွာ ပြတင်းပေါက်အား တံခါးအဖြစ် သုံးတတ်ကြသည်။ အ၀င်အထွက်အား တံခါးမကြီးမှ မလုပ်ဘဲ ထိုပြတင်းပေါက်ဆီမှသာ ခုန်ချပြီး အ၀င်အထွက် လုပ်လေ့ရှိကြ၏။
ထို့ကြောင့် တံခါးမကြီးအား ပိတ်လိုက်ပြီးသောအခါ သူတို့အတွက် အ၀င်အထွက်ပြုလုပ်ရန်မှာ ပြတင်းပေါက်တစ်ခုသာ ကျန်နေသည်။
ချန်ကျား ပြတင်းပေါက်အား ကြည့်လိုက်သောအခါ ဘာထူးခြားတာကိုမှ မခံစားမိချေ။ ထို့ကြောင့် ကိုင်ကြည့်ရန် ပြတင်းပေါင်ဘောင်အား လက်လှမ်းလိုက်သောအခါ ရှောက်ရွှမ် တားဆီးခြင်းအား ခံလိုက်ရ၏။
“မင်းအမေက မင်းကိုကောင်းကောင်းပုန်းနေဖို့ မှာထားတယ်မလား” ရှောက်ရွှမ်ပြောလိုက်သည်။
ချန်ကျား သူ့လက်ချောင်းထိပ်အား ကိုက်ေနရင်း
ပြန်ပြောလိုက်၏။ “ပုန်းစရာမလိုပါဘူး အရင်အခေါက်တွေတုန်းကလည်း ကျွန်တော်မပုန်းဘူး ဒီမှာပဲ စောင့်နေတာပဲ”
ပြတင်းပေါက်နားတွင် နေ၍ အပြင်အား ချောင်းကြည့်ချင်ပါသော်လည်း ရှောက်ရွှမ်၏ အမူအရာအား မြင်လိုက်သောအခါ ထိုအတွေးအား စိတ်ထဲတွင်ပင် ထားလိုက်ပြီး လက်ချောင်းများအား ကိုက်နေရင်း ချန်ကျား ထိုင်နေလိုက်၏။ ဒီအခေါက်မှာ အခြားအခေါက်များထက် ပိုအန္တရာယ်များသည်ဟု ကြားထားလေရာ သူ့အဖေနှင့် အမေအဆင်ပြေဖို့ရာ သူစိတ်ပူမိနေသည်။ သူ့အဖိုးနှင့်အဖွားမှာလည်း ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် သေဆုံးသွားခဲ့ကြရသည် မဟုတ်ပါလား။
ရှောက်ရွှမ် ချန်ကျားအား တစ်ချက်ကြည့်လိုက်ပြီး
“မင်းတို့ ပုန်းတုန်းက ရေထဲမှာ ပုန်းကြတာလား”
“ဟုတ်တယ် ရေထဲမှာ အပေါက်တစ်ပေါက်ရှိတယ် ခင်ဗျားပုန်းချင်ရင် အဲ့ထဲမှာ သွားပုန်းနေလို့ရတယ်”
ရေထဲရှိ အပေါက်မှာ အသက်ရှူ၍ ရသောနေရာမဟုတ်ပေ။ ကူမျိုးနွယ်စု၀င်များသာလျှင် ရေထဲတွင် အချိန်အတန်ကြာ နေနိုင်ကြသောကြောင့် ပုန်းနေနိုင်မည့် နေရာများ ဖြစ်ကြ၏။ အခြားသူများမှာမူ ထိုထဲတွင် အသက်ရှင်နိုင်ကြလိမ့်မည် မဟုတ်ချေ။
အပြင်ဘက်တွင် မိကျောင်းပေါက်လေးများ အော်ဟစ်နေကြလေပြီ။ ချန်ကျားတို့အိမ်ရှေ့ရှိ မျက်လုံးညိုမိကျောင်းလေး အပါအ၀င် အခြားမိကျောင်းပေါက်လေးများမှာ လေထဲရှိ စိုးရိမ်စရာ အငွေ့အသက်အား ခံစားမိကြ၍ အော်ဟစ်နေကြ၏။
ရှောက်ရွှမ် အပြင်အား လှမ်းကြည့်လိုက်ရာ မည်သည့် ကျူးကျော်သူကိုမှ မတွေ့ရဘဲ အိမ်တိုင်းမှာ
တံခါးအား တင်းနေအောင် ပိတ်ထားကြပြီး မည်သူမှလည်း အပြင်ထွက်ရဲကြခြင်း မရှိပေ။
“မင်းဒီမှာ စောင့်နေ ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်”
ရှောက်ရွှမ်ပြောလိုက်ပြီး အပြင်ဘက်သို့ ခြေနှစ်လှမ်းလိုက်ပြီးမှ နောက်ပြန်လှည့်လိုက်ကာ “ပြတင်းပေါက်ကို မထိနဲ့ တကယ်လို့ မင်းပုန်းချင်တယ်ဆိုရင် သစ်သားကြမ်းပြင်အောက်က ရေထဲမှာ ပုန်းလို့ရတယ် မှတ်ထားေနာ် အပြင်ကတစ်ယောက်ယောက်က မင်းကိုခေါ်ရင်တောင် ပြတင်းပေါက်ကနေမထွက်နဲ့ ပြတင်းပေါက်နဲ့ တတ်နိုင်သမျှ ဝေးဝေးမှာနေ”
“ကျွန်တော် နားလည်ပါပြီ” ချန်ကျား ပြန်ပြောလိုက်သည်။
ရှောက်ရွှမ် ပြတင်းပေါက်ဘောင်များအား မထိဘဲ ပြတင်းပေါက်မှ ခုန်ထွက်သွားလိုက်၏။
အပြင်ရှိ တိုက်ပွဲအခြေအနေနှင့် ယှဉ်ရင် လူနေဒေသမှာ အလွန်ပင် တိတ်ဆိတ်နေလေသည်။ သို့သော် ထိုတိတ်ဆိတ်မှုမှာ မိကျောင်းပေါက်လေးများ မအော်ခင်ထိသာ ဖြစ်၏။ မိကျောင်းလေးများ အော်နေသောအခါတွင်မူ အခြေအနေမှာ ပို၍ပင် ကြောက်စရာကောင်းလာလေသည်။
အသံမထွက်နိုင်သော မျက်လုံးညိုမိကျောင်းလေးမှာလည်း မြစ်ထဲမှ ထွက်လာကာ သူ့မျိုးတူကောင်လေးများနှင့် အတူအော်ဟစ်နေ၏။ သို့သော် ရှောက်ရွှမ်အား မြင်သောအခါတွင်မူ ရှောက်ရွှမ်ဆီသို့ ပြေးလာလေသည်။
ကျန်ခဲ့သော ချန်ကျားမှာ အိမ်ထဲတွင် ထိုင်နေရင်း သူ့မိဘများအား အလွန်စိုးရိမ်မိနေ၏။ ထိုအချိန်တွင် သူ့အားခေါ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
“ချန်ကျား မင်းအိမ်ထဲမှာလား”
အသံမှာ ရင်းနှီးနေလေရာ မျိုးနွယ်စုထဲမှ တစ်ယောက်ယောက်အသံသာ ဖြစ်နိုင်၏။ တချိန်တည်းမှာပင် လှေကားပေါ်သို့ တက်လာသောခြေသံများအား ကြားလိုက်ရပြီး အသံမှာ တဖြည်းဖြည်း ပိုနီးလာနေသည်။
“ဘယ်သူလဲ” ချန်ကျား ပြတင်းပေါက်မှာ ချောင်းကြည့်ချင်ပါသော်လည်း ရှောက်ရွှမ်မှာထားသည်အား သတိရမိသောအခါ ပြတင်းပေါက်နားတွင်သာ ရပ်လိုက်၏။ ထို့နောက် ပြတင်းပေါက်မှ ခြေနှစ်လှမ်းအကွာတွင် ရပ်လိုက်ပြီး အပြင်အား မြင်ရသလောက် ချောင်းကြည့်လိုက်သည်။
ထိုလူရိပ်မှာ ချန်ကျားအသံ ကြားလိုက်သောအခါ ပြတင်းပေါက်ဆီသို့ လျှောက်လာလိုက်ပြီး အခန်းတွင်းသို့ လှမ်းကြည့်လိုက်၏။
ထိုလူသည် မျိုးနွယ်စုအ၀တ်အစားများကိုပင် ၀တ်ဆင်ထားပြီး မျက်နှာကိုလည်း ရင်းနှီးနေလေရာ ကင်းလှည့်နေသော မျိုးနွယ်စုဝင်များထဲမှ တစ်ဦးသာ ဖြစ်ရပေလိမ့်မည်။
ထိုသို့ ဆိုသော်လည်း ထူးဆန်းသော ခံစားချက်တစ်ခုအား ချန်ကျား ခံစားနေရလေသည်။